သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ နဲ့ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ တာဝန်


မြန်မာအစိုးရ နဲ့ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ တာဝန်
မြန်မာအစိုးရ နဲ့ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ တာဝန်

လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ မြန်မာနိုင်ငံက အခု အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ တင်ပြသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အာရှဒေသနဲ့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးတွေကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့မသွား သေးတဲ့အပြင် ပွင့်လင်းမြင်သာတာနဲ့ အစိုးရအဖွဲ့လည်း မရှိသေးတာမို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုနေ ကြပါတယ်။ မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေး အခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ သတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်း ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေး သုံးသပ်ထား ပါတယ်။

ဦးဇင်လင်း ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအရပ်ရပ် အခြေအနေတွေကလည်း ပြည်တွင်း ပြည်ပအားလုံး သိကြတဲ့အတိုင်းပါပဲ၊ နိုင်ငံရေးအပြောင်းအလဲက တကယ်မှ ဖြစ်မှမဖြစ်ဘဲကို။ အဲဒီအခါကျတော့ နိုင်ငံရေးအပြောင်းအလဲ တကယ်မလုပ်ဘဲနဲ့တော့ အာဆီယံမှာ ဥက္ကဋ္ဌတာဝန်ယူဖို့ ကိစ္စဟာ ကျနော်ကတော့ ဖြစ်နိုင်ခြေအတော်နည်းတယ်လို့ သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော်ဖြတ်ပြီး မေးချင်တာက ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလကပဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးတော့ အရပ်သားအစိုးရအဖြစ် ပေါ်ထွက်လာခဲ့တယ်။ အဲဒီဖြစ်လာတဲ့ အရပ်သားအစိုးရဆိုတာကို အာဆီယံအဖွဲ့ထဲမှာရှိနေတဲ့ နိုင်ငံတွေက ဘယ်လိုသဘောထား ရှုမြင်ကြတယ် ဆိုတဲ့အချက်က အရေးကြီးမယ်ထင်ပါတယ်။ ဘယ်နိုင်ငံတွေက ဘယ်လိုသဘောထားရှိသလဲ။ ဒါကို ဗမာ ပြည်တွင်းမှာ နိုင်ငံရေးအပြောင်းအလဲတခုအဖြစ် မြင်တဲ့နိုင်ငံတွေ ရှိနေသလားဆိုတာကို တချက်လေးရှင်းပြပါ။

