ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ယုံကြည်ချက်၊ ရပ်တည်ချက်တူတဲ့သူတွေ လွှတ်တော်ထဲရောက်သွားရင် ဆိုင်းဘုတ်တွေမတူပေမယ့် လွှတ်တော်ထဲမှာ အားကောင်းတဲ့ မဟာမိတ် အစုအဖွဲ့ကြီးတခု ဖြစ်ရမယ်လို့ ယုံကြည်တဲ့အကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက VOA ကို ပြောပါတယ်။ ဦးကိုကိုကြီးကို VOA ဝိုင်းတော်သား ဦးကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ တွေ့ဆုံမေးမြန်းခွင့်ပြုတာကို VOA အနေနဲ့ အထူးပဲကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးမေးခွန်းအနေနဲ့ ပြည်သူ့ပါတီသည် ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စုစည်းတည်ထောင်ထားတဲ့ ပါတီ ဖြစ်တယ်။ ဒီပါတီပေါ်လာတဲ့အချိန်မှာ ဝေဖန်သံတခုက ဘာလဲဆိုတော့ ဒီပါတီသည် ဒီမိုကရေစီအင်အားစုတွေကြားမှာ ရွေးကောက်ပွဲကျရင် မဲကွဲသွားစေနိုင်တဲ့၊ မဲပြားသွားစေနိုင်တဲ့ ပါတီတခုများ ဖြစ်လာမလား။ ဒါဆိုရင် ဒီမိုကရေစီအင်အားစုတွေဘက်မှာ အင်အားများ လျော့သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပြောဆိုသံတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဦးကိုကိုကြီးအနေနဲ့ ဘယ်လိုများ တုံ့ပြန်ချင်ပါလဲ။
ဖြေ ။ ။ ကျနော်တို့ ရှစ်လေးလုံး ကြွေးကြော်သံကိုပဲ ပြန်ြ့ပီးတော့ ကြားယောင်ရှိလို့ရှိရင် ဒီမိုကရေစီ ရရှိရေး ဒို့အရေး - တနိုင်ငံလုံး အုတ်အုတ်ကြတ်ကြတ် တောင်းဆိုခဲ့ကြတာ။ ဒီမိုကရေစီဆိုတာ ဗဟုဝါဒ ထွန်းကားအောင်လုပ်တာ။ ဒါကြောင့်မို့ ပါတီစုံ ဒီမိုကရေစီမှာ ပါတီတွေ အားကောင်းဖို့၊ သန်စွမ်းဖို့ဟာ ပါတီစုံ ဒီမိုကရေစီ အားကောင်းဖို့အတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။ ဆိုတော့ ပါတီတခုအနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သေချာပေါက် မဲရအောင် ကြိုးစားကြရမယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ မဲမကွဲအောင်ဆိုတဲ့အခါမှာ ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲကတည်းက မဲမကွဲအောင် မဟာမိတ်တွေအချင်းချင်းကြားထဲမှာ ရှယ်ယာလုပ်ပါ။ မဟာမိတ်မူဝါဒ လုပ်ပါဆိုတာကို တောက်လျှောက်တိုက်တွန်းခဲ့တယ်။ အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ကြားထဲပါ။ ဆိုတော့ အခုလဲပဲ ဒီအတိုင်းပဲ ခိုင်ခိုင်မာမာ ယုံကြည်တယ်။
