တတိယအကြိမ်မြောက် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီးနောက်ပိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို လူအများကပိုပြီး စိုးရိမ်တကြီးရှိနေကြပါတယ်။ ၂ဝဝ၃ ခုနှစ်၊ မေလက ဒီပဲယင်းမှာကြုံတွေ့ခဲ့ရတဲ့ လူအုပ်နဲ့တိုက်ခိုက်မှု၊ ၂ဝဝ၇ ခုနှစ်၊ သံဃာ့လှုပ်ရှားမှုမှာ မြင်ခဲ့ရတဲ့ စစ်အစိုးရက မြေတောင်မြှောက်ပေးထားတဲ့ စွမ်းအားရှင်လူရမ်းကားတွေရဲ့ဗြောင်ကျကျကျူးလွန်မှု စတာတွေကြောင့်လည်း အခုလို စိုးရိမ်မှုတွေ ပိုလာနေတာလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကို လူငယ်အဖွဲ့ဝင်တွေနဲ့အတူ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးဝင်းထိန်။ ။ အဲဒီလုံခြုံရေးနဲ့ပတ်သက်လို့ ပြည်တွင်းကရော ပြည်ပကရော ကျနော့ကိုတင်မကဘူး။ တခြားနီးစပ်ရာ နီးစပ်ရာလူကြီးတွေဆီကို ဒေါ်စုရဲ့လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြတယ်ဆိုတဲ့ စကားတွေ၊ နောက် စာတွေ၊ တယ်လီဖုန်းတွေ အခုလိုပဲ ရပါတယ်။ ရတဲ့အခါမှာ ကျနော်တို့စဉ်းလည်းစဉ်းစားတယ်။ နောက် လူကြီးတွေနဲ့လည်း တိုင်ပင်တယ်။ တိုင်ပင်တဲ့အခါကျတော့ ကျနော်တို့ကိုယ်တိုင်က တပ်ထဲမှာ လူကြီးတွေ VIP တွေဆိုပါတော့ဗျာ။ အထက်က ဗွီအိုင်ပီတွေကို လုံခြုံရေးလုပ်တယ်ဆိုတာ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သိတဲ့အခါ အဲဒီစံနှုန်းနဲ့သွားပြီး လုပ်ဖို့ကတော့ ကျနော်တို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့အခါကျတော့ ဘယ်လိုနည်းနဲ့လုပ်လို့ရမလဲ- စဉ်းစားကြတဲ့အခါမှာ ကျနော်တို့က ဒေါ်စုရဲ့လုံခြုံရေးကို ခန္ဓာကိုယ်တွေနဲ့ပဲ ကာကွယ်ရမယ်။ Human Shields ဒါပဲ ရှိတယ်။ ၈၈၊ ၈၉ တောက်လျှောက် ကျနော်အပြင်မှာ၊ ၉၅၊ ၉၆ တောက်လျှောက်ဖြစ်တဲ့အခါမှာလည်း ဒီလိုပဲ လုပ်ခဲ့ကြရတာပဲ။
အဲဒီတော့ လူငယ်တွေကိုလည်းပြောထားတယ်။ သူတို့အချင်းချင်းလည်း ပြောထားတယ်။ ဒေါ်စုအန္တရာယ်ရှိမယ့် ကိစ္စဆိုတော့ တို့က တို့ခန္ဓာကိုယ်တွေနဲ့ပဲ ကာကွယ်ရမယ်။ ခန္ဓာကိုယ်တွေနဲ့ ကာကွယ်တဲ့အခါမှာ လူငယ်တွေက အဓိကပဲ။ ကျနော်တို့လူကြီးဆိုတာ ဘေးကနေပြီးတော့ ရံပြီးတော့ ရှေ့ကကြည့်မယ်၊ နောက်ကကြည့်မယ်၊ ဘေးကကြည့်မယ်၊ နောက်ပြီးတော့မှ လူငယ်တွေကိုလည်း ဒေါ်စုကို ချဉ်းကပ်တဲ့ပုဂ္ဂိုလ်တွေကို ဘယ်လိုကြည့်ထား၊ ဘယ်သူ့ကိုဘယ်လိုကြည့်၊ လက်အမူအယာ၊ မျက်နှာအမူအယာ အစရှိသည်ဖြင့်ပေါ့။ အဲလိုလောက်ပဲ ကျနော်တို့လုပ်နိုင်တယ်။
သွားတဲ့လာတဲ့အခါမှာလည်း အန္တရာယ်ရှိတတ်တဲ့နေရာတွေ၊ လူတွေရဲ့လှုပ်ရှားမှု၊ အဲလိုပဲ လုပ်နိုင်တယ်။ လုပ်နိုင်တဲ့အခါကျတော့ တကယ်တန်းပြောမယ်ဆိုရင်တော့ ကျနော်တို့လုပ်ခဲ့တဲ့ အရင်တုံးက တပ်ထဲမှာ ကြုံခဲ့ဖူးတယ်ဆိုရင်တော့ နည်းနည်း ရီစရာတောင် ကောင်းနေအုံးမယ်။ ဘာမှ လုံခြုံရေးနဲ့ ပတ်သက်လို့ရှိရင် အင်မတန်မှ အားနည်းတယ်ဆိုတာကို ကျနော်တို့လည်းသိတယ်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေကြားထားတာ ကျနော်တို့ ကြားရပါတယ်။ အထူးသဖြင့် အန်အယ်လ်ဒီလို အဖွဲ့အစည်းမျိုးက လက်နက်ကိုင် အဖွဲ့အစည်းလည်း မဟုတ်တဲ့အတွက်ကြောင့်မို့လို့ လုံခြုံရေးနဲ့ ပတ်သက်လို့ရှိရင်တော့ တတ်နိုင်သမျှပဲ ဆောင်ရွက်နိုင်မယ်။ သူ့အနေနဲ့လည်း သူ့ရဲ့လုံခြုံရေးကို စီမံဆောင်ရွက်ပေးနေတဲ့ လူငယ်တွေကို ယုံကြည်မှု၊ ကိုးစားမှု ရှိပါတယ်လို့ သူပြောထားတယ်လေ။ ဒါပေမဲ့ ဒီနေရာမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အနေနဲ့ရော လုံခြုံရေးအဖွဲ့တွေအနေနဲ့ရော ဒီမြန်မာနိုင်ငံမှာ အရေးကြီးတဲ့ သူတယောက်အနေနဲ့ သတ်မှတ်ပြီးတော့ လုံခြုံရေးအတွက်ကို လုပ်ပေးဖို့ ကမ်းလှမ်းတာတွေ ဘာတွေ မရှိဘူးလားခင်ဗျ။
ဦးဝင်းထိန်။ ။ အဲလို ကမ်းလှမ်းတာတော့ မရှိဘူးဗျ။ ဒါပေမဲ့ ကျနော်တို့လူကြီးတွေရော၊ ကျနော်တို့ရဲ့ ကိုယ်ပိုင်အယူအဆအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကမ္ဘာမှာရော ဗမာပြည်မှာရော အင်မတန်ကို အရေးပါတဲ့ Icon တယောက်ဖြစ်နေပြီ။ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အဲဒီလူရဲ့ လုံခြုံရေးဟာ အဓိက တာဝန်က တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရတာဝန်ပဲလို့ ကျနော်တို့ သတ်မှတ်ယုံကြည်ထားတယ်။
အဲဒီလို ယုံကြည်တာက တပိုင်းပေါ့။ နောက်ပြီးတော့မှ ဒေါ်စုရဲ့လုံခြုံရေးကို ကျနော်တို့ နီးစပ်တဲ့ ခန္ဓာကိုယ်ရင်းပြီးတော့မှ Human Shields နဲ့ ကာကွယ်တာကတပိုင်း၊ နောက်တပိုင်းက ဒေါ်စုရဲ့စိတ်နေသဘာဝပေါ့။ ၁၉၈၉ တုန်းက မြစ်ဝကျွန်းပေါ် ဓနုဖြူမှာ ဖြစ်ခဲ့ဖူးတယ်။ ဓနုဖြူမှာ ရှိတဲ့ မ.ဝ.တ ဥက္ကဋ္ဌက ဒေါ်စုကိုသေနတ်နဲ့ ချိန်ပြီးတော့ တိုးရင်ပစ်မယ်ဆိုတဲ့ အနေအထားမှာ ဒေါ်စုက အဲဒီပစ်တဲ့နေရာကို သွားမယ်ဆိုပြီးတော့ ခြေလှမ်းလှမ်းတယ်။ လှမ်းတဲ့အချိန်မှာ အဲဒီတုန်းက ဦးကြည်မောင် ရှိသေးတာပေါ့။ ကျနော်က တခြားနေရာရောက်နေတယ်။ ဦးကြည်မောင်က ဒေါ်စုကို ဖယ်တယ်။ မရဘူး။ ဒေါ်စုက ရှေ့တိုးသွားတယ်။ အဲဒီအချိန်မှာ ကံကောင်းချင်တော့ အဲဒီအရာရှိရဲ့ အထက်အရာရှိက အဲဒီလူရဲ့လက်နက်ကို လုပြီးတော့မှ နပန်းလုံးပြီး လက်နက်ကိုလုလိုက်တဲ့ အတွက်ကြောင့် အဲဒီတုန်းက ပစ်တာခတ်တာမျိုး မဖြစ်ခဲ့ဘူး။
