သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇေယျာသော် ရဲ့ နိုင်ငံရေး ယုံကြည်ရပ်တည်ချက်


ဇေယျာသော် ရဲ့ နိုင်ငံရေး ယုံကြည်ရပ်တည်ချက်
ဇေယျာသော် ရဲ့ နိုင်ငံရေး ယုံကြည်ရပ်တည်ချက်

ဦးသန်းလွင်ထွန်း ။ ။ လူငယ်တယောက်အနေနဲ့ ကိုယ်ယုံကြည်တဲ့အတိုင်း မှန်တဲ့ဖက်ကနေ ရပ်တည်မယ်။ အမှားအယွင်းတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြမယ်။ နိုင်ငံရေးအတွက် လုပ်စရာရှိတာတွေကို လုပ်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ကော့သောင်းအကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ဟစ်ပ်ဟော့ပ် hip-hop အဆိုတော် ကိုဇေယျာသော် က ပြောဆိုပါတယ်။ Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်အဖွဲ့တခုကို ဦးဆောင်တည်ထောင်ခဲ့မှုနဲ့ ၂၀၀၈ ခုနှစ်က အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ခြောက်နှစ်အချခံခဲ့ရသူ ကိုဇေယျာသော်က ပြီးခဲ့တဲ့ မေလ (၁၇) ရက်နေ့ သမ္မတဦးသိန်းစိန် ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်မလွတ်ခင်အထိ သူပြန်လွတ်ခွင့်ရမယ်ဆိုတာကို အတိအကျမသိခဲ့ရပါဘူးလို့ ဗွီအိုအေ ပြောဆိုခဲ့ပါတယ်။

ကိုဇေယျာသော် ။ ။ မလွတ်ခင်တော့ သတင်းအစအန လုံးဝမကြားပါဘူး။ ကျနော်တို့က တိုက်ထဲမှာ နေရတဲ့ သူတွေ ဖြစ်တဲ့အတွက်ကြောင့် တီဗွီ၊ ရေဒီယို - အက်ဖ်အမ် (FM) တို့ ဘာတို့ နားထောင်လို့ မရတဲ့အတွက် ကြောင့်မို့ သတင်းကြေညာတဲ့အခါမှာလည်း ကျနော်မကြားပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဆိုလိုတဲ့သဘောက ပြီးခဲ့တဲ့ (၃) နှစ်တာ ကာလလုံးလုံး အဲဒီအချိန်မှာ ပြင်ပနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေတယ်ဆိုတဲ့သဘောလား။ အပြင်က အကြောင်းအရာတွေကို ထောင်ဝင်စာတွေ့မှ ကြားသိရတယ်ဆိုတဲ့ သဘောလား။

ကိုဇေယျာသော် ။ ။ အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး။ သတင်းစာ နဲ့ စာနယ်ဇင်းတွေတော့ ဖတ်ရှုခွင့်ရှိပါတယ်။ အဲဒီကနေတော့ သတင်းလေးတွေ သိရပါတယ်။ ဂျာနယ်တို့၊ စာအုပ်စာတမ်းတွေ၊ အစိုးရထုတ်ဝေတဲ့ ပြည်တွင်းဖြစ်သတင်းစာတွေကိုတော့ ဖတ်ရှု့ခွင့်ရပါတယ်။ ကော့သောင်း ဖြစ်နေတဲ့အတွက်ကြောင့် နည်းနည်းတော့ နောက်ကျတယ်။ နှစ်ပတ်နေမှတခါ စုပြီး သတင်းစာတွေ ဖတ်လို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် မေးချင်တာက ကိုဇေယျာသော်အနေနဲ့ ဒီလို ထောင်ချခံခဲ့ရတဲ့ အကြောင်းရင်းက မတရားအသင်း ဖွဲ့စည်းမှု၊ နိုင်ငံခြားငွေကိုင်ဆောင်မှု၊ အဲဒီစွဲချက်တွေတင်ပြီး ထောင်ချခံ ရတယ်။ အဲဒီတော့ အဲဒီ စွဲချက်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ယူဆပါသလား။

