ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းတဲ့ မြန်မာနိုင်ငံမှာ ဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် ဖွဲ့စည်းပုံအခြေပြင်ဆင်ပြောင်းလဲရေးကို အလေးထားလုပ်ဆောင်သင့်တယ်လို့ အမေရိကန်ရောက် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ BACI အဖွဲ့က ကိုအီလိုင်ဇာဗာနီးက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ကိုအီလိုင်ဇာ က BACI လို့ခေါ်တဲ့ Burmese-American Community Institute မြန်မာ-အမေရိကန် လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းမှာ တာဝန်ရှိ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အဲဒီအဖွဲ့က အမေရိကန်ပြည်ထောင်စု ဘယ်မှာအခြေစိုက်ဖွဲ့ထားတာလဲ။ ဘယ်သူတွေအတွက် ဘာတွေအဓိကလုပ်ပေးနေတာလဲ။
ဖြေ ။ ။ ကျနော်တို့ Burmese-American Community Institute ကို ၂၀၁၁ မှာ စတင်ပြီးတော့ ဖွင့်ထားတာဖြစ်တယ်။ Indianapolis မြို့ Indiana ပြည်နယ်မှာ အခြေစိုက်ပြီးတော့ ဖွင့်ထားတာဖြစ်တယ်။ တနိုင်ငံလုံးလည်း Operations လုပ်တဲ့အပိုင်းတွေလည်း ရှိပါတယ်။ ဖွင့်လှစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေကို အောင်မြင်အောင်လို့ ပံ့ပိုးကူညီပြီးတော့ ဝန်ဆောင်မှုတွေ ပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ပညာရေးကိုပေးတယ်။ ပြီးတော့ Naturalization လို့ခေါ်တဲ့ နိုင်ငံသားဖြစ်ခြင်း Green Card တို့ ရယူခြင်းကို လုပ်ပေးတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့လည်း အကူအညီပေးတယ်။ ပြီးတော့ Advocacy သူတို့ရဲ့ ကောင်းရာကောင်းကြောင်း ဖြစ်နိုင်အောင် Policy Making Process နဲ့ State level – national and international level မှာလည်း ကူညီပံ့ပိုးလုပ်ဆောင်ပေးတယ်။
မေး ။ ။ ကျနော် နားလည်ထားတာက အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတဲ့ ချင်းတိုင်းရင်းသား အများစုကဆိုရင် မြန်မာနိုင်ငံကနေထွက်ပြီး ဒုတိယနိုင်ငံတခုကိုသွားတယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စုကို တတိယနိုင်ငံအဖြစ် အခြေချနေထိုင်ဖို့ ရောက်လာတဲ့ ဒုက္ခသည်အများစု ဖြစ်ပါတယ်။ ဆိုတဲ့အခါကြတော့ ချင်းတိုင်းရင်းသားတွေက အမေရိကန်ပြည်ထောင်စုမှာ ဘယ်လောက်အထိ များများရှိနေပါလဲ။