ဦးဇင်လင်း ။ ။ ကျနော်တို့ ဗမာပြည် လက်ရှိအခင်းအကျင်းပေါ်မှာ နိုင်ငံရေးအပြောင်းအလဲပဲလို့ ဒီဥစ္စာကို ယူဆတယ်လို့ ပြောလို့မရဘူး။ သို့သော်လည်း သူတို့ အကြောင်းအားလျော်စွာ ဒီဥစ္စာကို ရေလိုက်ငါးလိုက် အသိအမှတ်ပြုတဲ့နိုင်ငံမျိုးလို့ ပြောရမယ်ထင်တယ်။ ဒါကတော့ သူတို့နဲ့ တလှေထဲစီး တခရီးတည်းသွားလို့ ပြောရမယ့်နိုင်ငံမျိုးတွေ လားအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်တို့ - ဒီနိုင်ငံတွေကတော့ ဘာမှ စဉ်းစားမနေဘဲနဲ့ ဒီအပြောင်းအလဲကို ကြိုဆိုတာ တွေ့ရတယ်။ ဒီအပေါ်မှာ အပြောင်းအလဲ သာမန်ကြည့်ရင် အပြောင်းအလဲလို့ ယူဆသော်လည်း အနှစ်သာရအားဖြင့် သူတို့ထင်တိုင်း မဟုတ်ဘူးဆိုတဲ့ သဘောမျိုး၊ ဒီလို သုံးသပ်တဲ့ နိုင်ငံ တွေအနေနဲ့ ပြောရရင်တော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်းအပါအဝင် ဒီနိုင်ငံတွေက အဲဒီလို သုံးသပ်တယ်လို့ ကျနော်တို့ ပြောရမှာဖြစ်တယ်။ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲဟာ တကယ်အပြောင်းအလဲ မဟုတ် သေးဘူး။ ဒါစံချိန်စံညွှန်းအရ လိုသေးတယ်လို့ ဆိုပြီးတော့ အမြဲတမ်း မြန်မာနိုင်ငံကို သတိပေးနှိုးဆောင်နေတဲ့ လက်ရှိအခြေအနေတွေကို လက်မခံနိုင်တဲ့ နိုင်ငံတွေကို ပြောပါဆိုရင် လက်ရှိ အာဆီယံဥက္ကဋ္ဌ တာဝန် ယူထားတဲ့ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတော့ အမြဲတမ်းလိုလို မြန်မာကို ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြနေတာ ကျနော်တို့ တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဆိုလိုတဲ့သဘောကတော့ အာဆီယံအဖွဲ့ကြီးအတွင်းမှာကို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သဘောတရားတွေ အမျိုးမျိုးကွဲနေတယ်ဆိုတော့ အခုလက်ရှိအချိန်မှာ မြန်မာနိုင်ငံကိုယ်တိုင်က ၂၀၁၄ ခုနှစ်မှာ ဒီ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူချင်ပါတယ်။ အလားတူပဲ တကယ်တမ်း တာဝန်ယူရမယ့် နိုင်ငံက တကယ်တမ်းကြတော့ ၂၀၁၄ ခုနှစ်မှာ တာဝန်ကျမှာ လောနိုင်ငံပါ။ ဒါပေမဲ့လည်း လောနိုင်ငံကလည်း ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံအတွက် နေရာဖယ်ပေးဆိုတဲ့သဘောရှိနေပါတယ်။ အဲဒီလိုသာ မြန်မာနိုင်ငံဘက်ကနေပြီ လိုလိုလားလား သူရှိရမယ့်တာဝန်တခုကို ယူချင်ပါပြီဆိုလိုရှိရင် အဖွဲ့ထဲမှာ လက်ခံပေးရမယ်ဆိုတဲ့ ပုံစံပဲ ဖြစ်နေတယ် မဟုတ်ဘူးလား။

