နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် စစ်အစိုးရ ရွေးကောက်ပွဲကို မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးအတိုက်အခံပါတီကြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းပါတီတွေက သပိတ်မှောက်ထားပါတယ်။ ဒီလို သပိတ်မှောက်ထားမှုကို ထောက်ခံအားပေးကြဖို့နဲ့ ပံ့ပိုးပေးဖို့အတွက် ပြည်ပမှာ ရောက်ရှိ နေတဲ့ နိုင်ငံရေး အင်အားစုတွေကလည်း လှုပ်ရှားမှုတွေ ရှိနေကြပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်အခြေစိုက် စာရေးဆရာ၊ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားနေသူ ဦးဇော်မင်း ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာရှိတဲ့ သပိတ်မှောက်ရေး လှုပ်ရှားမှုတွေကတော့ ကျနော်တို့လည်း မကြာခဏ ဆွေးနွေးပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အထူးသဖြင့် ထိုင်းနိုင်ငံနယ်စပ်မှာ ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းမှာရှိတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ သပိတ်မှောက်ရေး လှုပ်ရှားမှုတွေကို ထောက်ခံဖို့ လုပ်နေတဲ့ အစီအစဉ်တွေထဲမှာ ဘယ်လိုအစီအစဉ်တွေများ ကြားသိရပါသလဲ။
ဦးဇော်မင်း ။ ။ ကျနော်တို့ ဒီဘက်မှာ မြင်တွေ့နေရတာတော့ အင်တာနက်တွေ၊ အီးမေးလ်တွေကတဆင့် တယောက်နဲ့တယောက် သတင်း ဖလှယ်တာတွေ၊ အတွေးအမြင် ဖလှယ်တာတွေ။ ရွေးကောက်ပွဲက ဘာကြောင့်မို့လို့ သပိတ်မှောက်သင့်တယ်၊ ရွေးကောက်ပွဲဟာ ဘယ်လို အကြောင်းများကြောင့် မတရားတဲ့၊ မလွတ်လပ်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်သွားနိုင်တယ် စသဖြင့် ဒါတွေကို အခြေခံပြီးတော့ အပြန်အလှန် ဖလှယ်ကြတာကို သိရပါတယ်။ နောက်တချက်က ၂၀၀၈ က အတည်ပြုသွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မတရားမှုတွေအပေါ်မှာလည်း အခြေတည်ပြီး ပြောဆိုဆွေးနွေးတာတွေ ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ မြန်မာပြည်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ ထောက်ခံရေး။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့က ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေ၊ ရေးသားမှုတွေ မလုပ်နိုင်တဲ့အတွက်ကြောင့် ပြည်ပမှာရှိတဲ့ အင်အားစုတွေက တနည်းတလမ်းအားဖြင့် ဒီကိစ္စတွေကို ပြောဆိုဆွေးနွေးနေကြတယ်။ ပြည်တွင်းမှာရှိတဲ့ လူထုဆီကို ဒီလို ဆွေးနွေးမှုတွေ ရောက်ရှိလာအောင် ကြိုးပမ်းပေးနေတယ် သဘောကို ပြောချင်တာလား။
