သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်လွှတ်တော် အခင်းအကျင်း နဲ့ တိုင်းရင်းသားများ အခွင့်အရေး


ပြည်နယ်လွှတ်တော် အခင်းအကျင်း နဲ့ တိုင်းရင်းသားများ အခွင့်အရေး
ပြည်နယ်လွှတ်တော် အခင်းအကျင်း နဲ့ တိုင်းရင်းသားများ အခွင့်အရေး

မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ ပထမဦးဆုံး အစည်းအဝေးပွဲတွေကို ဇန်နဝါရီလ (၃၁) ရက်နေ့မှာ စတင်မြင်တွေ့ကြရပါမယ်။ စစ်တပ်ကခန့်အပ်တဲ့ ကိုယ်စားလှယ်တွေစာရင်းကိုလည်း စစ်အစိုးရက ကြေညာထားခဲ့ပြီးပါပြီ။ မြင်တွေ့ကြရမယ့် လွှတ်တော် (၃) ရပ်ထဲမှာ တိုင်းရင်းသားများအတွက် အရေးပါဆုံးဖြစ်တဲ့ ပြည်နယ်လွှတ်တော် အခင်းအကျင်းနဲ့ ပြည်နယ် အစိုးရ ဖွဲ့စည်းပုံအခြေအနေတွေကို နားလည်နိုင်ဖို့အတွက် ချင်းပြည်နယ် ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေး အလားအလာအကြောင်းကို ချင်းအမျိုးသား တဦးဖြစ်သူ အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ် အခြေခံဥပဒေနဲ့ ဒီမိုကရေစီရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန်ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန်။ ။ ၂၀၀၈ အခြေခံဥပဒေအရ ပုဒ်မ ၂၆၁ အရဆိုလို့ရှိရင် ချင်း ပြည်နယ်မှာ ချင်းပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်လူက ချင်းပြည်နယ်အမတ်ထဲကလူတယောက် ယောက်ပဲ ဖြစ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ စစ်တပ်က ခန့်အပ်ထားတဲ့အမတ်တွေက ရွေးချယ်တင်မြှောက်ခံထားရတဲ့ လူတွေ မဟုတ်တဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာဖို့ မရှိဘူးပေါ့။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ စစ်တပ်က ခန့်အပ်ထားတဲ့လူတွေက ရွေးချယ်ခံထားရတဲ့လူတွေ မဖြစ်ပေမဲ့ ချင်းပြည်နယ်လွှတ်တော်အတွက် ဒီမနေ့က ထုတ်ပြန်လိုက်တဲ့ ချင်းပြည်နယ်လွှတ်တော် အတွက် စစ်တပ်ကခန့်အပ်လိုက်တဲ့ လူ ၆ ယောက်ကလည်း ပြည်သူတွေရွေးထားတဲ့ လူတွေနဲ့ အတူတူပဲ ဖြစ်နေ တယ်။ အဲဒီတော့ ပုဒ်မ ၂၆၁ (ခ) (၁ နဲ့ ၂) အရ သမ္မတက ချင်းပြည်နယ်လွှတ်တော်က ချင်းပြည်နယ် ဝန်ကြီးချုပ်အတွက် အများသဘောတူထားတဲ့သူတွေကို ခန့်ရမယ်။ ဆိုတော့ ဒီလို အနေအထားမှာ စဉ်းစားစရာတွေ အများကြီးပေါ်လာတယ်။

ဥပမာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ချင်းပြည်နယ်မှာ (၇) နေရာရထားတယ်။ တပ်မတော်က ခန့်ထားတဲ့ လူက (၆) ယောက်ရထားတယ်။ သူတို့ နှစ်ခုပေါင်းလိုက်လို့ရှိရင် (၁၃) နေရာရတယ်။ နောက်ပြီးတော့ Chin Progressive Party နဲ့ Chin National Party တို့ ပေါင်းပြီးတော့ သူတို့မှာ အားလုံးက (၁၁) နေရာ ရတယ်။ ဆိုတော့ (၁၁) နဲ့ ဟိုဘက်က (၁၃) တို့မှာ အများသဘောတူတဲ့လူဟာ နောက်လာမယ့် (၅) နှစ်အတွက် ချင်းပြည်နယ်ဝန်ကြီး ဖြစ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာလည်း ကျနော်တို့က အထူးသဖြင့် ချင်းပြည်နယ်အကြောင်း ပြော နေရတာက ပြည်နယ်တခုတည်းကိုပဲ ဦးစားပေးကြည့်ပြီး ယေဘုယျအခြေအနေကို မြင်သာထင်သာ အောင် ဆွေးနွေးကြည့်တာပါ။ ဒီနေရာမှာ စောစောကပြောသလို ဒေါက်တာအင်ဒရူး ပြောသလို အခု ပထမဦးဆုံး အနေအထားအရ ချင်းပြည်နယ်လွှတ်တော်မှာ စုစုပေါင်း (၂၄) နေရာ ရှိတဲ့အထဲမှာ ကွဲနေ တာက (၁၁) နဲ့ (၁၃) - အထူးသဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်က ခန့်အပ်တဲ့အမတ်တွေက ပူးပေါင်း ပြီးလုပ်ဆောင်ကြမယ် ဆိုတာကို သံသယဖြစ်စရာ မရှိဘူး။ အဲဒါဆိုရင် ဘယ်သူတွေ ဝန်ကြီးချုပ် ဖြစ် လာစရာ ရှိလာမလဲ။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ အခုန ဆရာပြောသလို ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော်က ခန့်အပ် လိုက်တဲ့ (၆) ယောက်နဲ့ပေါင်းပြီးတော့ (၁၃) က သဘောတူလို့ရှိရင် ဥပမာဖြစ်နိုင်ခြေက တခုရှိပါ တယ်။ ပထမ ကြံ့ခိုင်ဖွံ့ဖြိုးရေးကနေ အနိုင်ရသွားတဲ့ ဗိုလ်မှူးချုပ်ဘုန်းလှိုင် ဖြစ်မလား။ ဒါမှမဟုတ်လို့ ရှိရင် အခု တပ်မတော်ကနေ ချင်းပြည်နယ်အတွက် ခန့်လိုက်ထဲက အကြီးဆုံးရာထူး အမြင့်ဆုံးဖြစ်တဲ့ ဗိုလ်မှူးကြီးဇော်မင်းဦး ဖြစ်မလား။ ဒါပေမဲ့ ချင်းအမျိုးသားတိုးတက်ရေးပါတီ နဲ့ ချင်းအမျိုးသားပါတီတို့ ပေါင်းပြီးတော့ သူတို့ဘက်ကလည်း သူတို့လိုချင်တဲ့လူကို အဆိုတင်သွင်းနိုင်တယ်။ အဲဒီတော့ အဆို တင်သွင်းချိန်မှာ နှစ်နေရာမျိုး ဖြစ်နိုင်တယ်လို့ ကျနော်က ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဲဒီလူ နှစ်ယောက်မှာ တကယ်လို့ မဲခွဲကြပြီဆိုရင် သူတို့ အချင်းချင်း ကြားထဲ မဲခွဲတယ်ဆိုလို့ရှိရင် (၁၃) နေရာကို ထိန်းထားတဲ့အဖွဲ့က နိုင်သွားမယ့် သဘောလား။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန်။ ။ အဲဒီလို နိုင်ငံရေးကို (၅) နှစ်အတွက်ပဲ တွက်လို့ရှိရင် (၁၃) နေရာကို အနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော်တို့ အတူတူလက်တွဲလို့ရှိရင် (၁၃) နေရာ ဘက်ကနေ ဥပမာ ဗိုလ်မှူးချုပ်ဘုန်းလှိုင် ဒါမှမဟုတ် ဗိုလ်မှူးကြီး ဇော်မင်းလွင် တယောက်ယောက် နိုင်သွားမယ်။

