သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးအာဏာရ ရွေးကောက်ပွဲကော်မရှင်


အထူးအာဏာရ ရွေးကောက်ပွဲကော်မရှင်
အထူးအာဏာရ ရွေးကောက်ပွဲကော်မရှင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေဌာနမှုးဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ကော်မရှင် လုပ်ပိုင်ခွင့်ဆိုင်ရာများကို သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်မယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ စည်းကမ်းတွေနဲ့အညီ အရေးယူမှု၊ နိုင်ငံရေး ပါတီတွေရဲ့ လုပ်ဆောင်ခွင့်၊ ရပ်တည်ခွင့် စတာတွေအားလုံးကို အပြီးသတ် ဆုံးဖြတ်ပေးနိုင်တဲ့ အာဏာ အပြည့် ရှိတဲ့ ကော်မရှင်ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ အစိုးရအဖွဲ့အစည်းတွေမှာ တာဝန်ယူဖို့ ခန့်အပ်ခြင်း ခံရတဲ့အတွက် လစ်ဟာသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေရာတွေမှာ အစားထိုးဖို့ ကြားဖြတ် ရွေးကောက်ပွဲတွေကို ကြီးကြပ်လုပ်ဆောင်ပေးဖို့လည်း တာဝန်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဗွီအိုအေကို ရှင်းပြပါတယ်။

ဦးသိန်းညွန့် ။ ။ ဟိုအရင် ၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့တဲ့ ဦးဘဌေးတို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ အဲဒီတုန်းက ပြဋ္ဌာန်းခဲ့တဲ့ ကော်မရှင်ဥပဒေအရဆိုရင် ရွေးကောက်ပွဲကို ကြီးကြပ်တာ၊ ရွေးကောက်ပွဲအပြီးသတ် အစီရင်ခံစာ ထုတ်တဲ့အထိပဲ သူ့ဥပဒေက လုပ်ပိုင်ခွင့်ပေးထားတယ်။ နိုင်ငံရေး ပါတီတွေကို ဘယ်နည်းဘယ်ပုံ ကြီးကြပ်ရမယ်၊ စီမံရမယ်ဆိုတာ အဲဒီတုန်းက မပါဘူး။ အခု ဒီ ၂၀၀၈ မတ်လ ၈ ရက်နေ့မှာ ပြဌာန်းတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာကျတော့ ကော်မရှင်ဟာ ရွေးကောက်ပွဲ ကိစ္စတင်တောင် မဟုတ်တော့ဘူး။ နိုင်ငံရေးပါတီတွေကို ကြီးကြပ်ရေး၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်စေခြင်းဆိုတဲ့ လုပ်ပိုင်ခွင့်ပါ သူက ယူထားတယ်။

အဲဒီတော့ အခု ဦးတင်အေးဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပေါ်ပေါက်လာတဲ့ အခါ ကျတော့ ဘာထူးခြားလည်းဆိုရင် ဦးတင်အေးရဲ့ ကိုယ်ရေးမှတ်တမ်းကိုကြည့်တဲ့အခါမှာ သူဟာ အရေးကြီးတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်တာဝန်၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်၊ နောက်တခါ ဦးပိုင်လိမိတက် ဥက္ကဋ္ဌစတဲ့ ကြီးမားတဲ့တာဝန်တွေ ယူထားတဲ့ပုဂ္ဂိုလ်ဟာ အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တာဝန်ယူတယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ နဂိုလုပ်ပိုင်ခွင့်နဲ့ တာဝန်များက ဦးတင်အေး ဦးဆောင်လိုက်တဲ့အတွက် ပိုပြီးတော့ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် အကောင်အထည် ဖော်နိုင်မယ့် ပုဂ္ဂိုလ်ရေးခေါင်းဆောင်မှုတွေ ရှိလာတာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဒီနေရာမှာ ကျနော်သတိပြုမိတဲ့ ကိစ္စလေးရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဖြစ်ရပ်ပေါ့နော်။ ထိုင်းနိုင်ငံမှာ ဒီမိုကရက်တစ်ပါတီ အခုလက်ရှိ ဝန်ကြီးချုပ် အဘီဆစ် (Abihisit) ဦးဆောင်တဲ့အဖွဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်ပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြီးတော့ ပြန်လည်စီစစ်ပြီးတော့ အဘီဆစ် ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲကာလ အတွင်း မှာ အလှူငွေရယူသုံးစွဲမှုကိစ္စတွေ၊ ဒါမှမဟုတ်လို့ရှိရင်လည်း တခြားမသမာမှုကိစ္စတွေ - အဲဒါတွေကို တိုင်ကြား မှုတွေရှိတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဒီမိုကရက်တစ်ပါတီကို ပါတီအဖြစ် ကနေ ရပ်စဲစေဖို့အထိ ညွှန်ကြားမှုတွေ၊ တောင်းဆိုမှုတွေ၊ ဆုံးဖြတ်ချက်တွေလုပ်ခဲ့တာကို တွေ့ရတယ်လေ။

သဘောကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေဟာ အတော်လေးကို ကြီးမားနေတာ တွေ့ရတယ်။

အဲဒီတော့ ဒု-ဗိုလ်ချုပ်ကြီးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကကော အလားတူ ဗမာပြည်တွင်း မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလွဲရင်ပေါ့ တခြားအတိုက်အခံပါတီရဲ့လုပ်ဆောင်ချက်တွေ၊ အတိုက်အခံပါတီတွေကို ဦးဆောင်တဲ့၊ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေအပေါ်ကို ဒီလို စီစစ်မှုတွေ၊ တိုင်တန်းမှုတွေ ရှိလာခဲ့လို့ရှိရင် ကိုင်တွယ်ဆောင်ရွက်လာမယ့် အလားအလာတွေ ရှိနေသလားခင်ဗျ။

ဦးသိန်းညွန့် ။ ။ ကျနော်အရင်ဆုံးပြောချင်တာက ထိုင်းနဲ့ မြန်မာနိုင်ငံနဲ့ မတူတဲ့ ဥပဒေပြဋ္ဌာန်းချက်ပေါ့။ ထိုင်းမှာကတော့ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်တဲ့ဟာကို ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးကို တင်ပြလို့ ရတယ်။ တင်ပြလည်းတင်ပြပြီး ထိုင်းနိုင်ငံခုံရုံးက အဆုံးအဖြတ်ပေးတာ။ အခုနက အဘီဆစ်လို ကိစ္စတွေ ကိုပေါ့။

ဒီမှာကတော့ ဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းတွေ၊ ရွေးကောက်ပွဲ ခုံအဖွဲ့ရဲ့ အမိန့် တွေနဲ့ ပတ်သက်ပြီးတော့အယူခံမှုတွေ၊ ပြင်ဆင်မှုတွေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေအရ ဆောင်ရွက်တဲ့ကိစ္စတွေဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ အပြီးအပြတ်ဖြစ်တယ်။ ဒီမှာ ထိုင်းနဲ့ မတူတာက ပြတ်ပြတ်သားသား သူက ရွေးကောက်ပွဲကိစ္စ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ခုံရုံးက ဆုံးဖြတ်တဲ့ကိစ္စ၊ နိုင်ငံရေးပါတီများနဲ့ကိစ္စအားလုံးဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်ချက်နဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ဖြစ်တယ်ဆိုတာ လုပ်ပိုင်ခွင့် ပေးထားပြီးပြီ။ အဲဒါက ထိုင်းနဲ့ ဗမာနဲ့ မတူတဲ့ အခြေအနေပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လောလောဆယ်အားဖြင့် ရွေးကောက်ခံထားရပြီးသား ကိုယ်စားလှယ်တွေ တောင်မှပဲ မဲဆန္ဒနယ်မှာ ဥပမာအားဖြင့် မဲဆန္ဒပြုသူရဲ့ ၁ ရာခိုင်နှုန်းကနေပြီးတော့ ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းလိုပါကြောင်း ကန့်ကွက်တဲ့ တိုင်ကြားမှုတွေရှိလာလို့ရှိရင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေးရမယ်၊ အရေးယူရမယ်ဆိုတဲ့ အချက်မှာတော့ ဒါဟာ တချိန်ချိန်မှာ အတိုက်အခံ နိုင်ငံရေးပါတီနဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေကို ဖိနှိပ်လာမယ့် အလားအလာ မရှိဘူးလား။