ဦးဇင်လင်း ။ ။ ဒါက အာဆီယံအဖွဲ့က သူတို့ဟာသူတို့ ဒီဥစ္စာကို အသိအမှတ်ပြုလိုက်ရုံ လွယ်လွယ်ကူကူ အဖွဲ့အတွင်းမှာ ဆုံးဖြတ်ပြီး၊ အဖွဲ့အတွင်းမှာ သဘောတရားတရပ် ချမှတ်လိုက်ရုံမရဘူး။ ဘာကြောင့်လဲ ဆိုတော့ အာဆီယံအဖွဲ့ကြီးရဲ့ ဆွေးနွေးမယ့် ASEAN Partners တွေ ရှိသေးတယ်။ အဲဒီအထဲမှာ အနောက် နိုင်ငံတွေက အများကြီးပါဝင်နေတယ်။ အဲဒီအထဲမှာ သြဇာသက်ရောက်မှု ကြီးတာက အမေရိကန် ပြည်ထောင်စုရဲ့ သြဇာသက်ရောက်မှုကကြီးတယ်။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုက သူတို့သဘောထား တရပ်ကို သူတို့နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်ကပဲ ပြောပြီးပြီ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ယူနိုင်လောက်တဲ့ သူ့ရဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေ မရှိဘူး။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဘာမှမဖြစ်သေးဘူး။ ဒါကြောင့်မို့လို့ အမေရိကန်အနေနဲ့ ဒါကို လက်ခံမှာမဟုတ်ဘူး။ မြန်မာနိုင်ငံကို အစည်းအဝေးတွေလုပ်ရင် တက်မှာမဟုတ်ဘူးဆိုတဲ့ သဘောထားမျိုး ပြောသွားတာ ကျနော်တို့ သတင်းမှာ တွေ့လိုက်တယ်။ အဲဒီအခါကြတော့ အာဆီယံအနေနဲ့ တော်တော်ကို အပြင်းအထန် brainstorming လုပ်ရမှာ။ သုံးသပ်ရမှာဖြစ်တယ်။ လွယ်လွယ်ကူကူနဲ့ သူတို့အဖွဲ့အတွင်းမှာ မြန်မာကို အချင်းချင်းဆိုပြီး ကြည့်လုပ်လာပါဆိုပြီး အာဆီယံအစည်းအဝေးအတွင်းမှာ ဒီလိုလုပ်လိုက်ပါဆိုပြီး လုပ်လိုက်လို့မရဘူးလို့ အဲဒီလို သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ရဲ့ အခုလိုထောက်ပြလာမှုက တော်တော်ကြီး သူတို့ကို အကျပ်အတည်းတခုဖြစ်စေတယ်လို့ ယူဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ၂၀၀၆ ခုနှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၆ ခုနှစ်တုန်းကဆိုရင် အခြေအနေက ပိုပြီပြတ်သားပါတယ်။ အဲဒီအချိန်က စစ်အစိုးရက စစ်တပ်အုပ်ချုပ်ရေးနဲ့ တာဝန်ယူထားတဲ့အချိန်၊ မြန်မာနိုင်ငံအတွင်းမှာ ပြတ်ပြတ်သားသား စစ်အုပ်ချုပ်ရေးအောက်မှာရှိနေတဲ့ နိုင်ငံတခု အနေအထားမှာရှိနေတယ်။ ဒါတောင်မှ အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံကို တာဝန်မယူပါနဲ့ ဆိုတဲ့ ဆုံးဖြတ်လိုက်တာ မဟုတ်ဘဲနဲ့ မြန်မာစစ်အစိုးရကနေ သူတို့ပါသူတို့ ပြည်တွင်းအခြေအနေအရ နောက်ဆုတ်ပေးထားပါတယ်ဆိုတဲ့ ပုံစံမျိုးလုပ်ခဲ့ရတယ်။ အခု ဒီအချိန်မှာ မြန်မာအစိုးရဘက်က ဒီလို ကျနော်တို့ လုပ်နိုင်ပါပြီဆိုတဲ့ ပုံစံမျိုး အတင်းအကျပ် ပြောလာလို့ရှိရင် အာဆီယံအနေနဲ့ အတော်လေး အခက်အခဲတွေ့မယ့် သဘောရှိနေသလား။

ဦးဇင်လင်း ။ ။ စံချိန်စံညွှန်းတွေ မပြည့်ဘဲနဲ့ အာဆီယံနိုင်ငံတွေက လက်ခံလိမ့်မယ်လို့ ကျနော်မထင်ဘူး။ အခုလည်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ လေသံကို နားထောင်ကြည့်ရတာကတော့ အင်ဒိုနီးရှား ကတော့ မဖြစ်နိုင်သေးဘူးလို့ ဒီလိုသုံးသပ်ထားတယ်လို့ တွေ့တယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြောတဲ့ စကားအသွားအလာတွေကို ကြည့်လို့ရှိရင် ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌတာဝန်ပေးလို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အယူအဆမျိုးတွေ့ရတယ်။ ဒါကြောင့်လည်း သူက မြန်မာနိုင်ငံကို အာဆီယံက လေ့လာရေး mission တဖွဲ့ လွှတ်ပြီးတော့ မြန်မာနိုင်ငံမှာ လုံလောက်တဲ့ အချက်အလက်တွေ၊ အရည်အချင်း တွေ ရှိလားဆိုတာကို သူတို့ အရင်ဆုံး လေ့လာပြီမှ ဒီကိစ္စကို အာဆီယံအဖွဲ့ထဲမှာ ပြန်ပြီး သုံးသပ်ကြမယ် ဆိုတာကို တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ စံချိန်စံညွှန်းဆိုတာတွေကို တချက်လောက် ပြန်ရှင်းပြပါ။ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ရမယ်ဆိုလို့ရှိရင် ဘယ်လို စံချိန်စံညွှန်းရှိရမယ်ဆိုတဲ့ တကယ်ကို သတ်မှတ်ချက်တခု ရှိနေလို့လား။