ဒါပေမဲ့ စဉ်းစားစရာတချက်ရှိတာက ဥပမာ မတူပီမြို့နယ် မဲဆန္ဒနယ်မြေမှာ အနိုင်ရထားတဲ့ ပြည်ထောင်စု ဖွံ့ဖြိုးရေးပါတီက (၄၅၉၅) မဲနဲ့ နိုင်သွားတယ်။ ဒါပေမဲ့ ချင်းတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နှစ်ခုပေါင်းလို့ ရှိရင် သူ့ထက် မဲပိုရတယ်။ အဲဒီတော့ (၅) နှစ် နောက်ပိုင်းအထိ နိုင်ငံရေးကို ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးတွက်လို့ရှိရင် သူတို့က ဒီအချိန်မှာ ပြည်ထောင်စုဖွံ့ဖြိုးရေးနဲ့ တပ်မတော်က ခန့်လိုက်တဲ့လူထဲက လူကို မဲပေးသင့်သလား၊ မပေးသင့် ဘူးလား။ ရေရှည်နိုင်ငံရေးကို ကြည့်မလား၊ ငါးနှစ်နိုင်ငံရေးကို ကြည့်မလားဆိုတာက အရေးကြီးတယ်။

အဲဒါ ပါတီစုံနိုင်ငံရေးစံနစ်မှာ မကြုံတွေ့ခဲ့တဲ့ဟာမျိုး ဖြစ်တယ်။ ဥပမာ- မြို့နယ် မဲဆန္ဒနယ်မြေမှာ ကြည့် လို့ရှိရင် ပြည်ထောင်စုဖွံဖြိုးရေးပါတီက အနိုင်ရသွားတယ်။ ဒါပေမဲ့ ချင်းတိုးတက်ရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှစ်ခုပေါင်းလို့ ရှိရင် သူ့မဲထက် ပိုများတယ်။ အဲဒီတော့ ရေရှည်ကိုကြည့်လို့ရှိရင် လွယ်လွယ်ကူကူနဲ့ (၅) နှစ်အတွက် မဲပေးတာ မဖြစ်သင့်ဘဲ ရေရှည်အတွက် ကြည့်ပြီးတော့ မဲပေးတာမျိုး ဖြစ်လို့ရှိရင် တပ်မတော်က တင်သွင်းလိုက်တဲ့ (၆) ယောက်ထဲကဖြစ်ဖြစ် ကြ့ခိုင်ဖွံ့ဖြိုးရေးထဲက အနိုင်ရတဲ့ (၇) ယောက်ထဲက ဖြစ်ဖြစ် တယောက်ယောက်ကို ချင်းပြည်နယ် ဝန်ကြီးချုပ်အတွက် မဲပေးဖို့၊ မပေးဖို့ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြည်နယ်ထဲမှာ ပြည်နယ်အစိုးရဖွဲ့ဖို့ကိစ္စကရော ဘယ်လိုဖြစ်လာ မလဲ။ ဒီပြည်နယ်ထဲမှာ ပြည်နယ်အစိုးရအဖွဲ့ထဲမှာ ဘယ်လိုဝန်ကြီးဌာနတွေ၊ ဘယ်လို စီမံခန့်ခွဲမှုတွေ ဖြစ်လာနိုင်မလဲ။ အဲဒီလိုနေရာမျိုးတွေမှာ နေရာယူဖို့ကိစ္စကရော လုပ်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်အစိုးရ ရာထူးတွေမှာ သက်ဆိုင်ရာချင်းအမျိုးသားတွေထဲက ရွေးချယ်ခံထားပေးလိုက်တယ်ဆိုရင်ကော လူထုအတွက် ကောင်းကျိုးဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလား။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ အဲဒါ အများကြီးဖြစ်နိုင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၂၄၈) မှာ ပြဌာန်းထားတာက ပြည်နယ်အစိုးရဖွဲ့ခြင်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတဟာ ပြည်နယ် လွှတ်တော် သဘောတူညီချက်နဲ့ ချင်းပြည်နယ်ဝန်ကြီးကို လိုအပ်သလို သတ်မှတ်နိုင်တယ်၊ ပြင်ဆင် နိုင်တယ်၊ ဖြည့်စွက် နိုင်တယ်၊ လျှော့ချနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ ချင်းပြည်နယ်မှာ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေးက (၇) ယောက်၊ တပ်မတော် (၆) ယောက်။ နောက်ပြီးတော့ ချင်းတိုးတက်ရေး ပါတီ နဲ့ ချင်းအမျိုးသားပါတီ က (၅) ယောက်စီ။ နောက် CNDP က (၁) ယောက် စုစုပေါင်း (၁၁) ယောက် အားလုံးပေါင်းပြီးတော့ ရေရှည် အကျိုးကို ကြည့်လို့ရှိရင် သူတို့ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ ပြည်နယ်ဝန်ကြီးကို ကိုင်ထားမယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး။ တပ်မတော်က ခန့်ထားတဲ့ (၆) ယောက် ထဲကပဲ ပြည်နယ်ဝန်ကြီးကို ဖြည့်ရမယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။

