ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် လျော့ကျနေပြီး နောက်ပြန်လှည့်ဖို့ အလားအလာတွေ ရှိနေပြီလို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က နိုင်ငံရပ်ခြားက ဝေဖန်သူတွေအနေနဲ့ ဒါတွေကို အသေအချာ လေ့လာပြီးမှ ဝေဖန်သင့်ကြောင်း တုန့်ပြန်လိုက်ပါတယ်။ ဗွီအိုအေ ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ ဗွီအိုအေ အမေရိကန်အသံကို ဥက္ကဋ္ဌအနေနဲ့ အချိန်ပေးပြီး တွေ့ဆုံခွင့်၊ မေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အခု မီဒီယာလောကမှာလည်း အကုန်လုံးပေါ့ ရေပန်းစားနေတဲ့ စကားတခုပေါ့ PR (Proportional Representation) လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်။ လာမယ့် ရွေးကောက်ပွဲ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီ PR စနစ်ကို သုံးသင့်သလား၊ မသုံးသင့်ဘူးလား ဆိုတာနဲ့ ပတ်သက်ပြီးတော့ အခု အငြင်းပွားနေကြတယ်၊ ဆွေးနွေးနေကြတဲ့အဆင့်ပေါ့။ ဒါပေမဲ့ အမျိုးသားလွှတ်တော်မှာတော့ PR စနစ်ကို အတည်ပြုခဲ့တယ်လို့ ကြားပါတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း PR စနစ်ကို တွန်းအားပေးနေတယ်။ တချိန်တည်းမှာပဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း ၄၃၆ ပြုပြင်ရေးကို တဖတ်တလမ်းက လုပ်နေကြပါတယ်။ ဒီလို နှစ်ဖက် ဘယ်လိုမျိုး အပေးအယူတွေလုပ်ပြီးတော့ ဖြေရှင်းလို့ ရမယ်လိုများ ဥက္ကဋ္ဌကြီးအနေနဲ့ မြင်ပါသလဲရှင့်။
ဦးခင်အောင်မြင့် ။ ။ သူက PR နဲ့ ၄၃၆ နဲ့ကတော့ အပေးအယူ လုပ်စရာမလိုပါဘူး။ PR နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင်တော့ ပါတီငယ်တွေအနေနဲ့ PR လုပ်ချင်တာပေါ့။ ကျနော်တို့ကလည်း PR နဲ့ ပတ်သက်လို့ ကျနော်က ဖတ်ဖူးတာ ကြာပါပြီ။ ၂၀၀၄ ခုနှစ်လောက်က စပြီးတော့ ရွေးကောက်ပွဲစနစ်တွေ ဖတ်လာတာ၊ လေ့လာတာပေါ့။ နားမလည်းတလည်၊ နားမလည်းတလည်နဲ့ လေ့လာလေ့လာပြီးတော့ နောက်တော့ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာတယ်။ တခြားနိုင်ငံတွေ သွားတဲ့အခါကြတော့လည်း လေ့လာတာပေါ့။ သူတို့မှာ ဘယ်လိုလုပ်လဲ၊ ဘာညာပေါ့။ ပထမဦးဆုံး ကျနော် ပြည်ထောင်စုလွှတ်တော် နာယက လုပ်နေတဲ့အချိန်မှာ ပထမ လပေါင်း (၃၀) တာဝန်ယူတယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကနေ စာရေးတယ်။ သူဆီကို နိုင်ငံရေးပါတီ (၁၀) ခုက PR ကျင့်သုံးဖို့ တောင်းခံနေတယ်။ လွှတ်တော်က ဆုံးဖြတ်ပေးပါဆိုပြီ။ လွှတ်တော်ရဲ့ လုပ်ငန်း procedure အရ ဒီလို လုပ်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်ချင်ရင်တင်။ ဒါမှမဟုတ် ရွေးကောက်ပွဲကော်မရှင်က အဆိုတင်ချင်ရင်တင် ဒါပဲရှိတယ်။ အဲဒါနဲ့ ဒါကို ကျနော်တို့ မလုပ်တော့ဘူးပေါ့။ မလုပ်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို လွှဲပေးလိုက်တယ်။ ဒါတွေကို လေ့လာသုံးသပ်ပါဆိုပြီး လွှဲပေးလိုက်တယ်။ နောက်ပိုင်းကျတော့ အဲဒီလိုဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တင်လာတယ်။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့တော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တင်လာတဲ့ကိစ္စက နည်းဥပဒေနဲ့ ညီတယ်ဆိုရင် ကန့်ကွက်လို့ မဖြစ်ဘူး။ သူ့ရဲ့ အခွင့်အရေးကို သွားပိတ်ပင်လို့ မရဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ် ယူလိုက်တာပေါ့။ ယူလိုက်တဲ့အခါကြတော့ ပြည်ခိုင်ဖြိုးပါတီက များပါတယ်။ ဒီမဲနဲ့ပဲ ဒါကို အတည်ပြုလိုက်တာပေါ့။ ဒီစနစ်တွေမှာတော့ PR ကော၊ FPTP ကော အားသာချက်၊ အားနည်းချက်ကတော့ ရှိတာပဲ။ FPTP (First-past-the-post) ဆိုတာကတော့ ဘယ်လိုခေါ်မလဲဆိုရင် ပညာရှင်တွေ ပြောတာကတော့ မြင်းပွဲရဲ့ အနှစ်သာရမျိုးပဲ။ First past the post ဆိုတာကိုက မြင်းပွဲကလာတဲ့ စကားပေါ့။ ဒါက မဲဆန္ဒရှင်အားလုံးကို ကိုယ်စားမပြုတဲ့အတွက် PR ကို ဖော်ကျူးလာရင်၊ ပြုပြင်လာရင်။ ဒီနေ့ ဂျာနယ်တွေမှာ PR ထောက်ခံရေး ရှိတယ်။ ကန့်ကွက်ရေး ရှိတယ်။ တကယ်တော့ ကျနော်တို့အားလုံးက လေ့လာဖို့ လိုတယ်။ PR အဆိုတင်သွင်းတဲ့နေ့ကလည်း ကျနော်ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အမှန်တရားကို ရှာဖွေဖို့လိုတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် အမှန်တရား။ ကိုယ်ချီတက်နေတဲ့ ဒီမိုကရေစီစနစ်နဲ့ အထောက်အကူပြုမယ့် အမှန်တရားကို ရှာဖို့လိုတယ်။ ဘာမှ bias လိုက်စရာ မလိုဘူး။ ကျနော်လည်း မလိုက်ဘူး။ မလိုက်ဘူးဆိုတော့ အဆိုအောင်သွားတာပေါ့။ အဆိုအောင်သွားတော့ ထုံစံအတိုင်း အဆိုအောင်တယ်ဆိုရင် ဒီအဆိုတိုင်း ဆောင်ရွက်ဖို့။ သူက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်းဆိုတာပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့က လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လွှဲပေးလိုက်ရုံပဲ။ လွှဲပေးလိုက်ရင် တာဝန်ကျေပါပြီ။ သို့သော် စနစ်တခုကနေ စနစ်တခုကို ပြောင်းတဲ့အခါမှာ ဒီလောက် လွယ်လွယ်ကူကူလုပ်လို့ သင့်ပါ့မလားဆိုပြီး ကျနော် စဉ်းစားတယ်။ စဉ်းစားတော့ ထောက်ခံတဲ့လူကော၊ ကန့်ကွက်တဲ့လူတွေ နဲ့ ကျနော်တို့ အမျိုးသားလွှတ်တော်ထဲမှာ အများက ရွေးချယ်ထားတဲ့ (၁၅) ဦး ရှိတယ်။ အဲဒီအဖွဲ့ ခေါင်းဆောင်ပြီးတော့ လေ့လာကြပါဆိုပြီး ပေးလိုက်တာပေါ့။ PR တော့ လုပ်မယ်ဆိုတာတော့ အဆိုက အတည်ဖြစ်သွားပြီ။ သို့သော် ဘယ်လို ပုံစံနဲ့ လုပ်မလဲ။ ဘယ်တော့ လုပ်မလဲဆိုတဲ့ ကိစ္စကတော့ အမျိုးသားလွှတ်တော်မှာလည်း မဆုံးဖြတ်ရသေးဘူး။ အဲဒီ ကော်မတီကနေ တင်ပြလာမယ်။ တင်ပြလာတော့မှ ကြားဖြတ်ရွေးကောက်ပွဲမှာ လုပ်မလား။ မလုပ်ဘူးလား။ ၂၀၁၅ မှာ လုပ်မလား၊ မလုပ်ဘူးလား။ နောက်တခုက ၂၀၁၅ တော့ လုပ်ရတော့မယ့် သဘောပေါ့။ လုပ်ရတော့မယ် ဆိုပေမယ့်လဲ ရွေးချယ်တဲ့နည်းလမ်းက နံပတ် (၁) ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီဖို့လိုတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးနဲ့ ဆွေးနွေးရမယ်။ သူကလည်း ညီပါတယ်။ ရွေးကောက်ပွဲကော်မရှင် လုပ်နိုင်မလုပ်နိုင် ရှိသေးတာပေါ့။ ရွေးကောက်ပွဲကော်မရှင်ကလည်း အခုလုပ်နိုင်တယ်၊ နောက်လုပ်နိုင်တယ်ဆိုတာ လာမှာပေ့ါ။ အဲဒီလို သူတို့နဲ့ ညှိပြီးတော့မှ ကျနော်တို့က ဘယ်တော့ လုပ်မလဲ၊ ဘယ်စနစ်လုပ်မလဲ။ ဥပဒေကြမ်း ဆွဲရအုံးမယ်။ ဥပဒေကြမ်းဆွဲပြီးရင် အမျိုးသားလွှတ်တော်မှာ တင်ရမယ်။ တင်ပြီးလို ဆွေးနွေးပြီးတဲ့အခါ ပြည်သူ့လွှတ်တော်ကို ပို့ရမယ်။ လွှတ်တော်နှစ်ရပ်စလုံး သဘောတူပြီ၊ မတူရင်လဲ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ရမယ်။ အဲဒီကြမှ PR ဆိုတာ ဖြစ်သွားမယ့်သဘော ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ နောက် နိုင်ငံတကာရဲ့ အမြင်မှာတော့ တကယ်လဲ ဗမာပြည်ရဲ့ အခြေအနေပေါ့။ ကျမ ရောက်ကတည်းက မြင်နေတာက ဘာသာရေးအသွင်ဆောင်တဲ့ အမုန်းစကားတွေ ပြန့်ပွားပြီးတော့ အဓိကရုဏ်းတွေ ဖြစ်ကြတယ်။ သတ်ကြဖြတ်ကြတဲ့ဟာ တစ်ခု ရှိတာပေါ့။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လည်း ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတယ်လို့ အများက မြင်ကြပါတယ်။ နောက်တခုကလဲ ခရိုနီတွေ ကြီးစိုးတဲ့ Crony Oriented Economy ပေါ့။ ဘာစီးပွားရေးကို ကြည့်လိုက်ကြည့်လိုက် ခရိုနီ မပါတဲ့ စီးပွားရေးက မရှိဘူးဆိုပြီး အများက မြင်နေကြပါတယ်။ အဲဒီအခါကြတော့ နိုင်ငံတကာ အလယ်မှာ မျက်နှာပန်းမလှဘူး ဖြစ်တာပေါ့။ အဲဒါကြောင့်လဲ အမေရိကန်ပြည်ထောင်စုအစိုးရ အခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာတဲ့အခါမှာ လွှတ်တော်အမတ်တွေက ဝိုင်းပြီးတော့ သူကို ပြောကြပါတယ်။ လွှတ်တော်အမတ် (၇၀) ကျော်ကနေ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကတော့ နောက်ကြောင်းပြန်လှည့်မယ့် အလားအလာတွေ တွေ့နေရတယ်။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ လိုများလိုနေပြီလားဆိုတဲ့ သဘောမျိုးပေါ့ ပြောနေကြတဲ့အချိန်။ အဲဒီတော့ ဥက္ကဋ္ဌကြီးအနေနဲ့ ဒီလိုမျိုး နိုင်ငံတကာရဲ့ အမြင်မှာ ဒီလိုဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ တုန့်ပြန်ချင်ပါသလဲရှင့်။
ဦးခင်အောင်မြင့် ။ ။ စစချင်းမှာတော့ တအားမြန်တယ်လို့ ဝေဖန်ကြတာတွေ ကြားမှာပါ။ အခုနောက်ပိုင်းကြတော့ ပြောင်းလဲမှုတွေ မရှိတော့ဘူးလို့ ဝေဖန်တဲ့အသံတွေလည်း ကြားမှာပါ။ ဒီနှစ်ခုကို average ချကြည့်လိုက်ရင် ပြောင်းလဲအောင် ကြိုးစားနေတာတော့ မှန်တယ်။ ရလဒ်တွေက လိုလားချက်အတိုင်း မရောက်သေးဘူးဆိုလို့ ဒီလိုများ ကောက်ချက်ဆွဲလို့လည်း ရချင်ရမှာပေါ့။ ဒါကတော့ ချက်ချင်းကြီး ချမ်းသာသွားအောင် လုပ်ဖို့ဆိုတဲ့ကိစ္စက တော်တော်လေး ခက်ပါတယ်။ ဘာခက်တာလဲလို့ ပြောတော့ အခုန unity ပဲ။ ဥပမာ ဗိယက်နမ် မြန်မာထက်သာတယ်ဆိုတာ သူမှာ unity ကောင်းတယ်။ သူကတော့ ဒီမိုကရေစီစနစ်တော့ မဟုတ်ဘူး။ အာဏာရှင်စနစ်ပေါ့။ Communism ပေါ့။ အာဏာရှင်လိုတော့ ပြောလို့မရဘူး။ သို့သော် သူကို ဒီ စနစ်ကို ကြိုက်လို့ပြောတာ မဟုတ်ဘူး။ သူက unity သိပ်ကောင်းတယ်။ ကျနော်တို့ ကြားဖူးတာပေါ့ သူက နိုင်ငံတကာကို ဆန်ပို့ချင်တဲ့အတွက် ပြည်ပကို ဆန်ရောင်းချင်တဲ့အတွက် အားလုံး ဆန်ပြုပ်သောက်ရမယ်ဆိုလို့ တနိုင်ငံလုံး ဆန်ပြုပ်သောက်တယ့် unity မျိုး သူတို့မှာ ရှိတယ်။ ကျနော်တို့မှာ အဲဒီလို unity ကို အများကြီးတည်ဆောက်ရမယ့် သဘောရှိပါတယ်။ တည်ဆောက်တော့ အခုန လူမျိုးချင်း ပဋိပက္ခပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့က စိတ်ဓါတ်ကို ပြင်ရမှာ။ စိတ်ဓါတ်ပြင်ရမယ့် လုပ်ငန်းပဲ။ ကျနော်တို့ ဗုဒ္ဓဘာသာတွေအပိုင်းကလည်း ဗြဟ္မစိုရ်တရား (၄) ပါး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ကို အားလုံးလိုက်နာနိုင်ဖို့ လိုတာပေါ့။ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်အောင်။ တဖတ်က တခြားဘာသာပုဂ္ဂိုလ်တွေကလည်း ဒီနိုင်ငံက ၈၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာ ကိုးကွယ်တော့ ဗုဒ္ဓဘာသာက အများစု ကိုးကွယ်တဲ့ ထူးခြားသော ဂုဏ်ဝိသေသနနဲ့ ပြည့်စုံသော ဘာသာဆိုပြီး အခြေခံဥပဒေမှာလည်း ပြဌာန်းထားတာရှိတယ်။ အလားတူပဲ တခြားဘာသာတွေကလည်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်တဲ့ဘာသာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုတဲ့နေ့မှာ တည်ရှိတဲ့ ဘာသာတရားတွေလို့ အတည်ပြုထားတာရှိတယ်။ ရှိတော့ ဒီလူအများစု ကိုးကွယ်တဲ့ နိုင်ငံဆိုရင် ဗုဒ္ဓဘာသာနိုင်ငံလို့လည်း တနည်းအားဖြင့် ပြောလို့ရပါတယ်။ ဘာမှ ပြဌာန်းစရာ မလိုပါဘူး။ ဗုဒ္ဓဘာသာနိုင်ငံမှာလေ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ရှိတာပေါ့။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတာ၊ ဗုဒ္ဓဘာသာတွေ မကြိုက်တာတော့ မလုပ်ဖို့ လိုတာပေါ့။ ဥပမာအားဖြင့် အတင်းအဓမ္မ ကျူးလွန်မှုတို့ဘာတို့ ဗုဒ္ဓဘာသာတွေ လုံးဝမကြိုက်ဘူး။ သတ်တာဖြတ်တာတွေ မကြိုက်ဘူးပေါ့။ ဒါမျိုးတွေ မလုပ်ဖို့ တဖတ်ကလည်း စိတ်ဓါတ်ပြင်၊ ဒီဖက်ကလည်း ဗြဟ္မစိုရ်တရားဖြစ်အောင် ဟိုဖက်ကလည်း ဘာသာတရားတိုင်းရဲ့ အဆုံးအမကတော့ မေတ္တာ အခြေခံတာပဲ။ ဟိုဖက်ကလည်း မေတ္တာတရားနဲ့။ အခုန ကျနော် ပြောသလိုပါပဲ အချင်းချင်း အပြန်အလှန် နားလည်းစာနာပြီးလုပ်မှ ဒီ ပဋိပက္ခတွေက ပြေလည်မှာပေါ့။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ကိစ္စက လိပ်ခဲတည်းလည်း ဖြစ်နေတယ်၊ ဘာညာကို။ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတယ် ဥစ္စာကတော့၊ လုပ်နေပါတယ်။ အခုလည်း အဲဒီကော်မတီက လွှတ်တော်မှာ တင်ပြနေတယ်။ ဒါမျိုးကတော့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဒုန်းဒိုင်းလုပ်တာထက်စာရင် စဉ်းစားပြီးတော့ လုပ်တာကောင်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဆိုတာ နိုင်ငံတော်ရဲ့ တကယ့် မော်ကွန်းကြီးပဲ။ ဒါကို စဉ်းစဉ်းစားစား သေချာလုပ်ဖို့ လိုပါတယ်။ နှစ်ချက်ကတော့ ပြီးသွားပြီ။ ပဋိပက္ခရဲ့ ဖွဲ့စည်းပုံအခြေခံရယ်။ နောက်ဆုံးတခုက ဘာလဲ မသိဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ နောက်ဆုံးတခုက ခရိုနီ စီးပွားရေး။
ဦးခင်အောင်မြင့် ။ ။ ခရိုနီ စီးပွားရေးဆိုတာကလဲ တကယ်တော့ နိုင်ငံမှာ အများစု ဆင်းရဲတယ်ဆိုတာလဲ စီးပွားရေး လုပ်နိုင်တဲ့လူတွေရှိဖို့ လိုတယ်။ လုပ်နိုင်တဲ့ စွမ်းရည်နဲ့ လုပ်နိုင်တဲ့ အင်အားရှိဖို့ လိုတယ်။ တကယ်လို့ ပြည်ပကနေ လာရောက်ရင်းနှီးမြှပ်နံှလို့ ပူးပေါင်းလုပ်ချင်တယ်ဆိုရင် လုပ်မယ့်လူတောင် မရှိဘူးဆိုရင် ဘယ်လို လုပ်မလဲ။ ဒီလို လုပ်တဲ့လူရှိအောင် ပြီးခဲ့တဲ့ အစိုးရကနေ ဒါလေးတွေ မွေးမြူးပေးခဲ့တာ ရှိတာပေါ့။ ရှိတော့ ဒီလူတွေကို ခရိုနီဆိုပြီး မုန်းနေလို့တော့ မရဘူး။ ဒီလူတွေက နိုင်ငံတော်ကို ပြန်ပြီးတော့ ဘယ်လို အကျိုးပြုသလဲဆိုတာကို ကြည့်ရမှာပေါ့။ နိုင်ငံတော်ကို အကျိုးပြုတယ်၊ ပြည်ပက လာရောက်ရင်းနှီးတဲ့လူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် သူတို့ကို ဘာမှ ကျနော်တို့က ခရိုနီ ခရိုနီနဲ့ သိက္ခာကျစေတဲ့ စကားမျိုး မပြောသင့်ပါဘူးလို့ ထင်တာပေါ့။ အမေရိကန် ကွန်ဂရက်က လွှတ်တော်အမတ် (၇၀) ကိုလည်း ပြောချင်တယ်။ ဒါကတော့ ဒီမှာအားလုံး လာပြီးတော့ လေ့လာကြည့်ဖို့လည်းလိုတယ်။ နိုင်ငံတနိုင်ငံကို သုံးသပ်ဖို့ဆိုရင် ဒီနိုင်ငံရဲ့ သမိုင်းကြောင်းကို သိဖို့လိုတယ်။ Political Science ဆိုတာ Without History ဆိုရင် Has no root ပေါ့။ နိုင်ငံရေးသိပ္ပံက သမိုင်းကြောင်း မသိလို့ရှိရင် အခြေအမြစ် မရှိဘူးပေါ့။ ဆိုတော့ သေချာလေး သိပြီးမှ အဲဒီလိုပေါ့ ပြည်တွင်းမှာ လူမှုကွန်ယက်ကို ရမ်းတင်တာမျိုး၊ သဘောမျိုး နိုင်ငံတကာက အခုနက Congressmen တွေဆိုတာ ပညာရှင်တွေပါ။ အများအားဖြင့် well experience ပေါ့။ အတွေ့အကြုံလည်း ကြီးမားတယ်။ ဒီပုဂ္ဂိုလ်တွေအနေနဲ့က ဒီလို မပြောဘဲနဲ့ ဝိုင်းဝန်အားပေးဖို့လိုတယ်လို့ ကျနော်ထင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု မေးချင်တာကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍပေါ့။ တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတဲ့နေရာမှာ တပ်မတော်ကလည်း စီးပွားရေးလုပ်ငန်းတွေကို တော်တော်များများ ချုပ်ကိုင်ထားတာ ဒီနိုင်ငံမှာ အများကြီး ရှိပါတယ်။ နောက်တခုက ကာကွယ်ရေး ဦးစီးချုပ်ကနေ တိုက်ရိုက်ကိုင်ထားတဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာ အဲဒီ ဝန်ကြီးဌာန (၃) ခုစလုံးကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကိုင်ထားတယ်။ ပြီးတော့ ပြည်ထဲရေးတို့၊ နယ်စပ်ရေးရာတို့ကိုလည်း တိုက်ရိုက် ကာကွယ်ရေးဦးစီးချုပ်က ကိုင်တယ်ဆိုတော့ ပြည်ထဲရေး၊ နယ်စပ်ရေးရာ အကုန်လုံးက နိုင်ငံတော်ရဲ့ ထွေအုပ်တို့၊ ဘာတို့ အုပ်ချုပ်ရေးပိုင်းမှာ အကုန်လုံးပါနေတော့ စစ်အုပ်ချုပ်ရေးက Still exist အခုထက်ထိ ရှိနေတုန်းလို့ ဆိုပြီးတော့ တဖတ်ကနေ သုံးသပ်လို့ ရပါတယ်။ အဲဒီ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ သူတို့အနေနဲ့ အဆောတလျင် လျှော့ပေးဖို့ အလားအလာ မရှိဘူးလို့လဲ မြင်ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလို့ ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲရှင့်။
ဦးခင်အောင်မြင့် ။ ။ ပြီးခဲ့တဲ့ တပ်မတော်အစိုးရက သူက သိမ့်မွေ့စွာနဲ့ စနစ်တခုကနေ စနစ်တခုကို ပြောင်းဖို့ကို ချိန်ဆပြီးတော့ လုပ်ပေးသွားခဲ့တယ်။ လုပ်ပေးသွားတဲ့အခါကြတော့ ဗြုန်းစားကြီး နအဖ ဖျက်သိမ်းလိုက်သည် ဆိုသော်လည်း တိုင်းပြည်ကို စစ်တပ်က အာဏာပြန်မသိမ်းရအောင်၊ သိမ်းဖို့မလိုအောင် အခြေခံဥပဒေမှာ ရေးဆွဲသွားတယ်။ ရေးဆွဲသွားပြီးတော့ သူကိုလည်း လုပ်ပိုင်ခွင့်တွေ အရှိန်လေးပေးတာပေါ့။ တကယ်တော့ အခုန ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေးတို့က သမ္မတအောက်မှာပါ။ အဓိကတော့ အုပ်ချုပ်ရေးအောက်မှာပါ။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ သီးခြား ministry တခုပဲ။ အုပ်ချုပ်ရေးအောက်မှာပါ။ လူရွေးပေးတာကလွဲလို့ ကျန်တဲ့လွှမ်းမိုးမှု မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်က အဲဒီဌာနတွေကို လွှမ်းမိုးမှု မရှိပါဘူး။ သမ္မတရဲ့ ကွပ်ကဲမှုအောက်မှာပဲ ရှိပါတယ်။ စစ်အုပ်ချုပ်ရေး ကျန်နေသေးတယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ မငြင်းပါဘူး။ အရှိန်တော့ ကျန်တဲ့သဘောပေါ့။ တကယ့်ထဲထဲဝင်ဝင် မကျန်ပါဘူး။ အရှိန်လောက်တော့ ဒီလို ပုံစံမျိုး မြင်နိုင်တဲ့ အနေအထား ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။ ဒါကတော့ တချိန်တော့ ဆုတ်ရမှာပေါ့။ နိုင်ငံတော်ရဲ့ အနေအထား stability ပါပဲ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာစိုးလို့ ဒါတွေ လုပ်ထားခဲ့တယ်လို့ ထင်တယ်။ ဒါတွေ ထားခဲ့တာ တည်ငြိမ်ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်အောင် ဒါတွေ လုပ်ထားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းရဲ့ အစဉ်အလာမှာလဲ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို တပ်မတော်ပဲ ထိန်းနိုင်ခဲ့တယ်။ ကျန်တာ မထိန်းနိုင်ခဲ့ဘူး။ ကျန်တဲ့ institutions တွေ မထိန်းနိုင်ခဲ့ဘူး။ ဒါဖြစ်လို့ အဲဒီလိုဖြစ်အောင် တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားသွားမလား။ စနစ်တခုကနေ တခုကို ပြောင်းလဲတဲ့အခါမှာ ပျက်ပြားတတ်တယ်။ တခြားနိုင်ငံတွေကို ကြည့်ပါ။ သွေးထွက်သံယိုတွေ ဖြစ်ကြတယ်။ အဲဒီလိုတွေ ဖြစ်မှာစိုးတဲ့အတွက် ဒီလိုထားပြီးတော အဲဒီလို မဖြစ်လောက်ဘူးဆိုရင် လျှော့လျှော့သွားဖို့တော့ လိုတယ်လို့ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားလွှတ်တော် ဥကဋ္ဌ ဦးခင်အောင်မြင့် ကို နေပြည်တော်မှာ ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။