ဦးဇင်လင်း ။ ။ အဓိကတော့ ပြည်တွင်းပဋိပက္ခတွေ နည်းရမှာပဲ။ ပြည်တွင်းငြိမ်းချမ်းရေး။ ပြည်တွင်းစစ်ရှိနေတဲ့ နိုင်ငံမျိုးဆိုလို့ရှိရင် ဒေသတည်ငြိမ်ရေးမှာ အများကြီး ပြဿနာရှိတယ်။ အဲဒီတော့ အာဆီယံ (၁၀) နိုင်ငံကို ခြုံကြည့်လိုက်ရင် ပြည်တွင်းစစ်တလျှောက်လုံးဖြစ်နေတာ မြန်မာနိုင်ငံပဲ ဖြစ်နေတယ်။ အဲဒါအပြင် မြန်မာနိုင်ငံ ကနေ ပေါ်ထွက်လာတဲ့ ပြဿနာအရပ်ရပ်ကလည်း ဒီဘက်က အိမ်နီးချင်းနိုင်ငံတွေ ထိုင်း၊ မလေးရှား တို့မကဘူး တခြားနိုင်ငံတွေ အင်ဒိုနီးရှားတို့အထိ ပြန့်နံှပြီးတော့ ဒီ ဒဏ်တွေခံရတာရှိတယ်။ အထူးသဖြင့် ကတော့ Migrant workers တွေ ပြဿနာတွေ။ တခြား ရောဂါဘယပြဿာနာတွေ။ crime ကိစ္စတွေနဲ့ ဒီလိုဟာတွေ အများကြီးဖြစ်လာတာတွေ ရှိတယ်။ အာဆီယံရည်မှန်းချက်ကလည်း ၂၀၁၅ ခုနှစ်မှာ ဥရောပကို နမူနာယူပြီတော့ အာဆီယံကွန်မြူနီတီ (ASEAN Community) AC လုပ်ဖို့ အဲဒီရည်မှန်းချက်လည်းရှိတယ်။

အဲဒီအတွက်လည်း စီးပွားရေးအရ၊ နိုင်ငံရေးအရ တည်ငြိမ်မှုအားလုံး အဲဒါတွေအားလုံး ကြိုတင်ပြင်ဆင် ထားရမှာ ဖြစ်တယ်။ ဗမာပြည်မှာက ပြည်တွင်းစစ်က ဖြစ်နေသေးတဲ့အပြင် နိုင်ငံရေးအရလည်း ကနေ့အထိ အမျိုးသားပြန်လည်သင့်မြတ်ရေး မရသေးဘဲနဲ့ အကွဲကွဲအပြဲပြဲ ဖြစ်နေသေးတယ်။ အထူးသဖြင့် တိုင်းရင်းသား တွေကို စစ်ဆင်နေတဲ့ ပြဿနာကတော်တော်ကြီးတယ်။ ဒီလို အခြေအနေတွေအောက်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူဖို့ဆိုတာ မလွယ်ဘူးလို့ ယူဆတယ်။ အဲဒါအပြင် နောက်တချက် အရေးကြီးတာက မြန်မာနိုင်ငံ ထောင်ထဲမှာက အတိုက်အခံနိုင်ငံရေးသမားတွေ ၂၀၀၀ ကျော်လောက် ဖမ်းဆီးထိန်းသိမ်းထားတာက နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကြည့်ရင် အလွန်အရုပ်ဆိုး အကြည်တန်တဲ့အချက် ဖြစ်တယ်။ နောက်တခါ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်လို့ ပြောသောငြားလည်း သူတို့ပါလီမန်အတွင်းမှာ ကျနော်တို့ သတင်းသမား တွေကို ဝင်ခွင့်မပေးတာ၊ သတင်းစာလွတ်လပ်ခွင့်ဟာ စံချိန်စံညွှန်းတွေ မပြည့်မီတာ။ ဒီအချက်တွေက အကြမ်းဖျင်း မြင်သာထင်သာတဲ့ အချက်အလက်တွေ။ ဒီလိုအခြေအနေ အခင်းအကျင်းတွေအောက်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ဆိုတာ တော်တော်ကို အာဆီယံဂုဏ်သိက္ခာ ထိခိုက်မယ့် အနေအထားမျိုးလို့ ပြောရမှာပဲ။