နောက်ပြီးတော့ ချင်းပါတီတွေဖြစ်တဲ့ (၃) ပါတီဖြစ်တဲ့ (၁၁) ယောက်ထဲကပဲ ပြည်နယ်ဝန်ကြီးဌာနတွေကို ကိုင်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အားလုံး ညှိနှိုင်းပြီးတော့ ရေရှည်အတွက် အတူတကွလုပ်ဆောင်နိုင်မယ့် လမ်းကြောင်းကို သူတို့ ဖော်ဆောင်နိုင်တဲ့ လမ်းကြောင်းပေါ် သူတို့ရောက်နေတယ်လို့ ကျနော်က ယူဆ ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောအားဖြင့်တော့ ဒါက ပြည်နယ်လွှတ်တော်အဆင့်မှာတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက ပိုမိုလာတယ်ဆိုတဲ့ သဘောလား။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ ပိုမိုလာတယ်ဆိုတာကတော့ နှစ်ခုရှိပါတယ်။ တိုင်းရင်းသား တွေ လိုလားတောင့်တနေတဲ့ အခွင့်အရေးကတခု၊ ၂၀၀၈ အခြေခံဥပဒေအရ ပြဌာန်းပေးထားတဲ့ အခွင့်အရေးက တခု။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းကနေ ဒီနေ့အထိ ကြည့်လို့ရှိရင် (၄၈) နောက်ပိုင်းမှာ ကျနော်တို့ အခွင့်အရေးကို ကျနော်တို့လွှတ်တော်ကနေ တိုင်းရင်းသားတွေက ပါဝင်ပတ်သက်ပြီးတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် တောင်းဆိုမှု၊ ဥပဒေပြုမှု၊ လုပ်ဆောင်မှု တွေက ၂၀၀၈ အခြေခံ ဥပဒေ အပေါ် မူတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ပေါ်မှာ ကျနော်တို့ လုပ်နိုင်ခြေတွေ အများကြီး ရှိလာတယ်။

