သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအကြံပေးရဲ့ နိုင်ငံရေးအမြင်၊ ဖွင့်ဟချက်များ


မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေတဲ့ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအရာရှိ ဦးကိုကိုလှိုင် က ဧပြီလ (၁) ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမယ့်လို့ မျှော်လင့်ထားပေမယ့် ဒီလောက်အထိ အပြတ်အသတ်အနိုင်ရရှိလိမ့်မယ်လို့ မထင်မှတ်ခဲ့ကြောင်း ပြောပါတယ်။ ဗွီအိုအေ ဌာနချုပ်ကို လာရောက်ခဲ့တဲ့ ဦးကိုကိုလှိုင် ကို ဗွီအိုအေ မြန်မာအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဧပြီလ (၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နဲ့ ဒီလောက်ကြီး အပြတ်အသတ် အနိုင်ရသွားလိမ့်မယ်လို့ အစိုးရဘက်က ယူဆထားခဲ့တာမဟုတ်ကြောင်း အခု ပါလီမန်လွှတ်တော်ထဲရောက်သွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်ထဲမှာ အစိုးရအဖွဲ့ဝင်အဖြစ်နဲ့ လွှတ်တော်အတွင်း ကော်မရှင်ရာထူး စသဖြင့် ဆန္ဒရှိ သလို တာဝန်ယူလုပ်ဆောင်သွားနိုင်မယ်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအရာရှိ ဦးကိုကိုလှိုင် က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ဦးကိုကိုလှိုင် ကို ဝါရှင်မြို့တော် ဗွီအိုအေဌာနချုပ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဦးကိုကိုလှိုင် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကြိုက်များမှု၊ စိတ်ဝင် စားမှုက အရမ်းမြင့်တက်တဲ့အတွက်ကြောင့် သူ့ရဲ့ star power သူ့ရဲ့ လူကြိုက်များ၊ လူထုထောက်ခံမှုပေါ် မှာ မူတည်ပြီး သူ့ရဲ့ပါတီကလည်း တော်တော်များများ နေရာတွေရမယ့်လို့ မှန်းပါတယ်။ ဒါပေမဲ့ ဒီလောက် ကြီး သိပ်ပြီးတော့ landslide လုံးဝနီးပါးလောက် ရလိမ့်မယ်လို့ မမျှော်မှန်းခဲ့ဘူး။ ဒါတော့ ရွေးကောက်ပွဲ ရလဒ်ဆိုတာကလည်း ဘောလုံးပွဲလိုပဲ မှန်းရတာ သိပ်ခက်ပါတယ်။ သို့သော်လည်း အကြမ်းမျဉ်း အားဖြင့်တော့ အများစု ရလိမ့်မယ်လို့တော့ ကျနော်တို့ မှန်းထားခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘာပဲပြောပြော အခုထွက်လာတဲ့ နောက်ဆုံးရလဒ်အရဆိုရင်တော့ မြန်မာပြည်ရဲ့ နိုင် ငံရေးဇာတ်ခုံဟာ ပုံစံပြောင်းသွားတယ်။ မြန်မာနိုင်ငံရဲ့ အရေးပါတယ့် နိုင်ငံရေးပါတီ၊ အတိုက်အခံပါတီ တခု ဟာ လွှတ်တော်ထဲကို ရောက်လာပြီ။ ဒါ လွှတ်တော်နိုင်ငံရေး ဖြစ်လာပြီ။ ပြောကြမယ်ဆိုလို့ရှိရင် လွှတ်တော် ထဲမှာရတဲ့ နေရာက အများစုတော့ မဟုတ်သေးဘူး။ နောက်ပိုင်းပြောင်းလဲလာတဲ့ အမတ်တွေ၊ ဟိုဘက်ဒီ ဘက် ရှိတာဆိုရင် လေးဆယ်ကျော်၊ ငါးဆယ်ပေါ့။ အလွန်ဆုံး ရှိနိုင်မယ့် အနေအထားပေါ့။ အန်အယ်လ်ဒီ ဖက်ကို ပြောင်းတဲ့အမတ်တွေလည်း ရှိတယ်။ ဒါပေမဲ့ ဒါကအနည်းစုလို့ ပြောလို့ရပါသေးတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာဖြစ်လာမယ့် နိုင်ငံရေးဆွေးနွေးမှုတွေ အခြေအနေတွေဟာ အဲဒါတွေဟာ အကြောင်း အရာတွေပေါ် မူတည်ပြီးတော့ မျှမျှတတ မဲခွဲဆုံးဖြတ်ကြမယ့် အခြေအနေမျိုးကို မြင်သလား။ ဒါမှမဟုတ် ပါတီစွဲနဲ့ ရှေ့ဆက်ပြီး ဆုံးဖြတ်လုပ်ကိုင်သွားမယ့် အခြေအနေလို့မြင်သလား။ ဒါအပြင်ကို စစ်တပ်ဘက်က ကိုယ်စားလှယ်တွေ၊ အဖွဲ့တွေရဲ့ ရပ်တည်ချက်က ရှေ့ဖက်မှာ ဘာတွေဖြစ်လာနိုင်မလဲ၊ ဘာတွေဖြစ်လာ သင့်တယ်လို့ ဆရာထင်သလဲ။

ဦးကိုကိုလှိုင် ။ ။ အခုအချိန်အထိ လွှတ်တော်တွေ ကျင်းပခဲ့တယ်။ လွှတ်တော်အစည်းအဝေးတွေ ကျင်းပခဲ့ တယ်။ ဒီ အစည်းအဝေးတွေ ကျင်းပခဲ့တဲ့နေရာမှာ ကျနော်တို့ မြင်တာကတော့ non-partisan တော်တော် များများက ပါတီစွဲမထားဘဲနဲ့ အမျိုးသားရေးအကျိုးစီးပွားကို ရှေ့တန်းကထားပြီးတော့ ကိစ္စ issue ပေါ်မှာ မူတည်ပြီးတော့ သဘောတူတယ်၊ သဘောမတူဘူးဆိုပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်။ ဒါက တပ်မတော် သားကိုယ်စားလှယ်တွေလည်း အဲဒီအထဲမှာပါတယ်။ တချို့တပ်မတော်သား ကိုယ်စားလှယ်တွေ တော်တော် များများက တကယ်တမ်း တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စဆိုရင် အတိုက်အခံပါတီတွေကနေ တင်တဲ့ အဆိုတွေကိုလည်း သူတို့ထောက်ခံခဲ့ကြတာကိုတွေ့တယ်။ ဆိုတော့ သူတို့လည်းပဲ block တခုအနေနဲ့ အတိုက်အခံက ဘာလုပ်လုပ် ဆန့်ကျင်မယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သူတို့အနေနဲ့ ကျနော်မြင်သလောက် ကတော့ အထိန်းအကွပ်သဘောမျိုးလေးနဲ့ သူတို့နေနေပေးတဲ့သဘောပါပဲ။ တိုင်းပြည်အတွက် အကျိုးရှိ မယ်၊ တကယ်အကျိုးရှိမယ့်ကိစ္စဆိုရင် သူတို့မပါဝင်မှာကိုလည်း ပူစရာမလိုပါဘူး။ အဲဒီတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခုလို အင်အားကြီးတဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေနဲ့ လွှတ်တော်နိုင်ငံရေး ကို စတင်ဝင်လာပြီဆိုတော့ သူတို့ကတော့ တစုံတခုသောအတိုင်းအတာအထိ solid ဖြစ်တာပေါ့။ လူပေါင်း လေးဆယ်၊ ငါးဆယ်လောက် ရှိလာပြီဆိုတော့။ သူတို့မှာတော့ ပါတီရဲ့ identity ကိုတော့ ထိန်းကောင်းထိန်းနိုင်ချင်တဲ့ ဆန္ဒရှိလိမ့်မယ်လို့ ထင်ပါတယ်။ သို့သော်ငြားလည်း သူတို့ရဲ့ အဓိက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေကတော့ ruling party နဲ့ရော၊ government အစိုးရ အနေနဲ့ရော