အဲဒီရဲ့သင်ခန်းစာက ဘာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့ကို အသက်အန္တရာယ်ရှိသည့်တိုင်အောင် တောင်မှ သတ္တိပြောင်ပြောင်နဲ့ အန္တရာယ်ကိုရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ရှိတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် နည်းနည်း ခေါင်းမာတယ် ဆိုတဲ့သဘောတော့ ပါတာပေါ့။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေရာမှာ တချက်ပြောချင်တာကတော့ ဒါ အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားပေါ့နော်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုကို ယုံကြည်ကိုးစားမှုရှိတယ်။ သူ့ကို လူထုအနေနဲ့ ချစ်မြတ်နိုးမှုရှိပြီးတော့ ဒီလို အန္တရာယ်တစုံတရာပေးမှာမဟုတ်ဘူးဆိုပြီးတော့ ယုံကြည်မှုရှိတယ် ဆိုပေမဲ့လည်း ဒါ တထစ်ချပြောလို့မရတဲ့အခြေအနေမျိုးတွေ ရှိခဲ့တယ်ဆိုတာက ဒီပဲယင်းမှာ ဖြစ်ခဲ့တာက သက်သေထူနေပါတယ်။
အဲဒီတော့ ဒီလိုကိစ္စမျိုးမှာ အစောက ဦးဝင်းထိန်ပြောသလိုပေါ့နော်၊ ဒေါ်စု သွားရာခရီးတလျှောက်မှာ ကိုယ်ခန္ဓာ တွေနဲ့ သက်ဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်တွေက လိုက်လံကာကွယ်ပေးတာထက် တခြား ခရီးသွားလာမှုကိစ္စမှာ ကြိုတင်စီမံခန့်ခွဲမှုတွေ၊ လူထုအပေါ်ကို ကြိုတင်ပြီးတော့ စည်းကမ်းတကျနဲ့ အနားမကပ်ဖို့ ကိစ္စတွေ ဘာတွေ အဲလိုကြိုတင်စီမံချက်တွေ ဘာတွေ လုပ်နိုင်တာတွေ မရှိဘူးလား။
ဦးဝင်းထိန်။ ။ အဲဒါမျိုးတွေက ၈၈၊ ၈၉ ကတည်းက လုပ်ထားတာတွေ ရှိခဲ့ပါတယ်။ အခုလည်း ညှိနှိုင်းပြီး လုပ်နေကြတာတွေရှိပါတယ်။ ဒါ တချက်ပေါ့။ နောက်တချက်က အခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရရဲ့ သဘောထားကို ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၊ ဦးသူရရွှေမန်းတို့၊ ဦးတင်အောင်မြင့်ဦးတို့ နောက်ထပ်တက်တဲ့ လူငယ်တွေတော်တော်များများဟာ ဒေါ်အောင်ဆန်းစုကြည်တန်ဖိုးကို သူတို့နားမလည်ဘူး။
ဒေါ်အောင်ဆန်းစုကြည်သည် ဗမာပြည်အတွက် တချိန်မှာ သူတို့လုပ်တာထက် ထွန်းထွန်းပြောင်ပြောင် လုပ်နိုင်တယ်ဆိုတဲ့ အနေအထားကိုသူတို့ လက်မခံဘူး။ ဘာကြောင့်လဲ။ သူတို့က အာဏာမစွန့်လွှတ်ချင်ကြပဲကိုး။ အဲလိုမစွန့်လွှတ်ချင်တဲ့အတွက်ကြောင့် ဒေါ်စုဟာ တချိန်မှာ တခုခုဖြစ်ပြီ။ ဥပမာ ဆိုပါတော့ဗျာ- အိန္ဒိယမှာဖြစ်တယ်၊ ရာဂျစ် ဂန္ဒီဖြစ်တယ်၊ အင်ဒီရာဂန္ဒီဖြစ်တယ်၊ အဲလိုဖြစ်နိုင်တဲ့ ဖြစ်နိုင်တဲ့ အလားအလာတွေ ကျနော်တို့ အများကြီး တွက်ထားပြီးသား။ အဲလိုဖြစ်လို့ရှိရင် ကျနော်လည်းအနားမှာရှိနေတော့ ကျနော်လည်း ပါရင်ပါသွားမှာပဲ။ အသက်စွန့်ရမှာပဲ။ ဒါပေမဲ့ တမင်သက်သက် အာဇာနည်ဖြစ်ချင်လို့တော့ မဟုတ်ဘူးပေါ့။
