ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင်မယ့် ပထမဦးဆုံး ပါတီစုံလွှတ်တော်အစည်းအဝေးတွေကနေ လူထု အကျိုးပြုဥပဒေနဲ့ ပြဌာန်းချက်တွေ မျှော်လင့်လို့ မရနိုင်သေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ မြန်မာပြည်မှာပေါ်ထွက်လာမယ့် လွှတ်တော်အသစ်ထဲမှာ စစ်အစိုးရနဲ့ နီးစပ်သူ အများစုသာဖြစ်နေပြီး အတိုက်အခံ အနည်းငယ်သာရှိတဲ့အတွက် ရေရှည်မှာ လူထုအကျိုးပြုဥပဒေတွေကို ပြဌာန်းနိုင်စွမ်း မရှိဘဲ အခုလက်ရှိ လူထုအုံကြွမှုတွေဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ တူနီးရှား (Tunisia) နဲ့ အီဂျစ် (Egypt) နိုင်ငံတို့လို အခြေအနေမျိုးတွေ ပေါ်လာဖွယ်ရှိတယ်လို့လည်း ဆိုကြပါတယ်။ မြန်မာနိုင်ငံ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးမိုးသီးဇွန် ။ ။ လာမယ့် လွှတ်တော်ကော၊ အစိုးရအသစ်ဆီကရော ဘာမှသိပ်ပြီး မျှော်လင့်လို့ ရမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဥပမာ လွှတ်တော်ခေါ်မယ် ဆိုပါစို့။ အဲဒီလွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေ လိုက်နာရမယ့်စည်းကမ်းတွေ ချတာတို့၊ ပါလီမန်ဥက္ကဋ္ဌရွေးတာတို့ အဲဒါတွေ လောက်ပဲ လုပ်အုံးမယ်။ နောက်တခုကတော့ သမ္မတကို ရွေးမယ်။ အစိုးရဖွဲ့စည်းမယ်၊ အဲဒါပဲ။ ကျန်တာ ဒီနေ့ဗမာပြည်က ပြည်သူအားလုံးလိုလားနေတဲ့ မျှော်မှန်းနေတဲ့ ပြဿနာတွေကိုဖြေရှင်းမယ့် အဖြေတွေ၊ နည်းလမ်းတွေကိုတော့ ဘာမှဆွေးနွေးမှာမဟုတ်ဘူး၊ ဘာမှ ထွက်လာမှာ မဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲမြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဆိုလိုတာက မြန်မာနိုင်ငံအတွက် အဓိကအပြောင်းအလဲတွေအဖြစ် လိုအပ်နေတဲ့ ဥပမာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ လိုအပ်နေတဲ့ ဥပဒေပြုမှုရေးရာတွေကို လတ်တလော မဆွေးနွေးနိုင်သေးဘဲနဲ့ အစိုးရသစ်ဖွဲ့ရေးပေါ့နော်။ သမ္မတရွေးချယ်ရေး၊ ဒုတိယသမ္မတရွေးချယ်ရေး၊ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ရေး ဒီကိစ္စတွေနဲ့ပဲ ပထမပိုင်းမှာ အလုပ်များနေမယ်ဆိုတဲ့သဘောပေါ့။ နောက်ပိုင်းမှာရော ဥပဒေပြုမှုအခွင့်အလန်းတွေရလာပြီဆိုလို့ရှိရင် ဖြစ်လာနိုင်တဲ့ အနေအထားတွေရှိလား။
ဦးမိုးသီးဇွန် ။ ။ အဲဒါမျိုးကို ကျနော်တို့ မဆလ ပါတီ လက်ထက်တလျှောက်လုံးမှာလည်း အစိုးရရှိတယ်၊ လွှတ်တော်လုပ်ခဲ့ကြတယ်။ Constitution တွေ ရှိခဲ့ကြတယ်။ လူတွေအားလုံးက သူတို့လွှတ်တော် လေးနှစ်တကြိမ် ခေါ်တိုင်းခေါ်တိုင်း ကျနော်တို့အားလုံး မျှော်လင့်ခဲ့ကြတယ်လေ။ ဒီပြဿနာတော့ ဖြေရှင်ပေးမယ်ထင်တယ်။ စီးပွားရေးပြဿနာတော့ ဖြေရှင်းပေးမယ်ထင်တယ်-စသည်ဖြင့်ပေါ့။ အဲလိုဖြေရှင်းလိုက်တိုင်းမှာ သူတို့ ဖြေရှင်းမသွားကြဘူး။
အခုဒီကနေ့ နအဖ စစ်အစိုးရသွားတဲ့လမ်းကြောင်းကလည်း မဆလ က လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ။ ဒါပေမဲ့ ပြဿနာက ဘာဖြစ်လဲဆိုတော့ တချို့လူတွေက မျက်စိလည်နေကြတယ်။ အဲဒီအပေါ်မှာ မျှော်လင့်နေကြတယ်။ အဲဒီထဲမှာ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါပါတယ်ဆိုတဲ့ လူတွေတောင် ပါသွားတာကိုး။ တိုင်းရင်းသားတွေကိုယ်တိုင်က ပါနေကြတာကိုး။ အရင်နဲ့မတူတော့ဘူး၊ ပြောင်းလာမယ်လို့ မျှော်လင့်နေကြတယ်။ သူတို့ရဲ့ကိုတာတွေ၊ သူတို့ရဲ့အခွင့်အလမ်းတွေ ရလာလိမ့်မယ်လို့ မျှော်လင့်တယ်။ ကျနော်တော့ အဲလိုမမြင်ဘူး။ မမျှော်လင့်ဘူး။ နောက်လာမယ့် ဥပဒေတွေ အကုန်လုံးဟာလည်း သူတို့ရဲ့ အကျိုးစီးပွားတွေကိုပဲ အကုန်လုံး ဖက်တွယ်ကာကွယ်သွားမယ့်ဟာတွေပဲ ဖြစ်နေမှာပဲ။
ဦးသန်းလွင်ထွန်း။ ။ ဒီနေရာမှာ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပြီးတော့ ဆွေးနွေးချင်တဲ့ အကြောင်းအရာက ဘာလဲဆိုတော့ အခု မြန်မာနိုင်ငံမှာ အခု လက်ရှိ ရှိနေတဲ့ ပေါ်ပေါက်လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ကြည့်မယ်ဆိုလို့ရှိရင် စစ်တပ်ကိုလိုလားတဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေကို လိုလားတဲ့သူ အများစုပါနေတဲ့ လွှတ်တော်ဖြစ်နေပြီးတော့ ကျန်တဲ့နေရာတွေမှာကတော့ အတိုက်အခံတွေပိုင်းက နည်းနည်းရောထွေးနေတဲ့ လွှတ်တော်အမျိုးအစားဆိုတော့ ဒါက ဘာနဲ့ သွားတူနေလဲဆိုတော့ အခုလောလောဆယ် အုံကြွမှုတွေဖြစ်နေတဲ့ တူနီးရှား နဲ့ အီဂျစ်နိုင်ငံက ပြဿနာတွေနဲ့ အလားတူနေတယ်လို့ ကျနော်သွားမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အထူးသဖြင့် အီဂျစ်မှာဆိုလို့ရှိရင်လည်း