သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဘယ်လို ဖြေရှင်းမလဲ


ရခိုင်အခြေအနေ (VOA သတင်းထောက်)
ရခိုင်အခြေအနေ (VOA သတင်းထောက်)
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်းဒေသမှာ ကြုံတွေ့နေရတဲ့ လူမျိုးရေးပြဿနာဟာ အခုနှစ်ပိုင်းအတွင်းမှာသာ တွေ့ကြုံနေရတဲ့ ပြဿနာတွေ မဟုတ်ဘဲ၊ နှစ်ပေါင်းများစွာ ပြီးပြတ်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာဖြစ်တယ်လို့ အရင်အစိုးရဝန်ကြီးဟောင်း ဦးခင်ရီက ပြောပါတယ်။ အရင်အစိုးရလက်ထက် နှစ်နိုင်ငံကြား တံတိုင်းကာရံတာတွေအပါအဝင် နိုင်ငံသားစီစစ်ရေးလုပ်ငန်း လုပ်ဆောင်မှုတွေ ရှိခဲ့ပြီး ကြီးမားတဲ့အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးခင်ရီက ပြောဆိုပါတယ်။ ဒီတော့ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲဆိုတာကိုလည်း သူ့အတွေ့အကြုံနဲ့ယှဉ်ပြီးတော့ ဦးခင်ရီက အကြံပြုထားပါတယ်။ ဒေါ်ခင်မျိုးသက်က ရန်ကုန်မြို့မှာ ဝန်ကြီးဟောင်း ဦးခင်ရီနဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြည့်ပါ။

ဒေါ်ခင်မျိုးသက် ။ ။ အခုလို VOA ကို မေးမြန်းခွင့်ပြုတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကျမ နောက်ကြောင်ပြန်ပြီး မေးရမယ်ဆိုရင် အခုလိုမျိုး ပြဿနာတွေ စဖြစ်လာတာ ဟို ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးတိုက်ပွဲတွေ လုပ်ရကာနေ မြန်မာနိုင်ငံထဲကို စိမ့်ဝင်လာခဲ့တယ်။ ဝင်လာတဲ့အခါမှာ အဲဒီတုန်းကဆိုရင် ငါးသိန်းဝန်းကျင် ရှိတယ်။ အဲဒီလိုမျိုး ဝင်လာတဲ့အချိန်မှာ ပြန်ပြီးတော့ မပို့နိုင်ခဲ့ဘူး။ ကျမ ဆိုလိုချင်တာက ကြည့်လိုက်လို့ရှိရင် အရင်အစိုးရက စစ်အစိုးရလို့ ၊ တကမ္ဘာလုံး၊ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ဒီ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်တယ်။ အဲဒီလိုမျိုး အခြေအနေမျိုးမှာ ဒီလိုမျိုး နိုင်ငံထဲကို တခြားတဘက်နိုင်ငံထဲကလူတွေ စိမ့်ဝင်လာတာကို သိရဲ့နဲ့ ဘာကြောင့် မကာကွယ်နိုင်ခဲ့လဲ။ အခု အစိုးရက ဒီမိုကရေစီအစိုးရ - ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုင်ငံတကာက သိတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီလူတွေကို ပြန်လွှတ်ဖို့အတွက် ဘာကြောင့်များ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဦးခင်ရီအနေနဲ့ သုံးသပ်ပါလဲ။

