သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေဌာနမှူး သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့အရေးဆွေးနွေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ၊ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ကိုင်ဆောင်ရွက်မှုတွေကို မေးမြန်းတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ သမ္မတကြီးက အခု နှစ်ပေါင်း အတော်ကြာကြာ အတွင်းမှာပေါ့နော်- မြန်မာနိုင်ငံရဲ့ နိုင်ငံတော် သမ္မတကြီးအဖြစ် လူထုရဲ့ထောက်ခံမှု၊ နိုင်ငံတကာရဲ့ ထောက်ခံမှု၊ အတိုက်အခံတွေ ရဲ့ လေးစားမှုကို ရတဲ့ ပထမဆုံး သမ္မတကြီးလို့လည်း ပြောလို့ ရပါတယ်။ ဒီနေရာမှာ ဒါတွေဟာ သမ္မတကြီးရဲ့ ပြုပြင် ပြောင်းလဲ ရေး မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကြောင့်ပါ။

သမ္မတကြီးရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ဘယ်အချက်တွေကို အဓိကထားပြီးတော့ ဦးစားပေး လုပ်ဆောင်နေသလဲ ဆိုတာလေးကို တချက်လောက် ရှင်းပြပါလား။

သမ္မတဦးသိန်းစိန်။ ။ဟုတ်ကဲ့ပါ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော် ဦးစားပေး ဆောင်ရွက်တဲ့ကိစ္စကတော့ ပြည်သူအများစုရဲ့ တူညီတဲ့ဆန္ဒကို ဦးစားပေးပြီးတော့ လုပ်တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံမှာ လူဦးရေ သန်း (၆၀) ရှိပါတယ်။ တဦးချင်းရဲ့ ဆန္ဒတွေကတော့ အမျိုးမျိုး ရှိပေမယ့်လည်း တူညီတဲ့ ဆန္ဒကတော့ နှစ်ခုပါ။ တခုက တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိစေချင်တယ်။ နောက်တခုက လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုး တိုးတက်စေချင်တယ်။

အဲ့ဒီဟာတော့ တူညီတဲ့ဆန္ဒဆိုတော့ ပြည်သူတွေရဲ့ ဆန္ဒလည်းဖြစ်သလို ကျနော့်ရဲ့ဆန္ဒလည်း ဖြစ်ပါတယ်။ အဲဒီတော့ ဟိုတုန်းကလို ဆန့်ကျင်ဘက် အမြင်ရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ထိတွေ့ကြည့်လိုက်တဲ့အခါမှာ ဒီဟာ သူတို့လည်း ငြင်းလို့မရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဒါ တူညီတဲ့ ဆန္ဒဖြစ်တယ်။

နိုင်ငံရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဓိက အလေးပေးပြီးလုပ်တာ နှစ်ပိုင်းပါ။

တစ်ပိုင်းကတော့ နိုင်ငံရေး အင်အားစုတွေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းဖြစ်အောင် ကျနော်တို့ လုပ်ဖို့အတွက် ဒီဟာကို ကြိုးစားပါတယ်။ နိုင်ငံရေးအင်အားစုတွေ တိုင်းပြည်မှာ ဆူဆူပူပူနဲ့ ဖြစ်နေရင်လည်း နောက်ဆက်တွဲ လုပ်ငန်းတွေက လုပ်လို့ မရဘူး။ အဲဒီတော့ သူတို့နဲ့ ကျနော်တို့ တိုင်းပြည်မှာ တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိအောင်ဆိုပြီးတော့ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။ သူလည်း ခုနကလို ကျနော်နဲ့ တူညီတဲ့ သဘောထားတွေကို ပူးပေါင်းပြီးတော့ လုပ်ဖို့ သူ့မှာဆန္ဒရှိကြောင်း ကျနော်လည်း သိရပါတယ်။ သိရတော့ ဒီလိုထိတွေ့လိုက်ခြင်းအားဖြင့် သူ့ကို ဝန်းရံနေတဲ့ ပြည်တွင်းပြည်ပက သူ့ကိုထောက်ခံနေတဲ့ အဖွဲ့အစည်းတွေပေါ့လေ၊ ဒီအဖွဲ့အစည်းတွေကလည်း ဘာပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ ရှိလာတယ်။ တချို့လည်း ပြည်တွင်းကို ပြန်ပြီးတော့ ဝင်ခွင့်တွေ ပေးလိုက်တာလည်း ပါတာပေါ့။

သိပ်ပြီးတော့မကြာခင်မှာပဲ ကျနော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါဝင်ခွင့်ရအောင်၊ နောက်ပြီး သူ့ကိုထောက်ခံနေတဲ့ သူတွေကို ပါဝင်ခွင့်ရအောင်- ဒါတွေကို ကျနော်တို့က ကြိုးပမ်းပြီးတော့ ဆောင်ရွက်ပေးပါတယ်။ အဲဒီတော့ ကျနော် ဒီလိုဆောင်ရွက်ပေးလိုက်တဲ့ အတွက်ကြောင့် တိုင်းပြည်မှာ ဒီ နိုင်ငံရေးအင်အားစုက ကိုယ့်ကို နဂိုရ်တုန်းက ဆန့်ကျင်နေရာကနေပြီးတော့ အရင်အစိုးရလက်ထက်မှာ ဆန့်ကျင်နေရာကနေပြီးတော့ အခု အစိုးရသစ် ဖြစ်လာတဲ့အခါမှာ ကျောခိုင်းတဲ့ အဆင့် မဟုတ်တော့ဘဲနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ ဆက်ဆံတဲ့အထိကို ကျနော်တို့ ရောက်လာတယ်ပေါ့နော်။ သို့သော်လည်း ယုံကြည်မှုကတော့ ဆက်ပြီးတော့ တည်ဆောက်ရဦးမယ်၊ ဒီဟာ ရှိပါတယ်။

