သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲ နဲ့ အနာဂတ် တပ်မတော်


ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်းက အင်္ဂလန်နိုင်ငံ လန်ဒန် အခြေစိုက် ဝါရင့်သံတမန်တဦးဖြစ်တဲ့ ဦးခင်မောင်ကြည်ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ထုံစံအတိုင်း တပ်တွင်း ရာထူးအပြောင်းအလဲတွေကို တရားဝင်ကြေညာခြင်း မရှိပေမယ့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီးမောင်အေး နဲ့ ဗိုလ်ချုပ်ကြီးရွှေမန်း အပါအဝင် ထိပ်တန်းအရာရှိတွေ အားလုံးနီးပါး စစ်တပ်ရာထူးများမှ အငြိမ်းစားယူပြီး ဒုတိယ မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေကို ရာထူးတာဝန်များ လွှဲပေးခဲ့ပြီးလို့ သြဂုတ်လ (၂၇) ရက်နေ့က သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ တင်သွင်းရမယ့် နောက်ဆုံးနေ့ တနင်္လာနေ့၊ သြဂုတ်လ (၃၀) ရက်နေ့ မတိုင်မီ ဗိုလ်ချုပ်ကြီးတွေ လူဝတ်လဲတာလို့လည်း ဆိုကြပါတယ်။ ဒီလိုလုပ်ခြင်းက ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က တပါတီစံနစ် ရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဒုဗိုလ်ချုပ်ကြီးဆန်ယု စတဲ့ စစ်ခေါင်းဆောင်တွေ အရပ်သားအသွင်ပြောင်းပြီး ပါတီမှာ နေရာယူတာနဲ့ အလားသဏ္ဍာန်တူတယ်လို့လည်း သုံးသပ်မှုတွေ ရှိကြပါတယ်။ ဒါပေမဲ့ လန်ဒန် အခြေစိုက် ဝါရင့်သံတမန်တဦးဖြစ်တဲ့ ဦးခင်မောင်ကြည်ကတော့ ၁၉၇၄ နဲ့ လက်ရှိ ၂၀၁၀ အခြေအနေ နှစ်ရပ်မှာ ကွဲပြားမှုလေးတွေ ရှိနေပါတယ်လို့ ပြောဆိုပါတယ်။

ဦးခင်မောင်ကြည် ။ ။ အန်ကယ်တို့လည်း အစတုန်းက နိုင်ငံခြားရေးဝန်ထမ်းလုပ်တော့ သူတို့နဲ့ အဓိက နေထိုင်ဆက်ဆံတွေ့ဘူးတာကြရင်ဖြင့် ၁၉၇၄ ပြောင်းလဲပုံစံနဲ့ အခုပုံစံနဲ့က တူတာတွေလည်းရှိတယ်၊ မတူတာကွဲပြားတွေလည်း အများကြီးရှိတယ်။ ဦးနေဝင်းအနေနဲ့ က ၁၉၇၄ ခုနှစ်မှာ သူအနေနဲ့က ဘာမှပြဿနာ မရှိဘူး။ သူ့အနေနဲ့ တပ်ကို နိုင်နိုင်နှင်းနှင်း ကိုယ်တွယ်ထားတယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း သူ့ရဲ့ လူယုံတော်ကိုလည်း ခန့်ထားပြီးထား။ သူ့အနေနဲ့ ပါတီဥက္ကဌ ဆင်းလုပ်ရင်လည်း ဘာမှ အတွင်းထဲမှာ ပြဿနာမရှိဘူး။ အခုဖြစ်နေတဲ့ကာလမှာက သူတို့က အစကတည်းက ကတိပေးထားတယ် - တိုင်းပြည်အာဏာကို လွှဲပေးမယ်ဆိုပြီး ရွေးကောက်ပွဲလုပ်ကတည်းက မလွှဲပေးဘဲ ကိုင်လာတာကတော့ကြာပြီ။ သူတို့မှာက အဓိက ပထမထွက်သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က road map ဆိုပြီး ဆွဲသွားတဲ့ လမ်းပြမြေပုံ (၇) ချက်အရ လုပ်နေတယ်။ ဒါပေမဲ့ လုပ်နေတဲ့ အထဲမှာလည်း သူတို့ရဲ့ စီမံကိန်းက ဘာမှရေရေရာရာ မရှိဘူး။ ကစင့်ကလျားနဲ့ အခုမှ အသက် (၅၅) နှစ် စစ်ဗိုလ်တွေကို အစားထိုးတာတို့ ဘာတို့ဆိုတော့ ကမောက်ကမနဲ့ တိုင်းပြည်တော့ ဒီထက်နာစရာ အကြောင်းရှိတယ်လို့ မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ စောစောက ဦးခင်မောင်ကြည် ပြောတဲ့အထဲမှာ ဦးနေဝင်းလက်ထက်တုန်းက ၁၉၇၄ ခုနှစ်တုန်းက အလားတူပဲ စစ်တပ်မှ အနားယူပြီး မြန်မာဆိုရှယ်လစ်ပါတီရဲ့ ပါတီဥက္ကဌကြီးအဖြစ် ရာထူးယူတယ်။ အခု ဒီနေရာမှာ ကျနော်မြင်တဲ့ ခြားနားချက်ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေနဲ့ စစ်တပ်ရာထူးမှ အနားယူပြီးတော့ ဘယ်ပါတီရဲ့ ဥက္ကဌကြီးရဲ့ ရာထူးကို သူယူမလဲ ဆိုတာ ကွာခြားချက်ဖြစ်နေတယ်ဆိုတာလား။

ဦးခင်မောင်ကြည် ။ ။ အခုက သူတို့အနေနဲ့ ပါတီဆိုတာထောင်ရတာ။ ပါတီဆိုတာကလည်း ဦးနေဝင်းခေတ်တုန်းကတော့ အကုန်လုံးကို စံနစ်တကျ ကေဒါတွေမွေးတယ်၊ ကေဒါသင်တန်းတွေပို့တယ်။ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းပို့တယ်၊ ပါတီယူနစ်တွေ ဖွဲ့တယ်။ သူက ကျကျနန အခြေတကျ ရပ်ကွက်ကောင်စီကအစ မြို့နယ်ကောင်စီ၊ တိုင်းကောင်စီ အဆင့်ဆင့်ရွေးတယ်။ အခုဟာက သူတို့က လောလောဆယ် ပါတီကလည်း လူမှုရေးအသင်းကို ပါတီပြောင်းလိုက်တယ်။ ပြီးတော့ မနက်ဖြန် (၃၀) ရက်နေ့ဆိုရင် နောက်ဆုံး ဘယ်သူက ရွေးကောက်ပွဲ ဝင်မလဲဆိုတာကို သူတို့အနေနဲ့ တက်သုတ်ရိုက်ပြီး၊ စီမံချက်တွေ မရှိဘူးဆိုတာ ထင်ရှားတယ်။ အင်မတန်မှ ကွာခြားတယ်။ သူတို့ လုပ်နေတာက ၁၉၈၈ ခုနှစ်ကစလို့ဆိုရင် နှစ်ပေါင်း (၂၀) နီးနီး လုပ်လာပေမယ့် ဒီအချိန်ရောက်ရင် သူတို့လုပ်ရပ်တွေက အင်မတန်မှ အန္တရာယ်များတယ်၊ တပ်တွင်းမှလည်း ထိန်းလို့ရမလား။ အပြင်မျာလည်း သူတို့ နိုင်မလား။ သူတို့ဖြစ်ချင်တဲ့ ပုံစံဖြစ်လာမလား ဆိုတာတွေက အင်မတန်မှ တွက်ရခက်တဲ့ ကိစ္စတွေပါ။

ဦးသန်းလွင်ထွန်း ။ ။ အခု စစ်တပ်က ထောက်ခံထားတယ်၊ စစ်တပ်က အနားယူထားတဲ့ လူတွေ ပူးပေါင်းပြီးတော့ ကိုယ်စားလှယ်အဖြစ် အရွေးခံတဲ့ပါတီက ဖြစ်နိုင်ချေ ရှိတာကတော့ ပြည်ခိုင်ဖြိုးလို့ သူတို့ခေါ်တဲ့ ကြံ့ဖွံ့ပါတီ ဖြစ်တယ်။ ဒီ ကြံ့ဖွံ့ပါတီအနေနဲ့က ဟိုအရင်တုန်းက ၁၉၇၄ ခုနှစ်တွေတုန်းက ရှိခဲ့တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ ဒီ ကြံ့ဖွံ့ပါတီရဲ့ ကွာခြားချက် - ဒါက လမ်းစဉ်တခုပဲ ကွာခြားတာလား၊ ဒီနှစ်ခုကို ဘယ်လို နှိုင်းယှဉ်လို့ ရနိုင်သလဲ။

ဦးခင်မောင်ကြည် ။ ။ တကယ်တော့ အဲဒီတုန်းက အခု ကြံ့ဖွံ့ပါတီမှာ ဘာမှကျောရိုးမရှိဘူး။ ဦးနေဝင်းလုပ်ခဲ့တုန်းက ဘာပြောပြော ဆိုရှယ်လစ်စံနစ်ကို ယုံကြည်တာ မယုံကြည်တာထား။ ဒါပေမဲ့ ယုံကြည်တဲ့လူတွေက ပါတီထဲကို ဝင်လာတယ်။ ကျောထောက်နောက်ခံတွေ ရှိလာတဲ့ ဆိုရှယ်လစ်စံနစ်။ အဲဒီတုန်းကလည်း ဆိုရှယ်လစ်စံနစ်ကတော့ ဘာပြောပြော ရေပမ်းအစားဆုံးစံနစ် ဖြစ်နေချိန်။ သူလုပ်လိုက်တဲ့ အချိန်မှာ ဆိုရှယ်လစ်စံနစ်ဟာ နောက်ပိုင်းမှာတော့ ပြိုပျက်သွားမှာရှိတယ်။ ဒီခေတ်မှာ ဈေးကွက်စီးပွားရေး ဖြစ်နေပေမယ့် ဘယ်ပါတီမှ မူဝါဒမရှိဘူး။ ကွန်မြူနစ်လည်း မပြောရဲဘူး၊ ဆိုရှယ်လစ်လည်း မပြောရဲဘူး။ အရင်းရှင်လည်း မပြောရဲဘူး။ အခုက သူတို့ပြောနေတာက ထောင်သမျှပါတီ ဈေးကွက် စီးပွားရေး၊ စီးပွားရေး ဖြစ်နေတယ်။ ဈေးကွက်စီးပွားရေးဆိုတာကလည်း အင်မတန် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဈေးကွက်ထဲမှာ ပစ္စည်းတခုခုကို အပြိုင်အဆိုင် ရောင်းနိုင်တဲ့အရာကိုမှ ဈေးကွက်စီးပွားရေးလို့ ခေါ်နိုင်တယ်။ တရုတ်ပြည်ကြီးတောင်မှ ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် မလုပ်နိုင်သေးဘူး။ အဲဒါကြောင့် မူဝါဒ လုံးဝမရှိတဲ့အချိန်မှာ အကုန်လုံးက လုံးဝ ဖရိုဖရဲဖြစ်နေတယ်။ ဝင်မယ့်ပါတီတွေကလည်း ဖရိုဖရဲဖြစ်နေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း အခုမှ ဥက္ကဌက ဝန်ကြီးချုပ်ကို ခန့်ထားလိုက်၊ နောက် သူထက်ကြီးတဲ့ ဗိုလ်ချုပ်ကြီးတွေက ရာထူးက ထွက်လိုက်နဲ့ ဘယ်သူက ဥက္ကဌ လုပ်မလဲဆိုတာ သူတို့မှာ ဘာမှ အစီအရင်မရှိ ကစင့်ကလျားဖြစ်နေတယ်လို့ ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အရင်တုန်းကတော့ ကျနော်တို့မြင်တာကတော့ ဗိုလ်ချုပ်ကြီးနေဝင်း က စစ်တပ်ရာထူးကနေ အငြိမ်းစားယူပြီးတော့ မြန်မာ့ဆိုရှယ်လစ်ပါတီရဲ့ ဥက္ကဌကြီးအဖြစ် ရာထူးယူတယ်။ အဲဒီနေရာမှာ တဖက်က ပြန်ကြည့်မယ်ဆိုရင် စစ်တပ်ထဲမှာဆိုရင် ရှိသမျှ စစ်သားတွေအကုန်လုံး စစ်တပ်အရာရှိကြီးတွေ အကုန်လုံးက မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်တွေကြီးပဲ။ ဆိုတော့ သူအနေနဲ့ စစ်တပ်ရာထူး မရှိတောင်မှ စစ်တပ်ထဲက အရာရှိကြီးတွေ အကြပ်တပ်သားတွေကို ပါတီဥက္ကဌကြီးအနေနဲ့ သြဇာအာဏာ ပေးနိုင်တယ်။ အခုဖြစ်နေတဲ့ ပြဿနာက ပြည်ခိုင်ဖြိုး ကြံ့ဖွံ့ပါတီအနေနဲ့ စစ်တပ်က တခြားဆီဖြစ်နေတယ်။ အဲဒီတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့ စစ်တပ်ရာထူးကို အနားယူလိုက်ပြီးဆိုရင် စစ်တပ်မှာ အခုလက်ရှိ ကျန်ခဲ့တဲ့ ဗိုလ်ချုပ်တွေအပေါ်ကို ရေရှည်မှာ သြဇာလွှမ်းမိုး ရှိနိုင်ပါတော့မလား။

ဦးခင်မောင်ကြည် ။ ။ လုံးဝ မရှိနိုင်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်မှာ ဘာပဲပြောပြော ဗိုလ်ချုပ်ကြီးနေဝင်း ဆိုတာက ရဲဘော်သုံးကျိပ်မှာ ပါလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ တန်တူလုပ်လာတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ပါလာတဲ့ ခေါင်းဆောင် တယောက်။ သူနောက်ပိုင်းမှာ ဆိုရှယ်လစ်နဲ့။ ဘာပဲပြောပြော မအောင်မြင်ပေမဲ့ ပါတီက ထွက်ပြီးတောင် နအဖခေတ်ရှေ့ပိုင်း (၅) နှစ်လောက်မှာ သူ့သြဇာ ရှိခဲ့သေးတယ်။ အခုဟာက ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့က သူမှာက ဘာမှ ကျောထောက်နောက်ခံ မရှိဘူး။ သူဖြစ်လာတဲ့ဟာကလည်း ခပ်ရိုင်းရိုင်း ပြောရရင်တော့ မလုပ်မရှုပ် မပြုတ် ငြိမ်ငြိမ်လေးနေပြီး စစ်တပ်ထဲမှာ ရာထူး တက်လာတာက လွဲပြီးတော့ တိုက်ခိုက်ရေး အတွေ့အကြုံလည်းမရှိဘူး၊ စီးပွားရေး အတွေ့အကြုံလည်း မရှိဘူး၊ အုပ်ချုပ်ရေး အတွေ့အကြုံလည်း မရှိဘူး။ သူအနေနဲ့ကတော့ အစောကပြောသလို စစ်တပ်ထဲက လူတွေလည်း သူကို ဆရာကြီးလို့၊ ခေါင်းဆောင်ကြီးလို့ တင်နိုင်တဲ့ အရည်အချင်း လည်း မရှိဘူး။ အရည်အချင်းကတော့ အတော်ကွာတယ်လို့ ပြောလို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ကျနော်တို့အနေနဲ့ အတိအကျတော့ ကြေညာချက်တွေလည်း မထုတ်သေးတော့ မသိရသေးဘူး။ ဒါပေမဲ့လည်း ကျနော်တို့ရတဲ့ သတင်းတွေအရဆိုရင် စစ်တပ်ထဲမှာ ကာကွယ်ရေးဦးစီးချုပ်၊ ဒါမှမဟုတ် အရေးကြီးတဲ့ နေရာတွေမှာ သူချန်သွားတဲ့ လူတွေကတော့ သူရဲ့ လက်ရွေးစင်တွေကြီး။ DSA အပတ်စဉ် (၁၈) (၁၉) က လက်ရွေးစင်တွေပေ့ါ။ အထူးသဖြင့် ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တို့လို ပုဂ္ဂိုလ်မျိုးတွေကို ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ရာထားသွားတဲ့ သတင်းတွေလည်း ထွက်နေတယ်လေ။ ဒီလူတွေက သူအပေါ်ကို ထာဝရ သြဇာခံမယ့် လူတွေ မဟုတ်ဘူးလား။

ဦးခင်မောင်ကြည် ။ ။ ကျနော်တို့အမြင်ကတော့ လုံးဝသြဇာ ခံမယ့်လူတွေလည်း မမြင်ဘူး။ ပညာအရည်အချင်းကလည်း တက်လာတဲ့ ဗိုလ်ချုပ်တွေနဲ့ ဗိုလ်သင်တန်း အမတ်စဉ် (၉) က ဆင်းလာတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့နဲ့ဆိုရင် အရည်အချင်းက အတော်ကွာတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ က သူ့ရဲ့ သင်တန်းအပတ်စဉ် (၉) တုန်းကလည်း အင်မတန်မှလည်း နောက်ဆုံးက မှေးပြီးလိုက်လာပြီး ခပ်ရိုင်းရိုင်း ပြောရရင် best cadet မဟုတ်ဘူး နောက်ဆုံးက cadet ဖြစ်တယ်။ အခုက စစ်တက္ကသိုလ်က ဆင်းလာတဲ့ ဗိုလ်တွေဆိုရင် အရည်အချင်းက အပြည့်အဝ အဖက်ဖက်က လေ့လာပြီးပြီ - အင်္ဂလိပ်စာ၊ နိုင်ငံတကာစာ ဒီဂရီတခု ရအောင် စစ်တက္ကသိုလ်မှာ လေ့လာ လာတာ။ ကြာလာလို့ရှိရင်တော့ ဘာပဲပြောပြော သူတို့ကို ထိန်းနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ အတွေးအခေါ်နဲ့က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတွေးအခေါ်က သိပ်ကွာနေပြီ။ ကျနော်အနေနဲ့ မြင်တာကတော့ သူကိုတော့ ဘာပဲပြောပြော ခဏအနေနဲ့တော့ တစ်လ နှစ်လ သုံးလလောက်တော့ ရိုသေရင် ရိုသေမယ်။ ကြာလို့ရှိရင်တော့ ရိုသေမယ့် အပိုင်းတော့ မရှိတော့ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မျိုးဆက်သစ် စစ်ဗိုလ်ချုပ်တွေ တက်လာတယ်ဆိုတာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကောင်းဘက်က ရှုမြင်နိုင်တယ်လို့ ယူဆပါသလား။

ဦးခင်မောင်ကြည် ။ ။ ဒါက သူတို့အပေါ်မှာ တည်တယ်။ သူတို့အပေါ်မှာတည်တယ်ဆိုတာ ဘာပဲပြောပြော တရုတ်ပြည်ကို ပြန်ကြည့်လိုက် တရုတ်ပြည်မှာ တက်လာတဲ့ ခေါင်းဆောင်တွေက ကွန်မြူနစ်ပါတီက လူတွေက အင်ဂျီနီးယားတွေ၊ အတတ်ပညာရှင်တွေ။ အခု ဘာပဲပြောပြော စစ်တပ်တက္ကသိုလ်က မွေးထုတ်လိုက်တဲ့ လူတွေအနေနဲ့က ကမ္ဘာကြီးကို နှိုင်းယှဉ်ပြီးတော့ ပြန်စဉ်းစားလို့ရှိရင် သူတို့ရဲ့အပေါ်မှာ မူတည်တယ်။ ခေတ်နောက်မကျန်ချင်လို့ရှိရင် အဟောင်းတွေကို ပယ်ပြီး အသစ်သစ်တွေကို ယူပြီး နည်းပညာခေတ်ကို အမှီလိုက်မယ်ဆိုရင်တော့ တိုးတက်နိုင်မယ့် အခြေအနေရှိမယ်။ အဲဒါကို နောက်ခိုင်းပြီး ပဒေသရာဇ်စံနစ်ကို တပ်ထဲက ပုံစံအတိုင်း စစ်ဗိုလ်ကြီးက အောက်ကစစ်သားကို လူစာရင်းမှ မသွင်းတာ - အဲဒီ ပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုရင်တော့ တပ်ကလည်း ကောင်းမှာ မဟုတ်ဘူး။ ဒီမိုကရေစီလမ်းလည်း ပေါ်လာမှာ မဟုတ်ဘူး။ အရေးကြီးတာက သူတို့ပြောင်းဖို့လိုတယ်။ သူတို့က လူငယ်တွေ ဖတ်နိုင်တယ်၊ လေ့လာနိုင်တယ်၊ လေ့လာမှုတွေလည်း ရှိခဲ့တယ်။ အခြေခံအားဖြင့် စစ်တက္ကသိုလ်က အနည်းဆုံး BSc, BA တို့ ဘွဲ့တွေ ရလာတဲ့ စစ်ဗိုလ်တွေ။ ဘာပဲပြောပြော သူတို့အခြေအနေက ပြောင်းလွှဲလာနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။

XS
SM
MD
LG