သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ အကူးအပြောင်း ချောမွေ့ရေး


အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ် ကိုယ်စားလှယ် ဒေါ်ထုမေ
အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ် ကိုယ်စားလှယ် ဒေါ်ထုမေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်း ချောမွေ့ရေးအတွက် ပြည်နယ်အစိုးရတွေ ဖွဲ့တဲ့အခါမှာ ပြည်နယ်အတွင်းမှာ အများဆုံး အနိုင်ရပါတီ၊ လူထုထောက်ခံမှုရတဲ့ ပါတီတွေနဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားသင့်တယ်လို့ အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ် ကိုယ်စားလှယ် ဒေါ်ထုမေ က ပြောဆိုလိုက်ပါတယ်။ လွှတ်တော်နဲ့ ပတ်သက်တဲ့နေရာမှာတော့ သူ့အနေနဲ့ အစိုးရအသုံးစရိတ်တွေမှာ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ကို မြှင့်တင်ပြီးတော့ လူငယ်တွေအတွက် ရင်းနှီးမြှပ်နံှမှုတွေ လုပ်သွားဖို့ ဦးစားပေးဆောင်ရွက်မှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်ထုမေ က VOA ကို ပြောပါတယ်။ VOA ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ကို တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဒေါ်ထုမေ ။ ။ မင်္ဂလာပါရှင်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလိုမျိုး မထုမေ VOA အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဒေါ်ထုမေ ။ ။ ကျမကလည်း VOA ကို ကျေးဇူးအများကြီး တင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်အမျိုးသမီး လူငယ်တယောက်အနေနဲ့ ဒီလိုမျိုး အမျိုးသားလွှတ်တော်ကြီးမှာ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ရခိုင်လူထုကို ကိုယ်စားပြုပြီးတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပါဝင်ရတဲ့အတွက် အရမ်းလဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရင်ထဲမှာ ဘယ်လို ခံစားရလဲရှင့်။

ဒေါ်ထုမေ ။ ။ ကျမ ပိုပြီးတော့ တာဝန်ကြီးလာတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူက ရွေးချယ်လိုက်တဲ့အတွက်ကြောင့်မို့ ပြည်သူအတွက်လုပ်ဖို့ ခွန်အားတွေ ရှိသလို၊ ဒီတာဝန်ကလည်း ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အခါမှာ ပိုပြီးတော့ ကြီးလေးတယ်။ အဲဒီ ကြီးလေးတဲ့ တာဝန်ကိုလည်း ကြိုးစားပြီးတော့ ထမ်းဆောင်မယ်ပေါ့။ ပြင်ဆင်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အမျိုးသားလွှတ်တော်မှာ သာမန်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ မကဘဲနဲ့ ရွေးချယ်တင်မြှောက်ခြင်း ခံရတာကတော့ ပြည်သူ့စာရင်းကော်မတီ ခေါ်မှာပေါ့၊ ပြည်သူ့ငွေစာရင်းကော်မတီမှာလည်း အဖွဲ့ဝင်အဖြစ်နဲ့ ရွေးချယ်ခံထားခံရတယ်လို့ သိရပါတယ်။ အဲဒီ ပြည်သူ့ငွေစာရင်းကော်မတီမှာ အကြမ်းမျဉ်းအားဖြင့် ဘာတွေများ တာဝန်ယူလုပ်ဆောင်ရပါလဲ။

