သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျနော်ရှိနေတဲ့ ဒီ အကျဉ်းထောင်


ကျနော်ရှိနေတဲ့ ဒီ အကျဉ်းထောင်
ကျနော်ရှိနေတဲ့ ဒီ အကျဉ်းထောင်

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေအကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေအကြောင်း ဗွီဒီယို သတင်း သမားတွေ စွန့်စွန့်စားစားနဲ့ အန္တရာယ်ကြားကနေ သတင်းရယူ တင်ပြရပုံတွေအကြောင်း ကလေးစစ်သားတွေ အကြောင်း၊ လူကုန်ကူးခံရသူတွေအကြောင်း မှတ်တမ်းရုပ်ရှင်တွေနဲ့ ကမ္ဘာက သတိပြု သိရှိလာအောင် ကြိုးစားနေကြရာမှာ အုပ်ချုပ်သူတွေနဲ့ မမျှတတဲ့ လူ့အသိုင်းအဝိုင်းတွေအကြား ပကတိ ဖြစ်ရပ်တွေကို ပြောင်လှောင်သရော်တတ်တဲ့ လူသားချင်းစာနာမှုနဲ့ ကူညီဖို့အရေး စိတ်ဓာတ် အပြည့်ရှိတဲ့ အနုပညာရှင် လူရွှင်တော်ဇာဂနာရဲ့ အကြောင်းကို ဗြိတိန်နိုင်ငံက ဒါရိုက်တာ Rex Bloomstein က This Prison Where I Live “ကျနော်ရှိနေတဲ့ ဒီအကျဉ်းထောင်” ဆိုတဲ့ နာမည်နဲ့ မှတ်တမ်းရုပ်ရှင်တခုကို တင်ပြခဲ့ပါတယ်။ ဂျာမနီနိုင်ငံက နာမည်ကျော်လူရွှင်တော် မိုက်ကယ်လ်၊ မစ်တာမီယာ (Michael Mittermeier) ကလည်း ကူညီတင်ဆက်ခဲ့တာပါ။

ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေတဲ့ ဒါရိုက်တာ Rex Bloomstein ကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းထားတာကို ဒီတပတ် ဒီမိုကရေစီရေးရာကဏ္ဍအဖြစ် နားဆင်နိုင်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က လာဆီနီးမား လာတီးနားရုံမှာ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ ဆုရရှိထားတဲ့ This Prison Where I Live ကျနော်ရှိနေတဲ့ အကျဉ်းထောင် အမည် ရှိတဲ့ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ စိတ်ဝင်စားသူတွေ အတွက် လာရောက်ပြသရင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို ရှင်းလင်းတင်ပြခဲ့တဲ့ ဒါရိုက်တာ Rex Bloomstein ကို ဗွီအိုအေ မြန်မာပိုင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဟာသအနုပညာတွေဟာ ဘာသာစကားအခက်အခဲ၊ ယဉ်ကျေးမှုနောက်ခံတွေကြောင့် နိုင်ငံတွေကို ကျော်ပြီးတော့ နားလည်ခံစားနိုင်ဖို့ အခက်အခဲ အကန့်အသတ်တွေရှိပေမဲ့ လူသားဆန်တဲ့ လူသားတွေရဲ့လုပ်ရပ်တွေကတော့ နားလည်ခံစားနိုင်ဖို့ အကန့်အသတ်မရှိပါဘူးလို့ ဒါရိုက်တာ Rex Bloomstein က ပြောပါတယ်။

ဇာဂနာအကြောင်းကိုကြားပြီး လေးစားကြည်ညိုနေတဲ့ ဂျာမန်နိုင်ငံသား၊ လူရွှင်တော် Michael Mittermeier ရဲ့ ပံ့ပိုးမှုတွေနဲ့ မြန်မာနိုင်ငံကိုသွားပြီးတော့ ဒီမှတ်တမ်းရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးခဲ့တာပါ။

ဒါပေမဲ့ ဇာဂနာနဲ့ တကယ်တန်းတွေ့ဆုံခဲ့ဖူးတာကတော့ ဇာဂနာထောင်မကျခင် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၂၀၀၈ ခုနှစ်အတွင်းက ဖြစ်ပါတယ်။