ဦးခင်ရီ ။ ။ နံပတ်တစ်ကတော့ တကယ့်ကို လူဦးရေ ပေါက်ကွဲမှုနှုန်း များနေတယ်။ ကျနော်တို့ထက် အင်အားသုံးဆလောက် သေးပြီးတော့၊ လေးဆလောက် လူဦးရေများနေတဲ့ နိုင်ငံနဲ့ နယ်နမိတ်ချင်းဆက်နေရတာ အကြောင်းတချက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က စိမ့်ဝင်မှုတွေ လုပ်နေမှာပဲ။ ရှည်လျားတဲ့ နယ်စပ်ကို ကာကွယ်တဲ့အခါမှာ ဓနစွမ်းအားတို့၊ လုံခြုံရေးစွမ်းအားတို့က အပြည့်အဝ လိုပါတယ်။ ဟို ကျနော်တို့ နဝက၊ နရက အစိုးရလက်ထက်တုန်းက ဒီလိုဖြစ်ခဲ့ဖူးလို့ ဘယ်လို ကာခဲ့တယ်ဆိုတာ အဲဒီအနောက်ဘက်နယ်နမိတ်ကို အဆင့် (၄) ဆင့်နဲ့ ကာခဲ့တာရှိတယ်။ ဒါ ကျနော် ကြုံလို့ပြောပြတာ။ (တစ်) လူတံတိုင်းကာ - အဲဒါက ဘာလဲဆိုတော့ ဒီနေရာမှာ လစ်တဲ့နေရာတွေမှာ အခြားနိုင်ငံသားတွေ ဝင်လာမှာစိုးလို့ ရွာတွေ တည်ပေးတာ။ နသလ (၂၄) ရွာ တည်ပေးခဲ့တယ်။ (နှစ်) ဒုတိယတံတိုင်းက လုံခြုံရေးတံတိုင်း - အဲဒါက နစက လို့ခေါ်တဲ့ တပ်၊ ရဲ၊ အကောက်ခွန်၊ လဝက ပေါင်းတဲ့အဖွဲ့ - တောက်လျှောက် နတ်မြစ်တလျှောက် နယ်မြေရှစ်ခု၊ စခန်း (၂၅) ခု ကာခဲ့တာရှိတယ်။ (သုံး) တတိယ ကာကွယ်ရေးတံတိုင်း - အရင်တုန်းက တပ်ရင်း (၃) ရင်းပဲ ရှိတယ်။ အခု (၈၉) ဌာနချုပ် (၃) ခုဆိုတော့ တပ်ရင်းပေါင်း အများကြီးပေါ့ - ကာခဲ့တာရှိတယ်။ (လေး) စတုတ္ထက သဘာဝတံတိုင်း - လူလုပ်တံတိုင်း - (၁၈၆) မိုင်ကို ကာခဲ့တာ အခု (၄၂) မိုင် လုပ်ခဲ့တယ်။ အဲဒီလို ကာခဲ့တာ ရှိတယ်။

နောက်တဘက်ကလည်း ဒီလိုပဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမျိုးနဲ့ စီစစ်ခဲ့တာ ရှိတယ်။ ဆိုတော့ ဝင်တာထက်၊ အထဲမှာ ပေါက်ဖွားမှုနှုန်းက ပိုများတယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံသား စီစစ်ရေးနဲ့ စစ်တဲ့လုပ်ငန်းတွေက လုပ်သော်လဲ အဟန့်အတား အများကြီးဖြစ်တယ်။ သူတို့ကို ထွက်ပေါက်ပေးဖို့ နည်းနည်းခက်နေတာပေါ့။ ဒီလူတွေက နိုင်ငံသားအဖြစ် ရသွားတယ်ဆိုရင် နေရာတွေ ပြန့်သွားတာရှိမယ်။ အခု နိုင်ငံသားအဖြစ် အစစ်မခံတဲ့အတွက်ကြောင့် ကျနော်တို့က သိပ်ဆက်လုပ်လို့ မရဘူး ဖြစ်နေတယ်။

ဒေါ်ခင်မျိုးသက် ။ ။ စောစောက ဦးခင်ရီ ပြောတာဆိုရင် ထွက်ပေါက်ပေးဖို့ ခက်နေတယ်ဆိုတာ ဘယ်လို ထွက်ပေါက်မျိုးတွေများ ပေးဖို့လဲ။