နောက်တခုက နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သူနဲ့တင် မပြီးသေးဘူး။

အခြား နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အဖွဲ့ အစည်းတွေက ရှိနေတယ်။ အခုဆိုရင် နိုင်ငံရေးပါတီတွေ နဲ့လည်း ကျနော် နှစ်ကြိမ် တွေ့ပြီးပါပြီ။ တကြိမ်ကတော့ ဆယ်ပါတီ နဲ့ တွေ့တယ်။ နောက်တကြိမ် ကတော့ ၁၂ ပါတီနဲ့ တွေ့တယ်။ တွေ့တော့ ဒီသဘောထားတွေကို ပြောပြတဲ့အခါမှာ သူတို့က လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အလားတူပါပဲ။ နိုင်ငံတော်အတွက် ဒီအချက်တွေဟာ ပြည်သူရဲ့ လိုအပ်ချက်တွေဖြစ်တယ်။ ပြည်သူရဲ့ လိုအပ်ချက်ဟာ ကျနော်တို့ရဲ့ လိုအပ်ချက်လည်းဖြစ်တယ်။ ဒါကို လက်တွဲပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုတဲ့ ဒီလို အကျိုးအမြတ်တွေ ရရှိပါတယ်။ ရရှိတဲ့ အတွက်ကြောင့် နိုင်ငံတော်မှာ ဆူပူလှုပ်ရှားမယ့်အစား ပူးပေါင်းပြီး တော့ ဆောင်ရွက်မယ်ဆိုတဲ့ ဒီလို ကတိကဝတ်တွေ ရလိုက်တာဟာ ကျနော်တို့အတွက် ဘာပဲဖြစ်ဖြစ် ထူးခြားတဲ့ အောင်မြင်မှုတခုလည်း ဖြစ်ပါတယ်။

နောက်တခုက နိုင်ငံရေး တည်ငြိမ်မှုရှိမှ အနောက်နိုင်ငံတွေကလည်း ကျနော်တို့အပေါ် တားဆီး ပိတ်ဆို့မှုတွေ ဟာ အထိုက်အလျှောက် ဖြေလျှော့ပေးမယ်ဆိုပြီးတော့ ကျနော်တို့က ယုံကြည်ထား ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီ စီးပွားရေး ပိတ်ဆို့မှုတွေကလည်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ချိတ်ဆက် ထားလို့ ဖြစ်ပါတယ်။

အဲဒီတော့ ကျနော်တို့ မျှော်မှန်းသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတော့မှ အရင်တုန်းက ဆန့်ကျင်တဲ့ သဘောထားရှိသူတွေကို ဒီနိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရအောင် လုပ်ပေးလိုက်တာနဲ့ မရှေးမနှောင်း မှာပါပဲ။ တိုင်းပြည်အပေါ်မှာ တားဆီးပိတ်ဆို့ ထားတဲ့ဟာတွေ ကို ဖြေလျှော့ပြီးတော့ ပေးပါတယ်။ ဒီလို ဖြေလျှော့ပေးလိုက်တဲ့အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါ ပြည်တွင်းနိုင်ငံရေး အင်အားစုပေါ့နော်။

သမ္မတဦးသိန်းစိန်။ ။ ဟုတ်ပါတယ်ခင်ဗျ။ ဒါ ပြည်တွင်း နိုင်ငံရေးအင်အားစုပါ။

နောက်တချက်က ပြည်တွင်းနိုင်ငံရေး အင်အားစုတခုတည်း တည်ငြိမ်ရုံနဲ့က မပြီးပါဘူး။ နိုင်ငံတော် တည်ငြိမ် အေးချမ်းမှု ရဖို့ဆိုတာ ဒီတိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့၊ အချင်းချင်းတွေ ဘာလို့ တိုက်နေမလဲ။ သူတို့ကျဆုံးတာ နိုင်ငံတော်က ဆုံးရှုံးမှုပဲ။ ရဲဘော် တစ်ယောက် ကျဆုံးတာလည်း နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပဲ။ အဲ့တော့ ဘာကြောင့် ကျနော်တို့ တိုက်နေ ကြမလဲ။ မတိုက်ဘဲနဲ့ ငြိမ်းချမ်းမှုကို ညှိနှိုင်းပြီးတာ့ ကျနော်တို့ လုပ်ကြရအောင်- ယူကြရအောင် ဆိုပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အပိုင်းပေါ့လေ။

နှစ်-အပိုင်းမှာ ကျနော်တို့ အဆင့်သုံးဆင့် လုပ်ပါတယ်။ ပထမတော့ များသောအားဖြင့် ကျနော်တို့ ဒီအဖွဲ့တွေက ပြည်နယ်တွေမှာ ရှိတာများပါတယ်။ ဒါကြောင့်မို့ ပြည်နယ်အစိုးရနဲ့ အရင် ထိတွေ့အောင် ကျနော်တို့ လုပ်ခိုင်း လိုက်တယ်။ ပြီးရင် ပြည်နယ်အစိုးရနဲ့ ထိတွေ့ပြီးတော့မှ ပစ်တာခတ်တာတွေ ရပ်စဲဖို့။ ပစ်တာခတ်တာတွေ ရပ်စဲပြီးလို့ရှိရင် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုပြီးတော့ ဒီလို အရင် ညှိနှိုင်းလိုက်တော့ သူတို့လည်း မူလကတည်းက ငြိမ်းချမ်းရေးကို လိုချင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း သိပ်အခက်အခဲ မရှိဘဲနဲ့ လွယ်လွယ်ကူကူနဲ့ ဒီလိုညှိနှိုင်းလို့ ရပါတယ်။