အာဏာရှင် မူဘာရက်ခ် (Hosni Mubarak) အုပ်ချုပ်နေတဲ့ လူအများစုနဲ့ အတိုက်အခံဘက်က အနည်းစုပါတဲ့ လွှတ်တော်နဲ့ ဆက်သွားနေခဲ့တာ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ ကျော် ရှိလာခဲ့ပြီလေ။ ဆိုတော့ ဒီကြားထဲမှာမှ ဒါတွေက ပြည်သူလူထုအနေနဲ့ လိုချင်တာတွေဖြစ်မလာတော့ အခု အုံကြွမှုတွေ ဖြစ်နေတာကို မြင်ရတယ်မို့လား။ အဲဒါနဲ့ ပတ်သက်လို့ရော ဘယ်လိုသုံးသပ်သလဲ။
ဦးမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ ဦးသန်းလွင်ထွန်း ထောက်ပြသွားသလိုပဲလေ။ အာရပ်ကမ္ဘာ - တူနီးရှား၊ အီဂျစ် မူဆလင်နိုင်ငံတွေမှာဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေ ပြန်ကြည့်ရင် သူတို့တောင်းဆိုမှုတွေက ကျနော်တို့ ၈၈ က တောင်းဆိုမှုတွေပဲ။ အကုန်လုံးက ပထဝီအနေအထား လူမျိုးရေး၊ ဘာသာရေး ကွဲတယ်ဆိုပေမဲ့ နိုင်ငံရေး ပြဿနာက တထပ်တည်းလို့တောင် ချွတ်စွတ်တူနေတာကို သွားတွေ့ရတယ်။ သူတို့တောင်းနေတာ ရှင်းရှင်းလေးပဲ။ မူဘာရတ်ခ် ထွက်ပေး၊ တူနီးရှားမှာဆိုလည်း တူနီးရှားအစိုးရ ထွက်ပေး။ ဘာကြောင့်ထွက်ခိုင်းတာလဲ။ လာဘ်စားမှုတွေကြောင့် ထွက်ခိုင်းတာ။
ဘာကြောင့် ဒီလှုပ်ရှားမှုကြီးတွေ ဖြစ်လာသလဲ။ စီးပွားရေးပြဿနာ၊ လူမှုအခွင့်အလမ်းတွေ၊ တရားမျှတမှုမရှိတဲ့ ပြဿနာတွေ။ ဗမာပြည်မှာလည်း ဒီအတိုင်း ဖြစ်ခဲ့တာကိုး။ ဒီနိုင်ငံတွေကလည်း မစဉ်းစားခဲ့ကြဘူး။ အဲဒီခေါင်းဆောင်တွေကို ပြန်ကြည့်လိုက်ရင်လည်း ကျနော်တို့ ဗမာပြည်က စစ်အာဏာရှင်တွေ၊ စစ်ဗိုလ်တွေလိုပဲ။ အကုန်လုံးက လာဘ်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အများကြီး ဖြစ်နေတယ်။ ဒါကို ကမ္ဘာ့ပြည်သူတွေက မခံစားနိုင်တော့ဘူးဗျ။ ဒါကြောင့်မို့လို့ ဒီ မီးတောက်တွေကလည်း ဗမာပြည်ကို ကူးလာအုံးမှာပဲ။ အပြန်အလှန်ပေါ့။ ဒီလိုဖြစ်နေအုံးမှာပဲလို့ ကျနော်မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အီဂျစ်နဲ့ တူနီးရှား အခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ လွှတ်တော်တွေထဲမှာ အတိုက်အခံတွေ ရှိသင့်သလောက်ရှိပေမဲ့ ဥပဒေဘောင်ထဲကနေပြီးတော့ ပြင်ဆင်ဖို့ ကြိုးစားတဲ့နေရာမှာ မအောင်မြင်ဘဲနဲ့ လူထုအတွက် အခွင့်အလမ်းတွေ ထွက်မလာခဲ့တဲ့အတွက် နောက်ဆုံး အုံကြွရတဲ့သဘော ဖြစ်နေတာပေါ့။ ဒါဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အခြေအနေအရကရော ဒီလိုအလားတူ ဖြစ်လာနိုင်သလား။