ကျနော်တို့မှာ ဘာမှလက်နက်မရှိတဲ့ အတွက်ကြောင့်မို့လို့ လုပ်ရင်တော့ ကျနော်တို့ခံရမယ်။ ဘာကြောင့် လုပ်ရင်ခံရမလဲဆိုလို့ရှိရင် ထိပ်တန်းအာဏာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာ ဒေါ်စုအပေါ်မှာ လုံးဝကရုဏာ မရှိဘူးဆိုတာ ကျနော်တို့ ကောင်းကောင်းသိတယ်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အခု ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဒေါ်စု ရန်ကုန်မြို့ထဲမှာသွားတဲ့လာတဲ့ မြင်ကွင်းတွေပေါ့နော်။ ကျနော်တို့ ဗွီဒီယိုကနေ ကြည့်တဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ အနေနဲ့ စောစောက ဦးဝင်းထိန်ပြောသလိုပဲ၊ လက်နဲ့တားပြီးတော့ လူအုပ်ကိုထိန်းတာကိုတွေ့ရတယ်လေ။ ဒါပေမဲ့လည်း အဲလိုထိန်းတဲ့အခြေအနေက အထူးသဖြင့်ပေါ့နော် ထိန်းတဲ့လူငယ်အုပ်စုတွေရဲ့ သြဇာ သက်ရောက်မှုပေါ့နော်။ သူတို့ရဲ့လုပ်ဆောင်ချက်က ပိုပြီးရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားစေနိုင်တဲ့ အနေအထားမျိုးရော မရှိဘူးလား။ အဲလိုမျိုး သုံးသပ်တာမရှိဘူးလား။
ဦးဝင်းထိန်။ ။ နည်းနည်းတော့ ရှိတတ်တယ်။ ရှိတာလည်းကျနော်သိတယ်။ အဲဒီ ရွှေတိဂုံဘုရားသွားတဲ့ ကိစ္စမှာရော၊ လေဆိပ်သွားတဲ့ကိစ္စမှာကော၊ နောက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဈေး သွားတဲ့ကိစ္စမှာကော ကျနော် ဘေးနားမှာ ရှိနေတာပဲ။ ရှိနေပြီးတော့ သူတို့အနေအထားကိုပဲ ကျနော်အကဲခတ်တယ်။ ဘယ်လောက်ထိ တိုးတက်မှုရှိလာသလဲ။ ဘယ်လောက်အထိ ဘာတွေချွတ်ယွင်းသလဲ၊ ပြီးရင်တော့ ကျနော်တို့ပြန်ပြီး ဆွေးနွေးတာတွေရှိတယ်။ အဲဒီလိုရှိနေသော်လည်းပဲ ကျနော်ကိုယ်တိုင်ကိုက အားရမှုလည်းမရှိပါဘူး။ ကျနော်တို့မှာ အများကြီး လိုအပ်မှုရှိတယ်ဆိုတာကို ကျနော်သိပါတယ်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ နောက်တခုကတော့ ဒီလို ခရီးသွားတဲ့လာတဲ့နေရာတွေမှာ အခုလောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစီအစဉ်တွေကို ကျနော်တို့ မသိသေးဘူးပေါ့နော်။ ရန်ကုန်မြို့ရဲ့ ပြင်ပနယ်ဘက်ကို ထွက်ဖို့အစီအစဉ်တွေ ဘာတွေလည်း ကျနော်တို့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီလို ခရီးရှည်သွားဖို့ကိစ္စတွေ၊ အပြင်ဘက်မှာထွက်ပြီး တွေ့ဆုံဖို့ကိစ္စတွေမှာ ဥပမာအားဖြင့် - နိုင်ငံခြားသံရုံးက လေ့လာလိုတဲ့ သံအရာရှိတွေ၊ တခြားသက်ဆိုင်ရာ သတင်းထောက်တွေ ဘာတွေနဲ့အတူတွဲပြီးတော့ သွားတယ်ဆိုရင်ရော လုံခြုံရေးကို ပိုပြီးကာကွယ်ပေးနိုင်မ ှုရနိုင်မယ်လို့ မမျှော်လင့်ဘူးလား။