ဒုတိယအဆင့်ကျတော့ ပြည်ထောင်စုအဆင့်။

ပြည်ထောင်စုအဆင့်ကျတော့ သူတို့နဲ့ ယုံကြည်မှု တည်ဆောက်ဖို့အတွက်က သူတို့ ခင်မင်ရင်းနှီးတဲ့ သူတွေ၊ သူတို့ လိုလားတဲ့သူတွေ- ဒီလို ပုဂ္ဂိုလ်မျိုးတွေကို ကျနော်တို့ ရွေးရပါတယ်။ ရွေးပြီးတော့မှ ဒီပုဂ္ဂိုလ်မျိုးတွေနဲ့ လွှတ်ပြီးတော့ သူတို့နဲ့ ထိတွေ့ခိုင်းတယ်။ ဆွေးနွေးခိုင်းတယ်။ ဆွေးနွေးခိုင်းတဲ့ အခါမှာ အဓိက-ကတော့ အချက် နှစ်ချက်ပါပဲ။

တချက်က- ကျနော်တို့ ပြည်ထောင်စုကြီးထဲမှာ အတူတကွ ဥမကွဲ သိုက်မပျက်နဲ့ နေကြရအောင် ဆိုတဲ့ဟာ။ အမှန်တော့လည်း ခုနလို ခွဲမထွက်ဘူး ဆိုတဲ့ သဘောပါပဲ။ သူတို့ကလည်း ဒီဟာကို သဘောတူပါ တယ်။ ဒါ ကျနော်တို့ရဲ့ တိုင်းပြည်ပဲ။ ပြည်ထောင်စုကြီးထဲမှာ ကျနော်တို့ အတူတကွ နဲ့ နေမယ်။ ဘယ်တော့မှ ခွဲမထွက်ဘူး ဆိုတဲ့- ဒီအချက်လေးလည်း - အဓိကကျတဲ့ အချက်လည်း ရပါတယ်။

နောက်တစ်ခုကတော့ ကျနော်တို့ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ကြရအောင်။
ပြည်ထောင်စု မပြိုကွဲဖို့အတွက် ကျနော်တို့ ကာကွယ်စောင့်ရှောက်မယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တွေ မပြိုကွဲအောင် ကာကွယ် စောင့်ရှောက်မယ်။ နောက် ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးမသွား ရအောင် ကျနော်တို့ ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ ဒီအချက်လည်း သူတို့ အားလုံး သဘောတူပါတယ်။ ဒါ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အရေးအကြီးဆုံး အချက် တစ်ချက်ဖြစ်ပါတယ်။ ဒီ အချက်နှစ်ချက် ရတာနဲ့ ကျန်တာတွေက သိပ်အရေးမကြီးတော့ပါဘူး။

ဥပမာ- မူးယစ်ဆေးဝါး ကိစ္စတွေကို ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့၊ နောက်တစ်ခါ ခင်ဗျားတို့ လူကြီး ပိုင်းတွေက ပါတီထောင်၊ ပါတီထောင်ပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ရွေး။ ရွေးကောက်ပွဲမှာ အရွေးခံရလို့ လွှတ်တော်ထဲမှာ ရောက်လာမယ်။ လွှတ်တော်ထဲ ရောက်လာလို့ရှိရင် အများနည်းတူ ခင်ဗျား တို့ မေးခွန်းတွေ မေးခွင့်ရလာမယ်။ အဆိုတွေ တင်သွင်းလို့ရမယ်။ တန်းတူရည်တူ ပြောလို့ ဆိုလို့ရမယ်။

နောက်တစ်ခုက ခုနကလို လူလတ်ပိုင်းတွေကျလို့ရှိရင် ခင်ဗျားတို့ စီးပွားရေး လုပ်ငန်းတွေလုပ်။ စီးပွားရေး လုပ်ငန်းကလည်း ဥပဒေနဲ့အညီ လုပ်တဲ့ စီးပွားရေးတွေဖြစ်ရမယ်။ ကျနော်တို့ ဝိုင်းကူပေးမယ်။

တတိယအချက်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းပေါ့။

လက်နက်ကိုင် အဖွဲ့အစည်းကတော့ ဘာဖြစ်လို့ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြမလဲ။ ဒါ ကိုယ့်အချင်းချင်းတွေပဲ ဆုံးရှုံးတာ ဖြစ်တယ်။ သို့သော်လည်း တချိန်ကျလို့ရှိရင် ဒီ လက်နက်ကိုင် အင်အားစုတွေဟာ ကိုယ့်တိုင်းပြည်ကို ကာကွယ်တဲ့ အင်အားစုတွေဖြစ်ရမယ်။

ဒီလိုအခြေအနေမျိုးမှာ တပ်မတော်ဆိုတာ တစ်ခုတည်းပဲ ဖြစ်ရမယ်။ သူများတိုင်းပြည်တွေမှာလည်း ဒီ အတိုင်းပဲ။ အမေရိကန်လို နိုင်ငံမျိုးမှာလည်း State ပေါင်းများစွာရှိပေမယ့် တပ်မတော်က အဖွဲ့ အစည်း တစ်ခု တည်းပဲ ရှိတယ်။ တရုတ်ဆိုလို့ရှိရင်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ အများကြီး ရှိပေမယ့်လည်း တပ်မတော်က တစ်ခုတည်းပဲ ရှိတယ်။ ကျနော်တို့လည်း ဒီအတိုင်းပဲ သွားကြတာပေါ့။

