သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းရဲ့ နိုင်ငံရေးအမြင် နဲ့ မျော်လင့်ချက် (၂)


လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းရဲ့ နိုင်ငံရေးအမြင် နဲ့ မျော်လင့်ချက် (၂)
လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းရဲ့ နိုင်ငံရေးအမြင် နဲ့ မျော်လင့်ချက် (၂)

ပြီးခဲ့တဲ့အပတ် ဆွေးနွေးပွဲအဆက် - မြန်မာနိုင်ငံမှာ အနှစ် (၂၀) ကျော်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပ ခဲ့တဲ့ ပါတီစုံ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေဟာ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီအကြား ဇာတ်တိုက်ထားတဲ့ စင်တင်ပြဇာတ်တခုကို ကြည့်ခဲ့ရသလိုပါပဲလို့ ဝေဖန်သူတွေ ရှိခဲ့ပေမဲ့ အနည်းစု လွှတ်တော်ကိုယ်စားလှယ် တွေကတော့ မျှော်လင့်ချက်တွေ ထားနေဆဲပါ။ ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေ) ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရကြားမှာ ညှိနှိုင်းရမယ့်အချိန်ဟာ ကျော်လွန်သွားခဲ့ပြီလို့ သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း က ပြောဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲဖို့ လွှတ်တော်အတွင်းမှာ ဘာတွေလုပ်နိုင်မလဲဆိုတာနဲ့ ဒေသအတွင်းနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သူရဲ့ အယူအဆများကို ဦးရဲထွန်းက ဗွီအိုအေ မြန်မာသတင်းဌာနကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တင်ပြထားပါတယ်။

ဦးရဲထွန်း ။ ။ ကျနော်က ဒီလိုမြင်တယ် ပြည်နယ်တွေမှာ အစိုးရဖွဲ့တဲ့အခါကျတော့ အစိုးရဝန်ကြီးတွေကို ကျနော်တို့ ကျားဖြူပါတီ၊ ရှမ်းပါတီ၊ ချင်းပါတီ တို့ - ဒီပါတီတွေက အများစုအနိုင်မရပေမဲ့ သူတို့က ဒီပါတီတွေကိုလည်း လက်တွဲခေါ်တဲ့အနေနဲ့ သင့်တော်စွာ ခွဲပေးတယ်။ ကျနော်တို့ ရှမ်းပြည်နယ်မှာဆိုရင် ကျနော်တို့ဆီက နှစ်ယောက် ဝန်ကြီးအဖွဲ့ထဲမှာရတယ်။ ကချင်ပြည်နယ်မှာဆိုရင်လည်း ကျားဖြူပါတီက အမတ်က ပြည်နယ်လွှတ်တော်မှာ သုံးယောက်ပဲ ရပေမယ့် ဝန်ကြီးတနေရာ ပေးတယ်။ ဒါတွေဖော်ပြချက်ကို ဘယ်လိုခံစားရသလဲဆိုတော့ အခု နိုင်ငံတော်အစိုးရသစ်က တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်ရေး အတွက် တကယ်ကို လိုလိုချင်ချင်နဲ့ လက်တွဲတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က အစက မမျှော်လင့်ထားဘူး။ သူတို့ ပြည်ခိုင်ဖြိုးပါတီထဲမှာလည်း တိုင်းရင်းသားတွေ ရှိတယ်။ သူတို့က အနိုင်ရတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံစည်းမျဉ်းအရ နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်ကိုလည်း သူခန့်ချင်တဲ့လူ ခန့်နိုင်တယ်။ ဝန်ကြီးချုပ်နဲ့ သူနဲ့ တိုင်ပင်ပြီးတော့လည်း ပြည်နယ်ဝန်ကြီးအဖွဲ့ကိုလည်း သူကြိုက်သလို ခန့်နိုင်တယ်ဆိုတော့ ကျနော်တို့က သိပ်တောင် မမျှော်လင့်ထားဘူး။ အခုလို ပေးတယ်ဆိုတဲ့ အခါကျတော့ ကျနော်ကတော့ ဒါ ဝမ်းသာစရာကောင်းတဲ့ အစိုးရရဲ့ ခြေလှမ်းပဲလို့ ယူဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလွှတ်တော်ကာလအတွင်းမှာပဲ ဖြစ်နေခဲ့တဲ့ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ စစ်ရေး တင်းမာမှုအခြေအနေတွေ၊ ရှမ်းပြည်နယ်ဘက်မှာ ဖြစ်နေခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့တွေကို တိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ရော ဒီကိစ္စတွေကို ပြန်ပြီးစဉ်းစားဖို့၊ ရပ်တန့်ဖို့ လွှတ်တော်ထဲမှာ တောင်းဆိုမှုတွေ၊ ပြောဆိုမှုတွေ လုပ်ခဲ့သလား။

ဦးရဲထွန်း ။ ။ လုပ်ကြတယ်ဗျ။ လုပ်ကြတယ်ဆိုတာက မွန်ပါတီကထင်တယ်။ နံမည်အပြည့်အစုံ မမှတ်မိဘူး။ မွန်က လွှတ်တော်ကနေပြီတော့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးဖို့ဆိုပြီး အဲဒီဟာကို အစိုးရကို တိုက်တွန်းတယ်။ တိုက်တွန်းတဲ့အခါကြတော့ အဲဒီအဆိုက လွှတ်တော်ကနေ လက်ခံဆွေးနွေးဖို့ အဆင့်တောင်မှ မရောက်လိုက် ဘူး။ မရောက်လိုက်ဘဲနဲ့ လက်ခံမဆွေးနွေးလိုက်ဘူး။ ကျနော့် နားလည်ချက်ကတော့ နိုင်ငံတော်အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမယ်ဆိုတဲ့ အချိန်ကာလက အမှန်တကယ်တော့ လွန်ခဲ့ပြီ။ သူတို့က ပေးစရာ ရှိတာ ပေးချင်တာတွေကို ညောင်နှစ်ပင် ညီလာခံမှာပဲ အမှန်ပဲ ပေးခဲ့ပြီ။ ပေးခဲ့တော့ အဲဒီရဲ့ ရလဒ် အဖြစ်က ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဖြစ်တယ်။ အဲဒီမှာ ပေးထားတဲ့အတိုင်းကို လက်နက်ကိုင်အဖွဲ့အစည်းများက မကျေနပ်ကြတာလည်း ပါမယ်၊ မယုံတာလည်းပါမယ်။ အဲဒါကြောင့် ဒါကို လက်မခံဘဲ။ နောက်တက်လာတဲ့ အစိုးရနဲ့မှ ဆွေးနွေးမယ်ဆိုပြီး ပြောနေတာ။ အမှန်တကယ်ဆိုရင်တော့ ဆွေးနွေးမယ်ဆိုရင်တော့ တက်လာတဲ့ အစိုးရက သူတို့ကို ဘာထပ်ပြီး ပေးစရာ ရှိမလဲ။ သူတို့က ဖွဲ့စည်းပုံ စည်းမျဉ်းက အသစ်စက်စက်ကြီး ဆွဲထား တာမှ မကြာသေးဘူး။ နောက်တချို့ကိစ္စတွေဆိုရင်လည်း တိုင်းရင်းသားအချင်းချင်းကြားမှာ နယ်မြေလုတဲ့ ကိစ္စမျိုးတွေတောင် ဖြစ်နိုင်တယ်။ ဥပမာ ဝ က ကျနော်တို့ နေခဲ့တုန်းက ပန်ဆိုင်ရဲ့ အနောက်ဘက်ခြမ်း နန့်ခမ်ချောင်း နဲ့ မြောက်ဘက်က နမ့်တင်ချောင်းရဲ့ ကြားကို ဝနယ်လို့ သတ်မှတ်ထားတာ။ အခု အစိုးရနဲ့ ဆွေးနွေးတဲ့အခါကြတော့ သူတို့က နမ့်ခမ်ချောင်းရဲ့ တောင်ဖက်က ဗကပလက်ထက်ထဲက