ဦးမိုးသီးဇွန် ။ ။ အများကြီး အလားအလာတွေ ရှိနေတယ်။ လွယ်လွယ်လေးပဲ ကျနော်တို့ စဉ်းစားကြည့်မယ်။ ဗမာပြည်မှာ နိုင်ငံရေး၊ စီးပွားရေး အခြေခံကျကျကို ကျနော်တို့ ပြောင်းလဲချင်တယ်။ ဥပမာလေးတခု ကျနော်ထောက်ပြမယ်။ သမ္မတနေရာမှာ ဗိုလ်ချုပ်သန်းရွှေကို မလိုချင်ကြတော့ဘူး။ စစ်တပ်ကလည်း မလိုချင်ဘူး။ တိုင်းရင်းသားတွေလည်း မလိုချင်ဘူး။ ကျနော်တို့လည်း မလိုချင်ဘူး။ အဲဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ တနှစ်လောက်အထိကို လူထုထဲမှာပေါ့နော်၊ ကောလဟာလ သတင်းလေးတွေ ကျနော်တို့လည်း ကြားတယ်။ ဗိုလ်ချုပ်ရွှေမန်းကတော့ဖြင့် သမ္မတဖြစ်မယ်၊ မဆလ ခေတ်မှာ ဦးနေဝင်းကြီး ကို မလိုချင်တော့ဘူး။ မလိုချင်တော့ ဦးစန်းယုများ ဖြစ်မလား၊ ဗိုလ်ချုပ်အေးကိုများ ဖြစ်မလား၊ အဲလိုပေါ့ ဒုတိယတယောက်ကို ပြန်မျှော်နေခဲ့ကြတယ်။ လူတွေအားလုံးက အနည်းဆုံးမှာတော့ ဒီအစိုးရအဖွဲ့မှာ ဗိုလ်ချုပ်သန်းရွှေကို သမ္မတအဖြစ် မမြင်ချင်ကြတော့ဘူး။ အဲဒါက ဒီနေ့ ထူးခြားတယ်ဗျ။ ဒီနေ့ အီဂျစ်မှာ မူဘာရတ်ခ် နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်လာတယ်။ အသက် ၈၂ နှစ်ရှိပြီ။ သူ့ကို မလိုချင်တော့ဘူး။ မကြည့်ချင်ကြတော့ဘူး၊ ဒါ လူတွေရဲ့ ကနေ့ဖြစ်နေတာ။
ဒါပေမဲ့ အခု လွှတ်တော်ကြီးခေါ်ပြီးလို့ အစိုးရဖွဲ့ရင် သမ္မတလို အကြီးဆုံး၊ အများဆုံး အာဏာရှိတဲ့နေရာမှာတော့ ဗိုလ်ချုပ်သန်းရွှေပဲ ရှိမယ်။ လူတွေက အာဏာအများဆုံးရှိတဲ့ နေရာမှာ ဗိုလ်ချုပ်သန်းရွှေကို မမြင်ချင်တော့ဘူး။ ဒါပေမဲ့ ဖြစ်လာအုံးမှာပါ။ ဗိုလ်ချုပ်သန်းရွှေပဲ ဖြစ်နေတာ။ အဲဒါ ကျနော့်ရဲ့အမြင်ပေါ့။ အဲဒီလို အပြောင်းအလဲလုပ်မှာမဟုတ်ဘူးဆိုတာကို ပြနေတာ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဓိကကတော့ အာဏာရ အုပ်စုတွေရဲ့ ပြဿနာက ဒီလို အာဏာကို ထိပ်ဆုံးက ထိန်းချုပ်ထားတဲ့လူတယောက် တည်မြဲနေလို့ရှိရင် သူတို့အတွက်၊ သူတို့အထဲမှာ အကွဲအပြဲ မရှိဘဲနဲ့ တည်မြဲမယ်ဆိုတော့ ဘာပဲပြောပြော သူတို့မှာလဲ ရွေးစရာလမ်းမရှိဘဲနဲ့ ထိပ်ဆုံးမှာပဲ အာဏာကို ကိုင်ထားတဲ့လူကို မှီနေရတယ်ဆိုတဲ့ သဘောပေါ့။
အလားတူပဲ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို ကြည့်မယ်ဆိုလို့ရှိရင်လဲ အထူးသဖြင့်ပေါ့နော်၊ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးလွတ်လပ်ခွင့် ဒီမိုကရေစီရေး လွတ်လပ်ခွင့်တွေနဲ့စာလို့ရှိရင် သူတို့ အဓိကထားတာကတော့ ဒေသတွင်း တည်ငြိမ်ရေးဆိုတော့ ဒေသတွင်း တည်ငြိမ်ရေးကို လောလောဆယ် ထိန်းပေးထားတာက စစ်အုပ်စုလို့ပဲ မြင်နေတယ်ဆိုတော့ သူတို့က ဆက်ထောက်ပံ့ပေးနေတယ်။
ဦးမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်၊ အဲဒါကလည်း ဒီအာဏာရှင်တွေကို သက်ဆိုးရှည်စေတာပေါ့လေ။ အခု ကျနော်တို့ဒေသအတွင်းမှာဆို တရုတ်က ဗမာပြည်ရဲ့တည်ငြိမ်ရေးပေါ့ဗျာ။ ဗော်လကန်လို မပြိုကွဲသွားနိုင်အောင်က ဒီစစ်တပ်ပဲရှိတယ်။ ထိုင်းနိုင်ငံက policy maker တွေလည်း အဲဒီလိုပဲ မြင်ကြတာတွေရှိတယ်။ ဒီ နအဖ ပဲ ထိန်းနိုင်အုံးမယ်၊ ဒါကြောင့်မို့လို့ ငါတို့ ဆက်သွားမယ်။ နအဖ က ဒီဗမာပြည်ဟာ မတည်ငြိမ်ဘူး၊ ပြိုကွဲသွားရင် ဒီရဲ့အကျိုးသက်ရောက်မှုတွေက တို့နိုင်ငံတွေလည်း လာပြီး ဆက်မယ်လို့ သူတို့ လွဲမှားစွာနဲ့ အဲဒီလို ကောက်ချက်ချတယ်။
အရှေ့အလယ်ပိုင်းမှာ ပြန်ကြည့်ရင်လဲ အလားတူပဲ။ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ interests က ဘာလဲ။ အကျိုးစီးပွားက - သူတို့ရဲ့ အကျိုးစီးပွားက တကယ်တော့ လောင်စာပဲ။ အမေရိကန် foreign policy တခုလုံး။ ဒီလောင်စာကို အရှေ့အလယ်ပိုင်းက ရနေဖို့အတွက် ဒီနိုင်ငံမှာ အာဏာရှင်တွေ ဖြစ်နေတယ်၊ ဆော်ဒီအာရေးဗျမှာ ဖြစ်နေတယ်၊ အီဂျစ်မှာဖြစ်နေတယ်၊ ရှိတာပဲ။ အဲဒါ သူ့မဟာမိတ်တွေပဲ။ အဲဒါတွေ အကုန်လုံးမှာ ဖြစ်နေတဲ့ လာဘ်စားမှုတွေ၊ အာဏာ အလွဲသုံးစားမှုတွေကို လျစ်လျှူရှုခဲ့တယ်။ တလျှောက်လုံးပဲ။
ကျနော်တို့ဒေသမှာ တရုတ်က ကျနော်တို့ ဗမာနိုင်ငံအပေါ်မှာ ထားနေတဲ့ပေါ်လစီလိုပဲ။ အမေရိကန်က Middle East မှာထားတယ်။ ဒီအတိုင်းပဲ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေ မပြောဘူး။ အဲဒီတော့ ဘေးထွက်တွေက ဘာတွေဖြစ်လာလဲ၊ အကြမ်းဖက်မှုတွေဖြစ်လာတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်လာတယ်၊ ဆင်းရဲမှုတွေဖြစ်လာတယ်။