ကျနော်တို့ Constitution ကလည်း ဒီအတိုင်းပဲဆိုတော့- ဒါလေးတွေဟာ သူတို့နဲ့ ညှိနှိုင်းလိုက်တဲ့ အခါမှာ ကျနော့်စိတ်ထဲမှာ သိပ်ပြီးတော့ ခက်ခဲမယ် ထင်ပေမယ့်လည်း ခက်ခက်ခဲခဲ မလုပ်ရဘဲနဲ့ အလွယ်တကူ သဘောတူညီချက်လေးတွေ ရလာ တယ်။ ရလာပြီးတော့ တူညီတဲ့အချက်လေးတွေ လက်မှတ်ထိုးထား။ တူညီတဲ့အချက်လေးတွေ လက်မှတ်ထိုး ထားတာဆိုတော့ အခု ၁၁ ဖွဲ့ရှိတဲ့အထဲက ၁၀ ဖွဲ့နဲ့ ကျနော်တို့ သဘောတူညီချက်လေးတွေ တော်တော်များများ ရပါတယ်။
သို့သော်လည်း နိုင်ငံရေးပိုင်း ဆက်လက်ပြီး ဆွေးနွေးစရာလေးတွေ အများကြီးရှိပါတယ်။

ဒီအပိုင်းကျရင်တော့ ကျနော်တို့ တတိယအပိုင်း ရောက်ပါပြီ။

တတိယအပိုင်းရောက်ရင်တော့ လွှတ်တော်ကို ကျနော်တို့ အပ်လိုက်မယ်။ လွှတ်တော်ထဲမှာ တိုင်းရင်းသား ပေါင်းစုံပါတယ်။ ဒါကြောင့်မို့ လွှတ်တော်မှာ ဆွေးနွေးတဲ့ဟာ ပိုပြီးတော့လည်း ပြည့်စုံ မယ်။ ပိုပြီးတော့လည်း ကြီးမားမယ်။ ဒါကြောင့် လွှတ်တော်ကို အပ်ပြီးတော့မှ ကျန်တဲ့ အသေးစိတ်ကို တဖြေးဖြေးနဲ့ ဆွေးနွေးယူမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်ခဲ့တာပါ။

ဒါကြောင့်မို့ ခုနကလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အခန်း ကဏ္ဍကတော့ နှစ်ခု ပါပါတယ်။ နိုင်ငံရေး အင်အားစုတွေနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် သူတို့နဲ့ ထိတွေ့ဆက်ဆံတဲ့ အပိုင်း၊ နောက်တခါ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားတဲ့အပိုင်း၊ ဒီအထဲမှာလည်း ကျနော်တို့ တစ်ဖွဲ့ ကျန်နေပါသေးတယ်။ တစ်ဖွဲ့ကတော့ မြောက်ဘက်က KIA အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့လည်း ကျနော်တို့ ထိတွေ့ ဆက်ဆံမှုတွေ ရှိပါတယ်။ ကျနော်တို့ဆီက လူတွေနဲ့ တယ်လီဖုန်းပြောလည်း ရပါတယ်။ ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်။

ဦးသန်းလွင်ထွန်း။ ။ သမ္မတကြီးအနေနဲ့ ပြောတာက နိုင်ငံတော် တည်ငြိမ်မှုရအောင် ဦးစားပေး လုပ်ခဲ့တယ် ဆိုတဲ့ နေရာမှာ ကျနော်အနေနဲ့ ဒီနေရာမှာ သတိထားမိတဲ့ တစ်ချက်ရှိပါတယ်။

သမ္မတကြီးအနေနဲ့ ဒီ အစိုးရ အဖွဲ့ကို စတင်ဦးဆောင်ကတည်းကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေးကို တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ပါတယ်။ ဒါ့အပြင်ကို သမ္မတကြီးရဲ့ အမိန့်အာဏာနဲ့ပေါ့နော်- တစ်ဘက်ရဲ့ အပစ်အခတ် ရပ်စဲရေး ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက အထူးသဖြင့် ကချင်ပြည်ဘက် မှာ ကြေညာပေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီတိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေတဲ့ သဘော ဆိုတော့ ဒါဟာ ဘာတွေများ လိုအပ်ချက် ချွတ်ယွင်းချက်ရှိနေသလဲ ဆိုတာလေးကို တချက်လောက် ရှင်းပြပါလား။

သမ္မတဦးသိန်းစိန်။ ။မှန်ပါတယ် ဦးသန်းလွင်ထွန်း။ ဒီကိစ္စလေးဟာလည်း ကျနော်တို့ ဖြေချင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးဖို့၊ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ ပစ်ခတ်တိုက်ခိုက်နေရင်းနဲ့ ဆွေးနွေးလို့ကတော့ မလွယ်ပါဘူး။ ဒါကြောင့်မို့လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြရအောင် ဆိုပြီး ကျနော်တို့ တပ်ကို အမိန့်ထုတ် ပေးလိုက်တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်နဲ့။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရုံမှ အပပေါ့လေ။ လူဆိုတာလည်း အသက်ကို ကာကွယ်ဖို့က ရှိသေးတာကိုး။ ကိုယ့်ကို ကိုယ် ခုခံကာကွယ် ရုံမှအပ ကိုယ်ကစပြီး တိုက်တာထက် စခန်းတွေကို ကိုယ်က တိုက်တာတွေ ပစ်တာခတ်တာတွေ မလုပ်ဖို့ ကျနော်တို့ဘက်က ဒီလို ထုတ်ပါတယ်။