ဦးသိန်းညွန့် ။ ။ အဲဒါကတော့ အတိုက်အခံပါတီပဲပြောပြော၊ အနိုင်ရပါတီပဲပြောပြော လူထုက တစ်ရာခိုင်နှုန်း ပေးတဲ့ လူထုက တိုင်ကြားလာလို့ ဒီတိုင်ကြားချက်က ဟုတ်မှန်တယ်ဆိုရင် ကော်မရှင်က အရေးယူ ပါလိမ့် မယ်။ အတိုက်အခံတွေမှာရော၊ အနိုင်ရပါတီမှာရော ရွေးကောက်ပွဲတုန်းက ပေးခဲ့တဲ့ကတိတွေနဲ့ အရွေးခံရပြီး နောက်ပိုင်းမှာ နေမှုထိုင်မှုတွေ ပြောင်းလဲပြီးတော့ ဗမာလူထုက အရင်နဲ့မတူတာက ဘယ်သူတွေ နိုင်ငံရေး လုပ်စားတယ်၊ ဘယ်သူတွေက နိုင်ငံရေးကို ရိုးရိုးသားသား လုပ်တယ်ဆိုတာကို အကဲဖြတ်နိုင်တဲ့ကာလ ဆိုက်ရောက်လာပြီ။ အဲဒီတော့ သူတို့က သူတို့ တိုင်ခွင့်အရ အချက်အလက်အမှန်တွေနဲ့ တိုင်ကြားလာရင် တော့ ကော်မရှင်က စုံစမ်းစစ်ဆေးပြီးတော့ အဲဒီရဲ့ ထွက်ပေါ်ချက်ပေါ်မှာတော့ အရေးယူမှာပေါ့။ အဲဒီလို အရေးယူတဲ့အခါမှာ အားလုံး ဥပဒေရှေ့မှောက်မှာ ညီတူညီမျှ အခွင့်အရေးရရေး၊ ကျောသားရင်သား မခွဲခြားဘဲ အရေးယူမှုတွေ ပေါ်ပေါက်နိုင်ပါစေလို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်လာမလား၊ မဖြစ်လာဘူးဆိုတာ နောက်ပေါ်ပေါက်လာမယ့် အခြေအနေအပေါ်မှာ ကျနော်လည်း စောင့်ကြည့်ပြီးတော့ အကဲဖြတ်ပေးနိုင်ပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နောက်တချက်က မေးချင်တဲ့ကိစ္စက ဒီ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အခု အသစ်ဖွဲ့စည်းမယ့် ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး ဦးဆောင်မယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့က အခု လွှတ်တော်ကျင်းပပြီးနောက်ပိုင်းမှာ အစိုးရအဖွဲ့အစည်းတွေမှာ အမည်စာရင်း တင်သွင်းပြီးတော့ ခန့်အပ် လိုက်သလို လစ်ဟသွားတဲ့ ကိုယ်စားလှယ်တွေနဲ့ နေရာတွေကို ပြန်လည်ပြီး ကြားဖြတ် ရွေးကောက်ပွဲတွေ လုပ်ဖို့ ကိစ္စတွေမှာလည်း တာဝန်ရှိတယ်လို့ မျှော်လင့်ပါတယ်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပြဋ္ဌာန်းမှုတွေ ဘာတွေရှိသလဲ။ ဒီလို ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့လောက် ပါလာမလဲလို့ ထင်သလဲ။