ဒေါ်ထုမေ ။ ။ သူကကြတော့ နိုင်ငံတော်ဘတ်ဂျက်တွေကို စစ်ဆေးရတာတွေ ရှိမယ်။ နောက်တခုက ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ဟာတွေ လုပ်ရတာတွေ ရှိမယ်။ ငွေကြေး နိုင်ငံတော်ဘတ်ဂျက် အထူးသဖြင့်တော့ နိုင်ငံရဲ့ဝင်ငွေ ထွက်ငွေ၊ နိုင်ငံမှာ ဘယ်နေရာ၊ ဘယ်ကဏ္ဍတွေမှာ ဝန်ကြီးဌာနတွေက ဘယ်လို သုံးရမလဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့ငွေစာရင်းက အကြမ်းဖျဉ်း တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ဒီကော်မတီ ရှိသလို၊ ပြည်သူ့လွှတ်တော်မှာလည်း ဒီကော်မတီ ရှိပါတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အများဆုံး အနိုင်ရထားတဲ့အတွက်ကြောင့်မို့ ဦးဆောင်ပါတီတခုအနေနဲ့ ရပ်တည်သွားမယ်ပေါ့။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရသစ် ဖွဲ့စည်းတဲ့အခါမှာ ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေကို တာဝန်ပေးမယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေတာပေါ့။ အဲဒီလို သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီးတော့ ဥပမာ ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီက မရွေးဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ ရာထားတာရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ မထုမေ ဘယ်လိုများ သုံးသပ်လို့ ရပါလဲ။

ဒေါ်ထုမေ ။ ။ တချို့တွေကတော့ ဒီလိုမျိုး ဖြစ်သင့်တာကတော့ ပြည်သူအများစုက ရွေးချယ်တင်မြှောက်ခံရတဲ့ အများစုရတဲ့ ပါတီကတော့ သဘောသဘာဝအရ ကြည့်မယ်ဆိုရင်တော့၊ ရိုးရိုးရှင်းရှင်း ကြည့်မယ်ဆိုရင်တော့ ပြည်နယ်ဝန်ကြီးချုပ်ဆိုတာကို ဖြစ်သင့်တယ်။ ဒါပေမဲ့ တဘက်မှာ ကျမတို့ ကြည့်ရမှာက ရခိုင်ပြည်နယ်တပြည်နယ်လုံးအတွက် (၄၇) နေရာ ရှိမယ်ဆိုလို့ရှိရင် သေချာတယ် (၂၄) နေရာ၊ အတိအကျဆိုရင် ဖွဲ့ပိုင်ခွင့် ပေးသင့်တယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီလိုမျိုး ရခိုင်ပြည်နယ်အပါအဝင်၊ ဒီပြင့်ပြည်နယ်တွေမှာလဲ ရှိကြမယ့် ကျမတို့က နိုင်ငံကို တည်ဆောက်တဲ့အခါမှာ ဖယ်ဒရယ်ကို သွားမယ်ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ ရွေးကောက်ပွဲကို ဝင်ကြတယ်။ နောက်တခုက မြန်မာနိုင်ငံက ဖယ်ဒရယ်မှ မသွားလို့ရှိရင် မဖြစ်နိုင်တဲ့ နိုင်ငံလို့ ကျမတို့ ယူဆတယ်။ အဲဒီလိုမျိုး ယူဆတဲ့အခါမှာ အခု ဒီမိုကရေစီ အပြောင်းအရွှေ့မှာ အဲဒါကို ဦးတည်သူအဖြစ် ကျမတို့ အစိုးရ ဖွဲ့တဲ့အခါမှာ အများဆုံး အနိုင်ရတဲ့ ပါတီတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ကျမတို့ ညှိနှိုင်းတိုင်ပင်တာ ပိုကောင်းပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်မှသာ အပြောင်းအလဲကာလမှာ ချောချောမွေ့မွေ့ သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမ ပြောချင်တာက ကျမတို့ ညှိနှိုင်းကြပါမယ်။ တိုင်ပင်ကြပါမယ်။ ဒါမှသာ ဒီမိုကရေစီ အရွှေ့အပြောင်းကို ချောချောမောမောနဲ့ ရောက်သွားမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ပြည်နယ်အရေး ပြောမယ်ဆိုရင် ဘင်္ဂလီအရေးက အမြဲရှေ့တန်း ရောက်လာတာပေါ့ နိုင်ငံတကာသတင်းတွေမှာဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း ပြောကြပါတယ်။ သူတို့ကို သူတို့တော့ ရိုဟင်ဂျာလို့ ခေါ်ကြတာပေါ့။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တကယ်လိုများ မထုမေ အနေနဲ့ ကိုယ်တိုင်ကိုင်တွယ်ခွင့်ရမယ်၊ ပြောဆိုခွင့်ရမယ် ဆိုလိုရှိရင် သူတို့အတွက် လူ့အခွင့်အရေးဘက်ကနေ ရှုထောင့်ကနေကြည့်ပြီးတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဘာတွေ ရှေ့ဆက်လုပ်သင့်တယ်လို့ အကြံပေးချင်ပါလဲရှင့်။

ဒေါ်ထုမေ ။ ။ ဒီကိစ္စကို ကျမတို့ အမြဲတမ်း ပြောလေ့ပြောထ ရှိပါတယ်။ ရခိုင်ပြည်နယ်အစိုးရတရပ်အနေနဲ့ ကိုင်တွယ်ဖြေရှင်းရမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်သည် လောလောဆယ် ပြည်ထောင်စုထဲမှာ ပါဝင်နေတဲ့ ပြည်နယ်တပြည်နယ် ဖြစ်တယ်။ ပြည်ထောင်စုထဲမှာ ပါဝင်နေတဲ့ တိုင်းရင်းသားအပါအဝင်၊ တိုင်းသူပြည်သားအားလုံးရဲ့ အခွင့်အရေးက အရေးကြီးပါတယ်။ နောက်တခုက လူ့အခွင့်အရေး တည်ဆောက်တဲ့အခါမှာ လူ့အခွင့်အရေး ရှုထောင့်တခုတည်းကပဲ ကြည့်လို့မရပါဘူး။ နောက်တခုက လူ့အခွင့်အရေးသည် အမြဲတမ်း ပြောလေ့ပြောထ ရှိသလိုပဲ လူတအုပ်စုထဲ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ နေကြတဲ့လူအများသည် လူ့အခွင့်အရေး လိုအပ်တယ်။ အဲဒါကြောင့် တနိုင်ငံလုံးသာ ဒီမိုကရေစီ ထွန်းကားမယ် ဆိုလို့ရှိရင် သေချာပါတယ်။ လူ့အခွင့်အရေးလည်း ရသင့်ရထိုက်တဲ့ လူအားလုံး ရရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးဆိုတာ ကျမမှာလဲ အခွင့်အရေး ရှိမယ်။ တဘက်မှာ တာဝန်ဝတ္တရားဆိုတာ ရှိပါတယ်။ နောက်တခုက နိုင်ငံတနိုင်ငံမှာ လုံခြုံရေးဆိုတာလဲ ရှိပါတယ်။ နိုင်ငံရဲ့ လုံခြုံရေး။ ဒါကြောင့်မို့ ကျမတို့က လုပ်ပိုင်ခွင့်ရတဲ့အခါမှာ စီစစ်ခွင့်ရတဲ့အခါမှာ နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိတဲ့ လူတွေ၊ ဥပဒေအရ ဖြစ်ပိုင်ခွင့်ရှိတဲ့ လူတွေ ဖြစ်ကြပါမယ်။ လူ့အခွင့်အရေးဆိုလဲ အဲဒီလိုပဲ နိုင်ငံပေါ်မှာ တာဝန်ဝတ္တရား ထမ်းဆောင်ဖူးတဲ့ လူတွေအနေနဲ့ ဒီနိုင်ငံသား ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ ကျမတို့ ဒီနိုင်ငံ အပြောင်းအလဲမှာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာဖြစ်ဖြစ် လူ့အခွင့်အရေးက တအုပ်စုအတွက် ကွက်ပြီးကြည့်လို့ မရဘူးပေါ့။ ဒီပုံစံမျိုးပဲ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် တနိုင်ငံလုံးအားဖြင့် လူ့အခွင့်အရေးကို ချဉ်းကပ်ပြီးတော့ ဖြေရှင်းနိုင်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးကိစ္စတွေ ဖြေရှင်းပြီသာ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့်မို့ အရေးကြီးတာက ပြည်ထောင်စုရဲ့ အခွင့်အရေး၊ ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးများ ရရှိလာတဲ့အခါမှာတော့ လူသားများအားလုံးရဲ့ အခွင့်အရေးသည် တန်းတူအဖြစ် ရရှိလာမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ပြည်သူ့ငွေစာရင်းကော်မတီဆိုလို့ ဥပမာ ဘတ်ဂျက် ရသုံးမှန်းချက်ငွေစာရင်းနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုကြီး တခုလုံး မြန်မာတနိုင်ငံလုံးရဲ့ ဘတ်ဂျက်တွေ ခွဲဝေတဲ့အခါမှာ ဥပမာ ကဏ္ဍအလိုက် ဘယ်ကဏ္ဍကို ဦးစားပေးသင့်တယ်လို့ ထင်ပါလဲရှင့်။

ဒေါ်ထုမေ ။ ။ ကျမကတော့ ကျမရဲ့ ဘဝဖြတ်သန်းမှု - ကျမလိုပဲ လူငယ်တွေ ဖြတ်သန်းလာကြမှာပဲ။ အဲဒီအခါမှာ ပညာရေးနဲ့ ပညာရေးအတွက် ဘတ်ဂျက်ကို တိုးမြှင့်သင့်တယ်လို့ ထင်တယ်။ ကျန်းမာရေးအတွက် ဘတ်ဂျက်ကို တိုးမြှင့်သင့်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေကို ရင်းနှီးမြှုပ်နံှမှု ပြုရပါမယ်။ ကျမတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူငယ်တွေရဲ့အားဟာ အင်မတန်မှ အခရာကျတယ်။ လူငယ်တွေဆိုသည်မှာ နောင်ရဲ့ နိုင်ငံရေး အနာဂတ် ဖြစ်တယ်။ ကျမတို့နိုင်ငံရဲ့ အနာဂတ် ဖြစ်သလို၊ ကမ္ဘာရဲ့ အနာဂတ် ဖြစ်တယ်။ ဒါကြောင့်မို့ လူငယ်တွေကို ကျမတို့ ခေတ်တုန်းက ပညာရေးဟာ အဓိကအားဖြင့် ပညာရေးအဆင့်အတန်းဟာ အင်မတန် နှိမ့်ပါးခဲ့ရတယ်။ ကျမတို့ Generation တခုလုံး။ ဆိုတော့ ဒီ ဘတ်ဂျက်တွေကို အသုံးပြုတဲ့အခါမှာ အဓိကကျတဲ့ ပညာရေး။ အဲဒီ ပညာရေးသည် လူငယ်တွေကို မြှင့်တင်တဲ့ ပညာရေးမျိုးကို ဦးစားပေးသင့်တယ်။ နောက်တခုက ကျန်းမာရေးပေါ့။ ကာယဉာဏ နှစ်ခုစလုံး ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဒီငွေတွေကို သုံးတဲ့အခါမှာ နိုင်ငံအနာဂတ်အတွက် ဦးတည်ပြီးတော့ လူငယ်များရဲ့ ပညာရေးကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။ ပညာရေးမှာ ရင်းနှီးမြှုပ်နံှမှသာ ဒီနိုင်ငံရဲ့ အနာဂတ် လှပမှာ ဖြစ်ပါတယ်။ ဒီကမ္ဘာရဲ့ အနာဂတ် လှပမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ပိုပြီးတော့ အလေးထားပြီးတော့ ပိုပြီးတော့ သုံးသင့်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပေါ့ - ဒေါ်အောင်ဆန်းစုကြည်လည်း ပါတီဥက္ကဋ္ဌ တယောက်အနေနဲ့ ဒီလွှတ်တော်ထဲမှာ နေရာရှိပြီသာပေါ့။ အခုလဲ လွှတ်တော်မှာ ဝင်ရောက်ပြီးတော့ တာဝန်တွေ ထမ်းဆောင်နေပြီ။ နောက်ပြီးတော့ ပြီးခဲတဲ့ လွှတ်တော်သဘာပတိတွေ၊ ပြည်သူ့လွှတ်တော် သဘာပတိ ရွေးတဲ့နေရာမှာ အမျိုးသမီးတွေကို ဦးစားပေး ရွေးပြီးတော့ နေရာပေးခဲ့တယ်။ ရှေ့ဆက်ပြီးတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက နိုင်ငံရေးမှာ အမျိုးသမီးတွေ အခန်းကဏ္ဍက ပိုပြီးတော့ တိုးတက်မှု ရှိတယ်လို့ ယူဆပါလား။