ဦးသန်းလွင်ထွန်း ။ ။ အကယ်၍များ မြန်မာအစိုးရကနေပြီတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့မယ်ဆိုရင်။ နောက်တခု တွေ့စရာတခုက အာဆီယံတွင် အဖွဲ့ဝင်အဖြစ်မကဘဲ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူလာပြီဆိုရင် စောစောက ပြောခဲ့တဲ့ စံချိန်စံညွှန်းတွေ အပေါ်မှာ တာဝန်ခံရမယ့် အနေအထားကလည်း ပိုကြီးလာတယ်ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ ဒီလိုတွေ တာဝန်တွေခံရမယ့် အနေမျိုးတွေ ရှိလာနိုင်တဲ့အတွက် ပိုပြီးတော့ ကောင်းလာနိုင်မယ့်အနေအထား မရှိဘူး လား။ ကျနော်ဆိုချင်တဲ့သဘောကတော့ ဒီလို ဥက္ကဋ္ဌ တာဝန်ကို ယူလိုက်ရတဲ့အတွက်ကြောင့် ပြည်တွင်းမှာ ရှိတဲ့ စံချိန်စံညွှန်းတွေကို ကိုယ့်ဘာသာကိုယ် ဂရုစိုက်လာမယ်၊ ပြုပြင်လာမယ့် သဘောတွေ ရှိမလာနိုင် ဘူးလား။