ဦးသိန်းညွန့် ။ ။ အဲဒါကတော့ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သူသင့်တော်တဲ့ အချိန်မှာ ဘယ်မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဘယ်အချိန်ကျင်းပမယ်၊ ဘယ်လိုတွေ ကျင်းပမယ်ဆိုတာကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တာပေါ့။ ဥပဒေမှာတော့ ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်အချိန် ကျင်းပရမယ်လို့ မရေးထားဘူး။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမယ်ဆိုတာကိုတော့ ဒီ ရွေးကောက်ပွဲ ဥပဒေမှာ ပါပြီသား ဖြစ်ပါ တယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန် ပြည်ထောင်စုမှာတော့ ပြည်သူတွေက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် တွေထဲက နုတ်ထွက်သွားလို့ဖြစ်စေ၊ ဒါမှမဟုတ် အကြောင်းတစုံတရာကြောင့် လုပ်ငန်းတာဝန် မဆောင်ရွက် နိုင်လို့ ဖြစ်စေ သတ်မှတ်ထားတဲ့ ရက်တခုမှာ အစားထိုး ခန့်အပ်တာပဲဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တာပဲ ဖြစ်စေ၊ တိတိကျကျ သတ်မှတ်၊ ရက်သတ်မှတ်ပြီးတော့ လုပ်ရတာတွေ ရှိပါတယ်။ အခု ဦးသိန်းညွှန့်ပြောတဲ့အတိုင်းဆိုရင် ဗမာပြည်မှာ ရက်သတ်မှတ်ထားတာ မရှိဘူးဆိုတာလား။

ဦးသိန်းညွန့် ။ ။ အခု ဒီရွေးကောက်ပွဲ ဥပဒေမှာတော့ လွတ်လပ်သွားတဲ့နေရာကို ရက်ပေါင်း ဘယ်လောက် ကြာမှ ကြာရင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ရမယ်ဆိုတဲ့ အတိအကျ ရေးသားထားတာကိုတော့ ကျနော် လေ့လာတဲ့အခါမှာ မတွေ့ရဘူး။ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ကိုလုပ်ရမယ်ဆိုတာကတော့ အသေအခြာပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကျနော် ကြားနေရတဲ့ သတင်းတချို့တွေ - အထူးသဖြင့် လွှတ်တော် ခေါ်ယူ ကျင်းပပြီးတော့ အစိုးရအဖွဲ့ထဲမှာ ခန့်အပ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲကနေ နုတ်ထွက်ဖို့ လိုတဲ့ လူတွေ ရှိနေတယ်။ အဲဒီတော့ နုတ်ထွက်တဲ့အခါကြရင် လစ်ဟသွားတဲ့နေရာတွေကို ကြားဖြတ် ရွေးကောက်ပွဲ တွေ လုပ်လာမယ့် အခြေအနေတွေရှိမယ်။ အဲဒီ နေရာတွေအတွက် အတိုက်အခံအဖွဲ့အစည်းတွေ၊ ဒီမိုကရက်တစ် အင်အားစုတွေအနေနဲ့ အပြင်းအထန် ပြန်လည်ပြိုင်ဆိုင်နိုင်ဖို့ ကြိုစားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတချို့လည်း ကြားရတယ်။ ဒီလိုသာ ရက်သတ်မှတ်မှု၊ ကန့်သတ်မှု မရှိဘဲနဲ့ဆိုရင် ဒီဘက်က ပြင်ဆင်မှု တွေက အလဟဿဖြစ်သွားမယ်လို့ ပြောနိုင်သလား။

ဦးသိန်းညွန့် ။ ။ ကျနော်ကတော့ အဲဒီအပေါ်မှာ ထင်မြင်ချက် မပေးချင်ဘူး။ ကျနော်ပြောချင်တဲ့ အချက် ကတော့ ကျနော်တို့ဆီမှာရှိတဲ့ အတိုက်အခံအင်အားစုလို့ခေါ်တဲ့ ဒီမိုကရေစီပါတီတွေရဲ့ ခေါင်းဆောင်မှု၊ စည်းရုံးမှု၊ လူထုအားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် တုံ့ပြန်မှု၊ ရွေးကောက်ပွဲပြီးတဲ့ကာလမှာ တုံ့ပြန်မှု၊ ပြီးတော့ သူတို့တဦးချင်းရဲ့ ပြောတာဆိုတာတွေကြောင့် ဆောင်ရွက်မှုတွေအပေါ်မှာ မီဒီယာတွေက ထောက်ပြ နေမှု။ အဲဒီအချက်တွေအပေါ်မှာ ခြုံငုံပြီးတော့ သူတို့ပေါ်ပေါက်လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင် သူများ ဖြစ်မလား။ အရေးနှိမ့်သူများ ဖြစ်မလားဆိုတာ အဲဒီ မဲဆန္ဒရှင်လူထုက ဆုံးဖြတ်ပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် အခုပြီးခဲ့တဲ့ ပြီးခဲ့သမျှ လွှတ်တော်အစည်းအဝေး ကာလ တလျှောက်မှာ - တချို့ကပြောကြပါတယ်။ လွှတ်တော်အစည်းအဝေးပွဲတွေဟာ ၁၅ မိနစ်လောက်ပဲ ကြာတယ် ဆိုတော့ ၁၅ မိနစ်လွှတ်တော်လို့တောင် အမည်တွင်နေတယ်ဆိုတော့။ အဲဒီလို အမည်သညာ သမုတ်ခံရတာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်နေတဲ့ ဦးသိန်းညွှန့်အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။ ဒါက တကယ်ပဲလား။ ဦးသိန်းညွန့်တို့အနေနဲ့ ဒီလို လွှတ်တော်အတွင်း ဆွေးနွေးပွဲတွေမှာ အချိန်ယူပြီးတော့ ဆွေးနွေးခွင့် မရှိဘူးလား။ တကယ်ပဲ ၁၅ မိနစ် လွှတ်တော်ဖြစ်နေသလား။

ဦးသိန်းညွန့် ။ ။ အဲဒီလို သုံးသပ်ပြောဆိုတာကတော့ သူ့ထင်မြင်ချက်နဲ့သူပေါ့။ ကျနော့်သဘောထား ပြောရ ရင်တော့ ဒါက သူတို့ စံနစ်တကျ လုပ်သွားတာဖြစ်တယ်။ ကန့်ကွက်ချိန်ပေးတယ်။ ကန့်ကွက်မယ့်လူမှ မရှိဘဲ။ ကန့်ကွက်မယ့်လူ မရှိတော့ ၁၅ မိနစ်ပဲ ကြာတာပေါ့။ သို့သော် သူတို့ ဝန်ကြီးအဖွဲ့၊ နိုင်ငံတော် ဝန်ကြီးအဖွဲ့ ရွေးတာကအစ အစည်းအဝေး အစီအစဉ် ရေးဆွဲတဲ့လူအပေါ် မူတည်ပါတယ်။ ကျနော့်အနေနဲ့ ပြောရင်တော့ ၉၀-၉၅ ညီလာခံတက်ခဲ့တဲ့ အတွေ့အကြုံအရ ပြောရင်တော့ ကြာရင်လည်း ကြာတဲ့ အစည်းအဝေး တက်လာ တဲ့ လူဖြစ်တော့ တက်ရတာပေါ့။ မြန်ရင်လည်း အစည်းအဝေးပြီးရင်လည်း ပြန်ခဲ့တာပေါ့။ အခုလည်း ဒီအတိုင်းပါပဲ။ ပြီးတော့ နိုင်ငံတာဝန်။ ဟိုအရင်နဲ့ မတူတာက လူထုက ပေးလိုက်တာ။ အခု ကျနော် ဒီကို တက်လာတာက သင်္ဃန်းကျွန်းမြို့နယ် လူထုက ပေးလိုက်တဲ့ mandate လုပ်ပိုင်ခွင့်ကို နိုင်ငံအကျိုးအတွက် အကောင်းဆုံးလုပ်ဖို့၊ ကျနော်လုပ်နိုင်သမျှလုပ်ဖို့၊ ပေးထားတဲ့ ဥပဒေဘောင်အတွင်းက ရသမျှလုပ်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ တက်လာခဲ့တဲ့ဆိုတော့ ကျနော်အဖို့ အစည်းအဝေး အချိန်တိုသွားတာတို့၊ အစည်းအဝေး အချိန် ကြာရှည်တာတို့ဆိုတာ ပြဿနာမဟုတ်ပါဘူး။ သို့သော် အပြင်ကလူတွေ ပြောတာနဲ့ မတူတာကတော့ သူတို့ စံနစ်တကျလုပ်နေတာတော့ အမှန်ပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဦးသိန်းညွှန့် ပြောတာကတော့ အစည်းအဝေးအချိန် တိုတောင်းတာ၊ ကြာမြင့်တာ ပြဿနာမဟုတ်ဘူးဆိုပေမဲ့လည်း ဒီနေရာမှာ အထူးသဖြင့် ဆွေးနွေးငြင်းခုံပိုင်ခွင့်၊ တင်ပြပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်နေတာပေါ့။ အခု ပြီးခဲ့တဲ့ အစည်းအဝေးကာလတလျှောက်မှာ နိုင်ငံတော်သမ္မတ တင်သွင်းတဲ့ ဒီအစိုးရကိစ္စတွေကို အတည်ပြုရေးကိစ္စ၊ ထောက်ခံရေးကိစ္စတွေနဲ့ပဲ ပြီးသွားသလား။ ဒါမှမဟုတ် လို့ရှိရင်လည်း အစောက ဦးသိန်းညွှန့်ပြောသလို သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူတွေက ပေးလိုက်တဲ့ အခွင့် အာဏာအရ ဥပဒေအကြောင်း အဆိုတင်သွင်းခွင့် တင်ပြပိုင်ခွင့်တွေ ဘယ်လောက်အထိ ရခဲ့သလဲ။ အထူးသဖြင့် ဘယ်လိုအချက်မျိုးတွေမှာ တင်ပြပိုင်ခွင့်တွေ ရခဲ့သလဲ။ ဘယ်တော့ရမလဲ။

ဦးသိန်းညွန့် ။ ။ အဲဒါကတော့ ကျနော်ပြောချင်တဲ့အချက်က လွှတ်တော်ဆိုတာ အာဏာပိုင်ခေါင်းဆောင် တွေကို ခန့်အပ်ရုံနဲ့ ပြီးတာမှ မဟုတ်ဘဲ။ လွှတ်တော်ဆိုတာ ဥပဒေကြမ်းတွေ ဆွေးနွေးရမယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဆိုတွေကို လက်ခံဆွေးနွေးရမယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမေးကို ဖြေရမယ်။ အခုတော့ အာဏာပိုင် အဖွဲ့အစည်းတွေကို ဖွဲ့စည်းနေတယ်ဆိုတော့ တာဝန်ခံ ဖြေကြားမယ့်လူ မရှိသေးဘူး။ နောက်တခါ အဆိုနဲ့ ပတ်သက်လို့ရှိရင်လည်း နိုင်ငံတော်သမ္မတက ယနေ့အထိ ကတိသစ္စာပြု မလုပ်ရသေးဘူး။ အဲဒီလိုပဲ ဝန်ကြီးတွေကလည်း ကတိသစ္စာပြုပြီးတော့ လွှဲပြောင်းယူတဲ့အဆင့် မရောက်သေး ဘူး။ အဲဒီတော့ လွှတ်တော်အတွင်းမှာပဲ တာဝန်တွေ လွှဲပြောင်းယူပြီး၊ သမ္မတကလည်း သစ္စာပြုပြီးဆိုရင် ကျနော်တို့ ဥပဒေကြမ်းတို့၊ အဆိုတို့၊ မေးခွန်းထုတ်တာတွေ ပေါ်လာမှာပေါ့။

XS
SM
MD
LG