̔ဇာဂနာဟာ တော်တော်လေး ထူးခြားတဲ့လူတယောက်ပါ။ လွန်ခဲ့တဲ့သုံးနှစ်ကျော်က ကမ္ဘာတဝှမ်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း မှတ်တမ်းရိုက်ကူးဖို့ မြန်မာပြည်ကို ရောက်နေတုန်း လူတယောက်က မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး လူရွှင်တော်တယောက်ကို မဖြစ်မနေတွေ့သင့်တယ်လို့ လူတယောက်က အကြံပြုခဲ့ပါတယ်။ ဇာဂနာ့ကို သူ့အိမ်မှာ ကျနော်သွားတွေ့ပြီး မှတ်တမ်းတင် ဗွီဒီယိုလေးတခု ရိုက်ဖြစ်ခဲ့တာပါ။̕

နောက် သုံးနှစ်ကြာ ၂၀၁၀ နှစ်ဆန်းပိုင်းမှာ ဒီမှတ်တမ်းရုပ်ရှင်ကားကို အပြီးသတ်ရိုက်ကူးဖို့ မြန်မာနိုင်ငံကို ဂျာမန်လူရွှင်တော် မိုက်ကယ်လ်နဲ့အတူ သွားခဲ့တဲ့အချိန်မှာ ဇာဂနာဟာ ထောင်ထဲကို ရောက်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း သူဟာ မြန်မာပြည်သူတွေရဲ့ရင်ထဲမှာ အမြဲရှိနေတဲ့လူတယောက်ဆိုတာ သူသိခွင့်ရခဲ့တယ်လို့ ဒါရိုက်တာ Rex Bloomstein က ပြောပါတယ်။

ဟာသပြက်လုံးတွေဟာ မြန်မာပြည်သူတွေ နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တွေကနေ သက်သာရာရအောင်လို့ ကြိုးစားပေးတဲ့ ထွက်ပေါက်တခုလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

̔ဇာဂနာအဓိကပြောခဲ့တာက မြန်မာလူ့အဖွဲ့အစည်းအတွင်း စိတ်မကောင်းစရာ ဖြစ်ပေါ်နေတဲ့ လွဲမှားမှုတွေ၊ မညီမျှမှုတွေကို ဟာသဉာဏ်နဲ့ ထုတ်ဖော်ခဲ့တာလို့ ကျနော်မြင်ပါတယ်။ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ ထိန်းချုပ်ကန့်သတ်မှုတွေ...စသဖြင့် နောက်ဆုံး လျှပ်စစ်မီး မလာတာကအစ ဒီ အခြေအနေတွေကို မရပ်မနား ထုတ်ဖော်ပြသသွားတာပါ။ သူ ရဲရဲရင့်ရင့် စွန့်စား ပေးဆပ်ခဲ့တာပါ။

“ဟေ့ မနေ့ညတုန်းကလေ တို့အိမ်နားမှာ သူခိုးတယောက်ကို ဖမ်းမိသွားတယ်ဗျာ။”

“အမယ်…သူခိုးကို ဘယ်လိုလုပ်ပြီး ဖမ်းမိသွားလဲ။”

“ဖြစ်ချင်တော့ဟေ- တအိမ်လုံး၊ တရပ်ကွက်လုံး မီးက မှောင်မည်း..နေတာ။ မည်းနေတဲ့ အချိန်မှာ သူခိုးက ဘယ်အချိန်တုန်းကလဲမသိဘူး။ အိမ်ထဲရောက်ပြီး မျက်နှာကျက်မှာ တက်ပုန်းနေတာ။ အဲဒီအချိန်မှာ ဗြုန်း…ဆို လျှပ်စစ်မီးကလည်း လာရော။ ဘွား…ကနဲ တရပ်ကွက်လုံးက လင်းသွားတော့ သူခိုးကလည်း အပေါ်ကကြည့်ပြီး ဝမ်းသာပြီးတော့ “မီးလာပြီဟေ့..မီးလာပြီဟေ့..မီးလာပြီဟေ့ ဆိုပြီးတော့ သူခိုးက အော်ပြီးပြေးဆင်း လာတာ။ အဲဒီသူခိုး အဖမ်းခံလိုက်ရပါလေရောဗျာ”

(ရယ်သံနှင့်လက်ခုပ်သံများ….)