ဦးဇော်မင်း ။ ။ ဟုတ်ပါတယ်။ အဲဒီသဘောပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဗမာပြည်ထဲမှာ အားလုံးသိတဲ့အတိုင်း သတင်းမီဒီယာ လောကဟာ ဘာပဲပြောပြော စစ်အာဏာရှင်လက်ထက်မှာ ဖိနှိပ်ချုပ်ချယ် ခံထားရတော့ လူထုက ပွင့်ပွင့်လင်းလင်း သတင်းတွေကို သိခွင့် မရပါဘူး။ အဲဒီလိုပဲ သတင်းစာနယ်ဇင်းတွေကလည်း ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ရေးသားဝေဖန် ထောက်ပြခွင့် မရှိပါဘူး။ အဲဒီလို မရှိတဲ့အခါကြတော့ ပြည်ပမှာ အခြေစိုက်နေတဲ့ အဖွဲ့အစည်းအမျိုးမျိုးတွေ၊ အသင်းအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ် လက်လှမ်းမီရာ ကိုယ်ဆက်သွယ်နိုင်ရာနေရာတွေကို ပြန်ပြီးတော့ ဆက်သွယ်ပြောကြားတာတွေကို ဆွေးနွေး ဒီလိုပဲ ဆက်ပြီး လုပ်ကြရပါ တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ မေးစရာတခုရှိနေတာက အထူးသဖြင့် ပြည်ပမှာရှိတဲ့ အတိုက်အခံ အင်အားစုတွေက ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဆန့်ကျင်ရေးဘက်ကိုပဲ ပိုပြီးတော့ ဦးစားပေး ပြောဆိုချင်ကြတဲ့အခါကြတော့ အထူးသဖြင့် မီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မယ်လူတွေ၊ ရွေးကောက်ပွဲဝင်မယ့် လူတွေရဲ့ လှုပ်ရှားမှုတွေအကြောင်းကို ဖော်ပြတဲ့အခါကြရင် ဒါ မီဒီယာတွေက ရွေးကောက်ပွဲကို အားပေးတယ်ဆိုတဲ့ စွပ်စွဲမှုတွေ၊ အထင်အမြင် လွှဲမှုတွေကို ရှိနေကြတယ်။ အဲဒီတော့ ဒီနေရာမှာ စာရေးဆရာတဦးလည်းဖြစ်တဲ့ ဦးဇော်မင်းရဲ့ အမြင်က ဘယ်လိုရှိသလဲ။ မီဒီယာတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိနိုင်တယ်လို့ ယူဆပါသလဲ။
ဦးဇော်မင်း ။ ။ ကျနော်မြင်တာကတော့ မီဒီယာတွေရဲ့ အခန်းကဏ္ဍကလည်း ဘာပဲပြောပြော တိုင်းပြည်မှာ အခုကျင်းပမယ့် ရွေးကောက်ပွဲ ဟာ ဘယ်လိုရွေးကောက်ပွဲမျိုးဖြစ်တယ်၊ ဘယ်လို အခြေခံနဲ့ ဒီရွေးကောက်ပွဲဟာ ဖြစ်တည်လာတယ်၊ တရားလား၊ မတရားဘူးလား၊ လွတ်လပ်လား၊ မလွတ်လပ်ဘူးလား။ ဒါတွေကို အများပြည်သူသိအောင် ဘာပဲပြောပြော ရှင်းလင်းပြဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမှ မရှင်းလင်းပြရင် ဒီ ရွေးကောက်ပွဲဟာ ရွေးစရာ လမ်းမရှိတော့ဘူး၊ မဲရုံသွားပြီး မဲထည့်လိုက်တော့လို့ လူထုကို အဲဒီလိုမျိုး တိုက်တွန်းသလိုသဘောမျိုး သက်ရောက်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့အဖွဲ့တွေက ဒါ နောက်ဆုံးလမ်းဖြစ်တယ်၊ ရွေးကောက်ပွဲပဲ ဖြတ်မှ ဖြစ်မယ်ပေါ့။ ဒါပေမဲ့ တိုင်းသူပြည်သားတွေ ခံစားရမယ့် ခံစားခွင့် သိထားရမယ့်အချက်တွေ၊ မကောင်းတာတွေကို သိရမယ်ဆိုတဲ့ နိုင်ငံသားတွေရဲ့ ခံစားခွင့်။ ဒါတွေကို မရှိဘဲ၊ မသိဘဲနဲ့ လူထုကို ဇွတ်အတင်း မဲထည့်ခိုင်းတာက တဘက်မှာလည်း နိုင်ငံရေးသမားတွေနဲ့ မီဒီယာသမားတွေအနေနဲ့ အဲဒီလိုမျိုး များလာရင် တာဝန်မကျေဘူးလို့ စွပ်စွဲခံရလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပေါ်လွှင်နေတဲ့အချက်က ဘာလဲဆိုတော့ ပြည်တွင်းမှာ ပြည်သူလူထု အများစုအနေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူးဆိုတဲ့ အချက်။ ဒီနေရာမှာ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်တပြည်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခု။ ဘာပဲပြောပြော ဒီမိုကရေစီရဲ့ အဆင့်တဆင့်လို့လည်း ပြောလို့ရတယ်ဆိုတော့ ပြည်သူလူထုအများစုအနေနဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတဲ့အချက်ဟာ ဒါကို အားပေးသင့်တဲ့အချက်လား။ ဒါမှမဟုတ်လို့ရှိရင် ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဖြစ်စေ၊ ရွေးကောက်ပွဲကို ထောက်ခံသည်ဖြစ်စေ တနည်းတဖုံ စိတ်ဝင်စားလာအောင် ပါဝင်ဆင်နွှဲလာအောင်။ ပါဝင်ဆင်နွှဲခြင်းမရှိဘဲနဲ့ တစုံတရာပြုလုပ်မှုတွေ ရှိလာအောင် အားပေးသင့်တဲ့ ကိစ္စတခုလို့ ယူဆပါသလား။
ဦးဇော်မင်း ။ ။ ကျနော်အမြင်နဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တခြားနိုင်ငံတွေမှာ ရွေးကောက်ပွဲကို ဖြတ်သန်းတဲ့အခါမှာ ဒီမိုကရေစီရဲ့ အစိတ်အပိုင်းဖြစ်တယ် အရေးကြီးတယ်၊ လိုအပ်တယ်လို့ တချို့နိုင်ငံတွေမှာ သုံးသပ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် လက်ရှိ အခြေအနေ မှာတော့ ဘယ်လိုဖြစ်နေသလဲဆိုတော့ လူတွေကလည်း ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည်က အနှစ် (၂၀) အတွင်းမှာ ချွတ်ခြုံကျ ဆင်းရဲမွှဲတေလာကြတယ်။ မွှဲတေလာတော့ ပညာလည်း ကောင်းကောင်းမသင်နိုင်ကြဘူး။ အနှစ် (၂၀) အတွင်း မှာ ကျောင်းထွက်ရတဲ့ ခလေးတွေ၊ မူလတန်း၊ အလယ်တန်းလောက်နဲ့ ကျောင်းထွက်ရတဲ့ ခလေးတွေက ရာနှုန်းတော်တော်များလာတယ်။ အဲဒီတော့ ပညာမတတ်ဘဲ၊ အသိပညာ ဗဟုသုတ နောက်ကျပြီး ခေတ်ပညာတွေ မတတ်ရကြတဲ့အချိန်မှာ အဲဒီလို လူတန်းစားတွေ များလာတဲ့ အချိန်မှာ။ အဲဒီလူတွေ နားလည်းအောင်၊ စိတ်ဝင်စားလာအောင် တာဝန်ရှိတဲ့ လူတွေက ပြောဖို့တော့ လိုတယ်လို့ ကျနော် သိပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း တခုရှိတာပေါ့ နိုင်ငံရေးအရ လုပ်ထားတဲ့ ဗျူဟာတွေအထဲမှာ လူတွေကို လာပါ၊ မဲထည့်ပါလို့ ပြောလို့ကတော့ တရားနည်းလမ်းမကျဘူးလို့ ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကျနော် အဲဒီပြောကြားချက်ကို သိပ်မရှင်းဘူးခင်များ။ နည်းနည်းလေး ထပ်ရှင်းပြပါလား။ နိုင်ငံအရ လူတွေကို လာပါဆိုတာကို လုပ်လို့ရှိရင် တရားနည်းလမ်းမကျဘူးဆိုတာ။
ဦးဇော်မင်း ။ ။ ဒီလိုပါ - လူတွေကို ဆိုပါတော့ အခုရွေးကောက်ပွဲဟာ နိုင်ငံရေးအဆင့်တဆင့်ဖြစ်တယ်။ စိတ်ရှည်ရမယ်၊ သီးခံရမယ်။ အဲဒါကြောင့်မို့ ရွေးကောက်ပွဲဟာ အရေးကြီးတယ်။ အဲဒါကြောင့် လူတွေကိုလာပါ၊ မဲထည့်ပါလို့ တိုက်တွန်းမယ်ဆိုလို့ရှိရင်။ အဲဒီလို မတိုက်တွန်းခင်မှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေ၊ ကောင်းခြင်းဆိုးခြင်း။ နောက် ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံဥပဒေနဲ့ ကောင်းခြင်းဆိုးခြင်း။ နိုင်ငံသားတိုင်း သိရှိရမယ့် အခွင့်အရေးတွေ အဲဒါတွေ တစုံတရာ သိရှိဖို့၊ ဗဟုသုတအဖြစ် သိရှိဖို့ တိုင်းသူပြည်သားတွေကို ပထမဖြန့်ဝေဖို့ လိုပါတယ်။ အစိုးရတွေကဖြစ်ဖြစ်၊ အတိုက်အခံပါတီတွေကဖြစ်ဖြစ်၊ အခုရွေးကောက်ပွဲဝင်မယ့် ပါတီအသစ်တွေကဖြစ်ဖြစ်။ ဒီလိုမလုပ်ဘဲနဲ့ ရွေးကောက်ပွဲဟာ ဘာမှမရှိတာထက်ဆရင်ကောင်းတယ် ခင်များတို့ မဲထည့်တာမျိုး၊ တိုက်ရိုက်တိုက်တွန်းတာမျိုးကိုတော့ တရားနည်းလမ်းမကျဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် ဆန္ဒမဲ သွားမပေးကြပါနဲ့လို့ ပြောဆိုတာတွေကရော တရားမယ်လို့ထင်လား။