တကယ် တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စတွေမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ပိုရှိလာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးကိုကိုလှိုင် ပြောသွားတဲ့အထဲမှာ ruling party အခု အာဏာရနေတဲ့ ပါတီရယ်၊ လက်ရှိ အစိုးရဆိုတဲ့ အကြောင်းလေးတွေ ပါပါတယ်။ အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထဲကို ရောက်လာပြီဆိုတော့ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ စနစ်ရဲ့ လွှတ်တော်ဟာ ပိုပြီးဂုဏ်ရောင်ပြောင်းလာတယ်၊ အားကောင်းလာတယ်လို့ အများစုက ယူဆကြ ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ကျနော်တို့က အပြင်ဖက်က ကြားသမျှ၊ မြင်သမျှ အခြေအနေမှာ လွှတ်တော်နဲ့ လက်ရှိအစိုးရ အားပြိုင်မှုလေးတွေ ရှိနေတယ်။ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေ အပေါ်ကို လွှတ်တော်ရဲ့ လုပ်နည်းလုပ်ဟန်အရ check and balance ဥပဒေပြုအဖွဲ့ကနေ စီစစ်တဲ့ ဝေဖန် တဲ့ စီစစ်တဲ့ကိစ္စလေးတွေမှာ မကျေမလည်မှုတွေ ရှိနေတယ်လို့ ကြားနေရပါတယ်။ အဲဒီ အခြေအနေတွေ ကရော ဘယ်လိုပုံစံမျိုး ပြောင်းလဲသွားနိုင်သလဲ။

ဦးကိုကိုလှိုင် ။ ။ Check and balance ဆိုတာကတော့ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံမှန်သဘာဝပါ။ တခုရှိတာကတော့ ကျနော်တို့က ဒါကို အခုမှစပြီး ကျင့်သုံးရတာ။ မကျင့်သုံးဘဲနေခဲ့ တာ နှစ်ပေါင်းများစွာရာစုနှစ်တဝက်လောက် ရှိခဲ့ပြီ။ အခုမှ စကျင့်သုံးရတာဆိုတော့ ဒီစနစ်က ပြောင်းသွားပြီ ဆိုတဲ့အခြေအနေမှာ စမ်းကြရတာပေါ့။ ကိုယ်သုံးနိုင်တဲ့ option လေးတွေကို စမ်းသုံးကြတာ။ စမ်းကြတဲ့ အခါမှာ တချို့ကလည်း လုပ်လိုက်တာတွေက ဒီအချိန်မှာတော့ စပြီးသုံးတယ်ဆိုတော့ စမ်းတဝါး ဝါးလေးတွေပေါ့။ အဲဒီအခါမှာ တခုနဲ့တခု အံမဝင်တာလေးတွေလည်း ရှိနိုင်တယ်။ အံမဝင်လေးတာတွေ ကိုတော့ ဖြစ်တတ်ပါတယ်။ သို့သော် ဒါကို အားပြိုင်မှုကြီးတခုအနေနဲ့ ကြီးကြီးကျယ်ကျယ် မယူဆပါဘူး။ ကျနော်တို့ကတော့ ဒါတွေဟာ လုပ်ရင်ကိုင်ရင်နဲ့ အဆင်ချောသွားမယ်ပေါ့။ အချင်းချင်းပြန်ပြီးတော့ အပြန် အလှန် နားလည်းမှုရှိလာတာနဲ့အမျှ ပိုပြီးအဆင်ပြေ ချောမွေ့လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် အစိုးရဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်အသုံးစရိတ်နဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ စီစစ်မှုတွေအပေါ်မှာ တော်တော်လေး ပြင်းပြင်းထန်ထန် တဖတ်နဲ့တဖတ် ဝေဖန်မှုလေးတွေ လည်း ကြားရတယ်။ အဲဒါတွေကရော အခု လွှတ်တော်ရဲ့ နောက်ဆုံး ဆွေးနွေးပွဲတွေမှာ ပြေလည်သွားနိုင် မယ့် အနေအထား ရှိသလား။

ဦးကိုကိုလှိုင် ။ ။ အခုနောက်ဆုံး သိသလောက်ကတော့ draft တောင်မှ ထွက်သွားပြီ။ အကုန်လုံးက approve လုပ်လိုက်ပြီ။ အတည်ပြုလိုက်ပါပြီ။ အတည်ပြုလိုက်ပြီဆိုတော့ လွှတ်တော်က ပေးထားတဲ့ မူဘောင်အတွင်းမှာ အစိုးရဌာနတွေက သုံးကြရမှာပေါ့။ သို့သော်ငြားလည်း ဒီနေရာမှာ ဘာလိုလည်း ဆိုတော့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း အခုမှ စထောင်ရ တာဖြစ်တာမို့ သူတို့ကို နောက်က ပံ့ပိုးပေးမယ့်၊ အပံ့အပိုးပြုပေးမယ့် ဥပမာ သုတေသနအဖွဲ့အစည်း - အမေရိကမှာဆိုရင်တော့ congressional research, congressional library စာကြည်တိုက်တွေ၊ သုတေ သနတွေ မရှိသေးသလိုဘဲ။ သူတို့ကို ထောက်ပံ့ပေးမယ့် ကျွမ်းကျင်သူတွေလည်း မရှိသေးဘူး။ နောက် staff ဝန်ထမ်းအဖွဲ့အစည်းတွေလည်း မရှိသေးတော့။ သူတို့ကသူတို့ဘာသာစပြီးတော့ ဒါတွေကို လေ့လာကြ ရတယ်။ လေ့လာကြတော့ အစိုးရဌာနတွေမှာတော့ ဘာပဲပြောပြော သူတို့က လက်ရှိ ဖွဲ့စည်းထားပြီးသား အထောက်အကူပြုနိုင်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ ဒီကိစ္စတွေနဲ့ ပိုပြီးတော့ လုပ်နေကြဖြစ်နေတယ်ဆိုတော့ တယောက်နဲ့တယောက်ကြားထဲမှာ လွှတ်တော်ကလည်း ဒါကို ပိုပြီးတော့ ထိတွေ့ကျွမ်းဝင်မှုရှိလာဖို့အတွက် အချိန်နည်းနည်းပေးရလိမ့်မယ်လို့ ထင်တယ်။ အစိုးရဌာနတွေကတော့ လုပ်ချင်တာပေါ့။ ဒီ ပြုပြင်ပြောင်းလဲ မှုမှာ အရှိန်အဟုန်နဲ့ လုပ်ချင်တယ်။ တဖက်မှာကြတော့လည်း လွှတ်တော်က ဘတ်ဂျက်ကို control လုပ်ရ မယ့် အခြေအနေရှိတယ်။ ဆိုတော့ ဒီနှစ်ခုကြားထဲမှာတော့ ဒါမျိုးလေးတွေကတော့ ဖြစ်တတ်ပါတယ်။ သို့သော်ငြားလည်း တယောက်နဲ့တယောက် ဒါကို နားလည်းသဘောပေါက်သွားမယ်ဆိုရင်တော့ အရှိန်အ ဟုန်မပြတ်ပေါ့။ ကျနော်တို့က တခါတလေကြတော့ ဘာရှိသလဲဆိုရင်တော့ ဦးစားပေးရမယ့်၊ ဦးစားပေးမှု အစီအစဉ်က တယောက်နဲ့တယောက် မတူတာတွေရှိတယ်။ အဲဒါတွေကို ညှိနှိုင်းနိုင်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေချောမွေ့မယ့် ဆက်ဆံရေးတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ တူညီတဲ့ ရည်မှန်းချက်တခု ပြောသံတွေကြားရတယ်။ အထူးသဖြင့် သမ္မတဦးသိန်းစိန်ရဲ့ ပထမဦးဆုံး မိန့်ခွန်းထဲမှာဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုနဲ့ အာဂတိလိုက် စားမှု ပပျောက်ရေး။ အလားတူပဲ နောက်ပိုင်းမှာ လွှတ်တော်ရဲ့ ဥက္ကဌ အောက်လွှတ်တော်ဥက္ကဌ သူရဦးရွှေ မန်းတို့ဖက်က ပြောလာတွေကလည်း အာဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စတွေ တော်တော်များများ ပါပါ တယ်။ အဲဒီတော့ ဒီ အာဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စမှာ အစိုးရနဲ့ လွှတ်တော်နဲ့ကြားထဲမှာ ညှိနှိုင်းပြီးတော့ ဘယ်လောက်အထိ အောင်မြင်အောင် လုပ်ဆောင်နိုင်သလဲ။ လုပ်ဆောင်နိုင်ပြီလို့ မြင်သလဲ၊ ယူဆပါသလဲ။ အများ ကျနော်တို့ ကြားနေရတာကတော့ ဒီဟာတွေက အပေါ်ပိုင်းမှာ အပြောပဲရှိ တယ်။ အောက်ခြေကို မရောက်သေးဘူး။ တည်မြဲနေတဲ့ ဗျူရိုကရေစီ ကြိုးနီစနစ်ကြီးနဲ့ အာဂတိလိုက်စား မှု၊ ခြစားမှုတွေကတော့ level တခု၊ အဆင့်တခုမှာ ရှိနေတုန်းပဲလို့ ကျနော်တို့ ကြားနေရတယ်။ အဲဒါနဲ့ ပတ် သက်လို့ ဘယ်လိုအနာဂတ် အခြေအနေရှိပါသလဲ။

ဦးကိုကိုလှိုင် ။ ။ ကျနော်တို့ အစိုးရအဖွဲ့သက်တမ်းကလည်း တနှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ လုပ်စ ရာတွေလည်း အများကြီးပါ။ လုပ်စရာတွေ အများကြီးထဲမှာ အာဂတိလိုက်စားမှု တိုက်ဖျက်ရေးကလည်း အရေးကြီးတဲ့ ဦးစားပေးထဲမှာ ပါပါတယ်။ သို့သော်ငြားလည်း အခုမှစပြီး ပြင်ဆင်နေရတဲ့အခြေအနေ၊ အခုမှ စပြီးမှ လုပ်နိုင်သလောက် စပြီးလုပ်ပါတယ်။ ပိုပြီးတော့မှ စနစ်တကျ systematic ဖြစ်တဲ့ mechanism ဥပမာအားဖြင့် အမျိုးသား အာဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်လိုဟာမျိုးတွေ။ ဒါမျိုးတွေလည်း ထူထောင်ဖို့လည်း လုပ်နေပါပြီ။ လွှတ်တော်ဖက်ကလည်း ဥပဒေတွေ ပြဌာန်းဖို့ လုပ်နေသလိုပဲ၊ အစိုးရဖက် ကလည်း ဒီအတွက်ကို ပြင်ဆင်မှု၊ ဒါမျိုးတွေစပြီး လေ့လာမှုတွေစပြီး လုပ်နေပါပြီ။ မကြာခင် အတော အတွင်းမှာ ဒါတွေလည်း အကောင်အထည် ပေါ်လာမှာပါ။ ဒါပေမဲ့လည်း သိတဲ့အတိုင်းပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အဂတိလိုက်စားမှုဆိုတာက ဖွားဘက်တော်လိုပဲ။ ဒါတွေက လူတွေရဲ့ ယဉ်ကျေးမှု၊ လူတွေရဲ့ အတွေး အခေါ်၊ လူတွေရဲ့ တန်းဖိုးထားမှု၊ လူတွေရဲ့ စည်းကမ်းလိုက်နာမှု စသဖြင့် ဒါတွေက အများကြီး ဆက်နွှယ်နေတယ်ဆိုတော့ democratic reform လုပ်ရုံနဲ့ အာဂတိလိုက်စားမှုက အလိုလို ပပျောက်သွား လိမ့်မယ်လို့ မျှော်မှန်းလို့ရှိရင်တော့ နည်းနည်းလေး ရိုးအ,ရာကြတယ်လို့ ကျနော်ထင်ပါတယ်။ သို့သော် လည်းပဲ အာဂတိလိုက်စားမှု ရှိနေသရွှေ့ကာလပတ်လုံး စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အတော်ခက် တယ်။ ဒါကြောင့် သမ္မတကြီးကလည်း သူ့ရဲ့ ပြီးခဲ့တဲ့ မိန့်ခွန်းထဲမှာ rule of law တရားဥပဒေ စိုးမိုးမှု တည်ဆောက်ရမယ်ဆိုတာကို ထပ်ပြန်တလဲလဲ သူပြောခဲ့တယ်။ ဒီလို အာဂတိလိုက်စားမှု တိုက်ဖျက်ရေး အပါအဝင်၊ ဥပဒေစိုးမိုးရေး နဲ့ ပတ်သက်လို့ဆိုရင် ကျနော်တို့ အများကြီး လုပ်ဖို့ရှိပါသေးတယ်။ ဒါပေမဲ့လည်း စပြီးလုပ်နေပါပြီ။ လုပ်စရာတွေကတော့ အများကြီးပါ။ စပြီးတော့ လုပ်နေပါပြီလို့ပဲ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အစိုးရနဲ့ လွှတ်တော်ရဲ့ ရည်မှန်းချက်တွေထဲမှာ အခုဆိုလို့ရှိရင် နိုင်ငံရေး ဇာတ်ခုံထဲကို ထဲထဲဝင်ဝင် ဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုကဏ္ဍ မျိုးကနေ ပါဝင်လာမယ်လို့ မျှော်မှန်းထားပါသလဲ။ တချို့ဆိုရင်တော့ မျှော်မှန်းကြတာပေါ့။ ဒေါ်အောင်ဆန်းစု ကြည် ကို ရာထူးတနေရာပေးမလား။ ဒါမှမဟုတ် တချို့က လွှတ်တော်ထဲမှာ ကော်မရှင်တခုခု နဲ့ ကော်မတီ တခုခုမှာ ဦးဆောင်ခိုင်းမလား။ အကြောင်းအရာတခုခုအတွက်။ အာဂတိလိုက်စားမှုဖြစ်စေ၊ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးကိစ္စဖြစ်ဖြစ်။ ဒါမျိုးတွေကို ခန့်မှန်းနေကြတာ ရှိပါတယ်။

ဦးကိုကိုလှိုင် ။ ။ ဒါကတော့ ကျနော်ထင်တယ်။ ဘယ်အပေါ်မှာ မူတည်သလဲဆိုရင်တော့ သက်ဆိုင်ရာ stake holder တွေပေါ်မှာပဲ မူတည်လိမ့်မယ်။ အထူးသဖြင့် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒ ဘယ်လိုရှိသလဲ။ သူက လွှတ်တော်ထဲမှာပဲ နေချင်တယ်ဆိုရင် လွှတ်တော်ထဲမှာ သူလုပ်နိုင်တဲ့ နေရာတွေ။ တကယ် စွမ်းစွမ်းတမန် လုပ်နိုင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ သူနဲ့ လိုက်ဖက်ပြီး သူအများကြီး အကျိုး ရှိအောင်လုပ်နိုင်မယ့် နေရာတွေ အများကြီးရှိပါတယ်။ အဲဒီလိုပဲ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြား ထဲမှာ နားလည်းမှုရှိပြီး၊ သမ္မတကြီးကလည်း ဘယ်သူ့မဆို cabinet member အနေနဲ့ ခန့်လို့ရတယ် ဆိုတော့ ဒီအပေါ်မှာလည်း သူတို့အပေါ် မူတည်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်ကတော့ ခန့်မှန်းဖို့တော့ ~

ဦးသန်းလွင်ထွန်း ။ ။ ဒါတွေက ဖြစ်နိုင်တယ် အခြေအနေရှိတယ်လို့ ပြောလို့ရတယ်ပေါ့။

ဦးကိုကိုလှိုင် ။ ။ ဘယ်လိုပြောမလဲဆိုရင်တော့ အခြေခံဥပဒေအရ အခြေခံဥပဒေနဲ့ ညီညွှတ်တယ်ဆို ရင်တော့ ဘာမဆို ဖြစ်နိုင်တဲ့ဘောင်ထဲမှာ ရှိတာပေါ့။ သို့သော်ငြားလည်း ဘယ်ပေါ်မှာ မူတည်မလဲဆိုရင် သက်ဆိုင်ရာ ကာယကံရှင်ရဲ့ ဆန္ဒ၊ ကာယကံရှင်တွေ၊ အာဏာပိုင်တွေ၊ သူတို့တွေရဲ့ ဆန္ဒတွေပေါ်မှာပဲ မူတည်မယ်လို့ပဲ ဖြေချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဆရာဦးကိုကိုလှိုင်က ဒီ အမေရိကကို လာလည်တဲ့အချိန်မှာ အထူးသဖြင့် မြန် မာနိုင်ငံအပေါ်ကို ပြုလုပ်ထားတဲ့ အနောက်နိုင်ငံတွေဦးဆောင်တဲ့၊ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင် ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု။ အဲဒါတွေက မြန်မာနိုင်ငံအတွင်းမှာ စောစောက ကျနော်တို့ ဆွေးနွေးခဲ့ တဲ့ ပြောင်းလဲတိုးတက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဒီဘက်က အလား အလာကောင်းတွေ ဦးကိုကိုလှိုင်အနေနဲ့ တွေ့မြင်ရသလဲ။ ပြောရမယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုကို ပြန် ဖွင့်ပေးဖို့ အလားအလာက ဘယ်လောက်ထိ ကောင်းလာပြီလို့ ယူဆပါသလဲ။

ဦးကိုကိုလှိုင် ။ ။ အခုကိုပဲ ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့အချိန်မှာပဲ နိုင်ငံခြားရေး ဝန်ကြီး Mrs. Clinton ရဲ့ထုတ်ပြန်ချက်တွေထဲမှာ တော်တော်လေး လျှော့ပေါ့ပေးလာမယ့် အချက် အလက်တွေ အများကြီးပါပါတယ်။ ဆိုတော့ အမေရိကန်အစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ဖို့ဆိုရင် တော်တော်များများ concrete action ခိုင်ခိုင်မာမာ လုပ်ရပ်တွေနဲ့ တုံ့ပြန်ပေး သွားမယ့် အနေအထားရှိတယ်လို့ သူတို့ကိုယ်တိုင်လည်း ပြောပါတယ်။ ကျနော်တို့လည်း ယုံကြည်ပါတယ်။ သို့သော်လည်းပဲ sanction တွေဆိုတာက အမေရိကန်နိုင်ငံရေးစနစ်မှာ အင်မတန် ရှုပ်ထွေးပါတယ်။ ဥပဒေတွေ ချမှတ်ထားတာရှိတယ်။ သမ္မတရဲ့ Executive Order လို့ ခေါ်တဲ့ အမိန့်တွေနဲ့ လုပ်ထားတာတွေ ရှိတယ်။ နောက် တခြားတခြားသော condition တွေနဲ့ တွဲဘက်ပြီး ချိတ်ထားတာတွေလည်းရှိတယ်ဆိုတော့ ဒါတွေ အကုန်လုံးကို တမုဟုတ်ချင်း ရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အချိန်နည်းနည်းတော့ ယူရဦးမယ့် အနေအထားမျိုးရှိပါတယ်။ နောက်တချက်ကတော့ Congressလွှတ်တော်ရဲ့သဘောထားကလည်း အများ ကြီး မူတည်သေးတယ်ဆိုတော့ Congress လွှတ်တော်ကလည်း အခုက ရွေးကောက်ပွဲနှစ် ဖြစ်နေတော့ သူတို့ကလည်း အတော်အလုပ်ရှုပ်နေကြတယ်ဆိုတော့ ချက်ချင်းလက်ငင်း ကျနော်တို့က လုံးဝဥဿုံကြီး ဖယ်ရှားပစ်မယ်လို့ မမျှော်လင့်ပါဘူး။ သို့သော်ငြားလည်း တဆင့်ပြီးတဆင့် ဒါတွေ ပြေလည်သွားမယ် ဆို ရင်တော့ သိပ်မကြာခင်ကာလအတွင်းမှာ တော်တော်လေးကို သိသိသာသာ sanction ကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်မှုရှိလာလိမ့်မယ်။ အမေရိကန်ဘက်က။ EU ဘက်ကဆိုရင်လည်း လာမယ့် ဧပြီလထဲမှာ သူတို့ ဒီကိစ္စကို စဉ်းစားကြလိမ့်မယ်။ အဲဒီမှာလည်း အများကြီး တိုးတက်လာမှာပါ။ နောက်ကျန်တဲ့ တနိုင်ငံချင်းဆို ရင် သြစတြေလျ၊ ကနေဒါတို့ကလည်း အလျှော့အပေါ့ပေးတာတွေ ပြောထားပြီးပါပြီဆိုတော့ ကျနော် ကတော့ တော်တော်လေး အကောင်းမြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် ဗွီအိုအေဌာနချုပ်မှာ တွေ့ဆုံမေးမြန်းခဲ့တာပါ။

XS
SM
MD
LG