ဖြေ ။ ။ အားလုံးကိုကြည့်မယ်ဆိုရင် သုံးသိန်းလောက်ရှိပြီလို့ ခန့်မှန်းရတယ်။ အဲဒီအထဲမှာ ကရင်က အများဆုံးဖြစ်တယ်။ ကရင်က (၇) သောင်းလောက်၊ ချင်းတွေက (၆) သောင်းလောက် ဖြစ်တယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ အခုဆိုရင် အရပ်သားအစိုးရ ဖြစ်တဲ့ NLD အစိုးရ အပြောင်းအလဲလည်း ဖြစ်လာပြီးဆိုတော့ ဒုက္ခသည်တွေက ဆက်ထွက်နေတုန်းပဲလား။
ဖြေ ။ ။ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ များများတော့ ဟိုတုန်းကလိုတော့ မရှိတော့ဘူး။ အခုကတော့ P2 Category လို့ခေါ်တဲ့ အုပ်လိုက်အစုလိုက်နဲ့ ထွက်သွားတယ်။ နိုင်ငံတကာကလည်း အဲဒီလိုထွက်သွားတာကို အသိအမှတ်ပြုတယ်ဆိုတာ မရှိတော့ဘူး။ သို့သော်လဲ တဦးချင်းအလိုက် Individual Cases ပြဿနာ ရှိတယ်ဆိုရင် ဒီနေ့အထိ ထွက်နေဆဲဖြစ်တယ်။
မေး ။ ။ ကိုအီလိုင်ဇာ သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ လွှတ်တော်ထဲမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးလုပ်ဖို့ NLD ပါတီဘက်က ကြိုးစားနေတာကို တွေ့ရပါတယ်။ ဆိုတော့ ဒီကြိုးပမ်းချက်အပေါ်မှာ တိုင်းရင်းသားအရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာမျှော်လင့်ချက်ထားပါလဲ။
ဖြေ ။ ။ အကောင်းဖြစ်လာမယ်လို့ မျှော်လင့်ချင်တယ်။ အဲဒီမျှော်လင့်ချက်ထဲမှာ စစ်သားလည်း ပါဝင်ဖို့လိုတယ်။ စစ်သားလည်း ဒီဟာကို ဖြစ်မြောက်အောင်ပါဝင်ပြီးတော့ ကူညီပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲ ဖြစ်တဲ့အထိ သူကိုယ်တိုင်ပါမှ ဖြစ်မယ်လို့ ကျနော် ပထမဦးစွာ ပြောချင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီမဆန်ဘူးဆိုတာ အားလုံးသဘောတူတယ်။ ပြောင်းရမယ်ဆိုတာလည်း အားလုံးသဘောတူတယ်။ ဘယ်လိုပြောင်းရမလဲ။ ဘယ်အချိန်မှာ ပြောင်းရမလဲဆိုတဲ့ နေရာမှာ ကျနော်တို့ အမြင်ချင်းမတူတာလေးတွေ ရှိတယ်။ အခုအချိန်တန်ပြီလို့ ကျနော့်တယောက်အနေနဲ့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ပထမအနေနဲ့ ဒီပြောင်းနိုင်ဖို့ရာအတွက် လက်ရှိအစိုးရအနေနဲ့ National Reconciliation Peace Process လမ်းစဉ်နဲ့ သွားပြီးတော့ တိုင်းရင်းသားလူနည်းစုတွေအားလုံး အပါအဝင်၊ နိုင်ငံရေးပါတီအားလုံး အပါအဝင်၊ စစ်သားတွေလည်းအပါအဝင် ဒီဟာကို ပြောင်းမယ်ဆိုပြီးတော့ သူတို့ရည်မှန်းထားတာ ဖြစ်တယ်။ ပြောင်းရမယ့်ဟာ ဘာကြောင့်လိုသလဲ။ ဘာပြောင်းနိုင်သလဲဆိုတာကို စစ်သားတွေအနေနဲ့ စိုးရိမ်းစရာမရှိဘူးလို့ ကျနော် မြင်တယ်။