မဲမကွဲအောင် ကျန်တဲ့လူတွေက ပါတီမထောင်နဲ့၊ ကျန်တဲ့လူတွေ ရွေးကောက်ပွဲ မဝင်နဲ့ဆိုတာကတော့ မျှတတဲ့ နည်းလမ်းမဟုတ်ဘူးလို့ ကျနော်က အဲဒီလိုမြင်တယ်။ တကယ်က ယုံကြည်ချက်၊ ရပ်တည်ချက် တူတဲ့လူတွေ လွှတ်တော်ထဲရောက်သွားရင် ဆိုင်ဘုတ်မတူလဲ၊ လွှတ်တော်ထဲမှာ တသံတည်းထွက်မှာပဲ။ ဆိုတော့ ပိုတောင်အားကောင်းသေးတယ်။ တကယ့် တခြားပါတီတွေက ဒေါင်ဒေါင်မြည် လုပ်နိုင်ကိုင်နိုင်တဲ့လူတွေ လွှတ်တော်ထဲရောက်သွားရင် ဆိုင်ဘုတ်မတူသောလဲ လွှတ်တော်ထဲမှာ အားကောင်းတဲ့ မဟာမိတ်အစုအဖွဲ့တခုကြီး ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။
မေး ။ ။ ရွေးကောက်ပွဲမှာ အခုနလို ပါတီ နှစ်ခုသုံးခု - ဆိုကြပါစို့ ပွင့်ပွင့်လင်းလင်း ပြောရရင် NLD ပါတီ၊ ကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီတို့က ဒီမိုကရေစီကို တောက်လျှောက်လုပ်လာကြတယ်။ တဘက်မှာတော့ ပြိုင်ဘက်နိုင်ငံရေး ပါတီကြီးတွေ ရှိတယ်။ ဆိုကြပါစို့ မဲဆန္ဒနယ်မြေတခုမှာ ပြည်သူ့ပါတီနဲ့ NLD ပါတီတို့ ယှဉ်ပြိုင်ကြတယ်။ နောက် တခြားပါတီကြီးတခုနဲ့ ပြိုင်ကြတဲ့အခါမှာ ပထမတုန်းက NLD ပါတီကိုပဲ မဲပေးတဲ့လူတွေက အခုကြတော့ ပြည်သူ့ပါတီကိုလည်းပေး၊ NLD ကိုလည်းပေးကြတော့ အဲဒီမှာ မဲက နှစ်ခုကွဲသွားပြီး၊ တဘက်က ပါတီကြီးမှာ နဂိုအတိုင်းပဲ ရတယ်ဆိုရင် အဲဒါက နှစ်ပါတီစလုံးအတွက် ကွဲတယ်လို့ ပြောလို့မရဘူးလား။
ဖြေ ။ ။ တခုက ရွေးကောက်ပွဲ သဘာဝကို ပြန်စဉ်းစားကြည့်ရင် တခုက တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနများ ဝန်ကြီးများအတွက် ရွေးကောက်ပွဲ ရှိတယ်။ မဲပုံးက လေးပုံးရှိတယ်။ တခုက ဒေသဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ရှိတယ်။ နောက် အမျိုးသားလွှတ်တော် ရှိတယ်။ ပြည်သူ့လွှတ်တော် ရှိတယ်။ အဲဒီတော့ အလွှာလေးခု ရှိတယ်။ အလွှာလေးခုမှာမှ မဲဆန္ဒနယ်မြေ သတ်မှတ်ချက်တွေထဲမှ တခုချင်းဆီမှာ ဒေါင်လိုက်ထပ်ပြီး ခွဲလို့ရတယ်။ ဆိုတော့ ဒါတွေကိုသာ အချင်းချင်းကြားထဲမှာ၊ မဟာမိတ်တွေကြားထဲမှာ ညှိနှိုင်းနိုင်ရင် ထိပ်တိုက်ဖြစ်စရာ အကြောင်းမရှိဘူးလို့ မြင်တယ်။ ဒါက နည်းလမ်းတခုပေါ့။ နောက်တခုက NLD လည်း မပေးဘူး။ ကြံ့ခိုင်ရေးလည်း မပေးဘူး။ မဲကို လာမပေးတော့ဘူးဆိုတဲ့ အရေအတွက်ဟာ သိပ်ကိုစိတ်ဝင်စားဖို့ ကောင်းတယ်။
အခုပြီခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လူတစ်ရာမှာ လေးဆယ့်နှစ်ယောက်ပဲ လာပေးခဲ့တယ်။ တဝက်တောင် မရှိဘူး။ အဲဒီတော့ ကျနော်တို့က ဒီ မဲမပေးတဲ့ လူတွေဟာ နိုင်ငံရေးကို စိတ်ပျက်သွားလို့လား။ မဲပေးလည်း ဘာမှမထူးပါဘူးကွာဆိုပြီး စိတ်ထဲမှာ ဖြစ်သွားလို့လား။ အဲဒီအရေအတွက်ဟာ ကျနော်တို့အတွက် အာရုံစိုက်ရမယ်။ အလေးအနက်ထားရမယ့် အရေအတွက်လို့ မြင်တယ်။ အဲဒီမဲက ကွဲတာ မဟုတ်ဘူး။ လာကို မပေးတာ။ ဆိုတော့ ကျနော်တို့က ပြည်သူတွေကို နိုင်ငံရေးစိတ်ဝင်စားမှု မြှင့်တက်လာမှု လုပ်ဖို့ကိုယ်နှိုက်က ဒါဟာ ဒီမိုကရေစီယုံကြည်တဲ့ နိုင်ငံရေးသမားတွေ၊ ပါတီတွေအတွက် အရေးကြီးတဲ့ Mission ဖြစ်တယ်လို့ ကျနော်က အဲဒီလို မြင်တယ်။
မေး ။ ။ အခုန ဦးကိုကိုကြီးက မဟာမိတ်ဆိုတာ ပြောသွားတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး မေးချင်တာက ပြည်သူ့ပါတီရဲ့ ကြေညာချက်မှာ မူဝါဒမှာ ကျယ်ပြန့်တဲ့ မဟာမိတ်ဝါဒ ထားမယ်လို့ ပြောထားတာ ရှိပါတယ်။ ဟိုတရက်ကလည်း ပြောပါတယ်။ ဆိုတော့ သတင်းတွေထွက်နေတာ၊ ကောလာဟလ ထွက်နေတာက ဒီပါတီကို ထောက်ခံတဲ့အထဲမှာ၊ ကျောထောက်နောက်ခံပေးတဲ့ လူတွေထဲမှာ၊ ဝိုင်းရံပေးတဲ့ လူတွေထဲမှာ ဥပမာ ပြည်ခိုင်ဖြိုးပါတီ ရှိတယ်။ မဘသ ရှိတယ် စတဲ့ ကောလာဟလ ဝေဖန်ပြောဆိုမှုတွေကို ကျနော်တို့ ကြားသိရတယ်။ အဲဒီအပေါ် ဘာများပြောချင်ပါလဲ။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံရေး ယဉ်ကျေးမှုကိုလည်း ပြန်လေ့လာဖို့ လိုတယ်။ တလျှောက်လုံးမှာ အာဏာရှင်အောက်မှာ နေခဲ့ရတော့ သူက ရန်ငါ ဆိုတဲ့ အယူအဆ ရှိတယ်။ ရန်ငါ မှာ ငါမဟုတ်ရင် ရန်ဘက်က ဆိုတာမျိုး တံဆိပ်ကပ်ကြတယ်။ အဲဒီ တံဆိပ်ကပ်တဲ့ နိုင်ငံရေးဟာ ကျနော်တို့ ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် တော်တော် အန္တရာယ်ရှိတယ်လို့ ကျနော်က ပြောချင်တယ်။ တကယ့်တကယ်တော့ ကျနော်တို့က ကျနော်တို့ရပ်တည်ချက်၊ ယုံကြည်ချက်အပေါ်မှာပဲ စုစည်းတာ ဖြစ်တယ်။ အကယ်၍ အခြားအဖွဲ့အစည်းတခုခုက ပါတီထဲ ရောက်လာရင်တောင်မှ ပါတီရဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို မလွှဲမသွေး လိုက်နာရမှာ ဖြစ်တယ်။ မလိုက်နာနိုင်ရင်၊ ချိုးဖောက်ရင် ပါတီစည်းမျဉ်းစည်းကမ်းနဲ့ ကိုင်တွယ်ရမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလိုမျိုး တံဆိပ်ကပ်တဲ့ နိုင်ငံရေးဟာ လက်လွှတ်စပယ် ပြောနေတဲ့လူတွေကော၊ ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ လူတွေကော ကျနော်က အကြံပြုချင်တာ၊ သတိပေးချင်တာက အန္တရာယ်ရှိတယ်။ အဲဒါဟာ နိုင်ငံဟာ တစစီ အကွဲအပြဲ အင်မတန်များတဲ့ နိုင်ငံမှာ တယောက်ကိုတယောက် တံဆိပ်ကပ်တဲ့ ကိစ္စဟာ နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန္တရာယ် ရှိတယ်ဆိုတာလေး၊ ဒါလေးတော့ သတိပြုစေချင်ပါတယ်။
မေး ။ ။ ဘယ်လိုပဲဖြစ်ဖြစ် ဦးကိုကိုကြီးတို့ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီးတော့ ပြင်ဆင်မှာပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားနဲ့ ဝင်နိုင်အောင် ဦးကိုကိုကြီးတို့ ကြိုးစားကြမှာ။ ဒါကို ပြည်သူတွေအနေနဲ့လည်း သိထားပြီသာပါ။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနေနဲ့ အဓိက ရင်ဆိုင်ရမယ့် အခြေအနေ စိတ်ခေါ်မှုဆိုရင် ဘာရှိမလဲ။
ဖြေ ။ ။ အထူးသဖြင့် ပြည်သူတွေရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု၊ အဲဒါဟာ နိုင်ငံရေးသမားတိုင်းအတွက် အရေးကြီးတယ်လို့ ကျနော်က ယုံကြည်တယ်။ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်တယောက်၊ ပါတီတခုက နိုင်ရင်နိုင်၊ ရှုံးရင်ရှုံးမယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ သို့သော် ပြည်သူတွေ မဲပေးတဲ့ ရာခိုင်နှုန်းကျသွားပြီဆိုရင်တော့ နိုင်ငံရေးလောကတခုလုံး ရှုံးတာလို့ ကျနော်တို့က မြင်တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ နိုင်ငံရေးအပေါ် စိတ်ပျက်သွားမျိုး၊ ယုံကြည်မှု နည်းသွားတာမျိုး ဖြစ်လာခဲ့ရင်တော့ အဲဒါဟာ ကျနော်တို့ နိုင်ငံရေးပါတီတွေအားလုံးအတွက် အကြီးမားဆုံး စိတ်ခေါ်ချက်လို့ မြင်ပါတယ်။
မေး ။ ။ ကျနော် သတိထားမိတာက ဦးကိုကိုကြီးတို့ ပါတီစထောင်မယ်ဆိုကတည်းက ပါတီထောင်ဖို့ စလုပ်တဲ့အချိန်၊ နောက် ပါတီဖွဲ့စည်းတဲ့အချိန်တွေမှာ အထူးသဖြင့် တရုတ်နဲ့ ဂျပန်တို့လို မြန်မာနိုင်ငံနဲ့ အဓိက ကိစ္စဝိစ္စတွေမှာ အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ကိစ္စ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ နိုင်ငံကြီးတွေက အတော်လေး စိတ်ဝင်စားတာကို ကျနော် သတိထားမိတယ်။ ဆိုတော့ တရုတ်နဲ့ ဂျပန် နိုင်ငံကြီးတွေက ပြည်သူ့ပါတီကို အထူးစိတ်ဝင်စားတာ ဘာကြောင့်လို့ ဦးကိုကိုကြီး သုံးသပ်ပါလဲ။
ဖြေ ။ ။ တခုကတော့ နိုင်ငံတကာက သံရုံးတွေ နိုင်ငံအသီးသီးမှာ လာပြီးတော့ ရုံးစိုက်တယ်ဆိုတာဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းအချက်အလက်တွေကို စုဆောင်းတာပဲ။ စုဆောင်းပြီးတော့ သူတို့ရဲ့ ကောက်ချက်တွေ၊ အကဲဖြတ်ချက်တွေ ရှိပါလိမ့်မယ်။ ဒါက နိုင်ငံတကာ သံရုံးတေတွရဲ့ သဘာဝပဲ။ ဒါကြောင့်မို့လဲ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအလားအလာ၊ လက်ရှိအခြေအနေတွေအပေါ် မူတည်ပြီးတော့ ဘယ်ပါတီကို ဆက်ဆံမယ်။ ဘယ်အစုအဖွဲ့ကို ဆက်ဆံမယ်ဆိုတာတွေကတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မှန်းဆချက်တွေ၊ ဆုံးဖြတ်ချက်တွေလိုပဲ ပြောရမှာပါ။
မေး ။ ။ ဒါဟာ ပါတီအတွက်၊ ပါတီရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်အတွက် ကောင်းတဲ့ကိစ္စလို့ ပြောလို့ရမလား။
ဖြေ ။ ။ အဓိကတော့ ကျနော်တို့ နိုင်ငံရေးပါတီ လုပ်တယ်ဆိုတာ အရေးကြီးဆုံးကတော့ ပြည်သူရဲ့ ထောက်ခံမှု။ ပြီးနောက် နိုင်ငံကို ကိုယ်စားပြုအဆင့် စဉ်းစားပြီဆိုရင် နိုင်ငံတကာနဲ့ ဆက်ဆံရေး အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးဆိုတဲ့အခါမှာ ပထဝီနိုင်ငံရေး အနေအထားအရ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးက ကျနော်တို့ရဲ့ မွေးရာပါ အင်မတန် အရေးကြီးတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ပြီးတော့မှ ဒေသတွင်း နိုင်ငံများနဲ့ ဆက်ဆံရေး၊ အာဆီယံမိသားစုအတွင်းမှာ ပါဝင်နေတဲ့အတွက်ကြောင့် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး။ တခြား နိုင်ငံတကာ ဒီမိုကရေစီရေးကို ထောက်ခံအားပေးခဲ့ကြတဲ့ မိတ်ဆွေနိုင်ငံများ နိုင်ငံတကာဆက်ဆံရေး ဒါတွေက ကျနော်တို့ ဂရုစိုက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံရေးပါတီသစ်တခု ပေါ်လာပြီ။ ဒီပါတီမှာ ခေါင်းဆောင်တွေ ရှိလာပြီ။ ဒီခေါင်းဆောင်တွေက ရွေးကောက်ပွဲဝင်မယ်။ လွှတ်တော်ထဲရောက်မယ်။ ဒါ့အပြင် နိုင်ငံအုပ်ချုပ်ရေးအာဏာ ရလာမယ်။ ကျနော် အဓိက မေးချင်တဲ့ မေးခွန်းက အင်္ဂလိပ်လိုဆိုရင်တော့ Are you ready to govern? ပြည်သူ့ပါတီအနေနဲ့ တိုင်းပြည်အာဏာကို ရယူပြီးတော့ တိုင်းပြည်ကို ကောင်းတဲ့လမ်းကြောင်းပေါ်ကနေ အုပ်ချုပ်ဖို့အတွက် အခွင့်ရေးရမယ်ဆိုရင် အုပ်ချုပ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလား။
ဖြေ ။ ။ ကျနော်တို့က နှစ် (၃၀) အတွေ့အကြုံတွေ ရှိတယ်။ နှစ် (၃၀) အတွေ့အကြုံဆိုတာ ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ရှိသလို၊ ကျနော်တို့ အရင်မျိုးဆက်တွေကနေ တဆင့်ကြား၊ တဆင့်နာ အတွေ့အကြုံတွေလည်း ရှိတယ်။ နောက်တခါ နိုင်ငံတကာ အတွေ့အကြုံတွေကို ကျနော်တို့ စာအုပ်စာတမ်းများက လေ့လာတာ၊ ကိုယ်တိုင်သွားရောက် လေ့လာတာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံကို ဘယ်လိုပုံစံမျိုး လုပ်သင့်တယ်။ ဖြစ်စေချင်တယ်ဆိုတဲ့ ကျနော်တို့ စိတ်ကူးစိတ်သန်းတွေ၊ ရည်မှန်းချက်တွေ ရှိပြီသာ ဖြစ်တယ်။ အဲဒီတော့ အကယ်၍ ဆောင်ရွက်ခွင့် ရခဲ့မယ်ဆိုရင်လဲ ကျနော်တို့ ဒီအတွေ့အကြုံတွေကို လက်တွေ့နယ်ပယ်က ဘာသာရပ်ဆိုင်ရာအလိုက် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များကိုလည်း အတတ်နိုင်ဆုံး စုစည်းနေတယ်။ စုစည်းထားတာတွေလည်း ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ နိုင်ငံအတွက် ပြည်သူတွေရဲ့ ဘဝကို မြှင့်တင်နိုင်တဲ့ ကိစ္စမျိုးတွေအတွက် ပြင်ဆင်နေတယ်။ ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်လို့ ပြောပါရစေ။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။