ဦးဝင်းထိန်။ ။ သိပ်မမျှော်လင့်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်ခုနကပြောသလိုပေါ့။ လက်ရှိ အုပ်ချုပ် နေတဲ့အစိုးရဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒေါ်အောင်ဆန်းစုကြည်သမီး ပါလားဆိုတဲ့ ကရုဏာစိတ်တောင် မရှိဘူးဆိုတာ ကျနော် ထောင်ထဲမှာနေတုံးမှာ ဒေါ်စု ညောင်တုန်းသွားတဲ့ခရီးမှာ လမ်းမှာအပိတ်ခံရတာတွေ၊ ---- ဒီပရင်းဖြစ်တာတွေ၊ နောက်ပြီးတော့ ကမ္ဘာအေးဘုရားရှေ့က ကုန်တိုက်ရှေ့မှာ ဝိုင်းရိုက်တာတွေ၊ အဲဒါတွေက တမင်သက်သက်လုပ်နေတာ။ ကရုဏာ ကင်းမဲ့တဲ့အလုပ်တွေ။ တချိန်မှာ သူတို့အန္တရာယ်ရှိရင် ဒေါ်စုကို ဖျောက်ဖျက်ပစ်မယ်ဆိုတာတောင် ကျနော် သတိထားမိပြီးသား။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အထူးသဖြင့် နေအိမ်နဲ့ အန်အယ်လ်ဒီ ရုံးချုပ်ကို ပြင်ပလူတွေ ဝင်တဲ့ကိစ္စတွေ ဘာတွေနဲ့ပတ်သက်လို့ရော ဦးဝင်းထိန်တို့အနေနဲ့ ဘယ်လောက်ထိများ ထိထိရောက်ရောက် လုံခြုံရေးအတွက် စီမံဆောင်ရွက်မှုတွေ လုပ်နိုင်သလဲခင်ဗျ။ ဒါက ကိုယ့်ရဲ့အတွင်းစည်းဝိုင်း ဖြစ်သွားပြီဆိုတော့ ပိုပြီးတော့ လုပ်နိုင်စွမ်းရည် ပိုရှိသလားခင်ဗျ။
ဦးဝင်းထိန်။ ။ အထိုက်အလျှောက် ဂရုစိုက်မှုတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒေါ်စုခြံမှာဆို ညဆိုလည်း ကျနော်တို့က လူငယ်တွေကို စီစစ်ပြီးမှ ထားတာရှိတယ်။ သို့သော် အဲဒီလူငယ်တွေကလည်း လက်နက်မဲ့ လေ။ လက်နက်မဲ့ဆိုတော့ တကယ်တမ်းသာ အန္တရာယ်ပြုချင်တယ်ဆိုလို့ရှိရင်တော့ အဲဒီ လူငယ်တွေဟာ ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး။ နောက်တခုက ရုံးမှာဆိုရင်လည်း တခုရှိတာက ဒေါ်အောင်ဆန်း စုကြည်သည် ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါကျ ပြည်သူလူထုနဲ့ ကင်းကွာသွားမယ့်ဟာမျိုးလည်း မဖြစ်ရအောင် လုံခြုံရေးလည်း အထိုက်အလျှောက် ရှိအောင်ဆိုတဲ့ဟာမျိုး ချင့်ချိန်ပြီးတော့ နှစ်ဘက်မျှပြီးလုပ်နေရတယ်ဆိုတော့ တဘက်က ကြည့်မယ်ဆိုရင်လည်း လုံခြုံရေး ဂရုစိုက်တယ်လို့ ပြောလို့ရတယ်။ တဘက်က ကြည့်မယ်ဆိုရင်လည်း လုံခြုံရေးအရ ဟာကွက်ရှိတယ်ဆိုတာလည်း - လုပ်မယ့်သူကတော့ ဟာကွက်တွေ မြင်နေမှာပဲ။ အဲဒီမျက်လုံးနဲ့တော့ မကြာခဏကြည့်ပြီးတော့ သုံးသပ်နေတာပါပဲ။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အထူးသဖြင့်ပေါ့နော်။ ဒီဘက် ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုလို့ရှိရင် နိုင်ငံသားတွေရဲ့လုံခြုံရေးဟာ အင်မတန်အရေးကြီးတယ်လို့ ခံယူထားတာရှိတယ်လေ။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဆယ်လ် မွန်ရပ်ရှ်တီ (Salman Rushdie) လို စာရေးဆရာပေါ့နော်။ သူ့ရဲ့အရေးအသားတွေကြောင့် အစ္စလာမ်မစ်နိုင်ငံတွေ၊ အစွန်းရောက်တွေက ဒေါသထွက်ပြီးတော့ သေဒဏ်အမိန့်ချပြီးတော့ သတ်ဖြတ်လုပ်ကြံဖို့ အထောက်အထားတွေရှိနေတဲ့အခါကျတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေအနေနဲ့ သူ့ကို တကယ့်ကို လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် စီမံပေးတာတွေကို ကျနော်တို့ တွေ့ရတယ်လေ။
အခု ဗမာပြည်မှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက်အရေးပါတဲ့ နိုင်ငံသားတယောက် ဖြစ်နေတယ်ဆိုတော့ ဒီလိုပုဂ္ဂိုလ်မျိုးတယောက်ရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဝင်တင်ပြနိုင်ဖို့ မရှိဘူးလား။
ဦးဝင်းထိန်။ ။ အဲလိုတင်ပြတာလည်း မရှိခဲ့ဘူး။ တင်ပြဖို့လည်း အစီအစဉ် ရှိဟန်မတူဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့လုံခြုံရေးကို ပြည်သူလူထုကို အပ်နှင်းထားတဲ့သဘောမျိုး ရှိတဲ့တချက်။ နောက်တချက်က ဥပမာ- ရာဂျစ်ဂန္ဒီတို့လို bulletproof ကျည်ကာအင်္ကျီဝတ်ဖို့တောင်မှ သူ့မှာ လုံးဝဆန္ဒမရှိဘူး။ အဲလိုဝတ်လို့ရှိရင် သိက္ခာကျတယ်လို့ အတွေးအခေါ်ရှိတဲ့ အခါကျတော့ ကျနော်တို့ဘက်က အဲဒီ ချွတ်ယွင်းချက်ရှိတယ်။ နောက်တခုက ၉၅၊ ၉၆ ကျနော်အပြင်မှာရှိတုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို ထောက်လှမ်းရေးကနေ တာဝန်ယူပေးတာရှိတယ်။ ယူပေးသော်လည်းပဲ ဒီလူတွေက မဖြောင့်မတ်ဘူး။ ဘယ်လိုမဖြောင့်မတ်သလဲ ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးလုပ်ပေးတဲ့ အပိုင်းကတပိုင်း၊ နောက်တပိုင်းက အဲလိုလုံခြုံရေးလုပ်နေပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကိုဝင်တဲ့ လူတွေရဲ့အကြောင်းတွေ၊ နောက်ပြီးတော့မှာ ကျနော်တို့လုပ်တဲ့ အစီအစဉ်တွေကို တဖက်တလမ်းကနေပြီးတော့မှ သူတို့သိသွားတဲ့အခါမှာ နည်းမျိုးစုံနဲ့ နှောင့်ယှက်တာတွေ။ ဒီတော့ သူတို့က လုံခြုံရေးပေးတာ မဟုတ်ဘူး။ လုံခြုံရေးပေးတယ်ဆိုတဲ့ အမူအယာပြပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ငန်းတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်တဲ့ အထောက်အထားတွေ တွေ့ခဲ့ရဖူးတယ်။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ဒီလုံခြုံရေးကို သက်ဆိုင်ရာအာဏာပိုင်ဆီကို လုပ်ပေးပါလို့တော့ မေတ္တာရပ်ခံလိမ့်မယ်လို့လည်း ကျနော်တော့မထင်ဘူး။
ဦးသန်းလွင်ထွန်း။ ။ လောလောဆယ်မှာက မြန်မာနိုင်ငံမှာက သီးခြားအားဖြင့် လုံခြုံရေးကို တာဝန်ယူပေးနိုင်တဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေရောမရှိဘူးလား။ ပြင်ပမှာဆိုလို့ရှိရင်တော့ ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ သီးခြားလုံခြုံရေးယူပေးနေတဲ့ အဖွဲ့အစည်းတွေရှိတယ်လေ။ အလားတူပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေကို သီးသန့်အားဖြင့် ပရော်ဖက်ရှင်နယ် လေ့ကျင့်သင်တန်းပေးနိုင်တဲ့ လက်နက်ကိုင သဘောရယ်တော့ မဟုတ်ဘူးပေါ့နော်။ လုံခြုံရေးအမြင်နဲ့ လုံခြုံရေးရှုဒေါင့်ကနေ ကြည့်တတ်ဖို့၊ ကာကွယ်ဖို့အတွက် သင်တန်းပေးနိုင်မဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရော မရှိဘူးလားခင်ဗျ။
ဦးဝင်းထိန်။ ။ ရှိတော့ရှိနိုင်တယ်။ ကုမ္မဏီတွေ၊ နောက်ပြီးတော့ စီးပွားရေးအဖွဲ့အစည်းတွေအတွက် ကုမ္မဏီတွေအတွက် ရဲအရာရှိဟောင်းတွေ၊ တပ်အရာရှိဟောင်းတွေကနေပြီးတော့မှ လေ့ကျင့်ပြီးတော့ လုံခြုံရေး လုပ်ပေးနေတာတွေ ကျနော်သိနေပါတယ်။
သို့သော်လည်းပဲ အရေးကြီးတဲ့ပုဂ္ဂိုလ်အတွက် personal bodyguard သဘောမျိုး လုပ်ပေးတဲ့ service ကတော့ ရှိဟန်တော့ မတူဘူး။ ရှိလို့ရှိရင်လည်း ကျနော်တို့ သုံးမယ်ဆိုရင် အင်မတန် စဉ်းစားရမယ့်ကိစ္စပဲ။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံချင်မှ လက်ခံမယ်။
ဦးသန်းလွင်ထွန်း။ ။ တခြားရော ဒီ လုံခြုံရေးနဲ့ ပတ်သက်လို့ ဦးဝင်းထိန်အနေနဲ့ အတွေ့အကြုံရှိခဲ့တဲ့ လူတယောက်အနေနဲ့ပေါ့နော်။ ဘာများဖြည့်စွက်ပြောစရာရှိလဲခင်ဗျ။
ဦးဝင်းထိန်။ ။ ပြောရတာတော့ ခက်တယ်ဗျ။ ကျနော်တပ်ထဲမှာ နေတုန်းကတည်းက ဦးနေဝင်းရဲ့လုံခြုံရေးကို ကျနော်လုပ်ခဲ့ဖူးတယ်။ လက်နက်ကိုင်ပြီးတော့မှ လမ်းတလျှောက်လုံး စောင့်ပေး၊ ကင်းစောင့်ပေးရတဲ့ အလုပ်ကတခု။ လက်နက်မကိုင်ဘဲနဲ့ အရပ်ဝတ်နဲ့ လက်နက်ငယ်လေးတွေ ခါးကြားထိုးပြီးတော့မှ လုပ်နေတဲ့အပိုင်းကတပိုင်း နောက်ပြီးတော့ ထောက်လှမ်းရေးကလုပ်နေတဲ့အပိုင်း အဲဒီလိုအဆင့်ဆင့် လုပ်ခဲ့တဲ့အလုပ်တွေ အတွေ့အကြုံရှိခဲ့တော့ အခု ဒေါ်အောင်ဆန်းစုကြည် ကို လုံခြုံရေးလုပ်ပေးနေတာကို professional eye တကယ့် လုံခြုံရေးကို ကြည့်မယ်ဆိုရင်တော့ တခုခုဖြစ်တိုင်း ကျနော်တို့က ဘုရားတနေရတာပေါ့။