ဦးဇင်လင်း ။ ။ ယေဘုယျ ကြည့်ရင်တော့ အဲဒီလို ထင်မြင်ယူဆစရာ ရှိတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေက ကိုယ့်ဝမ်းနာကိုယ်သိ ဆိုတဲ့သဘော။ သူတို့ အစိုးရ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ ကိုက အချင်းချင်းကြားမှာ သဟဇာတဖြစ်ပုံမရဘူး။ အခု သမ္မတကြီးဦးသိန်းစိန် က သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ good governance ထူထောင်ချင်တယ်လို့ ပြောနေသော်ငြားလည်း ဆိုလိုတာက အာဏာ ချိန်ခွင်လျှာ လွန်ဆွဲမှုကလည်း ကြီးတယ်။ အခု သမ္မတ (၃) ယောက်မှာ ဒုတိယသမ္မတ (၂) ယောက် မှာ ဦးတင်အောင်မြင့်ဦး က သမ္မတကြီးဦးသိန်းစိန် နဲ့ သဟဇာတ သိပ်ဖြစ်ပုံမျိုး မတွေ့ရဘူး။ အဲဒီအခါကြတော့ ဒီလို corruption တွေဖြစ်တဲ့ကိစ္စမှာ အရေးယူဖို့၊ စုံစမ်းဖို့ ဆိုတဲ့ကိစ္စမျိုးတွေမှာ သူတို့ကြားမှာ ပဋိပက္ခ သဘောထား ကွဲလွဲမှုတွေ ရှိလာတယ်လို့ ကျနော်တို့ သူတို့အတွင်း သတင်းတွေအရ ထွက်လာတာကို ကျနော်တို့ သိရတယ်။ အဲဒီအခါကြတော့ အဲဒီလို corruption ကိုတောင် မတိုက်ဖျက်နိုင်တဲ့ အစိုးရတရပ်အ နေနဲ့ အာဆီယံလို အင်မတန် တာဝန်ကြီးတဲ့တခုမှာ တာဝန်ယူဖို့ဆိုတာက အတော်ကို အလှမ်းကွာတယ်၊ အလှမ်းဝေးတယ်လို့ ထင်တယ်။ ဆိုလိုတာက မိမိမှာ အရည်အချင်း လုံးဝဘာမှ မရှိဘဲနဲ့ မနိုင်တဲ့ဝန်ကြီးကို ထမ်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့ အာဆီယံကလည်း ထမ်းခွင့်ပေးမှာ မဟုတ်ဘူး။ သူတို့လည်း တကယ် နှစ်ကာလ အပိုင်းအခြားအတွင်းမှာ သူတို့ကိုသူတို့ အဲဒီလောက် အရည်အချင်းရှိအောင် ပြုပြင်ပြောင်းလဲနိုင် လိမ့်မယ်လို့ ကျနော်ကတော့ မထင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ ဒီလို ပြည်တွင်းမှာ ကိုယ့်အရှုပ်အထွေးတွေကို မရှင်းနိုင်သေးဘူးဆိုရင် အာဆီယံအဖွဲ့ကြီးအနေနဲ့ တကယ်တမ်းကြလို့ရှိရင် အခု အင်ဒိုနီးရှားပြီးရင် အင်ဒိုနီးရှားနဲ့ အပြောင်းအလဲ လုပ်ထားတဲ့ ဘရူးနိုင်း။ ဘရူးနိုင်းပြီးမှ လောနိုင်ငံ။ လောနိုင်ငံပြီးရင် မြန်မာအစိုးရကပြောနေတာက လောနိုင်ငံရဲ့ နေရာ ၂၀၁၄ ခုနှစ်ကို ယူမယ်လို့ပြောနေတာ။ တကယ်တမ်းကြရင် လောနိုင်ငံပြီးရင် မလေးရှား။ မလေးရှားပြီးမှ မြန်မာဆိုတော့ ၂၀၁၆ ခုနှစ်ကျမှ သူအလှည့်ကျမှာပါ။ အဲဒီနှစ်ကျမှ ယူပါဆိုတဲ့သဘောမျိုး ရှဉ်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် ပြန်စီစဉ်မယ်ဆိုတဲ့ အလားအလာ ကော မြင်ရဲ့လား။

ဦးဇင်လင်း ။ ။ ကျနော်ကတော့ အဲဒီဘက်က ပိုပြီး တိမ်းညွှတ်တယ်လို့ ယူဆပါတယ်။ ဒီကနေ မြန်မာနိုင်ငံ အပေါ်မှာ သူတို့ အခြေအနေ တစုံတရာအရ ထိန်းထိန်းသိမ်းသိမ်းနဲ့ တွဲခေါ်နေပေမဲ့လည်း အဲဒီလောက် တာဝန်ကြီးတဲ့၊ တာဝန်ခံရမယ့် မြင်သာထင်သာလည်း ရှိရမယ်။ တာဝန်လည်းခံရမယ်ဆိုတဲ့ ကိစ္စမျိုးမှာတော့ မြန်မာနိုင်ငံကို ဒီအခြေအနေလောက်နဲ့ တာဝန်လွှဲမပေးရဲလောက်ဘူးလို့ အဲဒီလို သုံးသပ်တယ်။ ဒါကြောင့် အခုန ဦးသန်းလွင်ထွန်း ပြောသလို ၂၀၁၆ ခုနှစ်လောက်ကို ရွေ့သွားနိုင်တယ်။ ၂၀၁၆ ရောက်ရင်တောင်မှ အခင်းအကျင်းတွေ မပြောင်းလဲဘဲ ဒီအတိုင်းဆက်ရှိနေလို့ရှိရင် အဲဒီအထိတောင်မှ ဟိုဘက်မှာဆက်ပြီးတော့ လွယ်ကောင်းမှ လွယ်လိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပရောက်မြန်မာသတင်းသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်း ကို ဆက်သွယ်မေးမြန်း ထားတာပါ။

XS
SM
MD
LG