မေး ။ ။ ဒါပေမဲ့ တပ်မတော်ကိုယ်စားလှယ်တွေ စစ်တပ်ဘက်က သူတို့စဆွဲကတည်းက စစ်တပ်ရဲ့ အခန်းကဏ္ဍကို ထိပ်ဆုံးကိုတင်ပြီးတော့ ဆွဲထားတာ ရှိပါတယ်။ ဒါက အားလုံးအသိပါ။ သူတို့က အာဏာကို လက်လွှတ်လိုက်ရမယ်။ ဒါမှမဟုတ် နောက်ကြောင်းပြန် အရေးယူမှုတွေအတွက် စိုးရိမ်နေတာမို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို သူတို့ဘက်က အကြောက်အကန် ငြင်းနေတယ်ဆိုတဲ့ အဲဒီအချက်ကို သဘောတူသလား။
ဖြေ ။ ။ အဲဒီမှာ စစ်သားက စိုးရိမ်နေတာ ကျနော်တို့ မြင်သလောက်ဆိုရင် သူတို့ရဲ့ လုံခြုံရေး၊ လုံခြုံရေးမှာ စီးပွားရေးလည်းပါတယ်။ ပြီးတော့ ဥပဒေရေးရာလည်း ပါတယ်။ အဲဒီဟာတွေကို မရှိအောင် ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆောင်ရွက်ထားတာတွေ ရှိတယ်။ ပထမအချက်အနေနဲ့ အခု NLD မတက်လာခင်ကတည်းက ခဏခဏ သူပြောတယ်။ စစ်သားဆိုတာ ကျမရဲ့ အဖေကိုယ်တိုင် တည်ထောင်ထားတဲ့ တပ်မတော် သံယောဇဉ်လည်း ရှိတယ်။ စစ်သားနဲ့ လက်တွဲပြီးတော့ လုပ်မယ်ဆိုပြီး သူအနေနဲ့ ခဏခဏ ပြောထားတာရှိတယ်။ ဒုတိယအချက်အနေနဲ့ လုပ်ပြီးကတည်းက လုပ်ခဲ့တဲ့ဟာတွေကို ရန်ညှိးထားပြီး ပြန်မသွားဘူး။ အဲဒါလဲ မရှိဘူး။ လွတ်လပ်ခွင့်ပေးဖို့ရာကိုလည်း စီစဉ်ထားတာ ရှိတယ်။ စီစဉ်ထားတယ်ဆိုတာ အခုဘာမှမလုပ်ဘူး။ လုပ်မယ်ဆိုတဲ့ဟာလည်း မရှိဘူး။ စိတ်ကူးလည်းမရှိဘူး။ အဲဒီနှစ်ခု လုပ်ပြီးပြီဆိုတော့ နံပတ်သုံးအချက်က စစ်သားကနေ ခဏခဏပြောတဲ့ဟာက နိုင်ငံခြားသြဇာလွှမ်းမိုးမှုကို လက်မခံဘူး။ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမျိုး ပုဂ္ဂိုလ် မဟုတ်ဘူးဆိုတာကို ပြသနိုင်ခဲ့တယ်။
International fact finding mission ကို သူ အဖွဲ့မခံဘူး။ ဖွဲ့တော့ဖွဲ့တယ် ကုလသမဂ္ဂကနေ အချက်အလက် ရှာဖွေရေးကော်မတီကို မြန်မာပြည်ဝင်ပြီးတော့ ကြိုက်သလို လွှမ်းမိုးမှုမရအောင် လက်မခံခဲ့ဘူး။ ဆိုတော့ ဘာပြသခဲ့သလဲဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူလူထုရဲ့ လက်ခံမှုမရှိဘဲနဲ့ နိုင်ငံခြားသား သြဇာနဲ့ မြန်မာနိုင်ငံကို ဦးဆောင်သွားမှာ မဟုတ်ဘူးဆိုတာကို သူ့အနေနဲ့ ပြသနိုင်ခဲ့တယ်။ အဲဒီတော့ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် စစ်သားတွေအနေနဲ့ ကြောက်စရာမလိုဘူးလို့ ကျနော် မြင်တယ်။ ဆိုတော့ ခဏခဏ ကျနော်တို့ ခေါင်းဆောင်တွေလည်းပြောတယ် အကောင်းဆုံးမြင်ရမှာက နိုင်ငံအတွက်၊ တနိုင်ငံလုံးအတွက် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တနိုင်ငံလုံးအတွက် ကောင်းတဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ ဖြစ်သလားဆိုတာကို ကြည့်ရမှာဖြစ်တယ်။ အဲဒါကို အားလုံးကြည့်ခြင်းအားဖြင့် စစ်သားတွေအနေနဲ့ လက်မခံနိုင်စရာအကြောင်း မရှိဘူး။ သူတို့ လက်ခံလာမယ်လို့ ကျနော်တို့ မျှော်လင့်ချင်ပါတယ်။
မေး ။ ။ အဲဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါမှာ တိုင်းရင်းသားတွေ အခွင့်အရေး အထူးသဖြင့် ကိုအီလိုင်ဇာတို့လို ချင်းတိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ပြည်နယ်မှာ တိုင်းရင်းသားတွေအတွက် ဘယ်လိုမျိုး အခွင့်အရေးတွေ လိုအပ်ပါသလဲ။
ဖြေ ။ ။ တိုင်းရင်းသားတွေဆိုတဲ့ နေရာမှာ ကျနော်တို့က ခဏခဏ ကျနော်ပြောနေတာ ဒီမိုကရေစီ - အဲဒီမှာလည်း Simple Majority မဟုတ်ဘဲနဲ့ Federal ကို အခြေခံတဲ့ ဒီမိုကရေစီကို ပြောခဲ့တယ်။ ဒီဟာကို တည်ထောင်နိုင်တယ်ဆိုရင် အလိုလိုနဲ့ တိုင်းရင်းသားလူနည်းစုတွေအနေနဲ့ … အဖြေရှိတယ်။ တကယ်စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ရတယ်ဆိုရင် ဒီဟာတွေအားလုံးအတွက် အဖြေရှိတယ်။
မေး ။ ။ ကိုအီလိုင်ဇာတို့ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပေမယ့် ကိုယ့်ချင်းတိုင်းရင်းသားတွေအရေးနဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ဒုက္ခသည်အရေးကိစ္စကိုလည်း ကူညီဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင် မြန်မာနိုင်ငံမှာ ဒုက္ခသည်ဆိုတာတော့ မရှိသင့်ဘူးပေါ့။ အဲဒီတော့ ဒုက္ခသည်ပြဿနာကို မြန်မာအစိုးရအနေနဲ့ ဘာတွေကိုင်တွယ်ဆောင်ရွက်ဖို့ လိုတယ်လို့ အကြံပေးချင်ပါလဲ။
ဖြေ ။ ။ ဒုက္ခသည်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာရဲ့စံနှုန်းကို ကြည့်ရမယ်။ ပထမအနေနဲ့ ကျနော်တို့က Safety လုံခြုံရေးရှိဖို့ လိုတယ်။ လုံခြုံရေးလို့ ပြောတဲ့နေရာမှာ နေ့တိုင်းလုံခြုံရေး လိုသလို Fundamental လုံခြုံရေး အခြေခံလိုအပ်ချက်နဲ့ အခြေခံဥပဒေဘောင်တွေ လုံခြုံဖို့တွေ လိုတယ်။ ဒုတိယက ဂုဏ်သရေရှိစွာ ပြန်နိုင်ရေး၊ နေရာပြန်လည်ချထားရေး အစီအစဉ် စနစ်တကျ ရှိဖို့လိုတယ်။ ရှိမှ ပြန်သွားတဲ့အခါမှာ လုံလုံခြုံခြုံနဲ့ သိက္ခာရှိရှိနဲ့ ကိုယ့်အိမ်ကိုယ့်နေရာကို ပြန်သွားပြီးတော့ ကျနော်တို့ဘဝကို ပြန်တည်ဆောက်နိုင်မယ်။ ထိထိရောက်ရောက် အာမခံချက်ပေးနိုင်မလားဆိုတဲ့ဟာကို စဉ်းစားဖို့လိုတယ်။ လက်ခံနိုင်ဖို့ အခြေအနေမျိုးရှိဖို့က လိုအပ်တယ်။ အဲဒီအတွက် လက်ရှိအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကျနော်တို့ ဆက်လုပ်ဖို့ရှိတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ကျေးဇူးတင်ပါတယ်။