ဒေါ်ထုမေ ။ ။ ကျမတို့ အမျိုးသမီး ဆိုပေမယ့် ကြိုးစားရပါမယ်။ ကျမတို့မှာ ကြိုးစားဖို့ အခွင့်အရေး မရှိခဲ့ရသလို၊ လူမှု့ပတ်ဝန်းကျင်က တွန်းအား။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေကို ရောက်ဖို့အတွက် တွန်းအားမပေးတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီပုံစံမျိုး၊ လက်ရှိ ပုံစံမျိုးကျလို့ရှိရင်တော့ သေချာပါတယ် အမျိုးသမီးအခန်းကဏ္ဍတွေ မြှင့်မားလာမယ်လို့ ယုံကြည်တယ်။ နောက်တခုက ကျမတို့ အမျိုးသမီးတွေ ကိုယ်တိုင်လည်း အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီးတော့ ကြိုးစားဖို့ လိုပါတယ်။ အဲဒါကြောင့်မို့ တစုံတရာကို လုပ်နိုင်စွမ်းရှိတာ အမျိုးသားရယ်၊ အမျိုးသမီးရယ် မဟုတ်ပါဘူး။ ကြိုးစားတဲ့ ဘယ်သူမဆို။ ကြိုးစားတဲ့ ဘယ်အမျိုးသားမဆို။ အမျိုးသားတိုင်းလဲ တော်ကြတာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကြိုးစားတဲ့ ဘယ်အမျိုးသားမဆို၊ ကြိုးစားတဲ့ အမျိုးသမီး ဘယ်သူမဆို ဒီဆုံးဖြတ်ချက် ချတဲ့နေရာတွေက အဆင်သင့် ရှိကြမယ်လို့။ ကျမတို့ ကြိုးစားဖို့ပဲ လိုအပ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု လွှတ်တော်ထဲမှာလဲ သတင်းတွေ ထွက်နေတာပေါ့ ၅၉ (စ) ကို ပြင်ကြမယ်။ ပြင်ဖို့ကြိုးစားနေကြတယ်လို့ ပြောနေကြပါတယ်။ ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ရှိနေတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေအပေါ် ဘယ်လို သဘောထားပါလဲ။ သူတို့ကို တဦးချင်းပဲဖြစ်စေ စည်းရုံးသိမ်းသွင်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြင်ဆင်နိုင်အောင် ၄၃၆ ပြင်ဆင်နိုင်အောင် ဘယ်လိုများ စည်းရုံးကြမယ်လို့ စိတ်ကူးကြပါလဲရှင့်။ ဟိုလူကြီးတယောက် ပြောတာကတော့ ဒီလိုမျိုး တဦးတယောက်ချင်းတော့ စည်းရုံးလို့ မရဘူး။ တပ်မတော်သားဆိုတော့ တသွေးတသံတမိန့်နဲ့ပဲ နာခံတော့ ခေါင်းဆောင်ပိုင်းအချင်းချင်း ညှိမှသာ ရမယ်လို့ သုံးသပ်ပါတယ်။ အဲဒီတော့ မထုမေအနေနဲ့ ဘယ်လို သုံးသပ်ပါလဲ။

ဒေါ်ထုမေ ။ ။ ကျမကတော့ ဖွဲ့စည်းပုံကိုယ်တိုင် နိုင်ငံသားတွေလည်း ပြောကြတာပေါ့ မြန်မာနိုင်ငံ အခက်အခဲက ဖွဲ့စည်းပုံ အခက်အခဲ။ ဖွဲ့စည်းပုံကို ဖြေရှင်းပြီးသာ ဖြစ်လို့ရှိရင်တော့ ဒီမိုကရေစီလမ်းကြောင်းက ပိုပြီးတော့ ချောချောချူချူ သွားမယ်ပေါ့။ အဲဒါ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ဆိုကတည်းက Representative ဖြစ်ရပါမယ်။ ပြည်သူက ရွေးချယ်လိုက်တဲ့လူ ဖြစ်ကိုဖြစ်ရပါမယ်။ အခုက အဲဒီလို မဟုတ်တဲ့အခါကြတော့ ဒါကို အများကြီး ထည့်သွင်းစဉ်းစားရတယ်။ နှစ်ဘက်လုံးက သွားလို့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စည်းရုံးရေးမှာလဲ ရွာတွေမှာ စည်းရုံးတဲ့အခါမှာလဲ စည်းရုံးရေးလမ်းစဉ် သီအိုရီအရ ဒီအတိုင်း ရေးသားထားတယ်။ ဒီအတိုင်း သွားရမယ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမတို့ ကြည့်တတ်ဖို့ လိုပါတယ်။ တကယ်လို့ တသွေးတသံတမိန့်မိုလို့ ထိပ်ပိုင်းကနေ သွားရမယ်ဆိုလို့ရှိရင် ကျမတို့ ထိပ်ပိုင်းကသွားဖို့ ကြိုးစားသလိုပဲ။ ထိပ်ပိုင်းမဟုတ်တဲ့ နေရာတွေမှာ လွှတ်တော်ထဲမှာ သူတို့ပြောင်းလဲလာအောင် စကားပြောကြည့်။ စည်းရုံးသိမ်းသွင်းတာထက် အခြေအနေကို ဆွေးနွေးကြတယ်။ တိုင်ပင်ကြတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလွှတ်တော်က ကိုယ့်ရေးကိုယ်တာ လုပ်ကြဖို့ လာကြတာမှ မဟုတ်ဘဲ။ အဲဒီလိုမျိုး ကျမ ယုံကြည်တယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးမှာ အင်မတန်မှ အရေးကြီးတယ်။ နိုင်ငံတော်ကို ကာကွယ်ဖို့ သူတို့သည် အင်မတန်မှ ဂုဏ်သိက္ခာ မြှင့်ပါတယ်။ သူများနိုင်ငံတွေမှာလဲ ဒီလိုပဲ ပြည်သူတွေကို ကာကွယ်တဲ့ ပြည်သူ့တပ်မတော်သားတွေ အရမ်းလဲ လေးစားကြတယ်။ ကျမတို့နိုင်ငံမှာ အဲဒီလို ဖြစ်လို့ရှိရင် ပိုကောင်းပါလိမ့်မယ်။ တပ်မတော်သားများသည် နိုင်ငံတော် ကာကွယ်ရေးကို ထမ်းဆောင်။ လွှတ်တော် ရောက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူများအတွက် ကောင်းမွန်တဲ့ ဥပဒေများ ရေးဆွဲဆိုလို့ရှိရင် ကိုယ့်အလုပ် ကိုယ်လုပ်ကြတယ်။ သူ့အလုပ် သူလုပ်လို့ရတယ်။ ကဏ္ဍပေါင်းစုံကနေ ကိုယ်ရဲ့ နိုင်ရာတာဝန်ကို ထမ်းဆောင်မယ် ဆိုလို့ရှိရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ တပ်မတော်သည် မြန်မာနိုင်ငံကြီးကို ကာကွယ်ခဲ့လို့ ဒီနိုင်ငံရေးထဲမှာ အစဉ်တစိုက် ဦးတည်မည်ဆိုတဲ့ ဆောင်ပုဒ်ကြီးအောက်မှာ ဥပဒေပြုမယ် ဆိုရင်တော့ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခံပြီးတော့မှ ဥပဒေပြုတဲ့ နေရာကို ရောက်သင့်တယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့ Appoint လုပ်ပြီးတော့ လာထိုင်နေတာကြတော့ သူတို့တွေကို ပြည်သူတွေ မချစ်ဘဲ နေပါအုံးမယ်။ အဲဒါကြောင့် ပြည်သူချစ်အောင် ပြည်သူ့သားကောင်း ပီသအောင် နိုင်ငံတော်ကို ကာကွယ်မလား။ ဒါမှမဟုတ်ရင် ဥပဒေပြုမလား ဆိုတာကို သူတို့ ရွေးချယ်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ပြောင်းလို့ ပြောလိုက်တာနဲ့စာရင်၊ ကျမတို့ စည်းရုံးလို့ ရတာနဲ့စာရင် သူတို့ကိုယ်တိုင်သူတို့ ပြောင်းလဲတာက ပိုပြီးတော့ ရေရှည်တည်တန့်ခိုင်မြဲတဲ့ ပြောင်းလဲမှု။ သူတို့နှလုံးသားနဲ့ သူတို့ဦးနှောက်နဲ့ ဆုံးဖြတ်တာဆိုရင် ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ တကမ္ဘာလုံးကြီးကတော့ မြန်မာနိုင်ငံ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုရင် သူတို့လဲ နှလုံးသားရှိတဲ့လူပဲ သူတို့ ခံစားမိမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဒေါ်ထုမေ ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG