ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ထိုင်းနိုင်ငံမှာ အစိုးရက စည်းကြပ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကြောင့် မဲ့ဆော့မြို့ မယ်တောဆေးခန်းမှာ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေ အပြင် မြန်မာနိုင်ငံကပါ လာရောက်ဆေးကုကြတဲ့လူတွေအတွက် အခက်အခဲ ရှိတယ်လို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင် က ပြောပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ နှစ်ပေါင်းသုံးဆယ်နီးပါး မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာပါ။ ဒေါ်ခင်မျိုးသက်က မဲ့ဆော့မြို့ မယ်တော်ဆေးခန်းမှာ ဒေါက်တာစင်သီယာမောင် ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမ အခုလို VOA ကို ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကျမ သိချင်တာက အခု မဲ့ဆော့ကို ရောက်တဲ့အခါမှာ မယ်တော်ဆေးခန်းလေးအသစ် ဖွင့်ထားတာကို တွေ့ပါတယ်။ ဒီဆေးခန်းလေး ဖွင့်တာနဲ့ ပတ်သက်ပြီး ဆရာမကြီး နည်းနည်းလေး ပြောပြပေးပါ။
Dr. စင်သီယာမောင် ။ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီးတော့ မယ်တော်ဆေးခန်းအသစ်ကို ရွှေ့ဖို့အတွက် စပြီးတော့ ပြင်ဆင်တယ်။ ဘာကြောင့်လဲဆိုတော့ နယ်စပ်ဒေသအခြေအနေအရ ကြည့်မယ်ဆိုရင် လူဦးရေက တဖြည်းဖြည်းများလာတာရယ်။ လက်ရှိ ကျမတို့ လူနာတွေထဲမှာ ပြည်တွင်းကလာတာ ရှိသလို၊ နေ့စဉ်နဲ့အမျှ ဝင်လိုက်ထွက်လိုက် ရွှေ့ပြောင်းတဲ့လူတွေကလည်း ဆက်ရှိနေတာလည်း တွေ့ရတယ်။ နောက်ပြီးတော့ ဒီမှာလည်း အထူးစီးပွားရေးဇုန်တွေ ဖြစ်လာမယ်ဆိုရင် လူဦးရေ ပိုများလာမယ်။ သို့သော်လဲ ဒီနယ်စပ်ရှိတဲ့ လူဦးရေ ရှစ်ဆယ်၊ ရှစ်ဆယ့်ငါး ရာခိုင်နှုန်းလောက်က ယာယီနေထိုင်တာ ဖြစ်ပြီးတော့၊ ရွှေ့ပြောင်းလူထုတွေ ဖြစ်တယ်။ မိသားစုဝင်တွေ ဖြစ်တဲ့အခါကြတော့ သူတို့ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ လိုအပ်မှုတွေ ရှိတယ်။ သူတို့ ကလေးတွေရဲ့ ပညာရေးတွေ ရှိတဲ့အပေါ်မှာ ကျမတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျမတို့ ကျန်းမာရေးအဖွဲ့တွေက
ဒီနေရာမှာ ဆက်လက်ပြီးတော့ ဝန်ဆောင်မှုတွေ ဆက်လက်ပြီး ဆောင်ရွက်ဖို့ရယ်၊ နောက် နှစ်နိုင်ငံမှာရှိတဲ့ ကျန်းမာရေးစနစ် နှစ်ခုကြားမှာ လက်လှမ်းမမှီသေးတဲ့ လူထုတွေအတွက် ဆက်လက်ပြီးတော့ ကျန်းမာရေး၊ ပညာရေး၊ အကာအကွယ်ပေးရေး ကိစ္စတွေအားလုံး ဆက်လက်ဆောင်ရွက်ဖို့က အရေးကြီးတဲ့အပေါ်မှာ ကျမတို့ ဒီ မယ်တော်ဆေးခန်းအသစ်ကို ဖွင့်ဖြစ်ခဲ့ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံကနေ ဆရာမကြီးတို့ ဆေးခန်းဆီမှာ ဆေးလာကုနေဆဲပဲလို့ သိရပါတယ်။ အရင်တုန်းကတော့ ဒီမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပဲ ကုပြီးတော့၊ အခု မြန်မာနိုင်ငံဘက်ကနေ ဆရာမကြီးဆေးခန်းဆီ လာလာကုနေတယ်ဆိုတော့ ဒီအခြေအနေလေး၊ လူနာအခြေအနေလေး ဆရာမကြီးတို့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါသလား။
Dr. စင်သီယာမောင် ။ ။ ကျမတို့ လူနာတွေကို ခြုံပြီးကြည့်လိုက်ရင်တော့ (၅၀) ရာခိုင်နှုန်းလောက်ကတော့ မြန်မာပြည်ဘက်ကနေ ဒီဘက်မှာ ဆေးလာကုတဲ့ လူနာတွေ ဖြစ်တယ်။ အထူးသဖြင့်တော့ အတွင်းလူနာတွေ။ ပြင်ပလူနာမှာကြတော့ ကျမတို့ နယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်ထဲမှာလည်း ဝန်ဆောင်မှုလုပ်ငန်းတွေ ကျေးရွာအလိုက် တည်ဆောက်ထားတာတွေလည်းရှိတော့ သာမန်ရောဂါလေးတွေ ကုသနိုင်ပေမယ်လို့၊ ဒီလို အရေးပေါ် အခြေအနေဖြစ်ပေါ်လာရင်တော့ ထိုင်းဘက်ကို ပြန်ကူးလာတာလည်း ရှိတယ်ဆိုတော့ လူနာလွှဲပြောင်းတဲ့ စနစ်တွေ ကျမတို့ တည်ဆောက်ရင်းနဲ့ ဒီဘက်မှာ လူနာ ငါးဆယ်ရာခိုင်နှုန်းက ပြည်တွင်းထဲကလာတာ ဖြစ်တယ်။ ဆိုတော့ အဲဒီမှာတော့ သားဖွားတာကအစ တချို့ နာတာရှည်ရောဂါတို့၊ သွေးပုံမှန်သွင်းနေရတဲ့ လူနာတွေ ရှိတယ်။ တချို့လည်း အရိုးကျိုးတာတို့၊ နာတာရှည် ဖြစ်လာတဲ့ လူတွေဆိုရင် ဒီဆေးခန်းကို လာကြတာရှိတယ်။ ဆိုတော့ ဆေးခန်းအခြေအနေက လက်ရှိက ကုတင် (၁၄၀) ရှိတယ်။ တနေ့ကိုတော့ လူနာအရေအတွက်က နှစ်ရာကနေ သုံးရာ ပတ်ဝန်းကျင်လောက်မှာ လူနာအဝင်အထွက် ရှိတယ်။ ပြင်ပလူနာ အဝင်အထက် ရှိတယ်။ ဆိုတော့ အခက်အခဲတွေကတော့ ကျမတို့ လက်ရှိ နေရာထိုင်ခင်းနဲ့ ကုတင်အရေအတွက်နဲ့ ကြည့်မယ်ဆိုရင်တော့ သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိဘူး။ ခပ်ကျပ်ကျပ်တည်းတည်းပဲ ရှိပါတယ်။ သို့သော်လဲ လုပ်ငန်းစဉ် လည်ပတ်မှုမှာတော့ နေရာအသစ်မှာတော့ ပိုပြီးတော့ အခက်အခဲရှိတာတော့ သွားရေးလာရေးတွေ အရင်နေရာမှာလို သွားရေးလာရေးက သိပ်ပြီးတော့ လွယ်ကူချောမွှေ့တာ မဟုတ်တော့ လူနာတွေအတွက်တော့ အထူးသဖြင့် ညရေးညတာဆိုရင်တော့ ပိုပြီးတော့ အခက်အခဲရှိတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမကြီးတို့က အခုက ဆေးခန်းတခုတည်း မဟုတ်ဘူး ထင်ပါတယ်။ ကလေးတွေ ကျန်းမာရေးနဲ့ ဆက်နွှယ်ပြီးတော့ ပညာရေးပါ ဆရာမကြီးတို့ တာဝန်ယူထားတယ်လို့ သိရပါတယ်။ အဲဒါလေး နည်းနည်းလောက် ပြောပြပေးပါ။
Dr. စင်သီယာမောင် ။ ။ ကျမတို့ မယ်တော်ဆေးခန်းက ၁၉၉၅ လောက်မှာ စပြီးတော့ သားဖွားလူနာတွေကို စပြီးတော့ လက်ခံတယ်။ အဲဒီမှာ ကျမတို့ သားဖွားလူနာ လက်ခံရင်နဲ့ ကျမတို့ ကြည့်တဲ့အခါကြတော့ ကလေးတွေက ဆေးရုံကြီးမှာ မွေးတာမဟုတ်ဘူး။ အစိုးရဆေးရုံတွေမှာ မွေးတာ မဟုတ်တော့ဘူးဆိုတော့ မိဘတွေက တရားဝင်နေထိုင်တာ မဟုတ်တော့ မွေးစာရင်းတွေ မရကြဘူး။ အဲဒီအခါကြတော့ မိဘတွေက ရွှေ့ပြောင်းနေကြတော့ ထိုင်းရဲ့ ပညာရေးစနစ်ထဲမှာ သင်ဖို့ဆိုတာ အခက်အဲရှိတော့ မြန်မာရွှေ့ပြောင်းကျောင်းဆိုပြီးတော့ စပြီးတော့ နယ်စပ်မှာရှိတဲ့ စိတ်ဝင်စားတဲ့လူတွေ၊ ကျောင်းဆရာတွေ စုစည်းပြီးတော့ စပြီးတော့ ရွှေ့ပြောင်းပညာရေးဆိုတာ စပေါ်လာတယ်။ ကျမတို့ ဆေးခန်းအနေနဲ့လည်း ဒီရပ်ကွက် ကျမတို့နေထိုင်တဲ့ရပ်ကွက်ထဲမှာ ကလေးတွေအတွက် ကျောင်းလေးတစ်ကျောင်း။ ကျောင်းစဖွင့်တုန်းကတော့ မူကြိုကျောင်းအနေနဲ့ ဒါပေမဲ့ တဖြည်းဖြည်းတွေ ကလေးတွေ ကြီးလာတော့ လက်ရှိမှာ မူကြိုကနေ ဆယ့်နှစ်တန်းအထိ ရှိပါတယ်။ ကလေးတွေက ဒီနှစ်ဆိုရင် (၈၈၀) ရှိပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကျန်းမာရေးအတွက်ကလည်း ငါဆယ်ရာခိုင်က မြန်မာပြည်တွင်မှ။ အခု ရွှေ့ပြောင်းအလုပ်သမားရဲ့ ကလေးတွေလည်း စာသင်နေရတယ်။ ဆရာမကြီးတို့ ဒီကျောင်းရဲ့ ငွေကြေးအတွက်ကို အထောက်အပံ့တွေကော၊ အခြေအနေ ဘယ်လို ရှိပါလဲ။ လောလောဆယ်ကြည့်ရတာ နိုင်ငံတကာအဖွဲ့အစည်းတွေက သိပ်ပြီးတော့ မလာကြတော့ဘူး။ မထောက်ပံ့ကြတော့ဘူး သိရပါတယ်။
Dr. စင်သီယာမောင် ။ ။ ဒီသက္ကရာဇ် ၂၀၁၂-၁၃ လောက်ကစပြီးတော့ တချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေက အထူးသဖြင့် အစိုးရနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ရန်ပုံငွေတွေက ဒီနယ်စပ်ကနေ တဖြည်းဖြည်းလျော့နည်းသွားတယ်။ ကျမတို့ ဒုက္ခသည်စခန်းတွေ နဲ့ နယ်စပ်တွေမှာ လျော့နည်းသွားတဲ့အပေါ်မှာတော့ တချို့ကျောင်းတွေလည်း ဆက်ပြီးတော့ မလည်ပတ်နိုင်တာ ရှိတဲ့အခါကြတော့ တခြားအနီးဆုံးကျောင်းတွေကို ပြန်ပြီးလွှဲပြောင်းပေးတာတွေ၊ ဆောင်ရွက်ရတာရှိတယ်။ နောက်ပြီးတော့ တချို့လည်း ကျောင်းဆရာတွေအတွက်ဘက်ကလည်း ထောက်ပံ့မှုတွေ၊ လုံလုံလောက်လောက် မရှိတော့တဲ့အခါကြတော့ ကျောင်းဆရာတွေ အပြောင်းအလဲတွေလည်း များလာတယ်။ ကလေးတွေဘက်က ကြည့်မယ်ဆိုလဲ တချို့ကျောင်းတွေ ရပ်တည်ဖို့ကလည်း ကလေးတွေ၊ မိဘတွေကိုယ်တိုင် ပါဝင်ပြီးတော့ ထည့်ဝင်ရတဲ့ အစီအစဉ်တွေ တချို့ပေါ်လာတဲ့အခါကြတော့ တချို့ကလေးတွေလည်း ငယ်ငယ်ရွယ်ရွယ် တက်နိုင်ပေမယ့် နည်းနည်းကြီးလာရင် ဆက်မတက်နိုင်တာတွေလည်း ရှိတယ်။ အထူးသဖြင့် မဲ့ဆော့လို့နေရာမျိုးမှာကြတော့ မိဘတွေကိုယ်တိုင်ကလည်း တဦးတည်းနဲ့ လုပ်ကိုင်စသောက်လို့ အဆင်မပြေတဲ့အခါကြတော့ ကလေးနည်းနည်းကြီးလာရင် ကျောင်းထွက်ပြီးတော့ အလုပ်လုပ်တာလည်း ရှိတယ့်အခါကြတော့ ရန်ပုံငွေ အခက်အခဲတွေ ရှိလာလေ ဒီကလေးတွေအတွက် ပညာရေးကလည်း ပိုပြီးတော့ စိုးရိမ်စရာတွေရှိတယ်။ နောက်ပြီး ကျမတို့ ကျန်းမာရေးပိုင်းမှာလည်း ရန်ပုံငွေ အခက်အခဲရှိလာရင် တချို့သော ကုသမှုမျိုးတွေကို ကျမတို့က ဆက်လက်ပြီးတော့ မကုသနိုင်တာတို့၊ မလွှဲပြောင်းတာတို့ ရှိတယ်။ တချို့အကန့်အသတ်တွေ ရှိလာမယ်ဆိုတဲ့အခါကြတော့ ကျမတို့လည်း တဆင့်ချင်းဆီ ကြည့်ပြီးတော့ ဘယ်ရောဂါတွေကို လွှဲပြောင်းနိုင်တဲ့ ဆေးရုံ၊ ဆေးခန်းနဲ့ ကုန်ကျစရိတ်တွေကို ဘယ်လို လျှော့ချပြီးတော့ ဆောင်ရွက်မလဲဆိုတာမျိုးတွေလည်း ဆက်လက်ပြီးတော့ ကြိုးစားနေရတယ်။
ဒေါ်ခင်မျိုးသက် ။ ။ မယ်တော်ဆေးခန်းကို ပထမ ကျမတို့ သတင်းကြားတာက မြန်မာနိုင်ငံမှာ အခု အပြောင်းအလဲတွေ ဖြစ်နေပြီ။ အပြောင်းအလဲတွေ ဖြစ်နေတာနဲ့အမျှ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပြောင်းမယ်ဆိုရင် မယ်တော်ဆေးခန်းကိုပါ မြန်မာနိုင်ငံထဲက မြဝတီနဲ့ နီးစပ်တဲ့နေရာကို ရွှေ့ပြောင်းမယ်လို့ ကြားသိပါတယ်။ အဲဒီ အခြေအနေ ဒီလို ရွှေ့ပြောင်းဖို့နဲ့ ပတ်သက်ပြီးတော့ ဆရာမကြီးတို့ ဘယ်လို အစီအစဉ်တွေများ ရှိပါသလဲ။
Dr. စင်သီယာမောင် ။ ။ ရွှေ့ပြောင်းဖို့ထက်စာရင် ကျမတို့က ရှိထားပြီးသား တိုင်းရင်းသားဒေသတွေမှာ လက်ရှိ ကျမတို့နဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ကျန်းမာရေး အဖွဲအစည်းတွေရဲ့ လုပ်ငန်းစဉ်တွေ ပိုပြီးတော့ အားကောင်းလာအောင်။ အထူးသဖြင့်တော့ သူတို့ရဲ့ လူအင်အား အရင်းအမြစ်တွေ။ သားဖွားဆရာမတွေ ပိုလွယ်မယ်။ လူထုကျန်းမာရေးလုပ်သားတွေ ပိုပြီးတော့ အရည်အသွေးမြှင့် ပြင်လုပ်မယ်ဆိုတဲ့အခါကြတော့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေ အားကောင်းလာမယ်ဆိုရင် ဒီဘက်ကို လူနာတွေလာပြီးတော့ ဆေးကုတာ လျော့နည်းသွားမယ်ပေါ့။ အဓိကတော့ ကျမတို့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အများစုကတော့ မြန်မာပြည်အရှေ့ပိုင်းဒေသမှာရှိတဲ့ ကရင်၊ မွန်၊ ကရင်နီ၊ ရှမ်းဆိုတဲ့ လက်လှမ်းမီတဲ့ ဒေသမှာရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ မြန်မာပြည်အရှေ့ပိုင်းဒေသရဲ့ ကျန်းမာရေးစနစ် ကောင်းမွန်လာဖို့အတွက် ကြိုးစားပြီးဆောင်ရွက်တယ်။ အထူးသဖြင့် မယ်တော်ဆေးခန်းအနေနဲ့ ဒါကို သင်တန်းပိုင်းဆိုင်ရာတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေ ပံ့ပိုးပေးတာ ဖြစ်သလို ဒီစုဖွဲ့မှုကနေ လက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းနဲ့ အစိုးရရဲ့ ကျန်းမာရေးလုပ်ငန်းတွေရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကိစ္စမျိုးတွေကို ကျမတို့ ဆောင်ရွက်နေပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုလက်ရှိ မြန်မာအစိုးရနဲ့ ပူးတွဲပြီး ဆောင်ရွက်နေတဲ့ သဘောလား။
Dr. စင်သီယာမောင် ။ ။ တချို့သော ဒေသအလိုက်မှာ လုပ်ငန်းစဉ်လေးတွေ။ အထူးသဖြင့်တော့ ဒီလိုမျိုး တချို့ဒေသတွေမှာ ကာကွယ်ဆေးထိုးတဲ့ကိစ္စလေးတွေ သားဖွားဆရာမတွေ၊ မွေးထုတ်တာတွေ ရှိတယ်။ ကျမတို့ အစိုးရနဲ့ NGO တွေက ပူးပေါင်းပြီးတော့ ပြည်တွင်းမှာရှိတဲ့ သင်တန်းတွေကို ကျမတို့ ဝန်ထမ်းတွေတချို့ ဦးဆောင်ပြီးတော့၊ စပြီးတော့ အတူတူတွဲလုပ်တဲ့ လုပ်ငန်းတွေ ရှိပါတယ်။ သို့သော်လဲ ကျန်းမာရေးစနစ်ကြီး တခုလုံးဆိုင်ရာ ဖြစ်တဲ့ ကျန်းမာရေးလုပ်သားတွေက ကိုယ့်ဒေသ ကိုယ့်ရပ်ရွာမှာ လက်ရှိ ရှိထားပြီးတဲ့ ကျန်းမာရေးလုပ်ငန်းတွေကို တရားဝင် လုပ်နု်င်ဖို့ အခြေအနေတွေဆီကို ဆက်လက်ပြီးတော့ ကြိုးစားပြီးတော့ ဆွေးနွေးရမှာတာတွေလည်း ရှိပါတယ်။
ဒေါ်ခင်မျိုးသက် ။ ဒီဥစ္စာက ထိုင်းရဲ့ မြေပေါ်မှာ လာဖွင့်ထားတာပေါ့။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ကို ရည်ရွယ်ပြီးတော့ အရင်တုန်းကတော့ ကျောင်းသားတွေပါ။ ရည်ရွယ်ပြီးဖွင့်တဲ့ ဆေးခန်းဆိုတော့ ထိုင်းအစိုးရနဲ့ လုပ်ရကိုင်ရတာ အဆင်ပြေပါရဲ့လား။ ဘာအခက်အခဲတွေများ ရှိပါလဲ။
Dr. စင်သီယာမောင် ။ ။ ထိုင်းအစိုးရလို ပြောရင်လည်း ကျမတို့က အစိုးရဌာနတွေ အများကြီးရှိသင့်တဲ့အခါကြတော့ အစိုးရဌာနတခုနဲ့တခုကတော့ အမြင်သဘောထားတွေ တူချင်မှပိုတူရတယ်။ မြို့နယ်အလိုက်၊ ခရိုင်အလိုက် နဲ့ ဗဟိုအဆင့်ဆိုပြီးတော့လည်း အမျိုးမျိုးကွဲပြားခြားနားမှုတော့ ရှိမယ်။ ဘာပဲဖြစ်ဖြစ် ဆေးခန်းစဖွင့်ကတည်းကတော့ ကျမတို့ ဒီဒေသအတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်းထမ်းတွေ၊ ဆေးရုံတွေနဲ့ ကျမတို့ လက်ပွန်းတတီး အစကတည်းက အတူတူလုပ်ကြတော့ ကျန်းမာရေးလုပ်သားအချင်းချင်းကြားထဲမှာ လူထုကျန်းမာရေးဆိုင်ရာ လုပ်ငန်းဖြစ်စေ။ လူနာလွှဲပြောင်းတဲ့ ကိစ္စတွေဖြစ်စေ အမြဲဆက်စပ်မှုတွေက အမြဲရှိထားတယ်။ ရှိတဲ့အတွက် အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြဿနာ မရှိပါဘူး။ သို့သော်လဲ နောက်ပိုင်းမှာကြတော့ NGO တွေကလည်း တဖြည်းဖြည်း နည်းသွားတဲ့အခါကြတော့ ကျမတို့နဲ့ ထိုင်းအစိုးရကြားမှာ လုပ်ငန်းတွေက ယခင်ထက်တောင် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြား အရင်တုန်းက NGO တွေရှိတဲ့အချိန်မှာတုန်းက NGO တွေကလည်း နယ်စပ်မှာ ကျန်းမာရေးလုပ်ငန်းတွေ အများကြီး ပံ့ပိုးနေတာရှိတယ်။ အခုအချိန်မှာ အခက်အခဲတွေ သူတို့ ထိုင်းအစိုးရဘက်မှာလည်း အခက်အခဲတွေ ပိုရှိလာသလို၊ ကျမတို့ဘက်မှာလည်း အခက်အခဲတွေ ရှိလာတဲ့အခါကြတော့ အတူတူတွဲလုပ်ရမယ့်ကိစ္စတွေ ပိုပြီးတော့ များလာပါတယ်။ သို့သော်လဲ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကတော့ ဒီဒေသဆိုင်ရာ ဒီခရိုင် ဒီမြို့နယ်အတွင်းမှာရှိတဲ့ ကျန်းမာရေးဌာနနဲ့ ကျမတို့ တိုက်ရိုက်ဆောင်ရွက်တာ ဖြစ်တယ်။ သို့သော်လဲ ဗဟိုအဆင့်မှာကြတော့ သူတို့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ်မှာ နယ်စပ်ဒေသရဲ့ ကျန်းမာရေးပေါ်မှာ မဲ့ဆော့မြို့ရဲ့ ကျန်းမာရေးစနစ်တခုကို လေ့လာတဲ့အခါကြတော့ နယ်စပ်ဒေသ ကျန်းမာရေးမှာ ကျမတို့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေ၊ မြန်မာဘက်မှာရှိတဲ့ အစိုးရဖြစ်စေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ဖြစ်စေ Cross border ဆောင်ရွက်မှုတွေက ယခင်ထက် ထိထိရောက်ရောက် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက်ကြောင့် တယောက်နဲ့တယောက် အပြန်အလှန် အားကိုးမှုတွေ ပံ့ပိုးမှုတွေ ရှိပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အစိုးရပိုင်း အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အခက်အခဲ မရှိဘူးပေါ့။
Dr. စင်သီယာမောင် ။ ။ ပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲ ရှိမှာပေါ့။ သို့သော်လဲ ယေဘုယျခြုံပြောရင်တော့ ကျမတို့ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေကတော့ အပြန်အလှန် တယောက်နဲ့တယောက် နားလည်မှုရှိရှိ ဆောင်ရွက်နိုင်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခူလို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
Dr. စင်သီယာမောင် ။ ။ ကျေးဇူးတင်ပါတယ်။