ဦးသန်းလွင်ထွန်း ။ ။ သမ္မတသစ် ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ အရပ်သားအမည်ခံ မြန်မာ အစိုးရသစ် အနေနဲ့ တရုတ်နိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အစစအရာရာ မှီခိုအားထား ပါတယ်ဆိုတဲ့ မပြောင်းလဲတဲ့ နိုင်ငံရေးခြားရေး မူဝါဒကို ပြသလိုက်တယ်ဆိုတဲ့သဘောပဲလို့ လေ့လာသူတွေက ရှုမြင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိနေတဲ့ မြန်မာ့အရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ရေရှည်ပေါ်လစီရဲ့ အရေးပါတဲ့နေရာမှာ ပါပါတယ်။ ဆိုတော့.. ဒါကို သူတို့အကောင်အထည်ဖော်တာပဲ။ အဲဒါ ကျနော် ဘာကိုဆိုလိုတာလဲဆိုရင် အမေရိကန် စူပါပါဝါအနေနဲ့ အာဏာရှိလာချိန်မှာ အမေရိကန်အလယ်ပိုင်းနဲ့ တောင်အမေရိကဟာ ငါရဲ့ ရပ်ကွက်ပဲလို့ ကြေညာပြီးတော့ ဒီဟာကို သူတို့ မောင်ပိုင်စီးတယ်။ သဘောက သူတို့ရဲ့အာဏာကို သူတို့ ထုတ်ပြတာ ပေါ့။ တရုတ်ကလည်း အခုအခါမှာ ကြည့်လို့ရှိရင် စီးပွားရေးအရ ဒုတိယဖြစ်လာပြီ။ စစ်ရေးအရလည်း ဒုတိယ ဖြစ်လာပြီ။ အဲဒီလို ရှိလာတဲ့အခြေအနေတွေကို တိုးချဲ့တာပေ့ါ။ သူတို့ရဲ့ အာဏာကို ပြတာပေါ့။ အဲဒီလို့ ပြတဲ့အချိန်မှာ တရုတ်က ဘာရူးလာလဲဆိုတော့ အမေရိကန်က သူတို့ကို ဝိုင်းမှာကြောက်တော့ တရုတ်က ဘာလုပ်လာလဲဆိုတော့ သူ့ကိုယ်သူ ဝိုင်းလိုက်ပြီး ဒီဟာက ငါရဲ့ ပိုင်နက်ပဲဆိုပြီး ကြေညာလာတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဦးဘိုဘိုကျော်ငြိမ်း ပြောတာက တရုတ်ဘက်က အမြင်ကိုပြောတာ။ ဒါပေမဲ့ ဗမာနိုင်ငံဘက်က ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ရဲ့ အစိုးရက မကြာသေးခင်ကမှ အသစ် တက်လာတဲ့ အစိုးရ။ အသစ်တက်လာတဲ့အစိုးရ သမ္မတသစ်တယောက်အနေနဲ့ ပထမဦးဆုံးသွားတဲ့ နိုင်ငံရပ်ခြား ခရီးစဉ်က အိမ်နီးချင်း တရုတ်နိုင်ငံဖြစ်နေတော့ ဒါက ထူးခြားချက်။ အစိုးရသစ်ရဲ့ မူဝါဒ သဘောထားကို ဖော်ပြလိုက်တဲ့ ထူးခြားချက်အနေနဲ့ မယူဆနိုင်ဘူးလား။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ သိပ်သေချာတာပေါ့။ အစိုးရသစ် တက်လာတဲ့အခါမှာ အစိုးရကိုထောက်ခံတဲ့ နိုင်ငံ၊ သူတို့က archor ခေါ်တာပေါ့ - သူတို့ ကျောက်ချရမယ့် နိုင်ငံဟာ တရုတ်နိုင်ငံအနေနဲ့ တရုတ်ကို အားကိုးတဲ့ဟာကို ဆက်ပြီးယူထားတာပေါ့။ အထူးသဖြင့် အမေရိကန်ကလည်း အမေရိကန်ပေါ်လစီက မပြောင်းဘူးဘဲ ပြောကြပါစို့။ တရုတ်ကလည်း ၂၀၁၂ ခုနှစ်ဆိုရင် သမ္မတအသစ် ဖြစ်မယ်။ သူ့ရဲ့ ရပ်တည်ချက်ကို အားကိုးတဲ့အနေနဲ့ မြန်မာနိုင်ငံဟာ တရုတ်ကို အားကိုးတယ်ဆိုတာ။ ပထမဦးဆုံး သွားတဲ့နိုင်ငံက ထူးခြားတယ်ဆိုတာ အားကိုးတာကိုပြတာ။ ထိုနည်းတူစွာ ဖြစ်ဖြစ်ခြင်းမှာ ဘယ်သူက အသိအမှတ်အစပြုပြီးတော့ လာပြီးတော့ စစ်ဘက်ရေးရာ၊ အကုန်လုံးလာတာ ဘယ်သူလဲဆိုရင် တရုတ်ပဲ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက အဓိကအားဖြင့်တော့ နိုင်ငံရေး ပထဝီအနေအထားအရလည်း ပါတယ်။ ဗမာအစိုးရအနေနဲ့ အနောက်အုပ်စုရဲ့ ဝိုင်းကြဉ်မှုတွေကို ခံနေရတဲ့အချိန်မှာ တရုတ်ကို ပိုပြီး အားထားလာတယ်။ ဒီအနေအထား၊ ဒီသဘောထားဟာ အစိုးရသစ် တက်လာတော့လည်း မပြောင်းပါဘူး ဆိုတဲ့ သဘောကို ပြချင်တာပေါ့။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဒါ သေချာတာပေါ့။ ဘာကြောင့်လဲဆိုတော့ နှစ်ခု ရှိတယ်။ ဗမာနိုင်ငံအနေနဲ့ သူတို့ အနေနဲ့ ကစားနိုင်တဲ့အကွက်ရှိဖို့ရာ အထူးသဖြင့် အမေရိကန်နိုင်ငံပေါ့။ ဆိုတော့ ရှင်းရှင်းပြောရရင်တော့ နိုင်ငံရေးအရဆိုရင်တော့ တရုတ်ကိုပဲ အားကိုးရတာ မကောင်းဘူး။ ကျနော်လည်း ဗမာနိုင်ငံသားအနေနဲ့ မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်း ဆက်သွားလို့ရှိရင် ကျနော်တို့က လွတ်လပ်တဲ့နိုင်ငံ ဖြစ်ပေမဲ့ Yunnan Province မျိုး ဖြစ်လာမယ်ဆိုတော့ ဗမာအစိုးရအနေနဲ့လည်း ကစားကွက် သိပ်မရှိဘူး။ မရှိတဲ့အတွက် ပြောင်းလဲသွားတဲ့အခြေအနေကို လက်ခံဖို့အတွက်ကို တရုတ်ကို ပြေးကပ်တာပဲ။
ဦးသန်းလွင်ထွန်း ။ ။ အခုနက ဦးဘိုဘိုကျော်ငြိမ်း ပြောတဲ့အထဲမှာ စီးပွားရေးကျွန်ဆိုတဲ့ စကားလုံးတခု ပါပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှု အများဆုံးနိုင်ငံ။ အထူးသဖြင့် တနှစ်ကို ဒေါ်လာ ၁၅ ဘီလီယံကျော်ကျော် ရင်းနှီးမြုပ်နံှနေတယ်ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ အခုလို နိုင်ငံတကာက ရင်းနှီးမြုပ်နံှမှု ပိတ်ဆို့နေတဲ့ကြားထဲမှာ တရုတ်ရင်းနှီးမြုပ်နံှမှုတွေကို အားမကိုးနိုင်ဘူးဆိုရင် ဗမာနိုင်ငံအနေနဲ့ တခြားဘာတွေလုပ်လို ရမလဲ။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဗမာနိုင်ငံအနေနဲ့ ကစားကွက်ကတော့ အနောက်နိုင်ငံနဲ့ တရုတ်ကို ပြန်မျှပြီး ကစားလို့ ရတာပေါ့။ အခုတော့ ဥရောပကလည်း ပျော့ပျောင်းလာတယ်။ ဥရောပက ဆက်ဆံချင်တာ ရှိပေမယ့် အမေရိကန်ရဲ့ ပေါ်လစီ မပြောင်းဘူး။ ဆိုတော့ ဘာလာဖြစ်သလဲဆိုတော့ အခုန စီးပွားရေး ကျွန် ဖြစ်တယ်ဆိုတာက တရုတ်ကလည်း အာဆီယံနဲ့ ပေါင်းပြီးတော့ တရုတ်ပစ္စည်းတွေအားလုံးကို အာဆီယံက ပိတ်သလောက်ပိတ်ထားတာရှိတယ်။
