ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး တွန်းအားပေး ကူညီ လုပ်ဆောင်ပေးဖို့ အိန္ဒိယအစိုးရကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) က ပြီးခဲ့တဲ့အပတ် အိန္ဒိယခရီးစဉ်အတွင်း တိုက်တွန်းခဲ့ပေမယ့် အိန္ဒိယနိုင်ငံအနေနဲ့ကတော့ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့အတူ ဒေသတွင်းဆက်ဆံရေးမှာ လက်တွေ့ကျကျပဲ လုပ်ဆောင်သွားဖို့ ရှိတယ် လို့ လေ့လာသူများက သုံးသပ်ပြောဆိုကြပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး နိုင်ငံလုံခြုံရေး၊ စွမ်းအင်ဖူလုံရေးစတဲ့ လက်ငင်းလိုအပ်ချက်တွေအရ လက်ရှိမြန်မာအစိုးရတွေနဲ့ လိုက်လျောညီထွေ ဆက်ဆံသွားဖို့ရာ အိန္ဒိယနိုင်ငံရဲ့ မူဝါဒဖြစ်နေတယ်လို့ နယူးဒေလီအခြေစိုက် မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးစိုးမြင့် က ပြောဆိုပါတယ်။
ဦးစိုးမြင့် ။ ။ ကျနော်အနေနဲ့ကတော့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဘာမှအပြောင်းအလဲ ထူးထူးခြားခြား ရှိတာတော့ မတွေ့ဘူး။ အိန္ဒိယအစိုးရက မြန်မာပြည်မှာ အုပ်စိုးနေတဲ့ အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ပိုပြီး လုပ်နေတယ်။ ဆက်လက်ပြီး လုပ်မယ့်အနေအထားပဲရှိတယ်။ ဘယ်အစိုးရပဲတက်တက်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါကို သက်သေပြနေတာက အစောပိုင်းတုန်းက ဇွန်လပိုင်းတုန်းက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဗမာပြည်ကို သွားတယ်။ ပြီးတော့ အပြန်အလှန်အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကိုလည်း အိန္ဒိယပြည်ကို လာလည်ဖို့ ဖိတ်တယ်ဆိုတဲ့ အချက်တွေက ဒါကို သက်သေပြနေတဲ့ အချက်ပေါ့။
ဦးစိုးမြင့် ။ ။ ဒီ နိုင်ငံခြားရေးဝန်ကြီးသွားတာ အခုမှ ပထမတခေါက်၊ ပထမဦးဆုံးသွားတာ မဟုတ်ဘူး လေ။ အစောပိုင်းတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီးတွေ သွားတယ်။ သမ္မတ သွားတယ်။ ဒုသမ္မတ သွားတယ်။ အလားတူပဲ မြန်မာပြည်ဘက်ကလည်း သမ္မတ၊ ဝန်ကြီးချုပ်တွေ လာနေတယ်။ အခုမှ လုပ်တာတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အိန္ဒိယအစိုးရ မူဝါဒပြောင်းပြီး ၁၉၉၅ လောက်ကလုပ်လာတဲ့ သူတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေရဲ့ နောက်ဆက်တွဲတွေပဲ။
ဦးသန်းလွင်ထွန်း ။ ။ အိန္ဒိယ နဲ့ ဗမာ ဆက်ဆံရေးအကြောင်း ပြောကြပြီဆိုရင် ၈၈ နောက်ပိုင်း အစောပိုင်းတုန်းကတော့ အိန္ဒိယက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက်ဆိုပြီး အဓိကထား တွန်းအားပေးခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ သူတို့ရဲ့အရှေ့မြောက် သူပုန်အရေး ကိစ္စတွေ၊ တရုတ်နဲ့ အင်အားချိန်ခွင်လျှာ ညှိရေးကိစ္စတွေ၊ စီးပွားရေးကိစ္စ၊ စွမ်းအင်ကိစ္စတွေကို အဓိကထား ပြောဆို လာတယ်။ အဲဒါနဲ့ ပတ်သက်လို့ အိန္ဒိယပြည်တွင်းမှာ အစိုးရရဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့မညီတဲ့ ကိစ္စတွေ အပေါ်ကို ထူးထူးခြားခြား ဝေဖန်ထောက်ပြမှုတွေ မရှိနေဘူးလား။
ဦးစိုးမြင့် ။ ။ ရှိတယ်။ အထူးသဖြင့် တချို့ပြည်နယ်တွေမှာပေါ့။ ဥပမာ -- ပြည်နယ်မှာ။ တောင်ပိုင်း ပြည်နယ်တချို့မှာ ပြည်နယ်အစိုးရတွေ၊ ပြည်နယ်ပါတီတွေကနေ ဝေဖန်ထောက်ပြနေတာတွေ ရှိတယ်။ အဓိကကတော့ အိန္ဒိယက ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံဖြစ်တာနဲ့အညီ မြန်မာနိုင်ငံလို အိမ်နီးချင်း နိုင်ငံမျိုးမှာ ဒီမိုကရေစီအစိုးရ ဖြစ်လာအောင် လုပ်သင့်တယ်။ ဒီမိုကရေစီအစိုးရကိုပဲ ဆက်ဆံသင့် တယ် ဆိုတာမျိုးတွေကို မကြာခဏ ထောက်ပြပြောဆိုလေ့ရှိတယ်။
မီဒီယာတွေမှာလည်း နိုင်ငံမှာရှိတဲ့ မီဒီယာသတင်းစာကြီးတွေမှာလည်း ထောက်ပြတာရှိတယ်။ ဒါပေမဲ့ မီဒီယာတွေမှာ အများစုက အစိုးရရဲ့ပေါ်လစီကို၊ အစိုးရရဲ့ ပေါ်လစီကဘာလဲ။ အစိုးရပေါ်လစီက မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရနဲ့ ဒီလိုမျိုး အကြောင်းတွေကြောင့် ဆက်ဆံမှု တည်ဆောက်ရမယ့်ဟာ။
အဲဒီ အစိုးရပေါ်လစီကို လုပ်သင့်တယ်ဆိုတာမျိုးကို အများစုက ထောက်ပြပြောဆိုတာရှိတယ်။ တချို့ မီဒီယာတွေလည်းရှိပါတယ်။ သတင်းစာတွေမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေး ကို ဒီထက်ပို လုပ်ဆောင်သင့်တဲ့ဟာမျိုးတွေကို သူတို့ရဲ့ ခေါင်းကြီးပိုင်းတွေမှာ ရေးတာရှိတယ်။ နောက်တခုက အိန္ဒိယမှာ နိုင်ငံရေးပါတီတွေ။ အတိုက်အခံနိုင်ငံရေးပါတီတွေ။ လက်ဝဲ၊ လက်ယာနဲ့ နိုင်ငံရေးသမားတွေကလည်း ထောက်ပြပြောဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် အိန္ဒိယနိုင်ငံရဲ့ national interest ကို သူတို့ကလည်း ဒါကတော့ လုပ်သင့်တယ်ဆိုတဲ့သဘောမျိုးကို သူတို့ပြောတာတွေရှိတယ်။ အိန္ဒိယအစိုးရက နိုင်ငံရဲ့ interest ကို ဦးစားပေး လုပ်သင့်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲအနေနဲ့ ဒီမိုကရေစီကိုတော့ မငဲ့သင့်ဘူးလို့ ဖြည့်ပြောတဲ့သဘောဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗမာပြည်ခရီးတုန်းကဆိုရင် သူနဲ့ အတူ လိုက်သွားတဲ့ နိုင်ငံခြားရေးအတွင်းဝန် Ms. Nirupama Rao က ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် သွားရောက်တွေ့ဆုံခဲ့တယ်။ အဲဒါ ထူးခြားချက်တရပ်အနေနဲ့ဆိုတော့ ဒါ ပထမဦးဆုံး အဆင့်မြင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အရာရှိကြီးတဦး မြန်မာနိုင်ငံက အတိုက်အခံခေါင်းဆောင်နဲ့ သွားရောက်တွေ့ခဲ့တယ်ဆိုတဲ့ သဘောဖြစ်တော့ ဒါဟာ ဘယ်လောက်အထိ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ရင် တိုးတက်မှုတွေ ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်သလဲ။
ဦးစိုးမြင့် ။ ။ Ms. Nirupama Rao က နိုင်ငံခြားရေးဋ္ဌာနအတွင်းဝန် မြန်မာပြည်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာကို အိန္ဒိယရဲ့ မြန်မာပြည်ပေါ်ထားတဲ့ ပေါ်လစီပြောင်းလဲလာမလား ဆိုတာကို အဓိပ္ပာယ်ဖွင့်လို့ မရဘူး။ Ms. Nirupama Rao က မြန်မာပြည်ကို သွားတဲ့အခါမှာ သူကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပြီးတဲ့ ရက်ပိုင်းအတွင်းမှာ ရောက်သွားတာလည်းပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယအစိုးရကို ဆက်တိုက် သူ လွတ်လာပြီး နောက်ပိုင်းမှာ မေတ္တာရပ်ခံတာက အိန္ဒိယအနေနဲ့ မြန်မာအစိုးရနဲ့ စကားပြောနေတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျမတို့နဲ့လည်း စကားပြောသင့်တယ်ဆိုတဲ့ အချက်ကို ထိထိရောက်ရောက်၊ ဖိဖိစီးစီး ပြောလာတာကို သူ့ရဲ့ message တွေမှာ။ အဲဒီတချက်လည်း ပါတယ်။ နောက်တချက်က ဘာလဲ ဆိုတော့ သူတို့ပုဂ္ဂိုလ်ရေး ရင်းနှီးမှု၊ ပုဂ္ဂိုလ်ရေး လေးစားမှုတွေ အိန္ဒိယမှာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက နိုင်ငံရေးသမားတွေ၊ မိတ်ဆွေတွေက ငါတို့ အိန္ဒိယမှာ ကျောင်း တက်သွားတဲ့ နိုင်ငံခေါင်းဆောင်။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပါလားဆိုတဲ့ ပုဂ္ဂိုလ်ရေးအရ အများကြီး ရှိတယ်။ အဲဒါကြောင့် ပေါ်လစီအနေနဲ့ကတော့ သိပ်ပြီးတော့ အဓိပ္ပာယ်ဖွင့်လို့မရဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယက အရာရှိထဲက အဆင်ြ့မင့်အရာရှိတဦးက ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီး နောက်ပိုင်း တွေ့တာ။ ဒါကတော့ တချက်ပေါ့။ ဒါအပြင် အိန္ဒိယမှာ ထူးခြားတဲ့လူတွေ၊ အိန္ဒိယမှာ နာမည်ကြီးတဲ့လူတွေလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာတော့ သူတို့ရဲ့ personal ထောက်ခံမှု တွေ၊ လေးစားမှုတွေ အများကြီးရှိတယ်ဆိုတာကတော့ ကျိန်းသေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါအပြင် မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) အိန္ဒိယကို ရောက်နေတုန်းမှာ အိန္ဒိယအစိုးရကို မြန်မာ့နိုင်ငံ ရေးနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရကို ဖိအားပေးကြပါ။ ကြည့်လုပ်ပေးပါ ဆိုပြီး ပန်ကြားချက်တွေ လုပ်သွားတာကိုလည်း တွေ့ရတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲဆိုတော့ အိန္ဒိယက အမေရိကန်နဲ့ ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံပြီး ဒီမိုကရေစီ နိုင်ငံအချင်းချင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကိစ္စမှာ ပိုလုပ်ပေး သင့်တယ် ဆိုပြီးတော့ ယူဆထားတဲ့အချက်တွေ ရှိနေတယ်မဟုတ်ဘူးလား။
ဦးစိုးမြင့် ။ ။ အဲဒါကတော့ ကျနော့်အမြင်နဲ့ ပြောရရင်တော့ အိန္ဒိယ-အမေရိကန် ဆက်ဆံရေးနဲ့ ဆိုင်တယ်။ အိန္ဒိယ-အမေရိကန် ဆက်ဆံရေးက ဒီမိုကရေစီ နိုင်ငံအချင်းချင်း ဆက်ဆံလာတဲ့အခါ ပိုပြီး ဆက်ဆံရေးကောင်းမွန်လာတဲ့အခါကျတော့ အမေရိကန်က မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေမှာ ဒီမိုကရေစီ ရရှိအောင် အိန္ဒိယမှာ လုပ်သင့်တယ်ဆိုတာကို ဖိဖိစီးစီး ပိုပြောလာတာ။
အဲဒီ context မှာ ကျနော်တို့ ကြည့်ရလိမ့်မယ်။ သူက မြန်မာပြည်မှာနဲ့ ကျန်တဲ့နိုင်ငံတွေမှာ အာဏာရှင်တွေကနေ ဒီမိုကရေစီစနစ် ဖြစ်လာအောင် အိန္ဒိယ၊ အမေရိကန် ဒီမိုကရေစီနိုင်ငံကြီးတွေ ကနေ ပူးတွဲလုပ်ဆောင်ပေးမယ်ဆိုတဲ့ အနေအထားကနေ ပြောတာ။ နောက်တချက်က အတိုက်အခံ အင်အားစုတွေကလည်း lobby လုပ်တဲ့အကျိုးဆက်အနေနဲ့လည်းဖြစ်တယ်။
အမေရိကန်အစိုးရအနေနဲ့ အိန္ဒိယကို ဒီလို ဖိအားပေးလုပ်ဆောင်ဖို့ မြန်မာအစိုးရကို အိန္ဒိယက ထောက်ခံနေတဲ့ သဘောပဲဖြစ်နေတဲ့အတွက်ကြောင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေက အမေရိကန်အစိုးရကို မကြာခဏ lobby လုပ်၊ campaign လုပ်တဲ့ အကျိုးဆက်တွေကြောင့်လည်း ဖြစ်လာတာဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနဲ့အိန္ဒိယ ဆက်ဆံရေးကိစ္စကို ပြောကြပြီဆိုရင် အမြဲတမ်း ထိပ်တန်းမှာ ပါလာတဲ့ ကိစ္စတခုက အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပေါ်ကို အင်အားချိန်ခွင်လျှာ ညှိရတဲ့ကိစ္စ။ အဲဒါက စစ်အင်အားကို ပြောချင်သလား။ ဒါမှမဟုတ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ သံယံဇာတ၊ စွမ်းအင် ရင်းမြစ်တွေကို ရယူနိုင်ရေး အင်အားချိန်ခွင်လျှာ ညှိတဲ့သဘောလား။ အခုနောက်ပိုင်းမှာ ဘယ်ဟာက ပိုအရေးကြီးလာသလဲ။
ဦးစိုးမြင့် ။ ။ အဓိကတော့ လုံခြုံရေး။ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ စီးပွားရေးလုံခြုံမှု ကလည်း နောက်ကထပ်ပါလာတာပေါ့။ ဒါပေမဲ့ အိန္ဒိယက မြန်မာပြည်မှာ တရုတ်နိုင်ငံက ထိထိ ရောက်ရောက် ဝင်နေတဲ့အခါ သူ့နိုင်ငံလုံခြုံရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကို ရေရှည်ကို ကြည့်တာ။ ဒါကတော့ အဓိကပေါ့။
နောက်တချက်ကတော့ အိန္ဒိယဘက်က လိုအပ်တာ။ ဘာလဲဆိုတော့ မြန်မာနိုင်ငံက ထွက်နေတဲ့ သယံဇာတတွေကို သူကလည်း လိုတယ်။ အဲဒီမှာ အပြိုင်အဆိုင် လုပ်ကြတဲ့သဘောပေါ့။ နောက်တခု ကျနော်တို့အမြဲတမ်း မေ့နေတာက ဘာလဲဆိုတော့ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ရာစုနှစ် အနှစ် (၂၀) အတွင်းမှာ ဘာဖြစ်လာလဲဆိုတော့ နိုင်ငံရဲ့ တည်ရှိမှု၊ နိုင်ငံအတွင်း ပြောင်းလဲမှု၊ သဘာဝ သယံဇာတ တွေ တွေ့ရှိလာမှုက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့အတွက် မြန်မာနိုင်ငံက အရမ်း အရေးကြီးလာတယ်။ မြန်မာနိုင်ငံ မပါဘူးဆိုရင် ဟိုလိုဒီလို ဖြစ်လာနိုင်တယ်လို့ အိန္ဒိယကလည်း ကြည့်လာတယ်။ ဆိုတဲ့အခါကြတော့ အိန္ဒိယက မြန်မာနိုင်ငံကို ပိုပြီးနီးနီးကပ်ကပ် လုပ်ရမယ့် ဟာတွေကို မြင်ယောင်လာတယ်။ အရေးပါမှုကို သဘောပေါက်လာတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို အရေးပါလာပြီဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ အစိုးရတရပ် ဖြစ်ပေါ်လာလို့ ဒီလို ဒီမိုကရေစီအစိုးရနဲ့ ဆက်ဆံရေးက ပိုပြီး အဆင်ပြေသလား။ ဒါမှမဟုတ်လို့ရှိရင် ဒီလို စစ်အစိုးရအဖွဲ့အစည်းတခုတည်းနဲ့ ဆက်ဆံရတာက ပိုအဆင်ပြေနိုင်သလား။ ဘာကြောင့်လဲ ဆိုတော့ ဒီကိစ္စက တခြားကိစ္စတခုနဲ့လည်း သွားနွယ်နေတယ်။ ဥပမာအားဖြင့် အိန္ဒိယအရှေ့မြောက် ဘက်မှာရှိတဲ့ သူပုန်တွေကို နှိမ်နှင်းရေးကိစ္စမှာ မြန်မာစစ်တပ်ကိုဆိုရင် ပိုပြီး ထိထိရောက်ရောက် အကူအညီပေးနိုင်တယ်လို့ အိန္ဒိယက ယူဆထားသလား။
ဦးစိုးမြင့် ။ ။ ကျနော်ထင်ပါတယ်။ အတိအကျတော့ ပြောလို့မရဘူး။ ကျနော်ထင်တာကတော့ အိန္ဒိယမှာ ရှိတဲ့ နိုင်ငံရေး Separatist movements ပဲပြောပြော။ စစ်ရေး separatist movement ပဲပြောပြော သြဇာအာဏာရှိတဲ့ ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့ လူတွေအားလုံးကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ အစိုးရတရပ် ပေါ်လာမယ်ဆိုရင် သူတို့နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံနိုင်လိမ့်မယ်။ ပိုပြီးတော့ ဒီထက် ဆက်ဆံနိုင်လိမ့်မယ်ဆိုတဲ့ အယူအဆကို ယူဆထားကြတာ အမှန်ပဲလို့ မြင်တယ်။ ဒါပေမဲ့ လက်တွေ့မှာ လက်ရှိမှာ ဒီမိုကရေစီအစိုးရ မရှိတဲ့အခါကျတော့ ရှိတဲ့အစိုးရနဲ့ပဲ အဆင်ပြေအောင် လိုက်လျောညီထွေဖြစ်နေအောင် လုပ်နေရတဲ့အနေအထားပေါ့။ နောက် ရေရှည်ကိုကြည့်ပြီးတော့ လောလောဆယ် မြှုပ်နံှထားရမယ်၊ ဆက်ဆံမှုလုပ်သွားရမယ်ဆိုတဲ့ အယူအဆကိုထားတဲ့ သဘောမျိုးလို့ မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ နယူးဒေလီအခြေစိုက် မဇ္ဈိမသတင်းဋ္ဌာနရဲ့ အယ်ဒီတာချုပ် ဦးစိုးမြင့်နဲ့ ဆက်သွယ်မေးမြန်းထားတာပါ။