ဇာဂနာကို သိပ်တွေ့ချင်တယ်ဆိုတဲ့ ဂျာမန်နိုင်ငံသား၊ လူရွှင်တော် Michael Mittermeier နဲ့အတူ ဇာဂနာရှိနေတဲ့ မြစ်ကြီးနားအကျဉ်းထောင်ကို အပြင်ကနေ မြင်ရရုံ သွားရောက်ခဲ့ရတဲ့အဖြစ်က သူတို့အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးခရီးစဉ်တခုပါလို့ ဒါရိုက်တာ Rex Bloomstein က ပြောပါတယ်။

တခြားလူ့ဘောင်အဖွဲ့အစည်းတွေမှာ လွယ်လွယ်ကူကူ လုပ်နိုင်မယ့်ကိစ္စတွေကိုပဲ မြန်မာနိုင်ငံမှာ အန္တရာယ် အမျိုးမျိုးကြားကနေ ကြိုးစားရတယ်ဆိုတာ သူနားလည်ခဲ့တယ်လို့ ဆိုပါတယ်။

̔ကျနော်တို့ မြစ်ကြီးနားကို သွားခဲ့ပါတယ်။ ဇာဂနာနဲ့ အနီးဆုံးကို သွားခဲ့တာပါ။ စိတ်ခံစားချက်အရရော၊ စိတ်ဓာတ် ဆုံးဖြတ်ချက်အရပါ ကျနော်တို့ ဒီလိုလုပ်သင့်တယ်လို့ မြင်ပါတယ်။ မိုက်ကယ်လ်က သူသွားချင်တယ် ဆိုပြီး သွားခဲ့တာပါ။ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူအကျဉ်းကျခံနေရတဲ့နေရာကို ဘယ်နေရာဆိုတာ လူတွေကို ပြသချင်ပါတယ်။ ကျနော်တို့ မြစ်ကြီးနားကို ရောက်တဲ့အချိန်ဟာ ဇာဂနာအသက် (၅၀) ပြည့် မွေးနေ့ပါ။̕

ဇာဂနာဟာ လူရွှင်တော်တယောက်၊ ဒါ့အပြင် နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတွေမှာ အလွှဲအချော် ရှိနေတာတွေကို ထောက်ပြ သရော်ရဲတဲ့သူတယောက် ဖြစ်ပါတယ်ဆိုတာကို ဒါရိုက်တာ Rex Bloomstein ရဲ့ မှတ်တမ်းမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။

ဇာဂနာ...

ကမ္ဘာပေါ်မှာ အကြွားဆုံးဆိုတဲ့လူမျိုး၊ ဟော- အမေရိကန်လူမျိုးရယ်၊ ဟော- အင်္ဂလိပ်လူမျိုးရယ်၊ ဟော- ကျနော်တို့ ဗမာလူမျိုးရယ်၊ သုံးယောက်က တွေ့ကြပါလေရောဗျာ။ ဘယ်သူက ဘယ်သူ့ထက် ပိုကြွားသလဲဆိုတာကို အဲဒီမှာ ပြိုင်ကြတာ။

ဟော- အမေရိကန်လူမျိုးက စကြွားတယ်ဗျ။ သူက ဘယ်လိုကြွားတုန်း၊ ̔ဟေ့...တို့အမေရိကန်ကွ။ ခြေထောက်တဖက်မရှိဘူးနော်၊ အဲ...ခြေထောက်တဘက် မရှိဘဲနဲ့ ဧဝရက်တောင်ပေါ်ကိုတက်တာ နှစ် ခါရှိသွားပြီ̕...တဲ့။ ဒါ - အမေရိကန်က ကြွားတယ်။

ဟား..ဟား...အဲဒီအခါကျတော့ အင်္ဂလိပ်ကလည်း ဘယ်နေမလဲ၊ ̔ဟေ့၊ မင်းတို့ အမေရိကန်လောက် ကတော့ အချဉ်ပါကွာ။ ဒီမှာ ငါတို့အင်္ဂလိပ်တွေလေ၊ လက် နှစ်ဘက် မရှိဘူး။ အတ္တလန်တိတ်သမုဒ္ဒရာကို ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် နှစ်ခေါက် ဖြတ်ကူးပြီးသွားပြီ။ ဟား..ဟား..ဟား...ဟား... ဒါ အင်္ဂလိပ်ကွ̕ လို့ ပြောတယ်။

အဲဒီအချိန်ကျတော့မှ ဗမာက ဘာရမလဲ။

̔ခင်ဗျားတို့ အမေရိကန်တွေ၊ အင်္ဂလိပ်တွေလောက်တော့ သနားတယ်။ အချဉ်ပဲ။

ဟေ့- ဒီမှာ ဗမာကွ။

တိုင်းပြည်အုပ်ချုပ်တာ ၁၈ နှစ် ရှိသွားပြီ။

ခေါင်းကို မရှိဘူး̕ ဟဲ...ဟဲ...ဟဲ...ဟဲ...

̔သူက ပြောပါတယ်။ သူ့ကို မုန်းတဲ့ရန်သူတွေ၊ သူ့မိတ်ဆွေ ဖြစ်လာရမယ်တဲ့။ တွေးကြည့်ပါအုံး၊ ရန်သူကိုတောင် မိတ်ဆွေဖြစ်ရမယ်တဲ့။ ဒါဟာ လူသားဆန်တာကို ပြသနေပါတယ်။ ကိုယ့်ကို နာကျင်အောင်လုပ်တဲ့ သူတွေကို သူက မခါးသည်းဘူး။ သူ့ကို ဖိနှိပ်ရက်စက်တဲ့ သူတွေနဲ့ ထိတွေ့ဖို့ ဝန်မလေးဘူးဆိုတာကို ပြသနေတာပါ။

ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံရတဲ့အချိန် ဇာဂနာဟာ မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို အနစ်နာခံ ကူညီခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေက သူ့ကို အန္တရာယ်ရှိတဲ့ လူတယောက်လို့ သတ်မှတ်ပြီးတော့ မြန်မာပြည်သူတွေနဲ့ ကင်းကွာသွားအောင် နှစ်ရှည်ထောင်ဒဏ်ချလိုက်တာပါ လို့ ဒါရိုက်တာ Rex Bloomstein က ပြောပါတယ်။

တကယ်တန်းမှာတော့ ဇာဂနာဟာ မြန်မာပြည်သူတွေရဲ့ခံစားချက်နဲ့ အသံတွေကို ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ကြားရအောင် ဖော်ပြပေးချင်တဲ့ Loud Speaker လို့ သူ့ကိုယ်သူ တင်စားခဲ့ပါတယ်။

ဒါရိုက်တာ Rex ရဲ့မှတ်တမ်းရုပ်ရှင်မှာတော့ လူရွှင်တော် မိုက်ကယ်လ်က သူ့အနေနဲ့ ဇာဂနာ့ကိုယ်စား၊ ဇာဂနာပြောချင်တဲ့ စကားတွေ၊ ဇာဂနာလုပ်ချင်တဲ့ လုပ်ဆောင်ချက်တွေကို ကမ္ဘာတဝှန်းက ပြည်သူတွေကြားမှာ ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ကြားရအောင် လုပ်ပေးနိုင်တဲ့ Loud Speaker ဖြစ်ပါရစေလို့ ပြောသွားခဲ့ပါတယ်ရှင်။

ဂျာမနီနိုင်ငံက လူရွှင်တော် Michael Mittermeier နဲ့ မြန်မာနိုင်ငံက လူရွှင်တော် ကိုဇာဂနာတို့ တကယ် တွေ့ဆုံ ဖြစ်ခဲ့ကြရင် ကြည်နူးစရာ၊ စိတ်လက်ပေါ့ပါးစရာ တွေးတောဆင်ခြင်စရာ ဟာသတွေကို ဖလှယ်နိုင်ကြပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

XS
SM
MD
LG