ဆိုတော့ ဗမာနိုင်ငံမှာထုတ်တဲ့ တရုတ် ရင်းနှီးမှု၊ တရုတ်အတတ်ပညာ အားလုံးနဲ့ တရုတ်ထုတ်လုပ်တဲ့ ပစ္စည်းပဲ ဗမာနိုင်ငံမှာ ထုတ်တာပဲရှိတယ်။ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တခု၊ စီးပွားရေး ပြည်နယ်တခုလိုသာ ဖြစ်တယ်။ အဲဒီအခါကျတော့ အာဆီယံနဲ့ ဆက်လိုက်တဲ့အခါကျတော့ တရုတ်ရဲ့ ပစ္စည်းတွေဟာ အာဆီယံကို ပြန့်သွားတယ်။ ဒီအကွက်ကို တရုတ်က နင်းလာသလို ကျနော်တို့ ဗမာနိုင်ငံ အနေနဲ့ တရုတ်ကလွဲပြီးတော့ ကျန်တဲ့ နိုင်ငံတွေနဲ့ ကစားဖို့အကွက် မရှိဘူးဆိုရင် ကျနော်တို့ စီးပွားရေးကျွန် ဖြစ်မယ်လို့ ဆိုလိုတာပါ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါအပြင် စောစောက ဦးဘိုဘိုကျော်ငြိမ်းပြောတဲ့အထဲမှာ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို သူဘာသာ ဝိုင်းရံပတ်လိုက်ပြီးတော့ ဒါဟာ ငါတို့လူတွေပါလို့ သူ့ရဲ့ဘောင် အတွင်းကို ဆွဲသွင်းလိုက်ပြီး နိုင်ငံရေးအယူဝါဒ နဲ့ လုံခြုံရေးအရ အခြေအနေကိုကြည့်ပြီး ဆွဲသွင်းလိုက်တဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံခြင်းအားဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲ။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်အနေနဲ့ အများကြီး ရနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့- နှစ်ပိုင်းရှိတယ်။ တရုတ်က အရေးကြီးဆုံးက တကယ်လို့ စစ်ဖြစ်လို့ရှိရင် ရေနံပြဿနာရှိတယ်။ ဆိုတော့ သူက ဘာလုပ် လိုက်သလဲဆိုရင် ဗမာနိုင်ငံကို အမေရိကမှာ Louisiana, Texas လိုပဲ သင်္ဘောတွေအားလုံးဟာ ဒါကြောင့် စစ်တွေကို ရေနက်ဆိပ်ကမ်းလုပ်လိုက်တယ်။ တခါ ရခိုင်ကနေ ယူနန်ကို တန်းသယ်မှာ။ ဆိုတော့ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံကို ပိတ်နေတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ ထွက်ပေါက်ကို ပေးထားတာ ဖြစ်တယ်။ ဒီအတွက် စစ်ရေးအရကော၊ စွမ်းအင်လုံခြုံရေးအရကော၊ စီးပွားရေးအရကော ဗမာနိုင်ငံဟာ ပထဝီအနေအထားအရ အင်မတန် အရေးကြီးတဲ့ အနေအထားမှာရှိနေတယ်။ တရုတ်က ဗမာနိုင်ငံကို လာပြီးတော့ တိုးချဲ့ပြီးတော့ ရင်းနှီးမြုပ်နှံတာ ဖြစ်တဲ့အတွက်ကြောင့် တရုတ်အတွက် အင်မတန် အကျိုးရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအကျိုးတွေပဲ ကြည့်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံတကာက ဝေဖန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေကို တရုတ်က မဝေဖန်တော့ဘူးလို့ ယတိပြတ် ယူဆလို့ ရနိုင်သလား။ ဒါမှမဟုတ် တိုးတိုးတိတ်တိတ် ဝေဖန်မှုတွေ ရှိနေသလား။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်ကတော့ လုံးဝ မဝေဖန်ဘူးရယ်လို့တော့ မဟုတ်ဘူး။ တရုတ်က ရှင်းနေတာ ကတော့ သူ့နိုင်ငံအကျိုးအတွက်တော့ သူကစားမှာပဲ။ ဗမာနိုင်ငံတင်မကဘူး၊ တကမ္ဘာလုံး ဆူဒန်၊ အာဖရိက က နိုက်ဂျီးရီးယားတို့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေအားလုံးကို တရုတ်က ဆက်ဆံမှာပဲ။ ဘာကြောင့်လည်းဆိုတော့ ရေနံ။ အမေရိကန်က ရေနံကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် ကျန်တဲ့ဟာတွေအားလုံးကို တရုတ်က လိုက်ဆွဲတာ။ တရုတ်ကတော့ သူ့နိုင်ငံအကျိုးကတော့ ပထမပဲ။ လူ့အခွင့်အရေးတွေ ဘာတွေဆိုတာက နောက်မှလာတာ။ သို့သော် နိုင်ငံကြီးတနိုင်ငံဖြစ်လာမှ သူ့မှာ တာဝန်ရှိတဲ့အတွက် သူကြည့်ကောင်းအောင်တော့ သူလုပ်မယ်။ သို့သော် အဓိကကျတဲ့ တရုတ်အကျိုးအတွက်ကတော့ အဓိကပဲလို့ အဲဒီလိုမြင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာဆိုလို့ နိုင်ငံတကာမှာ ဝိုင်းပြီးတော့ နိုင်ငံတကာကနေ ဝေဖန်ခံနေရတဲ့၊ အပြစ်တင်ခံနေရတဲ့ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးအကြောင်းကို သွားချင်ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား မသိဘူး။ လောလောဆယ် တရုတ်နိုင်ငံမှာဆိုရင် မြောက်ကိုရီးယားနိုင်ငံရဲ့ သမ္မတ ကင်ဂျုံအီးလ်လည်း ရောက်နေတယ်။ မြန်မာနိုင်ငံက သမ္မတဦးသိန်းစိန်လည်း တချိန်တည်းမှာ ရောက်လာတယ်။ နောက် အီရန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးလည်း အလည်အပတ် ရောက်နေတယ် ဆိုတော့ ဒါဟာ တိုက်ဆိုင်မှုလို့ပဲ ပြောလို့ရမလား။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာက ဆန့်ကျင်နေတဲ့ လူဆိုးစာရင်းဝင် နိုင်ငံတွေကို ခါးပိုက်ဆောင်ထဲ ထည့်ထားတယ်ဆိုတဲ့ သဘောကို ပြချင်တဲ့သဘောလား။ ဒါမှမဟုတ် အနောက်အုပ်စု ချဉ်းကပ်ပုံနဲ့ တရုတ် ချဉ်းကပ်ပုံတွေက မတူပါဘူး။ ကျနော်တို့အနေနဲ့ ရင်းရင်းနှီးနှီးပေါင်းပြီးတော့ ဖျောင်းဖျယူလို့ ရပါတယ်ဆိုတာကို ပြချင်တယ်ဆိုတဲ့ သဘောလား။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ ရှင်းရှင်းပြောရရင်တော့ တရုတ်က သူပြောချင်တာ ပြောလို့ရတာပေါ့။ ကြည့်ကောင်းအောင် ပြောလို့ရပေမဲ့ ဒါတွေအားလုံးကတော့ သူ့အကျိုးအတွက်ပဲ သူလုပ်တာပါ။ ဥပမာ အီရန်က ဂက်စ်မှာဆိုရင် နံပတ် (၂)။ ရုရှားပြီးလို့ရှိရင်။ အမေရိကန်က ပြောတယ်၊ အီရန်မှာ အရင်းအနှီး လုပ်တဲ့လူတွေကို အရေးယူမယ်ပြောတယ်။ တရုတ်က ရေနံပိုက်ကြီးတခုလုံးကို အီရန်ကနေ သွယ်ထား တယ်။ ဆိုတော့ အမေရိကန်က တရုတ်ကို သွားမပိတ်ပင်ရဲဘူး။ မပိတ်ပင်နိုင်ဘူး။ ဆိုတော့ တရုတ်က အားလုံးက သူ့အကျိုးအတွက်ပဲ။ အီရန်ဆိုလည်း ဂက်စ်၊ ရေနံတွေ ရတယ်။
နောက်တခါ ဥပမာ မြောက်ကိုရီးယားဆိုရင် ရှင်းရှင်းလေး၊ အမေရိကန်ရှိတဲ့ တောင်ဘက်က သူ့ရဲ့ နယ်နိမိတ်မှာ ကပ်တဲ့နိုင်ငံကို သူအထိမခံနိုင်ဘူး။ အဲဒီအတွက် မြောက်ကိုရီးယား ဘယ်လောက်ပဲဆိုးဆိုး နိုင်ငံရေးအရ မြောက်ကိုရီးယားကို ထောက်ခံပေးထားတယ်။ ဆိုတော့ ဒီဟာတွေအားလုံးကို ကြည့်လို့ ရှိရင် သူက သူ့အကျိုးအတွက်ပဲ လုပ်တာ။ သူ့ရဲ့အင်အားကို စီးပွားရေးအင်အား၊ စစ်ရေးအင်အားကို ထူထောင်ပြီးမှ တဖြည်းဖြည်းချင်း ရေရှည်အတွက်ကို လက်ခမောင်းခတ်လာတာ။ ဒါတွေအားလုံးကို ကြည့်လို့ရှိရင် တရုတ်က သူ့အကျိုးစီးပွားအတွက်ကို ရေရှည်ဖြည်းဖြည်းချင်း ဖော်ဆောင်နေတာလို့ မြင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လတ်တလောဖြစ်နေတဲ့ ယူနန်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ ဖြစ်နေတဲ့ ပြဿနာတွေ။ လတ်တလောဖြစ်နေတဲ့ ပြဿနာတွေက တရုတ်နိုင်ငံ အတွက် အရေးမကြီးဘူးလား။ အထူးသဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသအတွင်းမှာ ကချင်တပ်ဖွဲ့၊ ဝတပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တွေ နဲ့ မြန်မာတပ်ဖွဲ့၊ ရှမ်းတပ်ဖွဲ့တွေကြား တင်းမာမှုတွေ ရှိနေတဲ့ဟာက ယူနန်နယ်နိမိတ် အထိ ကူးဆက်လာမယ့် အန္တရာယ်တွေ ရှိနေတယ်ဆိုတော့ ဒါဟာ ရေရှည်ထက်စာရင် လတ်တလော အားဖြင့် ဖြေရှင်းပေးရမယ့်ကိစ္စမျိုး ဖြစ်နေတော့ ဒီကိစ္စတွေအပေါ်ကို တရုတ်အနေနဲ့ ဘာတွေ ပြောလာလိမ့်မယ် ထင်သလဲ။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဒီကိစ္စကတော့ နည်းနည်းသိမ်မွေ့တယ်။ တရုတ်က ဒါကို ခေါင်းကိုက်တဲ့ ပြဿနာ တော့ ရှိတယ်။ ဒါပေမဲ့ ဒီဟာကြီးက ကြီးထွားလာနိုင်တဲ့ ပြဿနာမရှိဘူးလို့ ကျနော်ကတော့ ယူဆတယ်။ မရှိဘူးဆိုတာက ဒီတိုင်းရင်းသား လူမျိုးစုတွေအားလုံးက တရုတ်ကို မှီခိုနေရတယ်။ ဗမာနိုင်ငံက ဗမာ အစိုးရက ဗမာစစ်တပ်က တရုတ်နိုင်ငံကို မှီခိုရသလို စီးပါွးရေးအရ၊ လူမှုရေးအရ အားလုံးကို ကချင် ဖြစ်ဖြစ်၊ ဝဖြစ်ဖြစ် အားလုံးက တရုတ်ကို မှီခိုနေရတယ်။ တရုတ်ရဲ့ သြဇာက အင်မတန်ကြီးပါတယ်။ တရုတ် မဖြစ်စေချင်တာကတော့ ပြည်တွင်းစစ် ပြန်ဖြစ်ပြီး လက်နက်ကိုင် တိုက်တာမျိုး သူတို့ မဖြစ်စေ ချင်ဘူး။ ဒီဟာကို ကစားတဲ့နေရာမှာ ဗမာအစိုးရကလည်း ဗိုလ်ကျတဲ့စိတ်ပါတယ်။ ငါတို့နိုင်တယ်။ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေပါတယ်။ ဆိုတော့ တရုတ်က တခုရှိတယ်။ တရုတ်ကို လေ့လာတဲ့ အခါကျတော့ တရုတ်က ဘာပဲပြောပြော အမေရိကန်နိုင်ငံရဲ့ ဗိုလ်ကျခြင်းကို သူခံရတယ်လို့ ယူဆတဲ့ အတွက် သူက အင်မတန် လိမ်မာတယ်။ ကိုင်တွယ်တဲ့နေရာမှာလည်း အင်မတန်ချိုသာတယ်။
