သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နဲ့ နိုင်ငံသားများ အခန်းကဏ္ဍ


ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နဲ့ နိုင်ငံသားများ အခန်းကဏ္ဍ
ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နဲ့ နိုင်ငံသားများ အခန်းကဏ္ဍ

နိုင်ငံတကာရဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်သွားဖို့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်တွေ့ကျကျ ဦးဆောင်မှုအခန်းကဏ္ဍကနေ လုပ်ဆောင်သွားဖို့ လိုအပ်မှာဖြစ်တဲ့ကြောင်း၊ နိုင်ငံတကာ အကူအညီတွေကို ရေရှည်မှီခိုနေရမယ့်အဖြစ်တွေကို ရှောင်လွှဲပြီး ကိုယ်တိုင်ဦးဆောင်နိုင်မယ့် အခြေအနေမျိုးရောက်အောင် လုပ်ဖို့လိုအပ်တဲ့အကြောင်း ထောက်ပြပြောဆိုနေတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးဆိုင်ရာ ပညာရှင် ဒေါက်တာမြတ်ထူးရာဇတ် အား ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါက်တာမြတ်ထူးရာဇတ် နဲ့ ကျနော်နဲ့ဆိုရင် မြန်မာပြည်မှာ ဆေးတက္ကသိုလ် တက်ခဲ့တုန်းကလည်း အတူတူ။ နောက် ၁၉၈၈ မြန်မာနိုင်ငံမှာ လူထုအုံ့ကြွမှု အရေးအခင်းဖြစ်ခဲ့ချိန်တုန်းကလည်း ကိုယ်ကျရာနေရာတွေက အတူတူလုပ်ခဲ့ကြတဲ့ ကဏ္ဍလေးတွေ ရှိခဲ့ကြတယ်။ အဲဒါပြီးတော့ ကျနော်တို့တတွေ တနေရာဆီ ကွဲသွားခဲ့ကြပြိး အခုလောလောဆယ်တော့ ကျနော်က သတင်းထောက်၊ အသံလွှင်လုပ်ငန်း လုပ်နေတဲ့လူ။ ကိုမြတ်ထူးကတော့ ဆရာဝန်တယောက်အနေနဲ့ နိုင်ငံတကာမှာလှည့် ကျန်းမာရေးနဲ့ဆိုင်တဲ့ နိုင်ငံတကာ ဗဟုသုတအပြည့်နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု၊ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို အဖွဲ့အစည်းအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လူတယောက်။ အတွေ့အကြုံတွေရလာခဲ့တဲ့ လူတယောက်။ အဲဒီတော့ ဒီ အနှစ် (၂၀) ကျော်ခဲ့ပြီးတဲ့ကာလမှာ ကျနော်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျနော်လည်း ဗမာပြည်ကို ပထမဦးဆုံးအကြိမ် ပြန်ရောက်ပါတယ်။ အလားတူပဲ ကျနော်တို့နဲ့ မရှေ့မနှောင်းဆိုသလို ကိုမြတ်ထူးလည်း မြန်မာပြည် ပြန်သွားခဲ့တယ်လို့ ကြားသိရပါတယ်။ ကြားပြီးနောက်ပိုင်းမှာ အခု ရက်ပိုင်းအတွင်းမှာ ကိုမြတ်ထူးဆီက ဆောင်းပါးလေးတပုဒ်၊ အကြံပြုချက် ဆောင်းပါးလေးတပုဒ် မြန်မာပြည် အနာဂတ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ အကြံပြုချက် ဆောင်းပါးလေးတပုဒ် ရေးလာတာကို တွေ့ရပါတယ်။ ကိုမြတ်ထူး ရေးထားတဲ့ ဆောင်းပါးထဲမှာ အင်္ဂလိပ်လို Exciting and Challenging Environment - ဗမာလိုတော့ တော်တော်လေးကို စိတ်လှုပ်ရှား တက်ကြွစရာနဲ့ စိမ်ခေါ်မှုတွေ အပြည့်ရှိနေတဲ့ အခြေအနေ။ အဲဒါ ဘာကို ဆိုလိုတာလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ စိတ်လှုပ်ရှားမှု ကောင်းမွန်တယ်ဆိုတာ အခုအချိန်မှာ ပြန်ကြည့်ကြမယ်ဆိုရင် အရင်ကဆိုရင် အခုလို ကိုယ်ရေးချင်တာလည်း မရေးနိုင်ခဲ့ပါဘူး။ တချိန်တည်းမှာပဲ ကိုယ်ပြောချင်တာကိုလည်း ပြောလို့မရပါဘူး။ ဒေါ်စု ဆိုရင်လည်း လွတ်လွတ်လပ်လပ် သွားခွင့်လာခွင့် မရှိပါဘူး။ အခုဆိုရင် ကျနော့်ရဲ့ သူငယ်ချင်း အသိုင်းအဝိုင်းကအစ သူတို့ ပြောချင်တာကို ပြောလို့ရလာပါပြီ။ ဒါပေမဲ့ လုပ်ချင်တာကို လုပ်လို့မရသေးပါဘူး။ အပြည့်မရသေးတဲ့ အချိန်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူတို့က သူတို့ရဲ့ လုပ်နိုင်ခွင့် တိုးလာအောင် လုပ်ကြည့်ဖို့ ကြိုးစားနေချိန်မှာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုနဲ့ စိတ်တက်ကြွမှုကို ကျနော် မြင်ရတော့ ကိုယ်တိုင် စိတ်တက်ကြွမှု ရှိလာပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက စိတ်တက်ကြွမှု။ နောက်တခုက challenging - စိမ်ခေါ်မှု။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ စိမ်ခေါ်မှုကတော့ ကိုသန်းလွင်ထွန်း သိတဲ့အတိုင်း - ဘယ်လောက်ပဲ လွတ်လပ်တယ်ပြောပြော မလွတ်လပ်တာတွေ အများကြီးပါ။ မလွတ်လပ်တာတွေ အများကြီးမှာ ရေးချင်တာ ရေးလို့ရတယ်ဆိုပေမယ့် အားလုံးလည်း ရေးလို့ မရသေးပါ။ ကိုသန်းလွင်ထွန်းတို့ဆို ပိုသိတာပေါ့။ ဆင်ဆာဆိုတဲ့ကိစ္စ။ တချိန်တည်းမှာပဲ စိမ်ခေါ်မှုက အားလုံးဖွင့်ပေးလိုက်တာနဲ့ ဗမာပြည်ကြီး ချက်ချင်းတိုးတက်လာမလားဆို မတိုးတက်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အိမ်နီးချင်းနိုင်ငံတွေပဲ ပြန်ကြည့်လိုက်။ ဗိယက်နမ်၊ ကမ္ဘောဒီးယား၊ လားအို၊ မလေးရှား၊ ထိုင်း ကအစ တဖြည်းဖြည်းနဲ့ တက်လာအောင် လုပ်ကြရပါတယ်။ လုပ်လာကြတဲ့အခါမှာ တိုင်းပြည်လူထုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေ အရေးကြီးပါတယ်။ အဲဒီလို အချိန်ကို မရောက်သေးဘူးလို့ ကျနော်မြင်ပါတယ်။ အဲဒီလို အခြေအနေရောက်အောင် အားလုံးက ဝိုင်းဝန်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲဒါက အဓိက စိမ်ခေါ်ချက်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် ဖတ်ရတဲ့ ကိုမြတ်ထူး ရေးထားတဲ့ နောက်ဆုံး ဆောင်းပါးထဲမှာ အကြံပြုချက် (၃) ခု လုပ်ထားတာကို တွေ့ရတယ်။ သုံးခုမှာ ပထမတခုကတော့ မြန်မာနိုင်ငံ ဘယ်လမ်းသွားမလဲဆိုတာ။ ကျနော် မှားရင်လည်း ပြင်ပါ။ ကျနော် နားလည်းလိုက်တဲ့အချက်။ မြန်မာနိုင်ငံ ဘယ်လမ်းကို သွားမလဲဆိုတာကို လက်ရှိ အတိုက်အခံခေါင်းဆောင်တွေ၊ အားလုံး ဘက်ပေါင်းစုံကပါပြီးတော့ ဘယ်လမ်းသွားကြမလဲဆိုတာကို ကျေကျေလည်လည် သိထားအောင် လုပ်ကြရမယ်ဆိုတဲ့ အချက်မျိုး ပါတယ်လို့ထင်တယ်။ အဲဒါ ဟုတ်သလား။ နည်းနည်းရှင်းပြပါ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ဟုတ်ပါတယ်။ ကျနော့်တို့အနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး။ ပြည်သူလူထုက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးမှာ ခေါင်းဆောင်တွေကပဲ လုပ်လို့ မရပါဘူး။ ကျနော်ဆိုရင် ကျောင်းသားဘဝမှာ ခရီးတွေ တော်တော်သွားခဲ့ပါတယ်။ သွားခဲ့တဲ့အချိန်မှာ ပြည်နယ်နဲ့ တိုင်းတွေ ရောက်တဲ့အခါမှာ တချို့ ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် ရန်ကုန်နဲ့ မန္တလေးတို့မှာ ရှိတာတွေ လုံးဝမရှိပါဘူး။ သူတို့ရဲ့ ကံကြမ္မာကို ဖန်တီးပိုင်ခွင့်လည်း နည်းပါတယ်။ ကျနော့်အနေနဲ့ ဖြစ်စေချင်တာက ပြည်နယ်အသီးသီး၊ နယ်ပယ်အသီးသီးမှာ လူတိုင်းလူတိုင်း တယောက်နဲ့တယောက် ခင်ခင်မင်မင် မဖြစ်ရင်တောင်မှ နားလည်းမှု တည်ဆောက်လာဖို့ အရေးကြီးပါတယ်။ နားလည်းမှု တည်ဆောက်လာခဲ့ပြီးအချိန်မှာ တိုင်းပြည်ရှေ့ရေးကို ဘယ်လိုသွားကြမလဲ။ မြန်မာပြည် ရှေ့ရေးကို ဘယ်လိုဖြစ်စေချင်သလဲဆိုတာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန် အရေးကြီးပါတယ်။ ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်နေလို့ မရပါဘူး။ တချိန်တည်းမှာပဲ စီးပွားရေးသမားနဲ့ ပညာရှင်တွေမှာ အတိုက်အခံတွေ ရှိလာပါတယ်။ အဲဒီတော့ အားလုံးကနေပြီး လူတိုင်း စိတ်တိုင်းကျဖြစ်တဲ့ တိုင်းပြည်တခု ဖြစ်ပေါ်လာဖို့က ဘယ်တိုင်းပြည်မှ မရှိခဲ့ပါဘူး။ တကမ္ဘာလုံးမှာ မရှိပါဘူး။ ဒါပေမဲ့ အားလုံးကနေ ထိထိရောက်ရောက် ရှေ့ဘယ်လို သွားနိုင်မလဲဆိုတာကို ပူးပေါင်းပါဝင်မှု ရှိမယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်မယ်။ ခင်ခင်မင်မင်နဲ့ ယုံယုံကြည်ကြည် ဆွေးနွေးလာနိုင်မယ်ဆိုရင်တော့ ကျနော်ထင်တယ် ရေရှည်မှာ တိုင်းပြည်တည်ဆောက်တဲ့အချိန်မှာ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန် အရေးကြီးပါတယ်။ အားလုံး သဘောတူချင်မှတူမယ်။ လူအများစုက သဘောတူတယ့် တိုင်းပြည်ကို ဖန်တီးပေးနိုင်မယ်ဆိုရင် နောင်လာနောင်သားတွေအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆိုလိုတာက ကိုယ်ဘယ်လမ်းသွားမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့။ ဒါကတချက်။ ဒုတိယတချက် ကျနော် မြင်တာက အထူးသဖြင့် မြန်မာပြည်တွင်းမှာရှိတဲ့ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ institutions လို့ ခေါ်တဲ့ ဌာန၊ အစိုးရဌာနတွေ၊ ပုဂ္ဂလိကဌာနတွေ၊ ယန္တရားတွေ အကုန်လုံးကို