တစ်ဘက်ကိုလည်း ဒီလိုထုတ်ပေးဖို့ တောင်းဆိုတယ်။

သူတို့ဘက်က ထုတ်ပေးလိုက်လို့ရှိရင် အောက်ခြေ က ရဲဘော်အထိ ဘာပဲဖြစ်နေနေ မင်းတို့ ပစ်တာခတ်တာတွေ လုံး၀ မရှိစေနဲ့ ဆိုပြီးတော့ ကျနော်တို့ ဒီအတိုင်း ပြောလို့ရပါတယ်။
သို့သော်လည်းပဲ တစ်ဘက်က ဒီလိုမထုတ်ဘူး။

ဒီလိုမထုတ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ယုံကြည်ပြီးတော့မှ တခါတလေကျလို့ရှိရင် အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက်ဖို့အတွက် သွားတာလာတာတွေ ရှိတယ်။ အဲ့ဒီနေရာတွေမှာ စောင့်ကြို ပြီးတော့ တိုက်တာတွေ။ နောက်တစ်ခါ မိုင်းထောင်ပြီးတော့ ဖောက်ခွဲတာတွေ။ ဒါတွေရှိတော့ ရဲဘော်တွေကလည်း- ဟာ ကျနော်တို့ ဒီအတိုင်း အသေခံရပ့ါမလား။ ဒီအတိုင်းပဲ အသေခံနေရမှာလား- ဆိုတော့ …ကျနော့် စိတ်ထဲမှာလည်း စိတ်မကောင်းဖြစ်မိတယ်။ ပြဿနာက အဲဒါပါပဲ။

ကျနော်တို့က ထုတ်ထားသလို ဟိုဘက်ကသာ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲပါမယ်လို့ ဒီလို ထုတ်လိုက်လို့ ရှိရင်-ကျနော်ထင်ပါတယ်၊ ဒီကိစ္စဟာ အဆင်ပြေသွားမှာပါ။

ကျန်တာကတော့ တပ်တွေကိစ္စ၊ ဘာကိစ္စ။ ဒါတွေကတော့ စားပွဲပေါ်မှာ ထိုင်ပြီးတော့ ကျနော်တို့ ညှိယူလို့ ရတဲ့ ကိစ္စတွေပါ။ ဒီကလစ်ကလေး တစ်ခုပါပဲ။ ဒါလေးကို နည်းနည်းလေးပဲ သူတို့ ဘက်က ဖြေလျော့ လိုက်လို့ရှိရင် ကျနော်ထင်ပါတယ်။ ဒီဟာလည်း အဆင်ပြေသွားမယ်လို့ ကျနော်တွက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါက ငြိမ်းချမ်းမှု တည်ဆောက်ရေးကိစ္စမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေး တစ်ခုပေါ့ နော်။

ဒါ့အပြင်ကို သမ္မတကြီးအနေနဲ့ နိုင်ငံတော်ရဲ့ အထွေထွေ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ သမ္မတကြီးရဲ့ မိန့်ခွန်း တစ်ခုမှာ ကျနော်တို့ သတိထားမိလိုက်တဲ့ အချက်လေးတစ်ခု ရှိပါတယ်။ ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန် နဲ့ ဆက်သွားမယ်။ ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့သူတွေကို နောက် ချန်ထားခဲ့ရမယ် ဆိုတဲ့အချက် လေးကိုပါ။

အဲဒီတော့ ဒီအချက်ကို ကြည့်လိုက်တယ်ဆိုလို့ ရှိရင် သမ္မတကြီးတို့ရဲ့ ဒီလိုအစိုးရအဖွဲ့ အသိုင်းအဝိုင်း အတွင်းပိုင်းမှာလည်း ဒီလို ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့ သူတွေများ ရှိနေသလား ဆိုပြီးတော့ တွေးစရာ ပေါ်လာပါတယ်။ ဒီအချက်ကလေးကို နည်းနည်းလောက် ရှင်းပြပါလား။

သမ္မတဦးသိန်းစိန်။ ။ ဒီကိစ္စကတော့ ဒီလိုပါ။

ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေက မြန်မြန်ဆန်ဆန်နဲ့ လုပ်နေရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ သိပ်ပြီးတော့ နှေးကွေးသွားရင် တွေ့ကြုံရမယ့် အခက်အခဲတွေ၊ အကျပ် အတည်းတွေ ဒါတွေက အများကြီး ရှိပါတယ်။ အခု ဒါလောက်များများ သွားတာတောင်မှ အခက်အခဲတွေ အများကြီး ကျနော်တို့ တွေ့နေ ရပါတယ်။ ဒါကြောင့်မို့လို့ မြန်မြန်ဆန်ဆန်နဲ့ ကူးပြောင်းချင်တယ်။ မြန်မြန် ဆန်ဆန်နဲ့ ကူးပြောင်းတဲ့အခါမှာ တချို့က နှေးနှေးကွေးကွေးနဲ့ လိုက်နေတာတွေ ရှိပါတယ်။

ဆန့်ကျင်တာတော့လည်း မဟုတ်ဘူး။ သို့သော်လည်း ခရီးမတွင်ဘူးပေါ့။ ဒီလို ခရီး မတွင်တဲ့လူတွေ ကျနော်တို့ အစိုးရအဖွဲ့ထဲမှာလည်း ရှိပါတယ်။ လွှတ်တော်ထဲမှာလည်း ရှိပါတယ်။

ဒီလူတွေကတော့ သူတို့ကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ ဒီလို လေးလေးပင်ပင်နဲ့ လုပ်နေတဲ့ သူတွေ ကတော့ နောက်ချန်ထားခဲ့ရမှာပဲ၊ ဒါလည်း ကျနော်တို့ လုပ်ရမယ့် ကိစ္စပါ။ ကျနော်ကတော့ ကိုယ့်အစိုးရ အတွင်းမှာတော့ ကျနော် လုပ်ပိုင်ခွင့် ရှိတယ်ပေါ့လေ။ လွှတ်တော်ကျတော့ ကျနော်က လုပ်ပိုင်ခွင့် မရှိဘူး။

အစိုးရအဖွဲ့အတွင်းမှာ ဒီလိုပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေကိုတော့ တဖြည်းဖြည်း ချန်ထားခဲ့မယ် ဆိုပြီးတော့ အတိအလင်းလည်း သူတို့ကို ကျနော် ပြောထားတာ ဖြစ်ပါ တယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒါကြောင့်မို့လို့ပဲ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ဒုတိယဝန်ကြီး အပြောင်း အလဲတွေ လုပ်တယ်၊ ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ အစိုးရအဖွဲ့ အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ဒါ့အပြင်ကို ဒုတိယ သမ္မတ ခန့်အပ်မှုကိစ္စဆိုတဲ့ အကြောင်း လေးတွေလည်း ရှိနေတော့ သတင်းသာ ကြားနေရတယ်၊ ချက်ချင်း ထွက်ပေါ်မလာနိုင်သေးတဲ့ ကိစ္စကရော ဘာကြောင့်များ နှောင့်နှေးနေခဲ့ပါသလဲ။

သမ္မတဦးသိန်းစိန်။ ။ ကျနော်တို့က အချိန်လည်း နည်းနည်းလေး တွက်ရ၊ ပြုရ၊ စောင့်ရပါတယ်။ ပထမတော့ လွှတ်တော် ကျင်းပမယ့် အချိန်ပေါ့။ တခါ ဒုသမ္မတ တစ်ယောက်ကလည်း ထွက် သွားပြန်တော့ ဒုသမ္မတအစား တစ်ယောက်ကို ရွေးဖို့အတွက် ကျနော်တို့က ဘယ်သူ့ကို ခန့်ပေးပါ ဆိုပြီးတော့ ဒီလို ပြောလို့ မရပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော် အစုအဖွဲ့ကနေ သူတို့ ကြိုက်နှစ်သက်သူတစ်ယောက် ရွေးရမှာ ဖြစ်ပါတယ်။

သူတို့ ရွေးပေးပြီး တင်လိုက်တယ်၊ သို့သော် တစ်ယောက်က တချို့အချက်အလက်လေး နည်းနည်း ငြိစွန်းနေတဲ့ အတွက် ဒီတစ်ယောက်ကို သူတို့ ပယ်လိုက်ပါတယ်။ အခု ဒါက ဒုတိယ တစ်ယောက်ပေါ့လေ။ ဒုသမ္မတ ထိပ်စည်းကနေ ထွက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေမှာ လည်း ပြုပြင်စရာတွေ၊ ပြောင်းလဲစရာတွေ ရှိပါတယ်။ ဒါတွေလည်း ကျနော် ထင်ပါတယ်၊ ဒါတွေကလည်း နောက်ကနေ ဆက်တိုက် ကျနော်တို့ ဆက်ပြီး လုပ်သွားဖို့ ရှိမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတကြီးပြောပြတဲ့ ဦးစားပေး ဒုတိယအကြောင်းကို ပြန်ကောက် ချင်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတော် ဖွံ့ဖြိုးရေးပေါ့နော်။ ဒီနေရာမှာ အခု မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက လုပ်ဆောင်နေရတဲ့ အချက်တွေက အဂတိလိုက်စားမှု ပပျောက်ရေး၊ ပွင့်လင်း မြင်သာမှုရှိရေး- အဲဒါတွေနဲ့ပတ်သတ်လို့ရော ဘယ်လိုအကြောင်းအရာတွေက ပိတ်ဆို့မှုတွေ ရှိနေသလဲ။