ကိုဇေယျာသော် ။ ။ ကျနော်က ဒီနိုင်ငံသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနိုင်ငံရဲ့ ရေးရာကိစ္စ တွေမှာ ပါဝင်ဆောင်ရွက်တာပါ။ ကျနော့်မှာ အပြစ်မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် မေးရတဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုတော့ အထူးသဖြင့် ကိုယ်ယုံကြည်ရာကို လုပ်တဲ့ ကိစ္စ။ ဥပမာ ဗမာပြည်မှာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ်။ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေ ရှိနေတယ်။ အဲဒီတော့ ဒီလို အနေအထားမှာ ကိုဇေယျာသော်အနေနဲ့ ကိုယ့်ကိုကိုယ် အစိုးရက ကန့်သတ်ထားတဲ့ ဥပဒေကြောင်းတွေကို ချိုးဖောက်လိုက်လို့ ပြစ်ဒဏ်ချခံရသူ လူတဦးတယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယူဆသလား။ ကိုယ့်ကိုကိုယ် နိုင်ငံရေးအကျဉ်းသမားတယောက်လို့ ယူဆသလား။ ဒါမှမဟုတ် ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်တဲ့အတွက် ယုံကြည်မှုကြောင့် အကျဉ်းကျခံရသူတယောက်အနေနဲ့ ယူဆသလားဆိုတာကို သိချင်လို့ပါ။

ကိုဇေယျာသော် ။ ။ ပထမဦးဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ကျနော်ဟာ ဒီနိုင်ငံသားတယောက်ဖြစ်တဲ့ အတွက် ကြောင့် နိုင်ငံရဲ့ ရေးရာကိစ္စတွေကို စိတ်ဝင်စားပါတယ်။ ကျနော်တို့ နိုင်ငံမှာ လိုအပ်နေတဲ့ လိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ ပြောင်းလဲသင့်တဲ့ အပြောင်းအလဲတွေ။ ဒါတွေကို ကျနော်တို့က ဝေဖန်ထောက်ပြတာပါ။ ဒါဟာ မိမိရဲ့ ဆန္ဒကို မိမိဖော်ထုတ်တာပါ။ ဒါကိုလည်း အပြစ်တခုလို့ မယူဆသလို။ ကျနော်ကို တရားမဝင် အဖွဲ့အစည်း ဖွဲ့စည်းမှု ပုဒ်မ (၆) နဲ့ တရားစွဲဆိုပါတယ်။ အခု အခြေခံဥပဒေမှာလည်း ပါပါတယ်။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့် ရှိတယ်လို့။ အဲဒီအတွက်ကြောင့် ကျနော်တို့တတွေဟာ ဝါသနာတူရာ လူငယ် အစုအဖွဲ့ ဖွဲ့စည်းပြီး မိမိတို့ ယုံကြည်ရာကို မိမိတို့ ဖော်ထုတ်တဲ့အတွက်ကြောင့်မို့ ဒါကို အပြစ်တခုလို့ မယူဆ ပါဘူး။ ကျနော်ဟာ ကျနော့်ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကို အများပြည်သူတွေ သိရှိလာအောင် ဖော်ထုတ် တာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းသားတဦး အနေနဲ့တော့ မိမိကိုယ်ကို မိမိ ခံယူပေမယ့် အပြစ်ရှိသူတယောက်အနေနဲ့တော့ မခံယူပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီအချိန်တုန်းက Generation Wave အဖွဲ့ ဖွဲ့လို့ဆိုပြီး တရားမဝင် ဖွဲ့စည်းမှု ဥပဒေနဲ့ ငြိစွန်းခဲ့တယ်။ တကယ်တမ်းကြလို့ရှိရင် စစ်ဆေးမေးမြန်းမှုတွေ၊ စစ်ကြောရေးမှာ ခံနေရတဲ့အချိန်တုန်းက ဆိုရင် Generation Wave ရဲ့ လုပ်ရပ်တွေ၊ ရပ်တည်ချက်တွေကို ရှင်းပြနိုင်ခွင့်။ သူတို့တတွေ မေးတဲ့အခါမှာ ပြောပြပိုင်ခွင့်။ ဒါမှမဟုတ်လို့ရှိရင်လည်း တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အခါမှာတွေ ရှင်းပြပိုင်ခွင့်တွေ မရှိခဲ့ ဘူးလား။

ကိုဇေယျာသော် ။ ။ ကျနော်အနေနဲ့ Generation Wave ဆိုတဲ့ အဖွဲ့ကို ဘာကြောင့်မို့ ဖွဲ့စည်းရတယ်။ ဘယ်လိုလုပ်ရပ်တွေ လုပ်ချင်တဲ့အတွက်ကြောင့် ဒီအသင်းအဖွဲ့ကို ဖွဲ့စည်းတယ်။ နောက်တခုအနေနဲ့ ဆက်ပြောရရင် ဘယ်လိုလူစားမျိုးတွေနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းထားတယ်။ ဒါတွေအားလုံးကို ကျနော် ခြေခြေမြစ်မြစ် ရှင်းလင်းပြောပြခဲ့ပါတယ်။ ဒါပေမဲ့လည်း တရားစွဲဆိုသူကလည်း စွဲဆိုပြီး၊ အမိန့်ချမှတ်သူ ကလည်း အမိန့်ချဆိုတယ်။ ပြစ်မှုတခုခုကို ကျူးလွန်တယ်ဆိုတဲ့ပုံစံမျိုး သူတို့တတွေကို ထင်မြင်ယူဆတာကို။ မိမိရဲ့ ဆန္ဒကို မိမိလွတ်လွတ်လပ်လပ် ထုတ်ဖော်တယ်ဆိုတဲ့ အကြောင်းအရာ သူတို့တတွေ သေသေချာချာ နားမလည်ခဲ့ဘူး။ သဘောမပေါက်ဘူးလို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ ဥပဒေချိုးဖောက်မှုနဲ့ ဘာပဲပြောပြော ထောင် (၆) နှစ် ချခံရတယ်။ အဲဒီနေရာမှာ ဒီလို ထောင်ထဲကို ငယ်ရွယ်အချိန်မှာ ခြောက်နှစ်အချခံရပြီး သုံးနှစ်တော့ နေခဲ့ရတယ်။ ဒီလို နေခဲ့ရတဲ့အချိန်ကို လူငယ်တဦးရဲ့ဘဝမှာ လုပ်ကိုင်နိုင်စွမ်းတွေနဲ့ အားမာန်တွေအပြည့်ရှိနေတဲ့ အချိန်တွေကို အဖျက်ခံလိုက်ရ တယ်။ ဒါမှမဟုတ်ရင် အသားလွတ် အချိန်ဖြုန်းခံလိုက်ရတယ်လို့ ယူဆပါသလား။

ကိုဇေယျာသော် ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်တော့မယ်ဆိုရင် ထောင်ထဲကို ရောက်နိုင်ဖို့က အလွန်များပါတယ်။ ဒီလိုမျိုး ထောင်ထဲမှာ နှစ်ဘယ်ရွေ့ဘယ်မျှမှန်း မသိဘဲ အပိတ် အလှောင်ခံရမယ် ဆိုတဲ့အချက်ကို သိရှိနားလည်ပြီး ခံနိုင်ရည်ရှိမယ်လို့ မိမိကိုယ်ကိုမိမိ ယုံကြည်တဲ့ အခါကျမှ ကျနော် နိုင်ငံရေးကို လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့ ကျနော်မှာ ဝမ်းနည်းမှုတော့ ဘာမှ မရှိခဲ့ပါ ဘူး။ ဒါပေမဲ့ ကျနော် စိတ်မကောင်းရှိခဲ့တာ တခုတော့ရှိပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ ကျနော်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မလုပ်နိုင်ခင်မှာ အထိန်းသိမ်းခံလိုက်ရလို့ပါပဲ။ ဒီတခုကိုပဲ ဝမ်းနည်းတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ကိုဇေယျာသော် ပြောတဲ့အထဲမှာ ဗမာနိုင်ငံမှာ နိုင်ငံရေးလုပ်မယ်ဆိုရင် ထောင်ချခံရမယ်ဆိုတာ လူတွေအနေနဲ့ နားလည်ထားပါတယ်ဆိုတော့ ဒီအချက်က မှားယွင်းတဲ့ အယူအဆ တခုဆီကို ဦးတည်မနေဘူးလား။ ဥပမာအားဖြင့်ဆိုရင် လူ့အခွင့်အရေးအကြောင်းတွေကို သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မပြောပြခင်ကာလတွေမှာဆိုရင် လူတယောက်က ရဲစခန်းထဲရောက်သွားရင် အဖမ်းခံရလို့ရှိရင်၊ အရိုက်ခံရမှာပဲ။ ရဲအဖွဲ့ဝင်အနေနဲ့ ရိုက်တယ်ဆိုတာ၊ စစ်ဆေးမေးမြန်းတယ်ဆိုတာ ပုံမှန်ပါပဲလို့ ယူဆထားသလို။ အဲဒီတော့ ဗမာနိုင်ငံသားတွေအနေနဲ့ နိုင်ငံရေးလုပ်လို့ရှိရင် ထောင်ကျမယ် ဆိုတဲ့ အယူအဆသဘောမျိုးကို ပယ်ပျောက်သွားအောင် ဘာတွေများလုပ်သင့်သလဲ။

ကိုဇေယျာသော် ။ ။ ဒီအယူအဆကို ပယ်ပျောက်သွားဖို့ရာ ပထမအရေးကြီးဆုံးကတော့ ကြောက်စိတ်ကို ပယ်ဖျောက်ဖို့ပါပဲ။ ကျနော်တို့ မြန်ုမာနိုင်ငံသားတွေအနေနဲ့ ဒီအယူအဆ စွဲလာတာ နှစ်ပေါင်း (၅၀) နီးပါး ရှိလာပါပြီ။ အဲဒီအတွက်ကြောင့်မို့ ချက်ချင်းလက်ငင်းကြီး ပယ်ပျောက်သွားဖို့ကတော့ နည်းနည်း ခက်ခဲပါ တယ်။ ဒါပေမဲ့ အခုလက်ရှိ မြန်မာ့အခြေအနေအရ၊ ကမ္ဘာ့အခြေအနေအရ အရာအားလုံးဟာ ပြောင်းလဲနေ ပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်မယ်ဆိုရင်တော့ မိမိရဲ့ အယူအဆ၊ မိမိရဲ့ ရပ်တည်ချက်၊ မိမိရဲ့ ယုံကြည်ချက် ဒါတွေကို လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့် ပေးရမှာလည်း ဖြစ်ပါတယ်။ ဒါအပြင် လူတဦးရဲ့ မွေးရာပါ အခွင့်အရေးဆိုတာကိုလည်း ပြည်သူအားလုံး နားလည်သဘောပေါက်အောင် ကျနော်တို့ အဓိက ထားပြီး ရှင်းလင်းပြောပြရမယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လူနည်းစုကပဲ ဒီလို နိုင်ငံရေးဆိုတဲ့ သတ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေမှာ ဝင်ပြီးပါနေတယ်ဆိုလို့ရှိရင်တော့ တဘက်ကသူတွေအနေနဲ့လည်း ထောင်ထဲထည့်ဖို့ ဖမ်းဖို့၊ လောက်တောင် မလောက်ဘူးလို့ ပြောရမယ့်ပုံစံမျိုး ဖြစ်နေတာပေါ့။ ဒါ ပြည်သူတွေ တရပ်လုံးအနေနဲ့ ကိုယ့်ယုံကြည်ရာတွေ ကို ဖော်ပြခွင့်၊ ထုတ်ဖော်ခွင့်တွေအနေနဲ့ ဒါတွေကို ယုံယုံကြည်ကြည်နဲ့ အားလုံးဝိုင်းဝန်းပြီး လုပ်ဖို့ဆိုတာ အရေးကြီးတယ်လို့ ယူဆရမယ့်သဘောပေ့ါ။

ကိုဇေယျာသော် ။ ။ ဟုတ်ပါတယ်။ ပြည်သူတွေမှာ မိမိကိုယ်တိုင်မိမိ မသိနိုင်သေးတဲ့ စွမ်းအားတွေ ရှိနေပါ တယ်။ ဒီစွမ်းအားတွေကတော့ ပြည်သူတွေအားလုံးရဲ့ စည်းလုံးမှု၊ စုစည်းမှုပါ။ ဒီ စည်းလုံးမှု၊ စုစည်းမှုသာ ရှိခဲ့မယ်ဆိုရင် မိမိလိုချင်တဲ့ အကြောင်းအရာတွေ၊ မိမိလိုချင်တဲ့အချက်တွေ၊ မိမိဖြစ်စေချင်တဲ့ဘဝတွေ။ ဒီလိုမျိုး အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်တယ်ဆိုတာ ပြည်သူတွေရင်ထဲမှာ ကိန်းအောင်းလာအောင် လုပ်ဖို့က ကျနော်တို့တွေရဲ့ တာဝန်လို့ ကျနော်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကိုဇေယျာသော် ကိုယ်တိုင်ကလည်း လူငယ်တဦးဆိုတော့ အထူးသဖြင့် လူငယ်တွေ ကြားထဲမှာ ခေတ်စားတဲ့ hip-hop တေးဂီတနဲ့ အင်မတန်ကို ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်တဦးဆိုတော့ လူငယ် တွေအနေနဲ့ ဒီလို တေးဂီတတွေနဲ့ ရေစီးကြောင်းတွေမှာပဲ မျောနေပြီးတော့ အထူးသဖြင့် နိုင်ငံရေးဆိုတာ လူ့တချို့ပဲ လုပ်ရမယ့် ကိစ္စတရပ်အဖြစ် သီးသန့်ယူဆထားပြီ။ ဒီကိစ္စတွေမှာ ငါတို့ မပါချင်ပါဘူးကွာ။ ကိုယ့်ဘာသာ ပျော်ပျော်ပါးပါးပဲ နေကြတာပေါ့ဆိုတဲ့ အယူအဆတွေ ရှိနေတာက ဗမာပြည်က လူငယ်တွေ ကြားမှာ အများစုဆိုတာကိုကော သတိထားမိပါသလား။