သူ့သြဇာကို သူသုံးပေမဲ့ မင်းတို့ ဒီလိုလုပ်ဆိုတဲ့ အမေရိကန်လို လူပါးဝတဲ့ အကျင့်မျိုး သူတို့မလုပ်ဘူး။ ဒါ ကျနော့်ရဲ့ သုံးသပ်ချက်၊ ကျနော့်ရဲ့တွေ့ရှိချက်ပါ။ ဒါပေမဲ့ တရုတ်က သူ့ရဲ့ အချိုးက ဘာလဲဆိုတော့ လက်နက်ကိုင်တိုက်ပြီး လူတွေ ဖယ်ရှားသွားတာ refugees တွေ သူ့နိုင်ငံ ရောက်သွားမှာကို သူအဖြစ် မခံနိုင်ဘူး။ ဒီဟာကိုတော့ သူ ကိုင်တွယ်စရာ ရှိတယ်။ သူ့ရဲ့ အကျိုးကို လက်တလော ထိခိုက်တယ်ပေါ့။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာ သုံးသပ်သူတွေကြားထဲမှာ တချို့ကလည်း မြန်မာအစိုးရဟာ အစိုးရ အဆက်ဆက်ဟာ တရုတ်အပေါ်မှာပဲ အမြဲတမ်း နိုင်ငံရေးအရ၊ စီးပွားရေးအရ အစစအရာရာ မှီခိုနေကြရ တယ်လို့ သုံးသပ်ချက်ချထားတာရှိတယ်။ ဒါပေမဲ့လည်း တချို့ကတော့ အဲဒီသုံးသပ်ချက် ချထားတယ် ဆိုတာ သိပ်ချဲ့ကားလွန်တယ်။ တကယ်တမ်းကြတော့ မြန်မာအစိုးရ အဆက်ဆက်ဟာ တရုတ်အပေါ်မှာ ဒီလောက်ကြီး မှီခိုနေကြရတာ မဟုတ်ဘူး။ သူ့အတိုင်းအတာအရ သူလုပ်ချင်တာကို လုပ်နေတာတွေ လည်း ရှိပါတယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိနေတယ်။ အဲဒီတော့ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဘိုဘိုကျော်ငြိမ်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်ကတော့ အင်မတန် ကြီးမားတဲ့နိုင်ငံကြီးလည်း ဖြစ်နေတယ်။ ကျနော်တို့ ကံဆိုးတယ်ပဲ ပြောရမလား။ ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ကျနော်တို့က လာပြီးတော့ မိုင်ပေါင်းများစွာ ဆက်စပ်နေရတယ့်အတွက် တရုတ်က ဗမာနိုင်ငံအတွက် အရေးကြီးပါတယ်။ ဒါဟာ ဘယ်အစိုးရပဲဖြစ်ဖြစ် တရုတ်ကို ရှောင်လွှဲလို့ မရဘူး။ ဆိုတော့ တရုတ်ကို ကျနော်တို့က မဆက်ဆံလို့ မရဘူး။ ဆက်ဆံရမယ်။
သို့သော် အခု လက်ရှိအခြေအနေမှာ ကျနော်တို့က မတရားမှီခိုရတာကတော့ နိုင်ငံရေးအရ ပိတ်ဆို့ ခံရတာတွေရှိတယ်။ တွန်းပို့သလို ဖြစ်သွားတယ်။ ဗမာစစ်အစိုးရကလည်း သူတို့ စိတ်ဆိုးလာရင် ကွန်မြူနစ်နဲ့ တိုက်ခဲ့တာတွေကို ပြန် ပြန်ဖော်တယ်လို့ သူတို့ပြောတယ်။ ဗမာအစိုးရက အားလုံးထင်သလို တရုတ်ကို နားထောင်တာ မဟုတ်ဘူး။ သူတို့လုပ်ချင်တာ လုပ်တာတွေရှိတယ်။ ဗမာအစိုးရအနေနဲ့ အခြေအနေအရသော်လည်းကောင်း တရုတ်ကို အားကိုးရပေမယ့် တရုတ်ဆီက ယူစရာတွေ အများကြီး ရှိသလို တရုတ်ကို ကျနော်တို့ အသုံးချနိုင်လို့ရှိရင် ဗမာပြည်အတွက် အကျိုးရှိတာတွေ အများကြီး ရှိတယ်။ သို့သော် မသုံးတတ်ရင်၊ မကိုင်တွယ်တတ်ရင်တော့ ကျနော်တို့ စီးပွားရေးကျွန် ဖြစ်လိမ့်မယ်။ ဒါက ကျနော်တို့အတွက် အန္တရာယ်ရှိတယ်။