ဦးဇော်မင်း ။ ။ တခုတော့ရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့က ဒီရုပ်ပုံကားချပ်တခုလုံးကို မြင်အောင်ကြည့်ဖို့တော့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တော်တော်စောစောကာလကတည်းက ပြောနေပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာပေးမှု တွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သိစရာတွေ၊ နည်းနာတွေ၊ ဥပဒေတွေ ဒါတွေကို တိုင်းသူပြည်သားတွေ မသိရပါဘူး။ ဒါတွေကိုလည်း လွတ်လွတ်လပ်လပ် သိခွင့်ရဖို့ အစိုးရက ခွင့်မပြုပါဘူး။ တချိန်တည်းမှာလည်း ရွေးကောက်ပွဲဝင်မယ့်ပါတီတွေက ရွေးကောက်ပွဲဟာ အခွင့်အရေးတခုဖြစ်တယ်။ နည်းဗျူဟာတခုနဲ့ စိတ်ရှည်ရှည်ထားပြီးတော့ ဒီတချီမှာတော့ အားလုံးပါသင့်တယ်လို့ ဒီလိုပြောကြပါတယ်။ ဒါပေမဲ့ တခုရှိတာက ကိုယ်မဲထည့်မယ် နိုင်ငံသားတိုင်း တယောက်တဦးချင်းဆီက မဲကို ကိုယ်လိုချင်တဲ့အခါမှာ ဒီလို လိုချင်တဲ့မဲတွေ အပေါ်မှာ တိုင်းသူပြည်သားတွေ၊ နိုင်ငံသားတွေကို ဘာမှမရှင်းပြဘဲနဲ့ နိုင်ငံရေးဦးဆောင်မှုအရပဲ ကျနော်တို့ကို မဲထည့်ပါ၊ ဒီ ရွေးကောက်ပွဲ ကြီးက ဖြစ်မှဖြစ်မယ်ဆိုတာမျိုး ဒီလိုတိုက်ရိုက်လုပ်လာတာက နည်းလမ်းမကျဘူးလို့ ကျနော်စောစောက ပြောတာပါ။ တဖက်မှာလည်း ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံ ဖြစ်နေတဲ့ပါတီတွေက ပြောမှာ ဒါကတော့ မတရားဘူး၊ မတရားတဲ့အတွက် မဲမထည့်ကြပါနဲ့၊ သပိတ်မှောက်ကြပါ။ ဒါကတော့ ပြောမှာပဲ ဒါကိုတော့ ကျနော်တို့ တားလို့မရပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒီလို မဲမထည့်ဘဲနဲ့ သပိတ်မှောက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အခွင့်အရေးတရပ် ဆုံးရှုံးသွားတယ်ဆိုပြီးတော့ ပြောဆိုမှု တွေ ရှိနေတယ်ဆိုတော့ ဒါ အခွင့်အရေး ဆုံးရှုံးမှုတရပ်လို့ မယူဆဘူးလား။
ဦးဇော်မင်း ။ ။ ကျနော်အနေနဲ့ပြောရရင် အခွင့်အရေးတရပ် ဆုံးရှုံးတယ်လို့ မယူဆပါဘူး။ ဒါ ကျနော်ရဲ့ အမြင်သက်သက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားနည်းလမ်းမရှိတာတွေ၊ မမျှတမှုတွေအပေါ်မှာ အခြေခံပြီးလုပ်မယ့် ရွေးကောက်ပွဲဆိုတော့ ဘယ်သူ နိုင်မလဲဆိုတာကို အားလုံးက သိကြပြီးသားပါ။ ဒီလို အခြေအနေမျိုးကြီးအောက်မှာ ဒီအပေါ်ကနေ အခွင့်အရေးရဖို့ဆိုတာကတော့ တော်တော် ပြောရခက်ပါတယ်။ ဥပမာတခုပြောပါရစေ အာဖရိကတိုက်က ဇမ်ဘာဘွေ (Zimbabwe) နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနေတာ ခဏခဏရှိနေပါပြီ။ နှစ်ပေါင်း (၂၀) နီးပါးလည်း ရှိပြီး ရွေးကောက်ပွဲလည်း ရှိပါတယ်။ ဒါပေမဲ့ တိုးတက်မလားဘူး၊ တိုင်းရင်းသားတွေ ပြည်သူလူထုတွေ ဆက်ပြီးတော့ မွဲတေးနေတယ်။ မျိုးဆက်သစ်လူငယ်တွေ ပညာသိပ်မတတ်ကြဘူး။ လူနည်းစုလောက်ပဲ ချမ်းသာ ကြတယ်။ ရွေးကောက်ပွဲ အနှစ် (၂၀) လုံး ရှိနေတယ်။ ဘာမှ တိုင်းပြည်မှာ မျှော်လင့်ချက် မရှိပါဘူး။ ကျနော်တို့ ဗမာပြည်မှာလည်း အဲဒီလိုပဲ ဗမာပြည်လည်း ဇမ်ဘာဘွေ လို ဖြစ်လာရင်တော့ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲကို မဲထည့်ရမယ့်အစား ကျနော်သာဆို လုံးဝမထည့်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အခု မကြာခင် ရက်ပိုင်းအတွင်းမှာ မြန်မာပြည်အတွင်းမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကတဆင့် တရားဝင် မှတ်ပုံ တင်ထားတဲ့ ပါတီတွေရဲ့ မဲဆွယ်ဟောပြောပွဲတွေ စတင်ဖို့ ရှိပါတယ်။ ဒီ မဲဆွယ်ဟောပြောပွဲတွေ စတင်လာပြီဆိုရင် လူထုအနေနဲ့ ပါတီ တွေရဲ့ သဘောထားတွေ၊ ပါတီမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို ကြားခွင့်မြင်ခွင့်ရပြီဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထား အမြင်တွေ ပြောင်းလာဖို့ ယူဆပါသလား။ ဦးဇော်မင်း အနေနဲ့ ဒီကိစ္စတွေကို စောင့်ကြည့်သွားပြီး လေ့လာသွားမယ့် အစီအစဉ် ရှိပါသလား။
ဦးဇော်မင်း ။ ။ ကျနော်အနေနဲ့ကတော့ သုတေသနလုပ်တဲ့ လူတယောက်လိုမျိုး လေ့လာစောင့်ကြည့်ဖို့ မရှိပါဘူး။ ဒါပေမဲ့ နေ့တဓူုဝ(နိစ္စဓူဝ) နေ့နေ့ညည ဒါကို အမြဲမပြတ် နားထောင်နေပါတယ်၊ သတင်းတွေလည်း ဖတ်ပါတယ်၊ နားထောင်နေပါတယ်။ ဒီဟာကို ဥပမာပေးရရင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတုန်းက ကျနော် ဗမာပြည်မှာရှိပါတယ်။ ကျနော် မဲထည့်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အခုလိုပါပဲ တီဗွီပေါ်မှာ ပါတီတွေက ငါးမိနစ်၊ ဆယ်မိနစ် ပြောခွင့်ရပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ တော်တော်များများသော ပါတီ ကိုယ်စားလှယ်တွေ အဲဒီလိုပြောတာဟာ လူကြိုက်မများခဲ့ပါဘူး။ အဲဒီတုန်းက ကျနော်သိရသလောက်တော့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခေတ် အဲဒီအခါ ၁၉၉၀ မှာရှိတဲ့ ပြည်သူအများစုကို ထင်ဟပ်နိုင်တဲ့ ပြောဆိုနိုင်မှုမျိုးကို နိုင်ငံရေးပါတီတွေက မလုပ်နိုင်ပါဘူး။ အဲဒါကြောင့်မို့ လူတွေရဲ့ ယုံကြည်မှု မရတဲ့အခါကြတော့ လူတွေက သိပ်မကြည့်ကြပါဘူး။ ဘယ်လိုလူတွေပဲ ကြည့်သလဲဆိုတော့ ကျနော်တို့ နိုင်ငံရေးလှုပ်ရှားနေတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးပါတီက လူတွေကတော့ ကြည့်ကြပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုထွက်ပေါ်လာမယ့် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေက လုပ်လာမယ့် မဲဆွယ်ပွဲ၊ ဟောပြောပွဲတွေကို ပြည်သူလူထု ထပ်ပြီးစိတ်ဝင်စားလာမယ့် အလားအလာမရှိဘူးလို့ ပြောချင်တာလား။
ဦးဇော်မင်း ။ ။ ကျနော်ကတော့ အလားသဏ္ဍာန်တူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ၁၉၉၀ တုန်းကဖြစ်ခဲ့သလိုမျိုး တီဗွီတွေမှာ ပေါ်လာတဲ့ ကိုယ်စားလှယ်တွေကို လူတွေအများစုက စိတ်မဝင်စားပါဘူးခင်များ။