အခု ဒီနေ့ကမ္ဘာကြီးက သူတို့ကိုယ်တိုင်ကို၊ ဒီနိုင်ငံကြီးတွေ ကိုယ်တိုင်ကိုက ဒီပေါ်လစီ အတိုင်းဆက်သွားလို့ ရအုံးမှာလားဆိုတာ မေးခွန်းရှိလာတယ်။ တကမ္ဘာလုံး ပြည်သူတွေက မေးလာကြပြီ။ အဲဒါ ဘာလဲ ဆိုလို့ရှိလို့ရှိရင် ဒီအတိုင်း ဆက်သွားလို့မရဘူး။ လုံခြုံရေးကို ဦးစားပေးထားပြီးတော့ ကျန်တဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဒုတိယ ပစ်ပယ်ထားတာဟာ အလွန်အန္တရာယ်များတဲ့ ဖြစ်ရပ်ကြီးဆိုတာကို ဒီလှုပ်ရှားမှုကြီးက တဖြည်းဖြည်း သက်သေပြနေတယ်။ ဗမာပြည်မှာလည်း ဒီအလားတူ ဖြစ်နေအုံးမှာပဲ။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့်ပေါ့နော်၊ လူငယ်တွေ ဦးဆောင်တဲ့ လူထုအုံကြွမှုတွေ တကယ့်ကို အလုံးလိုက် အရင်းလိုက် ဒီရေတွေလို ဖြစ်လာတဲ့ အခါကျတော့ ပြည်ပနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ဦးစားပေးထားတော့၊ အာဏာရှင်တွေကို ကျားကန်ပေးထားပြီးတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုတဲ့ တကယ့်တန်ဖိုးတွေကို လျစ်လျှူရှုထားတဲ့ဟာက အမှားဖြစ်လာနေသလားဆိုတာကို ဒီဘက်မှာလည်း တော်တော်လေး ဆွေးနွေးမှုတွေ ရှိလာနေတယ်လေ။ ဒါပေမဲ့ ဒီနေရာမှာ ဗမာပြည်ဘက်က အခြေအနေကို ပြန်သွားမယ်ဆိုလို့ရှိရင် မြန်မာပြည်မှာက အီဂျစ်တို့ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ခဲ့သလို လူငယ်တွေဦးဆောင်တဲ့၊ လူငယ်တွေကနေပြီးတော့ လှုပ်ရှားတက်ကြွတဲ့ အခြေအနေတွေ ထပ်ဖြစ်လာနိုင်ပါအုံးမလား။ အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာ ဖြစ်တဲ့ကိစ္စက ခေတ်သစ် အင်တာနက် ဝန်ဆောင်မှုကိစ္စတွေ၊ အင်တာနက်တွေကနေပြီးတော့ တယောက်နဲ့တယောက် စည်းရုံးပြီးတော့ အကုန်လုံးရှေ့ထွက်လာကြတယ်။ တယောက်နဲ့တယောက် သတင်းစကားတွေပါးပြီးတော့ ညီညီညာညာ လုပ်ကိုင်ကြတယ်ဆိုတဲ့ အနေအထားရှိတယ်လေ။ ဒီလိုကိစ္စမျိုးမှာက ဗမာပြည်မှာ အလားတူ ဖြစ်လာနိုင်ပါ့မလား။