သူတို့တပ်တွေ လှုပ်ရှားခဲ့တဲ့ဒေသကို သူတို့ ဝနယ်ထဲကို ထည့်ပေးပါလို့ တောင်းဆိုတယ်။ အဲဒါမျိုးတွေဆိုတယ်အခါကျတော့ ကျနော် သိသလောက် အဲဒီဒေသတွေမှာက ရှမ်းရွာတွေပဲ ရှိတာ။ ရှမ်းတွေပဲ အနေများတဲ့အခါကျတော့ အဲဒါမျိုးကို နိုင်ငံတော်အစိုးရက ဘယ်လိုမျိုး ခွင့်ပြုမလဲ။ အခု သူတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ဒီလိုပဲ ပြန်တောင်းနေရင် ခွင့်ပြုနိုင်ပါ့မလား။ ဒီလိုကိစ္စတွေလည်း ရှိတယ်။ ကျနော် အဓိကမြင်တာက ယုံကြည်မှု ပါပဲ။ ယုံကြည်မှုဆိုတဲ့အခါကြတော့ ပြည်နယ်အစိုးရတွေ၊ ပြည်နယ်လွှတ်တော်တွေနဲ့ တိုင်းရင်းသား တွေရဲ့ အခန်းကဏ္ဍကို အခုတော့ နိုင်ငံတော်ပြည်ထောင်စု အစိုးရကနေပြီတော့ သေသေချာချာ ပြောထားတဲ့ အတိုင်း တန်းတူအခွင့်အရေးတွေ ပေးမယ်ဆိုရင်တော့ ယုံကြည်မှု တဖြည်းဖြည်းရလာပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးရဲထွန်းရဲ့ လွှတ်တော်အတွေ့အကြုံကို တခေါက်ပြန်ဆက်ရအောင်ပါ။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးကာလမှာ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ကို ကိုယ်စားပြုပြီးတော့ ဦးရဲထွန်းအနေနဲ့ ဘာတွေများ ဆွေးနွေးတင်ပြနိုင်ခဲ့ပါသလဲ။

ဦးရဲထွန်း ။ ။ ကျနော်မြင်တာကတော့ ကျနော်တို့ ဒီဒေသမှာ နွေစပါး စိုက်ခိုင်းတယ်။ နွေစပါးကိစ္စရယ်။ စင်ရွှေလီဆိုတဲ့ စပါးတမျိုး စိုက်ခိုင်းတဲ့ကိစ္စရယ်၊ နောက်ပြီး (၁၆) မိုင်ဂိတ်က ဆန်၊ ဂျုံ၊ ပဲ တို့ကို တားဆီး လုပ်နေတဲ့ကိစ္စရယ်၊ သီပေါနဲ့ လာရိူးကြားမှာ ကြက်တွေ ကူးသန်းရောင်းဝယ်ခွင့် မလုပ်ရအောင် ပိတ်ထားတဲ့ ကိစ္စရယ်။ ဒေသလူထုအတွက် အဲဒီ (၄) ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားစာပေ သင်ကြားခွင့်ရဖို့တို့၊ ဘာတို့ကတော့ သင်ခွင့်ပြုတယ်။ ဒါပေမဲ့လို့ ကျောင်းမှာ ဗမာစာ အပြင်၊ ဒုတိယ ဘာသာအဖြစ် သင်ဖို့ရဖို့အတွက်တော့ လောလောဆယ် သူတို့ခွင့်မပြုသေးဘူး။ အဲဒီတော့ ဒီဂိတ်တွေ ပိတ်ပြီးတားမြစ်တဲ့ကိစ္စကတော့ အမှန်တကယ်ကတော့ ဈေးကွက်စီးပွားရေးကိစ္စနဲ့ မလျော်ညီ ပါဘူး။ မလျော်ညီတဲ့အတွက်ကြောင့် ကျနော်တို့က ဒီလိုတွေ တားဆီးပိတ်ဆို့တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ဒေသက ပြည်သူလူထုက ဈေးကြီးကြီးပေးစားနေရတယ်။ ဟိုအောက်ဘက်က ဒေသက စိုက်ပျိုးထုတ်လုပ်တဲ့ သူတွေကျတော့ ဈေးနည်းနည်းပဲရပြီတော့ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ထိခိုက်တယ်ဆိုတဲ့ ဈေးကွက် စီးပွားရေးစနစ် ပုံသဏ္ဍာန်နဲ့ပဲ ကျနော်က တင်ပြတယ်။ တင်ပြတဲ့အခါကျတော့ လူကြီးတွေက နားလည်တယ်။ နားလည်တော့ သူတို့က နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းထဲမှာပါတယ်။ ဒီလို အတားအဆီးတွေကို နောင်ဆို မလုပ်ဖို့ ၊ ဒါတွေကို ဥပဒေနဲ့အညီ ဖွင့်ဖို့ဆိုတာကို သမ္မတက ပြောသွားတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဦးရဲထွန်းတို့ရဲ့ ဆွေးနွေးချက်တွေက လက်တွေ့ဒေသအတွင်းမှာ လက်တွေ့ လုပ်ငန်းစဉ်အနေနဲ့ တကယ်တမ်း ပြန်လည်အကောင်အထည်ဖော်လာလိမ့်မယ်လို့ မျှော်လင့်တယ်ပေါ့။ တကယ်လို့များ ဒီကိစ္စကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်လေ့လာဖို့ ပြောဆိုဆွေးနွေးခဲ့တဲ့ သဘောတူညီချက် တွေကို အကောင်အထည်ဖော်မဖော်တွေကို ပြန်လည်စောင့်ကြည့်ဖို့အတွက်ကို ဦးရဲထွန်းတို့အနေနဲ့ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။

ဦးရဲထွန်း ။ ။ နိုင်ငံတော်သမ္မတကလည်း တခုဝန်ခံထားတာက တချို့နည်းဥပဒေ၊ ဥပဒေတွေက ဈေးကွက် စီးပွားရေးစနစ်၊ အခု နိုင်ငံတော်က ချီတက်မယ့် ဈေးကွက်စီးပွားရေးစနစ်နဲ့ မကိုက်ဘူး။ နောက် အခြေခံ ဥပဒေတွေက ပြဋ္ဌာန်းထားချက်တွေနဲ့လည်း မကိုက်ဘူး။ အဲဒါတွေကိုလည်း ပြင်သွားမယ်လို့ ပြောသွားတယ်။ ပြောထားတဲ့အခါကြတော့ အဲဒါကိုတော့ နည်းနည်းလေးစောင့်ရမှာပေါ့။ လက်တွေ့ပိုင်းမှာတော့ ကျနော်တို့ ဆီမှာ နွေစပါးက မအောင်လို့ တချို့နေရာတွေမှာ နည်းနည်းအေးတော့ မစိုက်ချင်ဘူး။ မစိုက်ချင်တဲ့အခါ ကျတော့ စိုက်ရမယ်ဆိုပြီး အလယ်အဆင့်လောက်ကနေပြီး စိုက်ခိုင်းတယ်။ မစိုက်ဘူးဆိုရင် ဖရဲက ကိုက်လို့ ဖရဲစိုက်မယ်ဆိုလိုရှိရင် ဖရဲ တစ်ဧကကို ဘယ်လောက်ပေးရမယ်ဆိုပြီး ပိုက်ဆံတောင်းတာတွေ ရှိတယ်။ တကယ့်တကယ်ကျတော့ အဲဒါကို အထက်ကလည်း မသိဘူး။ မသိတဲ့အခါကျတော့ အဲဒါမျိုးတွေကို ကျနော်တို့က ပြောပေးခွင့်ရတော့ အခု လယ်သမားတွေက မပေးရတဲ့အခါကျတော့ အရမ်းဝမ်းသာကြတယ်။ အဲဒီလို အခြေခံကျတဲ့ ကိစ္စလေးတွေ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လက်တွေ့ဖြစ်လာပြီပေါ့။

ဦးရဲထွန်း ။ ။ လက်တွေ့ဖြစ်လာပြီ။ ပျော်လို့ ကျနော်တို့ကို ချီးကျူးဂုဏ်ပြုနေကြတယ်။ ကြက်ဆိုရင်လည်း ကျောက်မဲဆိုတာ ကြက်မွေးတဲ့နေရာ၊ ကြက်မွေးတဲ့ဒေသကောင်း။ သူက ထွက်တဲ့ကြက်အိုမတွေဆိုရင် လားရိူးနဲ့ တရုတ်ပြည်နယ်စပ်ကို တက်တာ။ တခါတခါ တရုတ်ပြည်ထဲကိုတောင် ကျနော်တို့ ကြက်သားက ထိုးဖောက် ရောင်းရသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတဲ့အခါတော့ ပြီးခဲ့တဲ့ တနှစ်၊ နှစ်နှစ်လောက်က လားရိူး နဲ့ သီပေါကြားမှာ ကြက်တွေကို ပိတ်တယ်၊ ဖမ်းတယ်။ အဲဒီကိစ္စတွေက နိုင်ငံတော်လူကြီးတွေက မသိဘူး။ ကျနော်တို့ အခုလွှတ်တော်ထဲမှာ ပြောလိုက်တဲ့အခါကျမှ အဲဒါကို စုံစမ်းစစ်ဆေးပြီးမှ ဖွင့်ပေးလိုက် ဒါ ဈေးကွက် စီးပွားရေးစနစ်နဲ့ မညီဘူးဆိုပြီး ချက်ချင်း နှစ်ရက်သုံးရက်အတွင်း ပွင့်သွားတယ်။ အဲဒီတော့ မွေးမြူးရေးသမားတွေက ဝမ်းသာလို့ ။ အဲဒီလိုဟာမျိုးလေးတွေပေါ့။ တချို့ဟာတွေက နိုင်ငံတော် ခေါင်းဆောင်တွေက မသိကြဘူး။ အဲဒီလို ပြောပေးတဲ့လူရှိမှ သူတို့လည်း သိတာ။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်တော်အတွင်းမှာပြောတဲ့ ပထမဦးဆုံး မိန့်ခွန်း ထဲမှာ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းမှာ ချို့ယွင်းမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ ရှိခဲ့တယ်ဆိုတာမျိုးကို ဝန်ခံပြောကြားသွားတဲ့ ပုံစံနဲ့ နောက်ပြီးတော့ ပြုပြင်သွားမယ်ဆိုတဲ့ ဂတိစကားတချို့လည်း ကြားရပါတယ်။ ဒါက အရင်တုန်းကဆိုရင်လည်း ဥပမာ - ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း ဆိုရင်လည်း ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ ဂတိစကားတွေပြောခဲ့တာတွေ ကြားခဲ့ရဖူးပါတယ်။ အဲဒီတော့ အခု သမ္မတဦးသိန်းစိန်ရဲ့ အပြောတွေဟာ အပြောလောက်နဲ့ပဲ ရပ်သွားမလား၊ တကယ်လက်တွေ့ဖြစ်လာမလား။ ဘယ်လောက်အထိ ယုံကြည်ကိုးစားထိုက်တယ်လို့ ယူဆသလဲ။

ဦးရဲထွန်း ။ ။ ကျနော်ကတော့ ဦးရွှေမန်းတို့ ပြောခဲ့တဲ့ကာလထက် ယနေ့ကာလက ပိုပြီးတော့ အခြေအနေ ကောင်းလာပြီလို့ ယူဆပါတယ်။ ဟိုတုန်းကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့က နိုင်ငံတော်ရဲ့ ဥပဒေပြုတဲ့ အာဏာ၊ အုပ်ချုပ်တဲ့အာဏာ၊ တရားစီရင်ရေးအာဏာကို ဒီလိုပိုင်ခြားပြီး ခွဲခြားထားတဲ့ စနစ်က မရှိသေးဘူး။ အခုက ကျနော်တို့က အဲဒီကဟာကို ပိုင်ပိုင်ခြားခြား တာဝန်ခွဲထားလိုက်ပြီ။ ဒီလို အကျင့်ပျက်လာဘ်စားတဲ့ ကိစ္စတွေရှိတယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ အဲဒီကိစ္စကို ကျနော်တို့က လွှတ်တော်ထဲမှာ ထောက်ပြတဲ့အခါကြတော့ ကျနော်တို့ ထောက်ပြတာတောင်မှ သက်သက်ညှာညှာနဲ့ သက်သက်သာသာနဲ့ ပျော့ပျော့ပျောင်းပျောင်းရှိတယ်။ သမ္မတကြီးဦးသိန်းစိန် ပြောလိုက်တဲ့အခါကျမှ ဒီလို အကျင့်ပျက် ခြစားမှု တွေက တဦးချင်းကို ထိခိုက်ရုံမက တိုင်းပြည်နဲ့ နိုင်ငံနဲ့ လူမျိုးကိုပါ သိက္ခာထိခိုက်စေပါတယ်ဆိုတော့ ကျနော် တို့က သိပ်သဘောကျတာပေါ့။ ဒါက တကယ်ကို အဲဒီအတိုင်းဖြစ်နေတာလေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အောင်မြင်ဖို့၊ မအောင်မြင်ဖို့ဆိုတာက ကျနော်တို့အောက်ခြေမှာ ဒီမိုကရေစီဘောင်အတွင်းမှာ ပါဝင်နေတယ်။ ပထမဦးဆုံး ပါဝင်နေတဲ့ လွှတ်တော်အမတ်တွေ၊ နောက် မီဒီယာတွေ၊ သမဂတွေ - လယ်သမားသမဂ၊ အလုပ်သမား သမဂ၊ ကုန်သည်ကြီးများအသင်း စတဲ့ အဲဒီလို အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေလည်း အများကြီး ဆိုင်တယ်။ အဲဒီအဖွဲ့တွေလည်း ကျနော်တို့က ဖွဲ့စည်းခွင့်ပေးရမယ်။ အဲဒီအဖွဲ့တွေရဲ့ ပြောခွင့် ဆိုခွင့်တွေလည်း ပေးရမယ်။ အားလုံးဝိုင်းပြီး ကြိုးစားရမှာပေါ့။ နိုင်ငံတော်သမ္မတကြီး တယောက်တည်း ကနေပြီးတော့ သူက ဒီလိုဖြစ်စေချင်ပါတယ်ဆိုတာနဲ့တော့ မဖြစ်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံတဝှမ်းမှာ တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ချို့ယွင်းမှု၊ အကျင့်ပျက် ခြစားမှုတွေကို ပပျောက်သွားဖို့ဆိုလို့ရှိရင် ဘယ်ကနေ စလုပ်ရမလဲ။

ဦးရဲထွန်း ။ ။ ဘယ်ကနေ စလုပ်ရမလဲဆိုလို့ရှိရင်တော့ ပထမဦးဆုံးတော့ သူတို့ အထက်ကနေ စလုပ်ဖို့ လိုတယ်။ အထက်ပိုင်းကနေ စပြီးတော့ လုပ်ပြီးတော့ ကျနော်တို့က ကျနော်ဆိုလို့ရှိရင် အဲဒီကိစ္စတွေ ပြောတိုင်း ဝန်ထမ်းတွေ လစာမလုံလောက်တဲ့ကိစ္စကို စဉ်းစားမိတော့ ကျနော်က စိတ်ထဲမှာ သနားတယ်။ တဖတ်သတ်ကျမလား - ကျနော်တို့ ပြောလိုက်ဆိုလိုက်တဲ့အရာက တဖတ်သတ်ဖြစ်သွားမလားလို့ စိတ်ထဲမှာ ဖြစ်သွားတယ်။ ဒါကြောင့် ဝန်ထမ်းတွေကိုလည်း လစာ လုံလုံလောက်လောက်ဖြစ်အောင် တိုးပေးဖို့လည်း လိုတယ်။ နောက် အထက်ကလည်း စပြီးတော့ စံပြအနေနဲ့ နေပြဖို့လည်း လိုတယ်။ ပြီးတဲ့အခါကျမှ ပြည်သူ လူထုကိုလည်း ဝန်ထမ်းတွေက စားဝတ်နေရေး လုံလုံလောက်လောက်ပေးထားတယ်။ ပြည်သူလူထုကလည်း ပေးသင့်ပေးထိုက်တဲ့ အခွန်တွေဆောင်ဖို့ လိုတယ်။ ကျနော်တို့ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ အခွန်နဲ့ GDP အချိုးက အနိမ့်ဆုံးဖြစ်နေတယ်။ အဲဒီတော့ အခွန်မဆောင်ကြဘူး။ မဆောင်တဲ့အခါကျတော့ အစိုးရ ကလည်း အဲဒါနဲ့ ပတ်သက်လို့ အခွန်ဆောင်ဖို့အတွက် ထိရောက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကလည်း မရှိသေးဘူး ဖြစ်နေတယ်။ အဲဒီတော့ အခွန်မဆောင်လို့၊ အခွန်ရှောင်လို့ တရားစွဲတဲ့အမှုဆိုရင် ကျနော် သိသလောက် တစ်မှုမမှ မရှိသေးဘူး။ အဲဒီလို ဆိုတဲ့အခါကျတော့ နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေကို သက်ညှာလို့ ဝန်ထမ်းတွေရဲ့ ဘဝကိုသိလို့ တိုးပေးမယ်၊ တိုးပေးချင်တယ်ဆိုရင် တခါ ငွေဖေါင်းပွမှုက ထပ်ချပ်မကွာ လိုက်လာတယ်။ အဲဒီပြဿနာကလည်း ရှိနေတယ်။ ရှိနေတော့ ဒါကိုလည်း ကျနော်တို့က ဖြေရှင်းနိုင်မှရမှာ။ အဲဒီလို မဟုတ်လို့ရှိရင်တော့ ကျနော်တို့က သမင်မွေးရင် ကျားစားရင်ပေ့ါ။ တိုးလိုက် ကုန်ဈေးနှုန်းက ဖေါင်းပွလာလိုက်။ လစာတိုးပေးလိုက် ကုန်ဈေးနှုန်းက ဖေါင်းပွလာလိုက် ဒီသံသရာက မဆုံးတော့ဘဲ အကျင့်ပျက်လာဘ်စားတဲ့ဟာလည်း တိုက်ဖျက်နိုင်မှာ မဟုတ်ဘူး။

XS
SM
MD
LG