အရင်တုန်းက ဘယ်လိုမှ လွန်ခဲ့တဲ့ (၄၈) နှစ်လုံးလုံး ကျနော်တို့က လုပ်နိုင်ခြေမရှိခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ကို တပါတီအာဏာရှင်ဖြစ်ဖြစ်၊ တပ်မတော်အာဏာရှင်ဖြစ်ဖြစ် အုပ်ချုပ်လာတဲ့ ဘဝမှာ နေလာခဲ့တယ်။ အခုက လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ လုပ်တတ်သလား၊ မလုပ်တတ်လား ဆိုတာကတော့ ကျနော်တို့အပေါ်မှာပဲ မူတည်နေတယ်လို့ ကျနော်က ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမယ့်လည်း ဒီလို အခွင့်အရေးရှိတယ်လို့ ပြောတာက စောလွန်းမနေဘူး လား။ အထူးသဖြင့် ချင်းပြည်နယ်မှာဆိုရင် လွှတ်တော်တောင် မခေါ်ရသေးဘူး၊ လွှတ်တော်မှာလည်း ဆွေးနွေးမှုတွေ ကျနော်တို့ မမြင်ရသေးဘူး။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ နှစ်ခုနဲ့ ပြောလို့ရတယ်။ စောလွန်းတယ် မစောလွန်းဘူး ဆိုတာက မရှိသေးတဲ့ အခွင့်အရေးထဲမှာ ကျနော်အမြဲတမ်း ပြောပါတယ်။ ၂၀၀၈ အခြေခံဥပေဒအရ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လာပြီးတော့ နောက်ပိုင်းမှာ ဖြစ်လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ ကျနော့် အနေနဲ့ အမြဲတမ်း အမြတ်လို့။

၄၈ နှစ်လုံးလုံးမရခဲ့တဲ့ အခွင့်အရေးတခုအနေနဲ့ ကျနော်မြင်တာကတော့ လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းတွေအရ အတိုက်အခံနဲ့ အာဏာရတဲ့လူနဲ့ အတိုက်အခံ အင်အားနည်းသည်ဖြစ်စေ၊ အင်အား ကြီးသည်ဖြစ်စေ။ အာဏာရတဲ့လူ အင်အားကြီးသည်ဖြစ်စေ၊ အင်အားသိပ်မကြီးသည်ဖြစ်စေ အတူ တကွထိုင်ပြီးတော့ တတိုင်းပြည်လုံး။ ဒါမှမဟုတ် ချင်းပြည်နယ်တခု အတိုင်းအတာကို အတူတကွ ဆွေးနွေးလုပ်ကိုင်နိုင်တဲ့ အခွင့်အရေးဆိုတာ (၄၈) နှစ်လုံးလုံး မရခဲ့တဲ့ အခွင့်အရေး ဖြစ်တယ်။ ဒီ အခွင့်အရေးကို ကျနော်တို့ရတာနဲ့ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အသုံးချတတ်သလား၊ အသုံး မချတတ်သလားဆိုတာ ကျနော်တို့အပေါ်မှာပဲ မူတည်လို့ ကျနော်က ယူဆတယ်။

အဲဒါကြောင့် ဒီကိစ္စက စောလွန်းတယ်လို့ မဟုတ်ဘူး။ ကျနော့် အယူအဆမှာတော့ ဒီကိစ္စ အခွင့်အရေး တရပ်ဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ချင်းပြည်နယ်အပြင် တခြား မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေရဲ့ ဒေသနဲ့ ပြည်နယ်တွေတချို့မှာ ဥပမာအားဖြင့် ကယားပြည်နယ်တို့လို။ နောက်တခုက ရခိုင်ပြည်နယ် တို့လို အဲဒီမှာ ရှိတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုနှိုင်းယှဉ် သုံးသပ်လို့ ရနိုင်မလဲ။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ ကယားပြည်နယ်၊ ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲအရ (၁၅) နေရာရှိတာ အားလုံးက ကြံ့ခိုင်ဖွံ့ဖြိုးရေးက အနိုင်ရသွားတယ်။ တပ်မတော်က အဲဒီပြည်နယ်တွေမှာ ဘယ်လောက်ထည့်သလဲတော့ ကျနော်မသိဘူး။ ဒါပေမဲ့ ဥပမာ ရခိုင်ပြည်နယ်ကို ကြည့်လို့ ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက (၁၄) နေရာရတယ်။ တပ်မတော်က (၁၂) နေရာ ထပ်ဖြည့်တယ်။

သူတို့ နှစ်ယောက်အတူတူ ပေါင်းလို့ရှိရင် (၂၆) နေရာ သူတို့နေရာရတယ်။ အဲဒီမှာ ရခိုင် RRNP, NDPD, NUP အားလုံးပေါင်းလို့ရှိရင် (၂၁) နေရာ ရှိတယ်။ အဲဒီတော့ (၂၁) နဲ့ (၂၆) ပြိုင်ရမယ့်ကိန်း ဆိုတာကတော့ သူတို့ ရခိုင်ပြည်မှာရှိတဲ့ ခေါင်းဆောင်ကြီးတွေ ဘယ်လိုကစားတတ်သလဲ၊ မကစား တတ်ဘူးဆိုတဲ့အပေါ်မှာ မူတည်လာလိမ့်မယ်လို့ ထင်တယ်။

ဥပမာ ရှမ်းပြည်နယ်မှာဆိုရင် ကြံံ့ခိုင်ဖွံ့ဖြိုးရေးက (၅၄) နေရာ၊ တပ်မတော်က (၃၆) နေရာ အားလုံးက (၉၀) နေရာ ရတယ်။ ကျန်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော် မဟုတ်တဲ့ ပါတီတွေက (၅၃) နေရာရှိ တယ်။ အဲဒီတော့ (၅၃) အမတ်နဲ့ (၉၀) အမတ်ကြားမှာ သူတို့နိုင်ငံရေး အခင်းအကျင်း အသစ်အတွက် ကစားရမယ့် နေရာ ဖြစ်လာတယ်။ အဲဒီလိုပဲ ပြည်နယ်အလိုက်၊ တိုင်းအလိုက်ဖြစ်လာတယ်။ အဲဒီတော့ အဖြစ်နိုင်ဆုံး ရှိတာက ချင်းပြည်နယ်မှာဆိုရင် (၁၁) နေရာ နဲ့ (၁၃) နေရာဆိုတော့ အနီးကပ်ဆုံး ဖြစ် တယ်။ ဟိုဘက်က လူတယောက်ယောက်က ဒီဘက်ပြောင်းလိုက်ရင် (၁၂ - ၁၂) ဖြစ်သွားတော့ ဆုံးဖြတ်ချက်က ချလို့မရဘူး။

အဲဒါကြောင့် ကျနော်ပြောနေတာ အခုန ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အရွေးခံနေရတဲ့ ချင်းပြည်နယ် အမတ်တွေ အများကြီးက နောက် (၅) နှစ်နောက်ပိုင်းမှာ ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းကို ကြည့်လို့ ရှိရင် သူတို့မှာ ဘက်ပြောင်းနိုင်တဲ့ အလားအလာရှိတယ်လို့ ကျနော်ပြောနေတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြည်နယ်တွေထဲမှာ ကြည့်လိုက်မယ်ဆိုရင် စောစောက စာရင်းဇယားတွေ အရဆိုရင် တိုင်းရင်းသားတွေရဲ့ ပြောပိုင်ဆိုပိုင်ခွင့် အများဆုံးရမယ့် ပြည်နယ်က -

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ ချင်းပြည်နယ် ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်က (၂၁) နဲ့ (၂၆)။ ချင်းပြည်နယ်က (၁၂) နဲ့ (၁၃) ဆိုတော့ အချိုးအစားနဲ့ တွက်လို့ရှိရင် ချင်းပြည်နယ်က အများဆုံး။ ဒုတိယအလိုက်က ရခိုင်ပြည်နယ်။ ပြီးတော့ တတိယက ရှမ်းပြည်နယ်ဖြစ်မယ်လို့ ကျနော် ယူဆတယ်။

XS
SM
MD
LG