ကိုဇေယျာသော် ။ ။ ကျနော် သတိထားမိပါတယ်။ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာကလည်း ကျနော် အစက ပြောခဲ့သလိုပါပဲ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးလုပ်မယ်ဆိုရင် ရာခိုင်နှုန်းတော်တော်များများ အကျဉ်းထောင် တွေထဲကို ရောက်ရောက်သွားတာလည်း ဖြစ်နေကြတယ်။ ဒါပေမဲ့ ကျနော် ယုံကြည်တဲ့အချက်တချက်တော့ ရှိပါတယ်။ လူငယ်ဆိုတာ မတရားတာတွေ့ရင် ငုံ့မခံတတ်ပါဘူး။ မမှန်တာတွေ့ရင် လက်မခံတတ်ပါဘူး။ ဒီလို စိတ်ဓါတ်ကတော့ ဘယ်နိုင်ငံ၊ ဘယ်တိုင်းပြည်၊ ဘယ်အစိုးရ၊ ဘယ်လိုအာဏာရှင်မျိုး အုပ်ချုပ်နေပါစေ ဒါကတော့ မပြောင်းလဲတဲ့ လူငယ်စိတ်ဓါတ်လို့ ထင်ပါတယ်။ ဒီလူငယ်တွေရဲ့ စိတ်ဓါတ်ကို စစ်မှန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီး စစ်မှန်တဲ့ ဖော်ထုတ်မှုတွေ၊ ဖြစ်ပေါ်လာအောင် ကျနော်တို့က ကြိုးစားပေးရ မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကိုဇေယျာသော် က နိုင်ငံရေးလုပ်တယ်ဆိုတဲ့အကြောင်းကို တော်တော်လေး ပြောပါ တယ်။ ကိုဇေယျာသော် ပြောတဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာက ဘယ်လိုအချက်ကို ပြောချင်တာလဲ။ ဥပမာ အားဖြင့် နိုင်ငံရေးပါတီဝင်တာလား။ ရွေးကောက်ပွဲမှာ ဝင်ပြီးတော့ နိုင်ငံတော်အာဏာကိုယူပြီး ကြိုးစား မှာလား။ ဒီ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ အချက်ကလေးကို ကိုဇေယျာသော်ရဲ့ အယူအဆလေးကို တချက်လောက် ပြောပြပါ။

ကိုဇေယျာသော် ။ ။ ကျနော်တဦးတည်းရဲ့ စိတ်ဆန္ဒအရပြောရမယ်ဆိုရင် နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲဝင်မှ နိုင်ငံရေးလုပ်တယ်လို့ မထင်ပါဘူး။ နိုင်ငံရေးရာကိစ္စတွေကို အမြဲတမ်း ဝေဖန်ထောက်ပြ နေဖို့လည်း အရေးကြီးသလို၊ နိုင်ငံတော်မှာ အမှန်တကယ် လိုအပ်နေတဲ့ အဖြစ်အပျက်၊ အချက်အလက်တွေ ကိုလည်း ဝေဖန်ထောက်ပြဖို့လည်း အရေးကြီးပါတယ်။ အတိုက်အခံဆိုတဲ့သဘောမျိုး မဟုတ်ပေမဲ့ လိုအပ် နေတဲ့ အချက်အလက်တွေကို ကျနော်တို့တွေက မဖော်ထုတ်ဘူးဆိုရင် ဘယ်အရာတွေက လိုအပ်တယ်။ ဘယ်အရာတွေက မလိုအပ်ဘူးဆိုတာ ဘယ်သူတွေကများ ခွဲခွဲခြားခြား နားလည်နိုင်ကြမလဲ။ အဲဒါကြောင့်မို့ ကျနော်က လိုအပ်တဲ့အချက်တွေကို ဝေဖန်ထောက်ပြဖို့ အဓိကအနေနဲ့ လုပ်ချင်တာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လူငယ်တဦးပီပီ မှန်တာတွေကိုပြောမယ်။ မှားတာတွေကို ထောက်ပြမယ်။ နောက်ပြီးတော့ ဆန့်ကျင်သွားမယ်ဆိုတဲ့ သဘောပေါ့။

ကိုဇေယျာသော် ။ ။ ဟုတ်ပါတယ်။ ကျနော်ပြောခဲ့ဖူးတဲ့ လူငယ်ရဲ့စိတ်ဓါတ်၊ လူငယ်ရဲ့ဇွဲ၊ လူငယ်ရဲ့သတ္တိ။ ဒီဟာတွေကိုပဲ ကျနော်တို့ အားကိုးရမှာပေါ့။ ကျနော်ကိုယ်တိုင်လည်း လူငယ်တယောက်ဖြစ်နေသေးတာကို။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကိုဇေယျာသော်တို့ လုပ်နေတဲ့ hip-hop တေးဂီတတွေက လူငယ်တွေကြားမှာ ဘယ်လောက်အထိ လွှမ်းမိုးလာနိုင်မယ်လို့ ယူဆသလဲ။

ကိုဇေယျာသော် ။ ။ hip-hop ဂီတမှ မဟုတ်ပါဘူး၊ ဂီတအမျိုးအစားအများစုဟာ လူငယ်တွေအပေါ်ကို လွှမ်းမိုးနိုင်ပါတယ်။ အဓိကကတော့ လူငယ်တွေရဲ့ ရင်ထဲမှာဖြစ်နေတဲ့ ခံစားချက်တွေ၊ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ ဒါတွေကို တထပ်တည်းကျအောင် ဖော်ထုတ်နိုင်မယ်ဆိုရင် ဒီဂီတ၊ ဘာဂီတ အမျိုးအစားပဲဖြစ်ဖြစ် ဒီဂီတ၊ သီချင်း၊ သံစဉ်တွေက လူငယ်တွေရဲ့ ရင်ထဲကို စီးဆင်းသွားမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ထောင်ထဲမှာရှိနေတုန်းကဆိုရင် ဒီလို သီချင်းတွေ ရေးဖြစ်ခဲ့ရဲ့လား။

ကိုဇေယျာသော် ။ ။ ကျနော်တို့ ထောင်ထဲမှာ ရှိနေစဉ်ကာလက အကျဉ်းသားတွေက စာရွက်တွေ၊ ဘော်ပင်တွေ ကိုင်ဆောင်ခွင့် မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ မိမိရဲ့ ခံစားမှုတွေ၊ ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့ အခါမှာ စိတ်ကူးထဲမှာ တေးမှတ်ထားတဲ့ စကားလုံးတွေ၊ သံစဉ်လေးတွေ ဒါလေးတွေတော့ ရှိပါတယ်။ ချပြဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်မှာတော့ ကျနော်ချပြသွားမှာပါ။ ဂီတဆိုတာ ကျနော်ရဲ့ ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေလိုပါပဲ။ အမြဲလည်ပတ်နေတာပါ။ ဂီတကို ဖန်တီးချင်လောက်အောင် ကိုယ့်ရဲ့ စိတ်သဏ္ဍာန်နဲ့ လာရောက်ရိုက်ခတ်လာမယ်ဆိုလို့ရှိရင်တော့ ဂီတကို ဖန်တီးဖြစ်မှာပါ။ ပရိသတ်ရှေ့ကို ချပြခွင့်ရခြင်း၊ မရခြင်းကတော့ ကျနော်အနေနဲ့ အခုအချိန်အထိ တိတိကျကျ မပြောနိုင်သေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ Generation Wave တည်ထောင်ခဲ့သူဖြစ်တဲ့ ဟစ်ပ်ဟော့ အဆိုတော် ဇေယျာသော် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG