သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးသန့်မေးမြန်းခန်း


ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးသန့်မေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးသန့်မေးမြန်းခန်း

နိုဝင်ဘာလ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန်မှာ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အပြောင်းအလဲတွေများတဲ့ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းတခုက ဆီးကြိုနေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်အကျယ်ချုပ်ကျခံနေချိန်အတွင်း မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံ အဆင် (၇) ဆင့်ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။ ၂၀၀၈ ခုနှစ်က တဖက်သတ် အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နဲ့အတူ နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲကြီးလည်း ပြီးဆုံးသွားခဲ့ပြီမို့ စစ်တပ်ကြီးစိုးမယ့် အရပ်သားအမည်ခံ အစိုးရအဖွဲ့ ပေါ်ပေါက်လာဖို့ ဖြစ်နေပါတယ်။

၁၉၉၀ ခုနှစ် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အကြောင်း စစ်အစိုးရက လုံးဝမစဉ်းစားတော့သလို ပြည်လုံးကျွတ်အနိုင်ရရှိခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကိုလည်း တရားဝင်မှတ်ပုံတင်ပါတီအဖြစ် သတ်မှတ်ခြင်း မရှိတော့ပါဘူး။ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး NLD ခေါင်းဆောင်အတွင်း အကွဲအပြဲတွေရှိခဲ့သလို ကျန်တဲ့နိုင်ငံရေး အင်အားစုအတွင်းမှာလည်း စစ်အစိုးရလမ်းပြမြေပုံအတိုင်း လိုက်မှရတော့မယ်လို့ အယူအဆနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့၊ မှတ်ပုံတင်ခဲ့တဲ့ ပါတီအဖွဲ့အစည်းအသစ်တွေ၊ တသီးပုဂ္ဂလိကတွေ ရှိနေခဲ့ပါတယ်။ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ ထဲမှာ နယ်ခြားစောင့်တပ်ဖွဲ့အတွက် ဖိအားပေးမှုတွေကြောင့် တင်းမာမှုတွေရှိနေပါပြီ။ ရွေးကောက်ပွဲနေ့မှာ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ထိုင်းနိုင်ငံဘက်ကို မြန်မာစစ်ပြေးဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးရောက်ရှိလာခဲ့ပါတယ်။ လက်တွေ့ညွန်းပြနေတဲ့သဘောကတော့ ပြီးခဲ့တဲ့ (၇) နှစ်တာအတွင်း ပြောင်းလဲသွားတဲ့ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းဟာ တဘက်သတ်ဇွတ်တိုး လုပ်ဆောင်မှုတွေကြောင့်သာဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီအရေးကို ဦးတည်တဲ့ နိုင်ငံရေးအပြောင်းအလဲတရပ် မဟုတ်ဘူးဆိုတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ သတင်းမီဒီယာများမှတဆင့် ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေကို တတ်နိုင်သမျှ ရှင်းလင်းတင်ပြပေးနေပါတယ်။ လူမှုရေးအရ ပန်ကြားမှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒီတပတ် ဗွီအိုအေတီဗွီမဂ္ဂဇင်း အစီအစဉ်အတွက် သီးသန့်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာများကို ကိုသားညွန့်ဦး နဲ့ မညိုညိုလွင် တို့က တင်ပြပေးထားပါတယ်။

ကိုသားညွန့်ဦး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို NLD က ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ။

သားညွန့်ဦး ။ ။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့ သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ။

ကိုသားညွန်ဦး ။ ။ လတ်တလော နယ်စပ်တလျှောက်မှာ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ဝမ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝနဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက်သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။

မညိုညိုလွင် ။ ။ မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီးဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင်ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက် လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲ လေ။ တခုရှိလို့ တခုမရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံ အမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ။

မညိုညိုလွင် ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေ တိုးတက်မှု တွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ နှစ်ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်။

ကိုသားညွန်ဦး ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့ အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ဝန်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရ ဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက် လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အဝ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း ဗွီအိုအေ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အန်အယ်လ်ဒီ လို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ။

မညိုညိုလွင် ။ ။ နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလို မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံ စာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်။

မညိုညိုလွင် ။ ။ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ်ပေါင်း (၁၅) နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါကတော့ အန်တီ့ကို ဝိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ဝိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ။ နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ။

ကိုသားညွန်ဦး ။ ။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ အန်အယ်လ်ဒီ လူမ့ှု အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ဝယ်နိုင်ဖို့အတွက် ရန်ပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ အနေနဲ့ anti-retroviral drug တွေ ဝယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ ဗွီအိုအေ ကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရစေ။ အားလုံးပေါ့နော် ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ချ်အိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ဝိုင်းပြီးတော့ လှူကြပါ။ ဝိုင်းပြီးတော့ ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ကိုသားညွန်ဦး ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗွီအိုအေမြန်မာ တီဗွီမဂ္ဂဇင်း အစီအစဉ်ကို နေ့စဉ် နံနက် ရး၀၀ နာရီ နဲ့ ညနေ့ ၇ နာရီတွေမှာ ဂြိုလ်တုစလောင်းမှတဆင့် မီနစ် (၃၀) ကြည့်ရှုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီ မေးမြန်းခန်းမှတဆင့် HIV/AIDS ဝေဒနာရှင်တွေအတွက် ကူညီကြဖို့ ပန်ကြားမေတ္တာရပ်ခံခဲ့ပေမယ့် ရက်ပိုင်းအတွင်း HIV/AIDS ဝေဒနာရှင်များ ကုသခံနေထိုင်နေတဲ့ ဆေးခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး နောက်တရက်မှာပဲ မြန်မာစစ်အစိုးရနဲ့ မြို့နယ်အာဏာပိုင်တွေက ဒီဝေဒနာရှင်တွေကို ဆေးခန်းမှာ ဧည်စာရင်းမတိုင်ဘဲ ဆက်လက်ခိုလှုံနေထိုင်ခွင့် မပေးတော့ဘူးဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ လူမှုရေးအပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးလာမှာကို ကြိုတင်ပိတ်ပင် တားဆီးချင်တဲ့ သဘောလားဆိုတာကို စဉ်းစားစရာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးခဲ့တာ တပတ်ကျော် ကြာခဲ့ပေမယ့် မြန်မာစစ်အစိုးရခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး လေသံတောင် မဟသေးပါဘူး။ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ညှိနှိုင်းပေးနေတဲ့ ဆက်ဆံရေးဝန်ကြီး ဗိုလ်မှုးချုပ်ဟောင်းအောင်ကြည် ကလည်း အခုဆိုရင် လွှတ်တော်အမတ် ဦးအောင်ကြည် ဖြစ်နေပါပြီ။ နောက်တပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ နိုင်ငံတကာရပ်တည်မှုတွေအကြောင်း ဆွေးနွေးတင်ပြပေးသွားပါမယ်။

XS
SM
MD
LG