ဦးမိုးသီးဇွန် ။ ။ အများကြီးဖြစ်နိုင်တယ်၊ ဦးသန်းလွင်ထွန်း။ ကျနော်တော့ အဲဒါကို ယုံကြည်တယ်။ တူနီးရှားမှာရှိတဲ့ လူငယ်တယောက်နဲ့ မြန်မာလူငယ်တယောက်ဟာ communication ပေါ့။ သူတို့အချင်းချင်းက အရင်က မသိကြဘူး။ အခုဟာက အကုန်လုံးက communicate ဖြစ်သွားတယ်ဗျ။ ဒီနေ့ ပြဿနာက အာဏာရှင်တွေ သက်ဆိုးရှည်နေတဲ့အကြောင်းက ဒီဆက်သွယ်ရေးကို ဖြတ်လိုက်တာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ DVB (Democratic Voice of Burma) အင်တာဗျူးတခုမှာ အဲဒီတချက်ကို ထောက်ထားပါတယ်။ အဲဒါဘာလဲဆိုရင် ဆက်သွယ်ရေးပဲ - ဒီနေ့အရေးအကြီးဆုံးက။ ]
ဒီနေ့ Global ဆက်သွယ်ရေးစနစ် ပြောင်းသွားတယ်။ အဲဒါကြီးက အာဏာ (power) - People power ကြီးဖြစ်သွားပြီးတော့ လူတွေလက်ထဲကို ရောက်လာတယ်။ အဲဒါ ဘာတွေလဲဆိုရင် အင်တာနက်တွေ facebook တွေ၊ twitter တွေ အဲဒါတွေနဲ့ ဗမာလူငယ်နဲ့ တူနီးရှားလူငယ်နဲ့ ဆက်သွယ်မိသွားပြီး အာဖရိကမှာရှိနေတဲ့ လူငယ်ထုနဲ့ ရန်ကုန်က လူငယ်ထုနဲ့ ဆက်သွယ်လို့ ရသွားကြပြီ။ အဲဒီတော့ သူတို့အချင်းချင်းက သတင်းတွေကို share လာနိုင်တဲ့ အခွင့်အလမ်း၊ အဲဒီတော့ သူတို့ဒေသအတွင်းထဲမှာလဲ ဒီလူငယ်တွေဟာ တယောက်နဲ့တယောက် သတင်းအချက်အလက်တွေ share လို့ရသွားတယ်၊ ဆက်သွယ်လို့ရသွားတဲ့အတွက် ခုနက အာဏာရှင်တွေဟာ လှုပ်ရှားလာတယ်။ အခုနက နိုင်ငံကြီးတွေရဲ့ ချထားတဲ့ ပေါ်လစီတွေ၊ လုံခြုံရေးကိုပဲ concentrate ပေါ့လေ၊ အာရုံစိုက်ထားတဲ့ ဒီပေါ်လစီတွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
အဲဒီတော့ ဒီမှာလည်း ပြဿနာတွေ ရှိနေသေးတယ်။ မင်းတို့ လုံခြုံရေး ပြဿနာတခုတည်း မဟုတ်ဘူး။ ငါတို့ရဲ့စားဝတ်၊ နေရေးပြဿနာ၊ မတရားဖိနှိပ်မှု ချိုးဖောက်မှုပြဿနာ။ ဒါတွေရှိတယ်ဆိုတာ ကျနော်တို့က တယောက်နဲ့တယောက် information တွေ ပြောလို့ရတယ်။ အဲဒီ information တွေကို သွားထားပြီးတော့ ကပ်ထားရတဲ့နေရာတွေ ဖြစ်လာတယ်။
အရင်တုံးကဗျာ။ ဗကသ မှာ ကျနော်လုပ်ခဲ့တုံးက ညဘက်မှာ တညလုံး စာရွက်တွေ သွားဝေကြတယ်။ စာရွက်လေးတထောင်ကို ကျနော်တို့က လက်နဲ့လှည့်ပြီး ဝေနိုင်တာ။ အခု ကျနော်အီးမေးလ်တခုကို ထုတ်လိုက်ရင် သောင်းနဲ့ သန်းနဲ့ချီပြီးတော့ နာရီပိုင်းအတွင်းမှာ ပြန့်သွားအောင် လုပ်နိုင်လာတယ်။ အဲဒါဟာ communication ပဲ။ ဒီ communication global ဆက်သွယ်ရေးစနစ်ကြီး ပြောင်းလာတာဟာ အဖိနှိပ်ခံပြည်သူတွေအတွက် အာဏာကြီးတခု၊ power ကြီးတခု ဖြစ်လာပြီးတော့ ဒီ အုပ်ချုပ်တဲ့၊ လာဘ်စားတဲ့ အစိုးရတွေကို ခြိမ်းခြောက်မှုဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ဦးသန်းလွင်ထွန်းမေးထားတဲ့ မေးခွန်းကို ဖြစ်နိုင်တဲ့ အလားအလာတွေ သိပ်များနေတယ်လို့ ကျနော်တော့ မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ၁၉၈၈ ခုတုံးက ဆိုလို့ရှိရင် မြန်မာပြည်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ မဖြစ်ခင်က ဖိလစ်ပိုင်မှာ သမ္မတ Ferdinand Marcos ထွက်ပြေးရတဲ့ အရေးအခင်းမျိုးတွေ ပေါ်ခဲ့တယ်။ အဲဒီအချိန်တုံးကတောင်မှပဲ ကျောင်းသားတွေ၊ လူငယ်တွေအနေနဲ့ မြင်သမျှ၊ ကြားသမျှလေးလောက်နဲ့ inspiration လို့ခေါ်တဲ့ ဒီ အားကျမှု၊ အတုယူမှုတွေ ပေါ်လာပြီးတော့ ၁၉၈၈ အရေးအခင်းဆိုတာ ပေါ်လာခဲ့တယ်လေ။ အခု ဒီ တူနီးရှားတို့၊ အီဂျစ်တို့မှာ ဖြစ်ခဲ့တဲ့ အနေအထားမျိုးဆိုလို့ရှိရင် ဒီ ခေတ်သစ်အင်တာနက် ဝန်ဆောင်မှုတွေ၊ ဆက်သွယ်ရေး စနစ်တွေအရ လူတွေပိုပြီးတော့ နားလည်သဘောပေါက်မယ့် သိရှိလာတဲ့ အနေအထားမျိုး ရှိနေတာပေါ့။
ဦးမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်၊ အဲဒါကိုပဲ ပညာရှင်တော်တော်များများက ပြောကြတယ်လေပေါ့ဗျာ။ paradigm shift သူတို့သုံးကြတယ်။ စံနှုန်းတွေပြောင်းသွားတယ်။ ကျနော်တို့ခေတ်တုံးက စံနှုန်းတွေက ချထားခဲ့တဲ့ စံနှုန်းတွေ၊ ဥပမာ knowledge ကို ကျနော်တို့ ဘယ်လို ရယူမလဲ။ လမ်းဘေးစာအုပ်ဆိုင်တွေက ဖတ်တယ်။ Senior ပေါ့။ ၇၄၊ ၆၈ မျိုးဆက်တွေဆီက information တွေကို ယူတယ်။ သူတို့ရဲ့ စံနှုန်းတွေဆီက လေ့လာပြီးယူခဲ့ကြတယ်။ ဒီနေ့လူငယ်တွေကကျတော့ ကွန်ပြူတာနဲ့ ယူတယ်။ အင်ဖော်မေးရှင်းနဲ့ ယူတယ်။ သူတို့ရဲ့ ဒီ information သတင်းအချက်အလက်တွေ ယူတဲ့ပုံတွေက ပြောင်းသွားတယ်၊ ပိုမြန်လာတယ်။ အဲဒီ အတွက်လည်း လှုပ်ရှားမှုတွေက အရမ်းကိုမြန်မယ်။ တခုတော့ ရှိတာပေါ့လေ။ ကျနော်တို့က လွယ်လွယ်တော့ ပြောင်းလဲမှာမဟုတ်ဘူး။ ကျနော်တို့ အားသွန်ခွန်စိုက် ရုန်းကန်ရအုံးမယ်ဆိုတဲ့ မေးခွန်းကလည်း ရှိနေသေးတယ်။ အခက်အခဲ စိန်ခေါ်မှုကြီးပေါ့။ ဒီလောက်တင် ကျနော်တို့ရပ်ထားလို့ မရဘူး။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှု ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန်ကို ဆက်သွယ်မေးမြန်းထားတာပါ။