သမ္မတဦးသိန်းစိန်။ ။ အဂတိလိုက်စားမှုနဲ့ ပတ်သတ်ပြီးတော့လည်း ကျနော်တို့ စတက်လာကတည်းက “Good Government, Clean Government” ဖြစ်အောင် ကျနော်တို့ လုပ်မယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ဝိုင်းပြီးတော့ ကူပေးပါတယ်။ ဆိုတော့ ဒီလာဘ်ပေး လာဘ်ယူမှုတွေဟာ အခုမှတင် မဟုတ်ပါဘူး။ ဟိုတုန်း ကတည်းကကို ရှိလာတော့ ကျနော်တို့လက်ထက်ကျမှ ချက်ခြင်း ပျောက်အောင် လုပ်ဖို့ဆိုတာ ခက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဗမာစကားနဲ့ ပြောရမယ်ဆိုရင် ခေါက်ရိုးကျိုးနေတယ်။ ခေါက်ရိုးကျိုးနေတာ ကို ပြန်ပြီး အလွယ်တကူနဲ့ ပြင်ဖို့ဆိုတာ ခက်ပါတယ်။ သို့သော်လည်း ဖိဖိစီးစီးနဲ့ ကျနော်တို့ လုပ်ပါတယ်။ ဝန်ထမ်း လောကကို ပြန်ပြီးတော့ တိတိကျကျနဲ့ ဖိဖိစီးစီးနဲ့ ကိုင်တွယ်နေပါတယ်။ အဲဒီတော့ အောက်ခြေမှာ ဒါတွေ ရှိနေတယ်။ ဒါတွေဟာ ကျနော်တို့ရဲ့ အမည်းစက်တွေဖြစ်တယ်။ အစိုးရရဲ့ အမည်းစက်တွေ ဖြစ်တယ်။ အောက်ခြေ မှာ ဘာပဲလုပ်လုပ် လုပ်သမျှဟာ အပေါ်က ကျနော်တို့ အကြီးအကဲတွေမှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို ဖိဖိစီးစီးနဲ့ တစ်အချက်ကတော့ လျော့နည်းသွားအောင်၊ နှစ်အချက်ကတော့ ပပျောက် သွားအောင် ကြိုးစားပြီး လုပ်မယ်ဆိုပြီး ကြိုးစားပြီးတော့ ဒါလည်း အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်နေပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာပြည်မှာက ပြည်ပက ရင်းနှီးမြှုပ်နှံမှု အင်အား၊ လူအင်အား၊ နည်းပညာ ကျွမ်းကျင်မှု၊ အရင်းအနှီးတွေ မရှိတဲ့အခါကျတော့ ပြည်ပက ဝင်ရောက်လာမှုကို သမ္မတကြီးတို့ အနေနဲ့ အတော်လေးကို ကြိုဆိုတယ်။ ဒီနေရာမှာ အမေရိကန်ပြည်ထောင်စု အပါအဝင် တခြား အနောက်နိုင်ငံတွေ ကလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ၊ တချို့နိုင်ငံတွေဆိုရင် အပြည့် ရုပ်သိမ်းလိုက်တာတွေရှိတယ်။ အမေရိကန် ပြည်ထောင်စုဆိုရင် ရပ်ဆိုင်းထားတာရှိတယ်။ အဲဒီတော့ ဒီလို ယာယီရပ်ဆိုင်းထားတဲ့ သဘောလောက်ပဲ ရှိပြီးတော့ တဘက်ကလည်း ဥပဒေအရ အရေး ယူနိုင်သေးတယ် ဆိုတဲ့ အနေအထား မျိုးဟာ ပြည်ပကနေ လာပြီးတော့ ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် အတားအဆီးတစ်ခုများ ဖြစ်နေမလား။

သမ္မတဦးသိန်းစိန်။ ။ မှန်ပါတယ်။ စီးပွားရေး တားဆီးပိတ်ဆို့မှုတွေဟာ တကယ်တော့ ပြည်ပကနေ လာပြီး ရင်းနီးမြှုပ်နှံဖို့အတွက် တကယ်လည်း အတားအဆီးတစ်ခုပါ။ သို့သော်လည်း လုပ်နိုင်တဲ့ ကဏ္ဍလေးတွေ ရှိပါတယ်။ အမေရိကန်မှာဆိုရင် ဆီးနိတ်နဲ့ အစိုးရအဖွဲ့ပေါ့နော်။ ဆီးနိတ်မှာတော့ ပါတီကြီးနှစ်ခု အင်အားပြိုင် နေတာပေါ့။ အဲ့တော့ သူက ဥပဒေအရ တားဆီးထားတဲ့ဟာ ကို ပြန်ပြီးတော့ လွယ်လွယ်နဲ့ ပြန်ဖြေပေးဖို့ဆိုတာ ခက်ပါတယ်။ သို့သော်လည်း အစိုးရပိုင်းကနေ သူတို့ရဲ့ အုပ်ချုပ်မှု အခွင့်အာဏာနဲ့ ကျနော်တို့ကို လုပ်ပေး ထားတာတွေ အများကြီး ရှိပါတယ်။

ကျနော်တို့နဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် ဆက်ဆံရေးတွေ အေးခဲနေပေမယ့်လည်း ဒီဘက်ပိုင်းမှာ ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးတွေဟာ ပြန်ကောင်းလာတယ်။ နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း နှစ်ကြိမ်လောက် ကျနော်တို့ တွေ့ပြီးပြီ။ နောက်တော့ သံအမတ် ခန့်အပ်နိုင်တဲ့ အဆင့် လည်း ရောက်လာတယ်။ လွှတ်တော်ကလည်း သူ လုပ်ရမယ့်အပိုင်း သူလုပ်ထားပါတယ်။ သို့သော်လည်း အုပ်ချုပ်ရေးပိုင်းကနေ အိုဘားမားကနေ အများကြီး ကျနော်တို့ကို လုပ်ပေးပါတယ်။ ဒီ့အတွက်လည်း ကျနော်တို့ ကျေးဇူးတင်ပါတယ်။

တချို့ကိစ္စလေးတွေကတော့ ဒီလိုဖြေလျော့ပေးလိုက်တဲ့အတွက်ကြောင့် ရင်းနီးမြှုပ်နှံမှုတွေ လာလုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိလာပါတယ်။ ဥပမာ EU တို့ ဘာတို့ဆိုရင်လည်း ဘာဖြစ်ဖြစ် ကျနော်တို့ရဲ့ ကုန်ပစ္စည်းတွေ လက်ခံမှာပါ။ EU ကလည်း ဖြေလျော့ပေးတာတွေ အများကြီးရှိပါတယ်။ ကျနော်ထင်ပါတယ်။ အမေရိကန်ကို ပို့တဲ့ ကုန်ပစ္စည်းက နည်းမှာပါ။ EU ကိုပို့တာက များမှာပါ။ သို့သော်လည်း ထိခိုက်မှု ကတော့ ရှိမှာပါပဲ။

