မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြဿနာ တွေဟာ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးမှာ ပြေပြေလည်လည် ဖြစ်သွားနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်းက ၁၉၉၀ ဖယ်ခုံ မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်မားကိုဘန်းနဲ့ ဆွေးနွေး တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း။ ။ နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရသစ်ဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံး ပြဿနာတရပ်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုအရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ပါမလားဆိုတဲ့ မေးခွန်းတခု ရှိနေပါတယ်။ စစ်အစိုးရ လက်ထက်မှာတော့ အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးမဆွေးနွေးဘဲ နောက်တက်တဲ့ အစိုးရနဲ့ ညှိနှိုင်းကြလို့ ဆိုပါတယ်။ အခုတက်လာမယ့် အစိုးရသစ်ထဲမှာလည်း စစ်တပ်ထဲက လူတွေသာ များမှာမို့ သူတို့နဲ့သာ ပြန်ညှိရမယ့် သဘောဖြစ်နေပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြေလည်တဲ့ လမ်းကြောင်းပေါ် ရောက်နိုင်ပါ့မလား ဆိုတာကို ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်မားကိုဘန်းကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။
ဦးခွန်မားကိုဘန်း။ ။ ကျနော်က ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မားကိုဘန်း ဖြစ်ပါတယ်။ ကယန်းအမျိုးသား စည်းလုံးညီညွှတ်ရေး ဒီမိုကရေစီအဖွဲ့ရဲ့ ကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။ ကျနော် န၊ ဝ၊ တရဲ့ အမျိုးသားညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီ အမျိုးသားညီလာခံထဲကို ပြန်ကြည့်ရင် ဦးတည်ချက် ၆ ချက်ထဲမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး၊ ပါတီစုံ ဒီမိုကရေစီ ထွန်းကားရေး၊ လောကပါလတရား မျှတရေးနဲ့ နောက်ဆုံးအချက်ကတော့ အာဏာရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး စတဲ့ ၆ ချက်ကို ချမှတ် ထားပါတယ်။
ပထမ ၅ ချက်က ဟုတ်မလိုလိုနဲ့ နောက်ဆုံး အဲဒီအချက်ကတော့ တပ်မတော် ဦးဆောင်မှုအခန်းကဏ္ဍကို ပါရှိလာတဲ့အချက်ကြောင့် ကျနော်လည်း အဲဒီအချက်ကို လုံးဝလက်မခံနိုင်လို့ အမျိုးသားညီလာခံကနေ ပထမဦးဆုံး ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံ ကို ပြန်ကြည့်လိုက်ရင် NLD, SNLD နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်း ကိုယ်စားလှယ် ၉၉ ယောက် တက်ပါတယ်။ အဲဒီမှာ အဲဒီ ဦးတည်ချက် (၆) ရပ်အထဲက (၁၀၄) ချက် အခြေခံမှုကို ချမှတ်တဲ့နေရာမှာ တကယ့် ဒီမိုကရေစီအရေးတို့၊ ပါတီစုံအရေးတို့ မထည့်ဘဲနဲ့ တပ်မတော် ဦးဆောင်မှုအခန်းကဏ္ဍကိုပဲ အဓိက ပါဝင်ထည့်တဲ့အတွက်ကြောင့် NLD, SNLD တို့က ဒီ ၆ ချက်နဲ့ ၁၀၄ ချက်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုတဲ့နေရာမှာ တခါတည်း လုံးဝလက်မခံဘဲ NLD, SNLD ကို ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ညီလာခံကနေ ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံကို ပြန်ကြည့်လိုက်ရင် အချက် ၅ ချက် လုံးဝအနှစ်သာရ မပါတော့ဘဲနဲ့ တပ်မတော် ဦးဆောင်မှုအခန်းကဏ္ဍ သက်သက်ကိုပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ရေးဆွဲထားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ပြန်ကြည့် ရင် ဒီမိုကရေစီအရေးတို့၊ တိုင်းရင်းသားအရေးတွေ ဘာတခုမှ မပါပါဘူး။
ဦးသန်းလွင်ထွန်း။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသား ပြဿနာကို ပြေလည်အောင် ဖြေရှင်းတာမဟုတ်ဘဲ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကိုပဲ အသားပေးထားတာအပြင် တခြား ဘယ်လို အချက်တွေကို ထောက်ပြလို့ ရနိုင်ပါသလဲ။
ဦးခွန်မားကိုဘန်း။ ။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံးက ပင်လုံစိတ်ဓာတ်ပါအတိုင်း တိုင်းရင်းသားတွေအားလုံးဟာ တန်းတူရည်တူ နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့ လိုလားကြတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဖွဲ့စည်းပုံထဲကို ပြန်ကြည့်လိုက် ရင်တော့ တိုင်းနဲ့ပြည်နယ် ၇ ခု ထားရှိတဲ့အပြင်မှာ အဲဒီ ပြည်ထောင်စုကနေ အကုန်လုံးကို ချုပ်ကိုင်ထားပါတယ်။ ဥပမာ ဥပဒေပြု အာဏာ ပိုင်ကို ပြန်ကြည့်လိုက်ရင်တော့ စစ်တပ်ယူနီဖောင်းက ၂၅ ရာခိုင်နှုန်း ယူထားတယ်။ နောက်ပြီးတော့ ကျန်တာကို ရွေးကောက်ပွဲနဲ့ ၇၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ်။
အဲဒီမှာ သူတို့ရဲ့ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ဝင်မယ်၊ တစညတွေ ဝင်မယ်ဆိုရင်တော့ ကျနော်တို့ ဒီဖွဲ့စည်းပုံ တခုပြင်ဖို့က ၇၅ ရာခိုင်နှုန်းကျော် ဆိုတဲ့နေရာမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူတို့ ၂၅ ရာခိုင်နှုန်းမှာ ဖွဲ့စည်းပုံမှာ အပြီးအပိုင် သူတို့က အသေပိတ် ရယူထားပြီ ဖြစ်တယ်။ နောက်တခါ အဲဒီအုပ်ချုပ်အာဏာပိုင်ကို ပြန်ကြည့်လိုက်ရင်တော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုပြီး ၁၁ ဦး၊ သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ်တို့ကို အကုန်လုံး ချုပ်ကိုင်ထားပြီးတော့ ပြည်နယ်တွေ၊ တိုင်းတွေ၊ ဝန်ကြီးချုပ်တွေကို အကုန်လုံး ခန့်နိုင်တယ်၊ ဖြုတ်နိုင်တယ်။ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသကိုလည်း အဲဒီမှာ ခန့်နိုင်တယ်၊ ဖြုတ်နိုင်တယ်။ ဒီလိုဆိုကတည်းက ဒီအုပ်ချုပ်ရေးအာဏာလည်း တချက်မှမရှိဘူး။
တိုင်းရင်းသားတွေအနေနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ စာပေယဉ်ကျေးမှုမှာတော့ ပြည်ထောင်စုက လုပ်ပေးရမယ်လို့ ပြောတယ်။ မ၊ ဆ၊ လ ၁၉၇၄ ပါတီဖွဲ့စည်းပုံတုန်းကဆိုရင်တော့ တိုင်းရင်းသားများဟာ ဒီ စာပေလွတ်လပ်ခွင့်ရှိတယ်လို့သာ ဖော်ပြထားတယ်။ တကယ် တမ်း လုပ်တဲ့အချိန်ကျတော့ သူပုန်တွေ တော်လှန်ရေးနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးချုပ်နှောင်းခြင်း ခံရတယ်။ ကျနော်တို့ အများ အပြား ခံရတယ်။ ကျနော်ကိုယ်တိုင်လည်း ၃ ကြိမ် အဖမ်းခံရတယ်။
အခုလည်း ပြည်ထောင်စုက လုပ်ပေးရမယ်ဆိုတဲ့အတွက်ကြောင့် စာပေယဉ်ကျေးမှုနဲ့ ပြန်ကြည့်လိုက်ရင် သူ့အတွက် စာပေယဉ်ကျေးမှု ပြတိုက် ထိန်းသိမ်းပိုင်ခွင့် ရှိတယ်ဆိုတာ ပါရှိတဲ့အတွက်ကြောင့် စာပေယဉ်ကျေးမှုနဲ့ ပတ်သက်လို့ရှိရင် ဒီလောက်ပဲ လုပ်ပိုင်ခွင့်ရှိတယ်။ နောက်တခု သံယံဇာတတွေနဲ့ ပတ်သက်လို့ ဖော်ပြလိုက်တဲ့အချိန်ကျတော့ အဲဒီမှာ ကျွဲစားကွက်၊ နွားစားကွက်တွေ ထိန်းသိမ်းပိုင်ခွင့် ရှိ တယ် ဆိုပြီးတော့ ပြည်နယ်တို့ တိုင်းတို့မှာ လုပ်ပိုင်ခွင့် ဒါပဲရှိတယ်ဆိုတာ နွားကျောင်းသားအဆင့်ပဲ ရှိတယ်။ တခါ ကျောက်မျက်ရတနာ အဆင့်မှာလည်း ကျောက်သွေးပိုင်ခွင့်ရှိတယ်ဆိုတော့ မန္တလေးက လမ်းဘေးက ကျောက်သွေးတဲ့အဆင့်လောက်ရှိတာကို တွေ့ရတယ်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အခုနကပြောထားတဲ့ ဒေသဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေဟာ နောက်ပေါ်ထွက်လာမယ့် ပြည်နယ်နဲ့တိုင်း ဒေသအတွင်း လွှတ်တော်တွေမှာ ဥပဒေတွေ တင်သွင်းပြဌာန်းပြီးတော့ တဖြည်းဖြည်းလုပ်ဆောင်သွားရမယ့် အချက်တွေလို့ မမြင်ဘူးလား။
ဦးခွန်မားကိုဘန်း။ ။ အဲဒါက အခုနပြောသလိုပဲ သူတို့က ဗဟိုကနေပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ အားလုံး ချုပ်ကိုင်ထားတယ်။ သူတို့ ခန့်ပိုင်ခွင့်ရှိတယ်၊ ဖြုတ်ပိုင်ခွင့်ရှိတယ်။ အားလုံး သူတို့လက်ထဲမှာပဲ ရှိတယ်။ ပြည်နယ်နဲ့တိုင်းကောင်စီမှာဆို ဘာတခုမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဥပဒေပြု အာဏာပိုင်ခွင့်လည်း မရှိဘူး။ အုပ်ချုပ်အာဏာပိုင်ခွင့်လည်း မရှိဘူး။ ဘာတခုမှ ကျနော်တို့ ရယူနိုင်တာ မဟုတ်ဘူး။ ပြည်နယ်နဲ့တိုင်းကောင်စီ မပြောနဲ့ ပြည်သူ့လွှတ်တော်အဆင့်တို့၊ ကရင့်လွှတ်တော်အဆင့်တောင်မှ ဘာတခုမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီ ၂၅ ရာခိုင်နှုန်းနဲ့ ပိတ်ထားတော့ ၇၅ ရာခိုင်နှုန်းကျော်က ဘယ်လိုမှ ဖွဲ့စည်းပုံတွေပြင်ပိုင်ခွင့် မရှိဘူး။ ဥပဒေ ပြင်ပိုင်ခွင့် မရှိဘူး။
ဦးသန်းလွင်ထွန်း။ ။ လောလောဆယ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားအများစု နေထိုင်တဲ့ ပြည်နယ်ဒေသတွေအတွင်းမှာ ဒေသခံလူထု ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားကိုယ်စားလှယ် စစ်စစ်တွေ ပေါ်ထွက်လာမယ့် အလားအလာ ဘယ်လိုရှိပါသလဲ။
ဦးခွန်မားကိုဘန်း။ ။ ရွေးကောက်ပွဲ ဝင်တဲ့နေရာကို ပြန်ကြည့်ရင် နိုင်ငံရေးပါတီ ထောင်တဲ့နေရာမှာ၊ ရွေးကောက်ပွဲဝင်တဲ့နေရာမှာ အရင် တုန်းက ၉၀ ခုနှစ်တုန်းက အပြတ်အသတ် အနိုင်ရတဲ့ NLD ပါတီ မပါဘူး။ UNLD ပါတီတို့လည်း မပါဘူး။ အခု နောက်ထပ်ဝင်တဲ့ ပါတီ တွေက (၃၀) ကျော် (၄၀) လောက်ရှိပါတယ်။ ဒီမှာ ဒီမိုကရေစီအင်အားစု နဲ့ တိုင်းရင်းသားအင်အားစုတွေ ပါပါတယ်။ ဒါပေမဲ့ အဲဒီ အထဲ မှာ ကျနော်တို့ ပြန်ကြည့်ရင် နိုင်ငံရေးမှတ်ပုံတင်ပြီးတော့ ဒီ ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတွေကို ကျနော်တို့ ပြန်သုံးသပ်ကြည့်ရင် သုံးမျိုးသုံးစား ရှိနေတယ်။
တမျိုးက နအဖစစ်အုပ်စုရဲ့ တကယ့်အမာခံ အုပ်စုဖြစ်တယ့် ကြံ့ဖွံ့၊ တစည တို့ ဖြစ်တယ်။ နောက်ပါတီတချို့ကတော့ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ရသလောက်နဲ့ တိုးဝင်ကြည့်မယ်၊ လွှတ်တော်မှာ ပြောရေးဆိုခွင့် တခုတ်နှစ်ခုတ် ရမလားဆိုပြီး စမ်းသပ်ပြီးဝင်တဲ့ အဖွဲ့အစည်း ရှိသလို တချို့ကလည်း ငါတို့ပါတီထောင်တယ် ငါတို့လူမျိုးရှိပါတယ်။ ငါတို့လူမျိုး လွှတ်တော်နေရာ တယောက်နှစ်ယောက် ရမလားဆိုပြီး ပြသနိုင်ချင်တဲ့အနေနဲ့ ဝင်တဲ့ ပါတီတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခုန လွှတ်တော်မှာတိုးပြီး ပြောချင်တဲ့ဆိုတဲ့ အဖွဲ့ အစည်းများနဲ့ တိုင်းရင်းသားတွေက အဖွဲ့အစည်းရှိတယ်ဆိုပြီး ပြသချင်လို့ လွှတ်တော်ဘယ်နှစ်ယောက် ရတယ်၊ ပါတီရှိတယ်ဆိုတာ ပြသ ချင်တဲ့ သဘောထားလောက်ပဲ ရမယ်။ တကယ့် ဥပဒေပြုအာဏာ လွှတ်တော်မှာ၊ အမျိုးသားလွှတ်တော်မှာ ဘာတခုမှ ပြောရေးဆိုခွင့် ရနိုင်မယ် မဟုတ်ဘူး။
ဦးသန်းလွင်ထွန်း။ ။ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ လူထုရဲ့မဲဆန္ဒပေးပိုင်ခွင့်အနေနဲ့ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေ အတော်များများကို စစ်အစိုးရက ကြေညာထားပါတယ်။ ဒါကြောင့် လူထုအနေနဲ့ ရပိုင်ခွင့် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ နောက်ပိုင်းမှာ ဒီနေမြေတွေကို အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ပြီးတော့ လုံခြုံရေးအရ ပိုပြီးနှိပ်ကွပ်လာမယ့် အလားအလာတွေ ရှိနေပါသလား။
ဦးခွန်မားကိုဘန်း။ ။ ကျနော်မြင်တာကတော့ ဒါသက်သက် ဟန်ပြလုပ်တာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ တကယ်မဲထည့်တာလည်း တကယ် လွတ်လွတ်လပ်လပ်နဲ့ အားလုံးကို သူတို့က မဲထည့်ခိုင်းမှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု တုန်းကလည်း အဲဒီလိုပါပဲ။ တရွာမှာ တယောက် သူကြီးတွေထည့်ခိုင်းပြီးတော့ နောက်ဆုံးမှာ ၉၂ ရာခိုင်နှုန်း အောင်မြင်တယ်။ လူထု ထောက်ခံတယ်လို့ ဒီလိုပဲ ပြဌာန်းသတ်မှတ်သွားပါတယ်။ အဲဒီလိုပဲ ဒီရွေးကောက်ပွဲမှာ သူတို့လုပ်ချင်သလို လုပ်လိုရပါတယ်။ ဒါကြောင့် ဒီလို အနက်ရောင်နယ်မြေတွေ လိုက်လျှောက်လုပ်တဲ့ကိစ္စက ပြည်သူလူထု ဆန္ဒမဲ ဆုံးရှုံးတယ်လို့ ကျနော်တို့ မမြင်ပါဘူး။ ဒါတွေက ကျနော်တို့ ပြည်သူလူထုတွေသွားပြီးတော့ ထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ သူတို့ ၉၉ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ထုတ်ပြန် အုံးမှာပါ။ ဒါတွေဟာ အခုန သူတို့ချန်ထားတဲ့ကိစ္စတွေဟာ သက်သက် သူတို့အနေနဲ့ မအောင်မြင်မှာဆိုလို့ မဟုတ်ဘဲနဲ့ အကြောင်းပြချက် တခုခုနဲ့ လုံခြုံရေးနယ်မြေကို အကြောင်းပြပြီးတော့ ဒါတွေက ပြည်သူကို ဖိနှိပ်ဖို့အတွက် လုပ်ဆောင်သွားတဲ့ လုပ်ရပ်တခုပဲလို့ မြင်တယ်။
ဦးသန်းလွင်ထွန်း။ ။ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေး စစ်အစိုးရနဲ့ ပြေလည်မှုမရသေးတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေရဲ့ အလားအလာ ကရော ဘယ်လိုရှိသလဲ။ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်များဖို့ ရှိနေတယ်လို့ တချို့က ဆိုပါတယ်။
ဦးခွန်မားကိုဘန်း ။ ။ ကျနော်တို့ အခုနပြောတဲ့ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာတာ တကယ်ကို အမျိုးသားတော်လှန်ရေးကနေ ပေါ်ပေါက်လာတာ။ တကယ်ကို ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား တန်းတူအရေးလိုချင်လို့ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒါပေမဲ့ နအဖ က မတရား ဖြတ်လေးဖြတ်တွေလုပ်၊ ရွာမီးရှို့ သတ်ဖြတ်ပြီးတော့ နောက်ဆုံး ပြည်သူလူထု တွေ၊ ဘုန်း ရဟန်းတွေ ဖိအားပေးပြီး အပစ်အခတ်ရပ်စဲအောင်လုပ်ဖို့ ဆိုပြီးလုပ်လာတော့ ပြည်သူ့ခြေထောက်ပေါ်မှာ ရပ်တည်နေရတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲကို လုပ်ရခြင်းဖြစ်တယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ရှင်းမယ်ဆိုတော့လည်း ညီလာခံမှာရှင်းခိုင်းတယ်။ ညီလာခံမှာလည်း တိုင်းရင်းသား ၁၃ ဖွဲ့ကနေ ဒီမို ကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ တင်ပြတာကို သူတို့ လက်မခံဘူး။ နောက် အခုဟာက နည်းမျိုးစုံနဲ့ ဖိအားပေးပြီ။ အခု နောက်ဆုံး နောက်ဆုံးဆိုတာက (၆) ကြိမ် ရှိသွားပါပြီ။ ဒါတွေဟာ အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေကို ပြန်ပြီးတော့ ကျနော်မြင်တာက အရင်တုန်းက အပစ်အခတ်ရပ်စဲရေးလုပ်ရပ်ဟာ န၊ အ၊ ဖ က ဓါးရိုးဘက် ကိုင်ထားပြီးတော့ တိုင်းရင်း သားတွေက ဓါးသွားဘက် ဆုပ်ထားတယ်လို့ အဲဒီလို မြင်ခဲ့ပေမယ့် အခုတခါ ပြန်ကြည့်လိုက်ရင် နအဖ က ဓါးအသွားဘက် ဆုပ်ထားပြီး တော့ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေက ဓါးအရိုးဘက်ကိုင်မိပြီးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို တဖတ်သတ်နဲ့ ဂရုစိုက်လုပ်သွားပေမယ့် နိုင်ငံရေးစကားပြောမယ်ဆိုတဲ့အချိန်ကြတော့လည်း တကယ့် နိုင်ငံရေး အနှစ်သာရဖြစ်တဲ့ ပင်လုံစိတ်ဓါတ် - ဒီမိုကရေစီ၊ တန်တူရည်တူ၊ အမျိုးသား တန်တူရည်တူ မရဘူးဆိုရင်တော့ ဘယ်လိုမှ ပြေလည် နိုင်မယ် မဟုတ်ဘူး။ ဒါကို သူတို့က လက်နက်အားကိုးနဲ့ အနိုင်ကျင့်ရင်တော့ ကျနော်တို့ ဘယ်လိုဖြစ်ဖြစ် တိုင်းရင်းသားတွေက လက်ခံ နိုင်မယ် မဟုတ်ဘူး။ ခုခံတော်လှန်ရေးတော့ လုပ်သွားမယ်လို့ ယုံကြည်ပါတယ်။