ဦးခင်ရီ ။ ။ နိုင်ငံသားအဖြစ် စစ်ဆေးခံတယ်။ သတ်မှတ်ထားတဲ့ နိုင်ငံသားဖြစ်ရေး Criteria ပြည့်တဲ့ နိုင်ငံသား ဖြစ်တယ်ဆိုရင်တော့ နိုင်ငံသားတယောက်ရဲ့ Rights တွေ ရှိတာပေါ့။ Freedom of Movement တွေ ရှိတယ် စသည်ဖြင့် ရေကြည်ရာ မြက်နုရာ အခြားနိုင်ငံတွေ သွားတဲ့အခါလည်း ဒီနိုင်ငံသားစစ်စစ်ဖြစ်မှ ဟိုကလက်ခံမှာပေါ့။ ဒီလို Chance တွေက ဆုံးတဲ့သဘော ဖြစ်နေတာပေါ့။ ဒီမှာလာပြီး အိုင်းနေသလို ဖြစ်နေတယ်။

သူတို့ ရိုဟင်ဂျာကို ဘာကြောင့် ပြောနေမှန်း မသိဘူး။ ရိုဟင်ဂျာကို ဘာကြောင့် အတင်းတောင်းနေမှန်း မသိဘူး။ ကျနော်တို့ပြောတာ ရှင်းရှင်းလေး - ခင်များတို့ နိုင်ငံသား ဖြစ်ချင်တာလား။ ရိုဟင်ဂျာနာမည် လိုချင်တာလား။ နိုင်ငံသားဖြစ်ချင်ရင် ဘင်္ဂလီနဲ့ လျှောက်ပါ။ Criteria ဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ ခြိမ်းခြောက်မှုတွေဖြစ်တော့ Moderate သမားတွေလည်း မတိုးနိုင်တဲ့သဘော ရှိတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဦးခင်ရီအနေနဲ့ Moderate အလယ်အလတ်တန်းစား သိပ်အယူအဆ မပြင်းထန်တဲ့လူတွေကို ဆွဲဆောင်ဖို့ လိုနေတယ်ပေါ့။

ဦးခင်ရီ ။ ။ ကျနော်တို့ ဆွဲဆောင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ မအောင်မြင်ဘူးပေါ့။

ဦးခင်ရီ ။ ။ အထိုက်အလျောက်တော့ ရှိတာပေါ့။ ဒါကိုလည်း လာပြီးအစစ်ခံတဲ့လူတွေ

ရှိတာပေါ့။ အစစ်မခံဘူးလို့တော့ မဟုတ်ပါဘူး။

ဒေါ်ခင်မျိုးသက် ။ ။ ဒါပေမဲ့ အခုထက်ထိ National Verification Process မဖြစ်သေးတာဟာ သူတို့ကို မဆွဲဆောင်နိုင်လို့ပေ့ါ။

ဦးခင်ရီ ။ ။ မဖြစ်ဘူးတော့ မဟုတ်ဘူးပေါ့။ နှေးတာပါ။ ဖြစ်တော့ဖြစ်နေတယ်။ သဘောက ဆယ်ယောက်ဖြစ်တယ်။ ဆယ့်တစ်ယောက် ဖြစ်တယ်။ ရှိတဲ့လူ တစ်ရာမှာ တစ်ရာလုံး ဗြုန်းကနဲ့ မဖြစ်ဘူး။ တချို့ဆို ကျနော်တို့ ရွာတွေမှာ ဆင်းတရားဟောတယ်။ သဘောပေါက်သွားတယ်။ နောက်နေ့လာမယ်။ နောက်နေ့ဆို သူတို့ မလာရဲတော့ဘူး။ စုံစမ်းကြည့်တဲ့အခါ မင်းတို့ သွားရဲသွားကြည့် … မင်းတို့သွားရင် မင်းတို့မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ် ခြိမ်းခြောက်တယ်။ ဒါက မြေပြင်မှာ အမှန်ဖြစ်နေတဲ့ ကိစ္စတွေ။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီဥစ္စာတွေက သူတို့ကို သီးသန့်ခွဲခြားထားလိုလို့ မမြင်ဘူးလား။ သူတို့တွေက အကုန်လုံးနဲ့ ရောရောနှောနှော နေလိုက်လို့ရှိရင်