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတယ် ဆိုတဲ့သူကလည်း ဘာဖြစ်ဖြစ် သူကလည်း စဉ်းစားမယ်လေ။ ဟိုမှာ စီးပွားရေးက ပိတ်ဆို့ထားတယ်ဆိုတော့ တို့သွားလုပ်လို့ အကျိုးရှိမလား။ ဒီကInvestment Law က ဘယ်လိုရှိသလဲ။ တို့ကို ဘယ်လို ကာကွယ်ပေးထားသလဲ။ Insentience တွေ ဘယ်လိုပေးထားသလဲ။ ကျနော်ဆိုရင်လည်း ကျနော် စဉ်းစားမှာပါ။ သို့သော်လည်းပဲ လွတ်လွတ်ကင်းကင်းနဲ့ လာရောက် ရင်းနီးမြှုပ်နှံလို့ ရနိုင်တာတွေ ရှိပါတယ်။

ဒါအတွက်ကို လာပြီးတော့ ညှိကြ နှိုင်းကြတာတွေ ရှိပါတယ်။ ဥပမာ ဂျပန်တို့၊ တောင်ကိုရီးယားတို့ ကျနော် တို့ကလည်း ဒီအချိန်မှာ တိုင်းပြည်ချမ်းသာဖို့အတွက်၊ ကျနော်တို့ တိုင်းရင်းသားတွေ အလုပ်အကိုင် များများ ရမယ့် အလုပ်ရုံ စက်ရုံတွေက လိုနေတယ်။ သိပ်ပြီးတော့ နည်းပညာပိုင်းလည်း မခက်ခဲတဲ့ ဟာတွေပေါ့။ ဥပမာ အထည်ချုပ် စက်ရုံလိုဟာမျိုးတွေ၊ ဖိနပ်ချုပ်စက်ရုံလို၊ ဂါဝန်ချုပ်တဲ့ စက်ရုံဆိုရင် စက်ရုံတစ်ရုံမှာ လူ တစ်ထောင် လောက် အလုပ်ရမယ်ဆိုရင် ၁၀ ရုံဆိုလို့ရှိရင် လူတစ်သောင်းလောက် ကျနော်တို့ရမယ်။
နည်းပညာပိုင်းလည်း ဘာမှ မခက်ဘူး။ သူတို့ကျတော့ သူတို့ဈေးကွက်က ရှိတယ်မဟုတ်လား။ သူတို့ ဈေးကွက်နဲ့ ဆိုတော့ ကျနော်တို့လည်း သိပ်စိတ်ပူစရာမရှိဘူး။ ဒါတချို့ အချက်တွေကလည်း လုပ်နိုင် ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ ဒါကြောင့် ဖြေလျော့ပေးတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

အခုလွှတ်တော်က တစ်နှစ်ထပ်ပြီး တိုးတာနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်ထင်ပါတယ်။ တချိန် ကျရင်တော့ ကျနော်တို့အပေါ်မှာ နားလည်ပြီးတော့မှ ဒါလည်း ပြင်ဆင်ပေးလိမ့်မယ်၊ ဖြေလျော့ပေး လိမ့်မယ်လို့ ကျနော် ဒီလို မျှော်လင့်ထားပါတယ်။ ယုံကြည်ထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မကြာခင်မှာလည်း သမ္မတကြီးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ခရီးထွက်ဖို့ရှိတယ် ဆိုတော့ ဒီခရီးစဉ်အတွင်းမှာ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်လိမ့်မယ်လို့ ယူဆပါသလား။

သမ္မတဦးသိန်းစိန် ။ ။ ကျနော်ကတော့ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးတဲ့ကိစ္စကို အပြစ် အနာအဆာ အနေနဲ့ မပြောလိုပါဘူး။ ဒါလည်း သူတို့ လုပ်သင့်လုပ်ထိုက်လို့ လုပ်တယ် လို့ပဲ မြင်ပါတယ်။ သို့သော်လည်း ကျနော်တို့ဘက်က ဆက်ဆံရေး ပိုပြီးတော့ ကောင်းအောင် လုပ်ပြရမယ်။ နောက် ကျနော်တို့ရဲ့ ပွင့်လင်း ရိုးသားတဲ့ လုပ်ဆောင်မှုတွေ၊ ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးမှုအတွက် ကြိုးစားနေ တာတွေ၊ ဒါတွေကို သိသာအောင် လုပ်ပြခြင်းအားဖြင့် တချိန်ကျရင်တော့ ကျနော်ထင်ပါတယ်၊ ဆီးနိတ်ကလည်း ပြောင်းလာမယ် ထင်ပါတယ်။

အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ကျနော်တို့ အပေါ်မှာ နားလည်မှုကတော့ အပြည့် ရှိပါတယ်။ ဒါကြောင့်မို့လည်း သူလုပ်ပေးနေတာပေါေ့နာ်။ တချို့ဟာတွေ။

ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျာ။

သမ္မတဦးသိန်းစိန်။ ။ ဟုတ်ပါပြီ။ ကောင်းပါပြီ။ ကဲ ကိုသန်းလွင်ထွန်းကြီး- ခင်ဗျားလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။ တကူးတကနဲ့ လာပြီးတွေ့တာ။ ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားနဲ့ တွေ့လိုက်တဲ့အတွက်ကြောင့် ကျနော်တို့မှာ ပြောခွင့်ဆိုခွင့်တွေ ရလာတယ်။ ကမ္ဘာကိုလည်း သိစေချင်တာတွေ သိသွားတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ကလည်း အမြဲတမ်း တွေ့ချင် ပြောချင်နေတာပါ။ ဒီလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒါမျိုး ခွင့်ပြုပေးပါလို့ ကျနော် တောင်းဆိုချင်ပါတယ်။

သမ္မတဦးသိန်းစိန်။ ။ ကောင်းပါတယ်။ ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG