ရွှေဝါရောင် တော်လှန်ရေးလို့ လူသိများတဲ့ ရဟန်သံဃာတွေ ဦးဆောင်ခဲ့တဲ့ လူထုဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့တာ (၃) နှစ် ပြည့်ခဲ့ပါပြီ။ ဒီ (၃) နှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းသံဃာတော်တွေရဲ့ အရေး၊ မြန်မာပြည်သူလူထုရဲ့ အရေး၊ နိုင်ငံရေးကိစ္စတွေ ဘယ်လိုများ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေ ရှိခဲ့ပါသလဲ။ ဒီအရေးကိစ္စတွေကို ဦးသန်းလွင်ထွန်း က ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော် ဦးပညာဇောတ နဲ့ ဆရာတော် ဦးဃောသိတ တို့ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တပည်တော်အနေနဲ့ ပထမဦးဆုံးလျှောက်ထားချင်တာက ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ရဟန်းသံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ လူထုလှုပ်ရှားမှုဟာ အများအမြင်၊ နိုင်ငံတကာအမြင်မှာ မြန်မာပြည်သူလူထုတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ပြေပျောက်စေဖို့ ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ရဟန်းသံဃာတော်တွေက ဦးဆောင်ပြီးတော့ မေတ္တာသုတ်တွေ ရွတ်ဖတ်ပြီးတော့ လမ်းမပေါ်တွေမှာ စီးတန်းပြီးတော့ ဆန္ဒပြပွဲလို့ လူသိများကြပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရက ဒီအရေးဟာ ရဟန်းတု ရဟန်းယောင်တချို့နဲ့ မသိနားမလည်တဲ့လူတချို့ ဦးဆောင်တဲ့ ဆူပူဆန္ဒပြပွဲ ဆူပူမှု လှုပ်ရှားမှုတရပ်လို့ ပြောကြပါတယ်။ ဒီနေရာမှာ အခု တပည်တော်တို့နဲ့အတူ ရောက်ရှိနေတဲ့ အရှင်ဘုရားတို့ကိုယ်တိုင်လည်း ရှိနေတယ်ဆိုတော့ အရှင်ပညာဇောတအနေနဲ့ အရှင်ဘုရားကို ရဟန်းတုရဟန်းယောင်လို့ စွပ်စွဲရလောက်အောင် တစုံတရာ သက်သေအထောက်အထား ရှိပါသလား။
ဦးပညာဇောတ ။ ။ ဦးပဉ္ဖင်းအနေနဲ့ ၁၉၈၀ မှာ ရဟန်းဖြစ်တယ်။ တောင်တွင်းကြီး စွယ်တော်စင် ပါဌိတက္ကသိုလ်တိုက်၊ ရွှေတောင်ပါဌိတက္ကသိုလ်တိုက်၊ ပခုက္ကူအလယ်တိုက်၊ မန္တလေးတိုက်၊ အလုံအောင်မင်္ဂလာပါဌိတက္ကသိုလ်တိုက် စသဖြင့် ဒီလို စာသင်တိုက်ကြီးတွေမှာ ဦးပဉ္ဖင်းတို့ စာသင်ခဲ့တယ်။ အဲဒီလို စာသင်ခဲ့ပြီး ၉၀ ခုနှစ်မှာ အလုံ ဇောတဏရာမကျောင်းတိုက် တည်ထောင်ပြီးတော့ စာချခဲ့တာပါ။ တလျှောက်လုံး ဦးပဉ္ဖင်းတို့ သာသနာပြုလုပ်ငန်းတွေပဲ လုပ်လာခဲ့တယ်။ ဒီလို ဒီပွဲတွေမှာ ပါကြတဲ့ သံဃာအများစုဟာလည်း စာသင်သားတွေများတယ်။ ဆိုတဲ့အခါကြတော့ ဦးပဉ္ဖင်းတို့အပါအဝင် သံဃာအားလုံးဟာ အတုအယောင် မဟုတ်ဘူးဆိုတာကို ဦးပဉ္ဖင်းက သာသနာဝင်မှတ်တမ်းနဲ့လည်း ပြောလို့ရတယ်။ ဦးပဉ္ဖင်းတို့ သာသနာပြုလုပ်ငန်းတွေနဲ့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ဦးပဉ္ဖင်းတို့ဟာ သူတို့ထင်ထားသလို၊ သူတို့ စွပ်စွဲသလို သံဃာအတုအယောင်တွေ မဟုတ်ဘူး ဆိုတာကို ဦးပဉ္ဖင်းအနေနဲ ပြောချင်ပါတယ်။ ဦးပဉ္ဖင်း ဇာတိကတော့ မကွေးတိုင် နတ်မောက်မြို့နယ် မဇလီးကျေးရွာမှာ ၁၉၈၁ ခုနှစ်မှာ ရဟန်းဖြစ်ပါတယ်။ ဒါကြောင့် သက်သေခံအထောက်အထား မှတ်တမ်း ဦးပဉ္ဖင်းတို့မှာ ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အရှင်ဦးဃောသိတ အနေနဲ့ကော ဘုရား။
ဦးဃောသိတ ။ ။ ဦးပဉ္ဖင်းတို့ကို အဲဒီလို ထပ်ပြီးတော့ ရဟန်းတု ရဟန်းယောင်တွေပါလို့ ထပ်စွပ်စွဲလိုက်တာ သူတို့က ထပ်ပြီးမှားတဲ့ အမှားတခုကို သိသိနဲ့ ကျူးလွန်လိုက်တယ်လို့ ဦးပဉ္ဖင်းတို့ ခံစားရတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒီ စက်တင်ဘာလ ၂၀၀၇ ဖြစ်ခဲ့တဲ့အချိန်တုန်းက လမ်းပေါ်တက် မေတ္တာပို့ လမ်းလျှောက်ခဲ့တဲ့ သံဃာလေးတွေကို ပြန်ကြည့်မယ်ဆိုရင် ရဟန်းဝါအနေနဲ့ လေးငါးဝါ ဆယ်ဝါ လောက်ပဲ ရသေးတဲ့ ရဟန်းပျိုး ရဟန်းငယ်လေးတွေပါ။ ဒီလို ရဟန်းပျို ရဟန်းငယ်လေးတွေကို သာသနာအတွက်၊ နောင်လာမယ့် သာသနာအတွက် ကောင်းစားမယ့် သာသနာပြုနိုင်မယ့် သံဃာတော်တွေကို အဲဒီလို နအဖအနေနဲ့ အတုအယောင်တွေလို့ ထပ်ပြီး စွပ်စွဲလိုက်တာ လိမ်ညာပြောလိုက်တာကလည်း ဦးပဉ္ဖင်းသံဃာတွေဘက်ကရော မြန်မာပြည်သူတွေ ဗုဒ္ဓဘာသာကိုးကွယ်သူတွေဘက်က နေပြီးကြည့်မယ်ဆိုရင် အင်မတန်မှ ဝမ်းနည်းပါတယ်။ နအဖအနေနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ သံဃာတော်တွေကို ခုတုံလုပ်ပြီး အဲဒီလို စွပ်စွဲတာ ဦးပဉ္ဖင်းအနေနဲ့ မစွပ်စွဲသင့်ဘူး မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်ထပ် စွပ်စွဲချက်တခုကတော့ ဗမာပြည်မှာ ဗုဒ္ဓဘာသာရဲ့ ဘုရားရဲ့ သားတော် ရဟန်းသံဃာတော်များအနေနဲ့ နိုင်ငံရေးနဲ့ သီးခြားကင်းလွတ်ရမယ်။ လူထုရဲ့ လူတွေရဲ့ ပုဂ္ဂိုလ်ရေးအရဖြစ်တဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ ကင်းရှင်းရမယ်။ သာသနာရေးတွေကို ဆောင်ရွက်ရမယ်ဆိုတဲ့ အမြင်ရှိတဲ့လူတွေလည်း ရှိကြပါတယ်။ အဲဒီတော့ ဒီအချက်နဲ့ ပတ်သက်လို့ ဆရာတော် ဦးပညာဇောတအနေနဲ့ ဘယ်လိုရှင်းလင်းချင်ပါသလဲဘုရား။
ဦးပညာဇောတ ။ ။ ဦးပဉ္ဖင်းကတော့ ဗုဒ္ဓတရားတော်ကိုပဲ အခြေခံပြီး ပြောချင်ပါတယ်။ မြတ်စွာဘုရားက လောကတ္ထစရိယာ - လောကအကျိုးကို ဆောင်ရွက်ရမယ်။ ဉာတတ္ထစရိယာ - ဆွေတော်မျိုးတော် တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ရဟန်းသံဃာတွေ ဆောင်ရွက်ရမယ်။ ဗုဒ္ဓတ္ထစရိယာ - မိမိကိုယ်တိုင်လည်း ကျင့်ရမယ်၊ သိအောင်လုပ်ရမယ်လို့ ဟောထားတယ်။ အဲဒီအထဲမှာ ဉာတတ္ထစရိယာဆိုတာ ပါတယ်။ ဒါကဘာလည်းဆိုရင် တိုင်းသူပြည်သားတွေရဲ့ အကျိုး၊ တိုင်းသူပြည်သားတွေ အကျိုးရှိရာရှိကြောင်းကို ရဟန်းသံဃာတော်များဟာ မျက်နှာလွဲ မနေသင့်ဘူးလို့ မြတ်စွာဘုရားက တိုက်ရိုက်ဟောထားတယ်။ အဲဒီတော့ ဦးပဉ္ဖင်းတို့ ရွှေဝါရောင်လုပ်တယ်ဆိုတာကလည်း တိုင်းသူပြည်သားတွေ စားဝတ်နေရေးတွေ ကြပ်တည်းလာတယ်။ ဆင်းရဲဒုက္ခတွေ ရောက်လာတယ်။ အဲဒီတော့ တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်လာတဲ့အခါမှာ တိုင်းသူပြည်သားကိုမှီပြီး ရပ်ရတဲ့ ဘုန်းကြီးတို့ သာသနာပြုလုပ်ငန်းတွေ ထိခိုက်လာတယ်။ အဲဒီလို ထိခိုက်လာတဲ့အတွက် သံဃာတော်များက မနေနိုင်တဲ့အတွက် လမ်းပေါ်တက်ပြီးတော့ မေတ္တာပို့တာပါ။ တကယ်တော့ ရဟန်းသံဃာတော်တွေဟာ အခုဆိုရင် ဆရာတော်ဉာဏိဿရတို့လို ပုဂ္ဂိုလ်မျိုးတွေ သာသနာပြုလုပ်ငန်းတွေလုပ်တယ်၊ လူထုအကျိုးတွေလုပ်တယ်။ ဒါဟာ တိုင်းပြည်ရဲ့အကျိုးစီးပွား၊ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားလုပ်တယ်လို့ ဒီလိုပဲ နားလည်းတယ်။ အခု ရွှေဝါရောင်လုပ်တယ်ဆိုတာလည်း တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွား၊ အကျိုးရှိရာရှိကြောင်း ဉာတတ္ထစရိယာနဲ့ လုပ်တာဖြစ်ပါတယ် နိုင်ငံရေးလုပ်တာ မဟုတ်ဘူးလို့ ဦးပဉ္ဖင်း ဒီလိုပဲ ဖြေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တပည်တော်တို့လည်း ရုပ်သံဗွီဒီယိုတွေကတဆင့် မြင်တွေ့ရပါတယ်ဘုရား။ အထူးသဖြင့် ၂၀၀၇ ခုနှစ်ကဆို လမ်းမပေါ်ထွက်လာတဲ့ သံဃာတော်ထုဟာ သိန်းနဲ့ချီရှိနေတယ်ဆိုတော့။ ဒီသိန်းနဲ့ချီရှိနေတဲ့ သံဃာတော်ထုဟာ ရဟန်းတုရဟန်းယောင်တွေ မသိနားမလည်းတဲ့ ရဟန်းတွေဆိုရင် မြန်မာပြည်မှာ ရဟန်းတုရဟန်းယောင်တွေ၊ မသိနားမလည်းတဲ့ ဘုန်းကြီးတွေ အတော်များတယ်လို့ ပြောရမလိုဖြစ်နေပါတယ်ဘုရား။ ဒီနေရာမှာ တပည်တော်ထပ်ပြီး မေးချင်တဲ့ကိစ္စလေးတခုက ဒီ ၂၀၀၇ ခုနှစ် အရေးအခင်းဟာ ပခုက္ကူမြို့က စခဲ့ပါတယ်။ အဓိက အရေးအခင်းကတော့ စစ်တပ်နဲ့ ဒေသခံဘုန်းကြီးတွေကြားမှာ ပဋိပက္ခ - ဘုန်းကြီးတွေကို မဖွယ်မရာပြုခဲ့တဲ့ကိစ္စ၊ ရိုက်နှက်ခဲ့တဲ့ကိစ္စက စခဲ့ပါတယ်။ အဲဒီလို အစချီခဲ့တဲ့ သံဃာတော်တွေအရေးကနေ လူထုအရေးကိစ္စအဖြစ် ဘယ်လိုအသွင်ပြောင်းလဲသွားသလဲဆိုတာကို တချက်လောက် ရှင်းပြပါလားဘုရား။
ဦးဃောသိတ ။ ။ ဘယ်လိုကူးပြောင်းသွားသလဲဆိုတာကို အဲဒီတချက်တည်းနဲ့ ဦးပဉ္ဖင်း ဗမာပြည်မှာဖြစ်နေတာကို ပြောလို့တော့မရဘူးပေါ့။ ဘာကြောင့်လည်း ပြည်သူတွေမှာ များစွာသောဒုက္ခ အခက်အခဲတွေ၊ များစွာသော နှိပ်စက်မှုတွေက ခံခဲ့ရတယ်။ အခုဆို လတ်တလော ပဲခူးမှာ ဖြစ်ပျက်ခဲ့တဲ့ပြဿနာ။ ဒါမျိုးတွေ ပြည်သူတွေမှာ ဖြစ်ခဲ့တယ်၊ ပြည်သူတွေမှာ ခံစားခဲ့ရတယ်။ နောက်ဆုံးမှာ ပြည်သူတွေ ခံစားခဲ့ရပေမယ့် ပြည်သူတွေက တတ်နိုင်သလောက် သည်းခံခဲ့တယ်။ နောက်ဆုံးမှာ ဘာဖြစ်သလဲ - သံဃာတွေကို သူတို့ ရိုက်တဲ့နှက်တဲ့သတ်တဲ့ အထိဖြစ်လာတဲ့အခါမှာ သံဃာတွေဘက်က ထွက်လာသလို၊ ပြည်သူဘက်က ထွက်လာခဲ့ပြီးတော့ အားလုံးဆက်စပ်မှုများစွာကနေမှ အုံပြီးတော့ ထလာတဲ့ဟာမျိုးတို့ ဦးပဉ္ဖင်းကတော့ အဲဒီလိုမျိုးပဲ မြင်တယ်။ သံဃာတွေ ခံစားခဲ့ရတာရော။ အထူးသဖြင့်တော့ ပြည်သူတွေ ခံစားခဲ့ရတာကို သံဃာတွေက ရှေ့ဖက်က ရပ်တည်လာပြီး ထကြွလာတဲ့ဟာမျိုးပါ။
ဦးသန်းလွင်ထွန်း ။ ။ သံဃာတော်တွေ ဦးဆောင်ခဲ့တယ်ဆိုပေမယ့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ အရေးအခင်းဟာ နှိမ်နှင်းခံခဲ့ရတာပေါ့။ ရည်ရွယ်ရင်းအောင်မြင်မှု မရခဲ့ဘူးလို့ပြောရင် မှန်နိုင်မလားဘုရား။
ဦးပညာဇောတ ။ ။ လိုရင်းအထိ ပန်းတိုင်အထိ မရောက်ဘူးလို့ပြောရင် ရပေမယ့် ဒါပေမဲ့ အတိုင်းအတာတခုအထိတော့ ဦးပဉ္ဖင်းတို့ အောင်မြင်ပါတယ်။ ဘာတွေ အောင်မြင်သလဲဆိုရင် ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေ ထောင်တွေထဲရောက်သွားတယ်၊ အဖမ်းခံရတယ်၊ ကျောင်းတိုက်တွေ ဝင်စီးခံရတယ်ဆိုတာတွေကို ကြည့်ရင်တော့ ဆုံးရှုံးမှုတွေ အများကြီး။ သို့သော် နအဖရဲ့ မတရားတဲ့လုပ်ရပ်ကို မြန်မာပြည်သူပြည်သားတွေသာမက ကမ္ဘာ့လူထုကြီးကပါ သံဃာတော်တွေကိုတောင် နအဖ က ဒီလောက်အထိ လုပ်သလားဆိုတဲ့ဟာက ဘာနဲ့မှ ဖြေရှင်းလို့ မရတော့ဘူးပေါ့။ ဒါကြောင့်မို့ နအဖလုပ်ရပ်ကို ဘာသာရေးအပေါ်မှာ ဖိနှိပ်မှုတွေ များလာတဲ့အတွက် ပိုပြီးတော့ ပေါ်လွှင်လာစေတယ်။ ပိုပြီးတော့လည်း သိလာစေတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာရော ပြည်သူတွေအနေနဲ့ နောက်ပိုင်း တစုံတရာ သက်သာရာ ရခဲ့တယ်လို့ ထင်ပါသလား။
ဦးဃောသိတ ။ ။ ဒီနောက်ပိုင်းမှာတော့ စက်တင်ဘာဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ အနှိပ်စက်ခံရတယ်။ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ အကျဉ်းအကြပ်ဖြစ်တယ် - လွတ်လပ်ခွင့်၊ ကိုးကွယ်ခွင့်တွေ။ အဲဒီလို ပြည်သူတွေပဲလားဆိုတော့ ပြည်သူတွေပဲ မဟုတ်ဘူး။ ဦးပဉ္ဖင်းတို့ ရဟန်းသံဃာတွေလည်း ပါခဲ့တယ်။ ဒီ စက်တင်ဘာကြောင့်လားဆိုတော့ စက်တင်ဘာကြီးဖြစ်ခဲ့အတွက်ကြောင့် ဦးပဉ္ဖင်းတို့က အဆိုးတွေရှိသလို၊ အကောင်းတွေ ရှိတာပေါ့။ အကောင်းတွေရှိတာကတော့ ပြည်ပနိုင်ငံတွေက တချိန်တုန်းက ဒီ စစ်အာဏာရှင်တွေက ငါတို့က ဗုဒ္ဓဘာသာတွေပါ၊ ငါတို့က ဘာသာတရားကို အရမ်းကြည်ညိုတဲ့လူတွေ၊ ကိုးကွယ်တဲ့လူတွေ၊ ငါတို့က သူတော်ကောင်းတွေလို့ တချိန်လုံးပြောလာတယ်။ နောက်ဆုံး ဦးပဉ္ဖင်းတို့ စက်တင်ဘာဖြစ်တဲ့အခါကြတော့ ဘုန်းကြီးတွေကို ရိုက်သတ်တဲ့အခါမှာ ဒီပုဂ္ဂိုလ်တွေဟာ တကယ်လူဆိုးတွေဆိုတာကို ကမ္ဘာက သိသွားတယ်။ ကမ္ဘာ့က သိသွားတဲ့အခါမှာ သူတို့ဘာလုပ်လာသလဲဆိုတော့ ဒီလိုဖြစ်လာအောင် လုပ်လာနိုင်တာကလည်း အင်တာနက်တို့ နောက်ဆုံးပေါ် နည်းပညာတွေကြောင့်ဖြစ်တဲ့အခါမှာ ပြည်သူတွေကို ဒီ နောက်ဆုံးပေါ်နည်းပညာတွေ မသုံးတတ်အောင် မလုပ်တတ်အောင် ပိုပြီးတော့ ပိတ်ဆို့လာတယ်၊ သွားလာမှုတွေ ကန့်သတ်လာတယ်။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် စက်တင်ဘာ ၂၀၀၇ ခုနှစ် အရေးအခင်ဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ရဟန်းသံဃာတော်တွေအပေါ်ကို ရက်စက်မှုတွေ ပေါ်လာတယ်ဆိုတာကို ထင်ထင်ရှားရှားပေါ်လာခဲ့တယ်။ ဒီနေရာမှာ ရဟန်းသံဃာတွေဘက်ကရော ဒီမတိုင်ခင်ကလည်း မြန်မာစစ်အာဏာရှင်တွေ လူထုအပေါ် နှိပ်ကွပ်မှုတွေ၊ သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုတွေကို အကြောင်းပြပြီးတော့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ထားတဲ့အချက်တွေ ရှိပါတယ်။ ဒီနောက်ပိုင်းရော ဒီလို ကံဆောင်တဲ့ သာမန်စကားနဲ့ပြောရရင်တော့ ဘုန်းကြီးတွေက အစိုးရစစ်တပ်၊ ဝန်ထမ်းတွေကို သပိတ်မှောက်တဲ့ သပိတ်မှောက်ကံဆောင်မှုတွေ လှုပ်ရှားမှုတွေ တိုးတက်လာခဲ့လား၊ ထိထိရောက်ရောက် လုပ်နိုင်ခဲ့သလား။
ဦးပညာဇောတ ။ ။ လုပ်နိုင်ပါတယ်။ ဦးပဉ္ဖင်းတို့ ၉၀ ခုနှစ်တုန်းကလည်း မန္တလေးမှာ ရှစ်လေးလုံး (၂) နှစ်ပြည့် အခမ်းအနား လုပ်တဲ့အခါမှာ အဲဒီလိုပဲ ကံဆောင်ပွဲ လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း နအဖအစိုးရက ဆရာတော်ကြီးတွေကို အတင်းအဓမ္မ အာဏာကို အသုံးပြုပြီး ဖိနှိပ်ပြီး ဆရာတော်ကြီးတွေကို အတင်းလက်မှတ်ထိုးခိုင်းပြီး သပိတ်တွေလှန်ခိုင်းတာတွေ ရှိတယ်။ သို့သော် သံဃာတော်တွေရဲ့ ရင်ထဲ နှလုံးသားထဲမှာ ဒီနေ့အထိ ကံဆောင်ထားတဲ့ ဆရာတော်ကြီးတွေ အများကြီးရှိပါတယ်။ နအဖ လှုတဲ့ဟာကို သူတို့ဘာသာ ကျောင်းမှာလာထားသွားတာပဲရှိတယ်။ ဆရာတော်တွေက ဒီနေ့အထိ လက်မခံပါဘူး။ ထို့အတူပဲ နအဖက အားစမ်းပြီး အတင်းအဓမ္မ ဆန်အိတ်တွေ၊ ဆီတွေ၊ ဝတ္ထုတွေလာပြီးပို့တယ်။ ဆရာတော်ကြီးတွေက အာဏာပိုင်အဖွဲ့အစည်းဖြစ်လို့ မဆန့်ကျင်လိုသာ သူတို့က ကျောင်းမှာလက်ခံထားရတယ်။ သူတို့ရင်ထဲမှာတော့ မရှိပါဘူး။ အဲဒီအခါကြတော့ ဆရာတော်ကြီးတွေပဲလားဆိုတော့ မဟုတ်ပါဘူး ဒီနေ့ သီရိလင်္ကာ၊ အိန္ဒိယမှာရှိတဲ့ ဆရာတော်တွေကလည်း သပိတ်မှောက်ကံဆောင်ထားတာပဲ။ ပြည်တွင်းမှာရှိတဲ့ သံဃာတော်တွေကလည်း ကံဆောင်ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကျိုးက ဒီနေ့အထိ သက်ရောက်မှုရှိနေတုန်း၊ အားကောင်းနေတုန်းပါ။
ဦးသန်းလွင်ထွန်း ။ ။ အရှင်ဘုရားက ဆရာတော်ကြီးတွေ ဆိုလိုပေါ့ မြန်မာနိုင်ငံမှာ သံဃာတွေဆိုလည်း သံဃာအဖွဲ့အစည်းနဲ့ပါ။ အထူးသဖြင့် သံဃမဟာ နာယကအဖွဲ့ဆိုလို့ရှိရင် သံဃတွေရဲ့ ဥသျှောင်ပေါ့ - သံဃာတွေရဲ့ အရေးကိစ္စကို အစိုးရနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်လာတဲ့ အဖွဲ့အစည်းပါ။ အဲဒီတော့ သံဃမဟာ နာယကအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးပါလားဘုရား။
ဦးပညာဇောတ ။ ။ သံဃမဟာနာယကအဖွဲ့ကြီးက ၁၉၈၀ ခုနှစ်က စပြီးတော့ - မဆလခေတ် ၈၁ ခုနှစ်မှာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဆိုပြီး ပေါ်လာတာ အခုဆိုရင် နှစ်ပေါင်း (၃၀) ပေါ့။ ဆိုလိုရှိရင် အဲဒီခေတ် အဲဒီအခါတုန်းကလည်း သူတို့ခေတ်က အာဏာပိုင်တွေက လိုရင် အသုံးပြုဖို့အတွက် ပေါ်လာတဲ့ အဖွဲ့အစည်းတွေ။ သို့သော် ဒီအထဲမှာ ရှိတဲ့ ဆရာတော်များက တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ ဆရာတော်ကြီးတွေ၊ သာသနာကို လွတ်လွတ်လပ်လပ်ပြုချင်တဲ့ ဆရာတော်ကြီးတွေလည်း အများကြီးရှိတယ်။ သို့သော် တဖက်မှာ အာဏာနဲ့ ကစားထားတဲ့အခါမှာ အနည်းစုဖြစ်တဲ့ ဆရာတော်ကြီးများက လုပ်ကိုင်လို့ မရဘူးပေါ့။ ဒီနေ့လည်း အဲဒီလိုမျိုး ဖြစ်နေပါတယ်။ တကယ်တော့ ဒီ သာသနာရေးကိစ္စတွေကို လုပ်မယ်ဆိုရင် နအဖ ခိုင်းတာလည်း လုပ်စရာမလိုဘူး။ ရဟန်းတော်များ တိပိဋကဆရာတော် ဦးသုမင်္ဂလတို့လို၊ တိပိဋကဆရာတော်ကြီးတွေက သာသနာကို သံဃာတွေကိုယ်တိုင် လွတ်လွတ်လပ်လပ် လုပ်ချင်တဲ့ဆန္ဒ သူတို့မှာအပြည့်ရှိတယ်။ ဒါပေမဲ့ လူတွေခိုင်းတာကို ငါတို့မလုပ်ဘူးဆိုပြီး သူတို့တကိုယ်ရည် ကျောင်းတိုက်ကလေးနဲ့ သာသနာပြု လုပ်ငန်းပဲ လုပ်ပါတယ်။ အဖွဲ့အစည်းတွေထဲပါပြီး မလုပ်ပါဘူး။ ဒါ ဘာကြောင့် ဖြစ်သလဲဆိုရင် ဒီ မဟနအဖွဲ့အစည်းထဲမှာပင် အာဏာပိုင်အဖွဲ့အစည်းက ကြိုက်သလို ကစားနေတယ်။ အဲဒီလို ကစားလိုက်တဲ့အခါမှာ သူတို့ထုတ်ချင်တဲ့ အမိန့်တွေကို ထုတ်ပြီးတော့ စာသင်သားငယ်ကလေးတွေ တဆင့်တဆင့် ကျောင်းထိုင်ဆရာတော်ကြီးတွေ၊ တိုက်အုပ်ဆရာတော်ကြီးတွေကို စည်းမျဉ်းတွေထုတ်လိုက်တဲ့အခါကြတော့ သာသနာက လွတ်လွတ်လပ်လပ် လုပ်ခွင့်မရဘူး။ အဲဒီအခါမှာ သာသနာက မတိုးတက်ဘဲနဲ့ နောက်ဆုတ်လိုက်နေတာ။ ဒါတွေဟာ ဒီအချိန်မှာ မရှိသင့်ပါဘူး၊ ပြင်သင့်ပါပြီ။