လုပ်ကိုင်ရည် စွမ်းရည်ပြည့်လာအောင် ပိုပြီး ပံ့ပိုးပေးဖို့လိုတယ်ဆိုတဲ့ အချက်။ ဒါတွေက ဘယ်လိုဘယ်နည်းနဲ့ ပံ့ပိုးပေးနိုင်မလဲဆိုတာကို ဘယ်လို အကြံပြုထားတာ ရှိသလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ အင်မတန် အရေးကြီးပါတယ်။ တိုင်းပြည်ရှေ့ရေးကို ဘယ်လို တိုင်းပြည်ဖြစ်ချင်သလဲဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်တဲ့အချိန်မှာ လူတိုင်းက သူတို့ရဲ့ အရည်အချင်းကို တိုးတက်လာအောင် လုပ်ရပါမယ်။ ဘာလုပ်ချင်သလဲဆိုတာကို သိဖို့ဆိုရင် ကိုယ်က ကိုယ့်မှာ အတတ်ပညာ၊ အတန်းပညာကို ပြောတာ မဟုတ်ပါဘူး။ အတက်ပညာနဲ့ အသိပညာ ရှိလာမယ်ဆိုရင် လူထုက ပိုပြီး ထိထိရောက်ရောက် ဆုံးဖြတ်နိုင်ခွင့် ရှိလာပါမယ်။ ဗမာပြည်တွင်းမှာရှိတဲ့ လူတွေက ဘယ်လို လုပ်ရမလဲ။ တိုးတက်မလဲဆိုတာ သိကြပါတယ်။ ဒါပေမဲ့ အခွင့်အရေး မရကြတာ ရှိကြပါတယ်။ နိုင်ငံခြားကနေ အခွင့်အရေး ပေးကြမယ်ဆိုရင် နိုင်ငံခြားကလူတွေ လာပြီးတော့ အလုပ်လုပ်သွားမယ့်အစား ကိုယ့်တိုင်းပြည်မှာရှိတဲ့ လူတော်အားလုံးကို မြှင့်တင်နိုင်အောင်ဆိုရင် ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် ဖြစ်စေချင်တယ်။ ကျနော်ပြောတဲ့ ပံ့ပိုးမှုဆိုတာ ကိုယ့်ကို တိုးတက်လာမှု၊ အရည်အချင်းရှိဖို့ဆိုတာ နိုင်ငံခြားက လာလုပ်ပေးလို့ မရပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် သတိထားမိတာတခု ရှိတယ် ကိုမြတ်ထူး ရေးထားတဲ့အထဲမှာ။ လာမယ့် နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ကူညီမှုတွေကိုပဲ မှီခိုနေရမယ့် နိုင်ငံမဖြစ်သွားအောင်ဆိုတဲ့ အချက်ကလေးပါတယ်။ ဥပမာအားဖြင့် တချို့ အာဖရိကနိုင်ငံတွေမှာ ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ နိုင်ငံတကာက အမြဲတမ်း လာပြီးပံ့ပိုးပေးနေပြီ၊ ကိုယ့်ရှိမှာ အတတ်ပညာ မကျန်ခဲ့ဘဲနဲ့ တချိန်လုံး သူများပေးတာ၊ သူများထောက်ပံ့တာတွေပဲ မှီခိုရတဲ့ အနေအထားမျိုး ရောက်သွားတဲ့ အခြေအနေမျိုး။ ကိုမြတ်ထူး ရေးထားတဲ့အထဲမှာ မြန်မာနိုင်ငံကို ဒါမျိုး မဖြစ်သွားစေချင်ဘူးဆိုတဲ့ တိုက်တွန်းချက်ကလေးလည်း ကျနော် တွေ့ပါတယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပါလား။ တခြား ဥပမာတွေ ဘာတွေရှိသလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေကို ပြန်ကြည့်ပါ။ ကမ္ဘောဒီးယားမှာဆိုရင် အပြည်ပြည်ဆိုင်ရာက ပံ့ပိုးမှုတွေ အများကြီးပါ။ ပံ့ပိုးမှု ပေးလာတဲ့တချိန်တည်းမှာ အဖွဲ့အစည်းတွေနဲ့လာပြီး နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေက သူတို့ရဲ့ အဓိကနေရာတွေကို ထိထိရောက်ရောက် လုပ်ကြပါတယ်။ သူတို့ စေတနာနဲ့ လုပ်ကြတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားလူမျိုးတွေကြတော့ အပေါ်ကို ခေါင်းဆောင်ဘက်ကို တက်လာဖို့ အင်မတန် နည်းလာပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာက နိုင်ငံခြားသား နိုင်ငံခြားသူတွေပဲ အားလုံးဝိုင်းလုပ်ပေးကြမယ့်အစား ကိုယ့်တိုင်းပြည်မှာရှိတဲ့ လူအသီးသီးကို အရည်အချင်း ပိုတိုးတက်လာရုံတင်မကပဲ သူတို့ကို နေရာ၊ ခေါင်းဆောင်မှုပေးဖို့ အရေးကြီးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကိုမြတ်ထူး ရေးထားတဲ့ ဆောင်းပါးထဲက တတိယအချက် ကျန်သေးတယ်။ အဲဒီ တတိယအချက်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်။ အဲဒါကတော့ ကိုမြတ်ထူး အကြံပြုထားတာက မြန်မာနိုင်ငံအတွင်းမှာ ပေါ်လာမယ့် ဘက်ပေါင်းစုံက ခေါင်းဆောင်တွေကို အခုလက်ရှိ အာဏာရှိနေတဲ့ ခေါင်းဆောင်တွေ၊ အဲဒါအပြင် နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ထိတွေ့ခွင့် ဆက်ဆံခွင့်တွေ ရလာအောင် အားပေးရမယ်။ ထောက်ပံ့မှုတွေ ပေးရမယ်ဆိုတဲ့ အချက်မျိုး အကြံပြုထားတယ်။ ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုမျိုး လုပ်နိုင်မလဲ။ သဘောက ဒီလူတွေကို နိုင်ငံတကာကို လွတ်ပြီးတော့ လေ့လာမှုတွေ လုပ်ခိုင်းရမှာလား။ ဘာကို ဆိုလိုတာလည်းဆိုတာကို တချက်လောက် ရှင်းပြပါလား။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ အင်မတန် ကောင်းတဲ့မေးခွန်းပါ။ ကျနော်တို့အနေနဲ့ ပြန်ကြည့်တဲ့အခါမှာ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံတယ်ဆိုတဲ့အချိန်မှာ အစိုးရတခုတည်း မဟုတ်ပါဘူး။ စီးပွားရေးသမားတွေလည်း အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရပါတယ်။ တက္ကသိုလ်တွေလည်း အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရပါတယ်။ အဲဒီတော့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အပြင်လူနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လို ထိထိရောက်ရောက် ဆက်ဆံမလဲ။ ဥပမာ ကိုယ်ကနေ ထိထိရောက်ရောက် မဆက်ဆံနိုင်ဘူးဆိုရင် သူတို့ရဲ့ အမြတ်ထုတ်မှုကို ခံရပါတယ်။ စီးပွားရေးသမားဆိုရင် ပိုသိသာပါတယ်။ ဘယ်နေရာမှာမဆို အဖွဲ့အစည်းအတိုင်း၊ အသေးအကြီးအားလုံးက ပြည်ပနဲ့ဖြစ်ဖြစ် အပြင်လူနဲ့ ဆက်ဆံတဲ့အချိန်မှာ ထိထိရောက်ရောက် ဆက်ဆံနိုင်ဖို့ဆိုရင် ဘာသိဖို့ လိုလာသလဲဆိုတော့ အပြင်လူတွေက ဘယ်လို တယောက်နဲ့တယောက် စကားပြောကြသလဲ။ သူတို့ရဲ့ ဈေးကွက်တွေက ဘယ်လိုရှိသလဲ။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်လိုလုပ်ကြသလဲ။ တချိန်တည်းမှာ ပညာရှင်တွေကို ပြန်ပြောမယ်ဆိုရင် ဒီလိုပါပဲ။ အဲဒီတော့ ကျနော်တို့အဖို့ ဘာအရေးကြီးလာသလဲဆိုရင် ဒီလူတွေရဲ့ စနစ်က ဘယ်လိုရှိသလဲ။ သူတို့ရဲ့ စနစ်ကို ပြောင်းဖို့ပြောတာ မဟုတ်ပါဘူး။ သူတို့စနစ်ကို သိထားတဲ့အချိန်ကြရင် ကိုယ်က ဒီဥစ္စာကို အကျိုးရှိ အသုံးချလို့ ရမလဲဆိုတာကို ပိုသိလာမှာပါ။ တချိန်တည်းမှာ အဲဒီလို ဖြစ်လာမယ်ဆိုရင် ကိုယ့်တိုင်းပြည် ကိုယ့်တက္ကသိုလ်၊ ကိုယ့်ရဲ့ အဖွဲ့အစည်းတိုးတက်လာအောင် အများနဲ့ ဆက်ဆံတဲ့အချိန်မှာ အဓိကတော့ အညာခံရတာ မခံရတာကို ပြောတာမဟုတ်ပါဘူး။ ထိထိရောက်ရောက် အကျိုးရှိရှိ၊ နှစ်ဦးနှစ်ဖက်မျှဖို့ အရေးကြီးပါတယ်။ တချိန်တည်းမှာ ကျနော်တို့ကပဲ အမြတ်ထုတ်လို့ မရဘူး။ နိုင်ငံသားတွေအနေနဲ့ အမြတ်ထုတ်ဖို့ ပြောတာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် မျှမျှတတနဲ့ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်ပါတယ်။ ဒါကို ကျနော် အဓိက ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီ ဆောင်းပါးရဲ့ ခေါင်းစဉ်ကလည်း ဗမာလို ပြန်ရင်တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပြီးတော့ ကိုယ်ထူကိုယ်ထ လုပ်ကြရမယ်ဆိုတဲ့ သဘောမျိုး။ ဒီလို သဘောမျိုး ပြန်ရမယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ ဒီဆောင်းပါးက အဲဒီလို တိုက်တွန်းချက်တွေနဲ့ဆိုရင် ဘယ်လိုဘယ်ဌာနကို ရည်စူးပြီးရေးတာလဲ။ ဥပမာအားဖြင့်ဆိုရင် ကျနော်တို့ ရှိနေတဲ့နေရာက အမေရိကန်ပြည်ထောင်စု။ ကိုမြတ်ထူး ရှိနေတာကလည်း အမေရိကန်ပြည်ထောင်စု။ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိတ်စို့အရေးယူမှုတွေကို ဖွင့်ပေးပြီးတော့ ရင်းနှီးမြုပ်နံှမှုတွေကို နောက်ပိုင်းမှာ အားပေးလာဖို့ နည်းပညာ အကူအညီတွေ ထောက်ပံ့လာဖို့ တာဆူနေတဲ့ အချိန်ကလာဆိုတော့ ဒီအချိန်ကာလမှာ ကိုမြတ်ထူးရဲ့ ဒီ တိုက်တွန်းချက် ဆောင်းပါးမျိုး ထွက်လာတယ်ဆိုတော့ ရည်ရွယ်ရင်းက ဒီလို အဖွဲ့အစည်းတွေကို ရည်ရွယ်သလား။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု မူဝါဒအတွင်းမှာ ဘာတွေလုပ်လာဖို့ သင့်သလဲဆိုတာမျိုး ဦးဆောင်လမ်းပေး ရည်ရွယ်တဲ့သဘောမျိုးနဲ့ ရေးတာလား။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ဟုတ်ပါတယ်။ အဓိက ကျနော်ပြောရမယ်ဆိုရင် ကျနော် ပြန်သွားတဲ့အချိန်မှာ ဘာမြင်ရသလဲဆိုတော့ ကိုယ့်တိုင်းပြည်မှာ လိုအပ်ချက်တွေမြင်တယ်။ တချိန်တည်းမှာ နိုင်ငံခြားမှာရှိတဲ့အချိန်မှာ နိုင်ငံခြားအဖွဲ့အစည်းတွေက အားလုံး သူတို့သုံးစွဲမှုကဏ္ဍအနေနဲ့ များတာတွေ တွေ့ရတဲ့အခါကြတော့ မမျှတဘူး။ မမျှတဲ့အချိန်မှာတော့ ကျနော်အနေနဲ့ နှစ်ဖက်စလုံးက လူဖြစ်နေတဲ့အတွက်ကြောင့် ဒီဥစ္စာကို ထိထိရောက်ရောက် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျနော်အနေနဲ့ အမြဲတမ်း စဉ်းစားမိပါတယ်။ အရင်ကတည်းကလည်း စဉ်းစားမိခဲ့ပါတယ်။ ဒါပေမဲ ဒီဆောင်းပါးလေးကို ရေးဖြစ်လိုက်တာ ဘာကြောင့် ရေးဖြစ်ခဲ့တာလည်းဆိုတော့ ပြန်လာပြီးတဲ့အချိန်မှာ အန်တီစုနဲ့ စကားပြောရတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တဲ့အချိန်။ တချိန်တည်းမှာ ဆေးရုံတွေ သွားကြည့်ခဲ့တဲ့အချိန် - အဲဒီလိုမြင်ရတဲ့အချိန် ဘာလုပ်လို့ ရမလဲ။ အထဲမှာ သွားပြီးကူညီကြမယ့် လူတွေကလည်း ဘာတွေသိသလဲ။ ပြီးတော့ ပြည်တွင်းကလည်း အထဲကနေ အပြင်ကလာမယ့် လူတွေကို စကားပြောတဲ့အခါမှာ ဘယ်လိုပြောသင့်သလဲဆိုတာမျိုး ကျနော့်အနေနဲ့ နှစ်ဖက်စလုံးကို မျှပြီးကြည့်မြင်ချင်လို့ ပြောမိတာပါ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ဒါထက်ပိုပြီးတော့လည်း ရေးမယ်ဆိုရင် ရေးနိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ မျှမျှတတလေး ရေးကြည့်တာပါ။

ဦးသန်းလွင်ထွန်း ။ ။ လုပ်မယ်ဆိုရင် ဒါထက်ပိုပြီး ဘာတွေများ လုပ်ချင်သလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ကျနော် လုပ်ချင်တာကတော့ ကျနော်ကို လူဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ တိုင်းပြည်။ ကျနော့်အနေနဲ့ အခု အပြင်မှာ (၂၃) နှစ်ရှိပေမယ့် ဘယ်နေရာက လုပ်ရလုပ်ရ၊ ကျနော်အနေနဲ့ ထိထိရောက်ရောက် လုပ်ပေးချင်ပါတယ်။ ကျနော့်ရဲ့ လုပ်ခွင့် ရချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းဆိုင်ရာတွေကို ပြောချင်တာလား။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ဟုတ်ပါတယ်။ ကျန်းမာရေး ဖွံ့ဖြိုးရေးပေါ့။ ကိုသန်းလွင်ထွန်း သိတဲ့အတိုင်းပဲ ကျန်းမာရေးက တော်တော်များများ ဖြစ်ကြတာ ဆင်းရဲတာကြောင့် ဖြစ်ကြတာ။ ကြည့်ကြမယ်ဆိုရင် ရောဂါတော်တော်များများက ဆင်းရဲတာကြောင့် ဖြစ်တယ်။ ပံ့ပိုးမှုမရှိတာကြောင့် ဖြစ်တယ်။ အခု အရမ်းချမ်းသာတဲ့လူတွေတော့ ဝတာတို့၊ နှလုံးရောဂါတို့ ဖြစ်ကြတာပေါ့။ ဒါပေမဲ့ အရေးကြီးတာကတော့ ဘယ်တိုင်းပြည်မှာမဆို အာဖရိကမှာဖြစ်ဖြစ်၊ အာရှမှာဖြစ်ဖြစ် တိုင်းပြည်ဖွံ့ဖြိုးမှု မရှိဘူးဆိုရင် ပိုပြီးတော့ ကျန်းမာရေး ချို့တဲ့သွားတယ်။ ဒါကြောင့်မို့ ကျန်းမာရေး နဲ့ ဖွံ့ဖြိုးရေး နှစ်ခုစလုံးကို ထိထိရောက်ရောက် လုပ်ချင်ပါတယ်။ ကျနော့်အနေနဲ့ ဘာလုပ်ရမလဲဆိုရင် ဘယ်နေရာကပဲ လုပ်ရလုပ်ရ ကျနော်အနေနဲ့ ထိထိရောက်ရောက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ နေရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘယ်နေရာမှာဖြစ်စေ ဖြစ်အောင်လုပ်မှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။

XS
SM
MD
LG