ဦးခင်ရီ ။ ။ သီးသန့်ခွဲပြီးတော့ … အဲဒါတွေက ပြဿနာရှိလို့ Camp ထဲမှာရှိတဲ့ လူတွေ၊ ထားတဲ့လူတွေ ရှိသလို။ သာမန်ရွာတွေက လူတွေလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့က အဲဒီထဲကလူတွေကိုလည်း သွားစည်းရုံးပါတယ်။ သာမန်လွတ်လပ်တဲ့ရွာတွေ ရှိပါတယ်။ အဲဒီလူတွေကိုလည်း သွားစည်းရုံးပါတယ်။ အကြောက်တရားလွှမ်းမိုးတဲ့သဘော ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဒီဒေသမှာ ပညာရေးကလည်း အဓိက အရေးကြီးပါတယ်။ Education ရှိတယ်ဆိုရင် အကုန်လုံးက အသိတွေက ပိုကြွယ်လာမယ်။ ဟိုမှာလည်း ပညာရေးကို ကျမကိုယ်တိုင်သွားတဲ့အခါ တွေ့ပါတယ်။ ပညာရေးမှာ လာတက်တာမျိုး မရှိပါဘူး။ ကျောင်းတွေလည်း တော်တော်များများက မတက်ကြပါဘူး။

ဦးခင်ရီ ။ ။ အဲဒီတော့ သွေးခွဲစည်းရုံးတဲ့လူက သိပ်လွယ်တာပေါ့။ Spoiler က သိပ်လွယ်တာပေါ့။ သွေးခွဲစည်းရုံးဖို့ သိပ်လွယ်တဲ့သဘော ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါက လိုအပ်နေတဲ့ အချက်ပေါ့။ ဆိုတော့ အခု ဝေဖန်တာတွေ ဒီထက် ဝေဖန်ပြီးတော့ ပြောနေတာထက်စာရင် အခု ရခိုင်ပြည်နယ်ပြဿနာအရေးနဲ့ ပတ်သက်ပြီးတော့ အတိုက်အခံပါတီတခုအနေနဲ့ တကယ်လို့များ ရခိုင်အရေးကို ရှင်းရမယ်ဆိုလို့ရှိရင် ဦးဆောင်ပြီးတော့ ဘာတွေများ လုပ်မယ်လို့ အကြံပေးချင်ပါလဲ။

ဦးခင်ရီ ။ ။ ကျနော်တို့က ပါတီအနေနဲ့ တွက်မယ်ဆိုရင်တော့ ပါတီနိုင်ငံရေးအနေနဲ့ တွက်မယ်ဆိုရင်တော့ အတိုက်အခံပါတီက လူထုဆန္ဒကို ရယူပြီးတော့ အစိုးရကို ထောက်ပြတဲ့သဘောပေါ့။ ဒါက ပါတီနိုင်ငံရေးနဲ့ ကြည့်မယ်ဆိုရင်ပေါ့။ အမျိုးသားနိုင်ငံရေး ကိုယ့်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကျနော် စဉ်းစားမိတာ တယောက်ထဲ အတွေ့အကြုံနဲ့ စဉ်းစားကြည့်တာ နံပတ်တစ်က ခိုးဝင်မှုတွေနဲ့ ဒီဘက်မှာ နဂိုရှိပြီးသားလူတွေ ပြတ်ပြတ်သားသား ခွဲခြားဖြစ်သွားအောင် တံတိုင်းကို စရလိမ့်မယ်ထင်တယ်။ နှစ်နိုင်ငံနယ်စပ်တံတိုင်း။ (၄၂) မိုင် လိုနေသေးတယ်။

အခုလက်ရှိ တံတိုင်းပုံစံကိုက သိပ်အားရကျေနပ်မှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါနဲ့ ပတ်သက်ပြီး မက်စီကိုနယ်စပ်ကို သွားလေ့လာဖူးတာရှိတယ်။ ဟိုနေရာကြည့် ဒီနေရာကြည့် သွားကြည့်ဖူးတာရှိတယ်။ ဥပမာ မက်စီကိုမှာဆိုရင် ဒီ ကာတဲ့ဟာတွေက မြေအောက်ထဲကို ရှစ်ပေလောက် မြုပ်တာတို့၊ ကီလိုခြောက်ဆယ်လောက် မောင်းတဲ့ကားတွေ (ခိုင်ခိုင်ခန့်ခန့်) ဖြစ်တာတို့ အဲဒီလိုမျိုး ကျနော်တို့ အပြည့်ကာဖို့လိုတယ်။ နောက် ဒီနေရာမှာ Foot Print တွေ ရှာလို့ရအောင် လုပ်ထားဖို့လိုတယ်။ နောက် ဒီနေရာမှာ လဝက လို လူမျိုးတွေ၊ နောက် ပစ္စည်းစစ်တဲ့ လူမျိုးတွေ၊ နောက် ကျနော်တို့ မူးခင်းဖော်ထုတ်ရေးနဲ့ ပတ်သက်တဲ့ဟာတွေ ဒါတွေ ပြည့်ပြည့်ဝဝ ဖြစ်ဖို့လိုတယ်။ နိုင်ငံတကာမှာရှိတဲ့အတိုင်း။ နံပတ်တစ်ကတော့ ခိုင်ခိုင်ခန့်ခန့် ဖြစ်ဖို့လိုတယ်။

နောက် ဒုတိယက ခိုးဝင်တာသည် နဂို ဆယ်ယောက်ဝင်ရင်၊ အခု တစ်ယောက်ဖြစ်ချင်ဖြစ်မှာပေါ့။ ဒုတိယက ဒီအထဲမှာရှိတဲ့ လူတွေကို အခုနပြောသလို ခွဲထုတ်ပြစ်ရမယ်။ ဒါကတော့ အုပ်ချုပ်မှုအာဏာနဲ့ ပြည့်ပြည့်ဝဝ ခွဲထုတ်ပြစ်ရမယ်။ Moderate တွေရှိတယ်။ အစွန်းရောက်တွေရှိတယ်။ လုပ်ရမယ့်ကိုင်ရမယ့် Tools ကတော့ ၈၂ ဥပဒေပါပဲ။ ဒါတွေကို ကျနော်တို့ ကူပေးဖို့လိုတယ်။ အခု နိုင်ငံတကာကလာတယ်။ ဘယ်သူပဲလာလာ ပြောသွားရင် မတိုးတက်သေးဘူးလို့ပဲ ပြောသွားတယ်။ အခုနပြောတဲ့ Root Cause ကို ခင်များတို့ ရှင်းပေးနိုင်သလား။ ခင်များတို့ အခုချက်ချင်း ရိုဟင်ဂျာနဲ့ ပတ်သက်လို့ ရိုဟင်ဂျာလို့ မခေါ်နဲ့၊ ရိုဟင်ဂျာလို့ မပြောနဲ့ကွာ … ဘင်္ဂလီလို့ လက်ခံကြည့်လိုက်ပါလို့ ပြောပေးတဲ့လူ တစ်ယောက်မှ မရှိဘူး။ အဲဒီလိုတွေ ဝိုင်းကူဖို့လိုတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခု ဦးခင်ရီက ၈၂ ဥပဒေနဲ့ပြောလို့ မစ္စတာကိုဖီအာနန် လာတဲ့အခါမှာ သူက ပြောပါတယ် .. ဒီရှစ်ဆယ့်နှစ် ဥပဒေဟာ ပြင်သင့်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒီအထဲမှာပြောတဲ့ အချက်တွေထဲမှာ မှားယွင်းတဲ့အချက်တွေ ပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ကကြတော့ ဒီအထဲမှာ တတ်နိုင်သလောက် ပြန်ပေးမယ်လို့ ပြောပါတယ်။ ဆိုတော့ ၈၂ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အများက ပြင်ဖို့လိုတယ်လို့ ပြောတဲ့လူက များပါတယ်။ ဆိုတော့ ဒီဥပဒေ ပြင်သင့်တယ်လို့ ထင်ပါလား။ ဦိးခင်ရီအနေနဲ့ ဘယ်လို မြင်ပါလဲ။

ဦးခင်ရီ ။ ။ သူတို့ သေသေချာချာ၊ ကျကျနန ၈၂ ဥပဒေကို မသိလို့ ဖြစ်လိမ့်မယ်။ ၈၂ ဥပဒေကို နားလည်ဖို့ဆိုရင် ဖျက်လိုက်တဲ့ ၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို သိရမယ်။ ၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ရွေးချယ်မှုဥပဒေကို သိရမယ်။ ၄၇ Constitution ကို ကြည့်ရမယ်။ ၇၄ Constitution ကို ကြည့်ရမယ်။ အဲဒါတွေပေါင်းမှ ဒါဖြစ်လာတာ။ သူတို့မသိရင်တော့ ပြည့်ပြည့်စုံစုံ သိဖို့လိုတာပေါ့။ အဲဒီ ၈၂ ဥပဒေ ဖြစ်ဖို့အတွက် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်က အဲဒီအရင်ဥပဒေတွေမှာ အားနည်းချက်တွေရှိတော့ ဒါတွေကို ဖြုတ်ပြီးတော့ ၁၉၇၈ ကနေ ၁၉၈၂ (၅) နှစ်နီးပါးလောက် ထင်ပါတယ်။ အချိန်ယူပြီးတော့ ဒေါက်တာမောင်မောင် ဦးစီးပြီးတော့ ဥပဒေကြမ်းဆွဲခဲ့တာ။ အဲဒီတော့ တိုင်းနဲ့ပြည်နယ်အားလုံးကို သူတို့သွားတယ်။ လူထုသဘောထားဆန္ဒတွေ အကုန်ခံယူတယ်။

ဒါလေးကို ကျနော် နည်းနည်းပြောမှရမယ်။ သဘောထားတွေ အကုန်လုံးခံယူတယ်။ ဒီမှာပြန်ပြီးတော့ ဟိုဟာဖြစ်တယ်။ ဒီဥပဒေအကြောင်းကို အတည်ပြုလိုက်တဲ့အခါမှာ တိုင်းနဲ့ပြည်နယ်တွေကို ပြန်ရှင်းပြတယ်။ ပြောချင်တာကတော့ ခိုင်ခိုင်ခန့်ခန့် ဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ကျနော်က ဒီဥပဒေကို ကျကျနန လေ့လာထားတယ်။ ဒါကတော့ တစ်ပေါ့။

အဲဒီတော့ ဒီဥပဒေနဲ့ တိုင်းတဲ့အခါလည်း နိုင်ငံသားကို သေသေချာချာ စီစစ်ခွဲထားတယ်။ ဘယ်သူကတော့ မွေးရာပါ နိုင်ငံသား။ မွေးရာပိုင်နိုင်ငံသားဆိုတာ ခင်များတို့ ကျနေ်ာတို့လို .. ရှမ်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ လူမျိုးစု ရှစ်ခုကနေ ပေါက်ဖွားလာတဲ့ တစ်ရာ။ ဘယ်သူကတော့ ဥပဒေ တရားဥပဒေ နီုင်ငံသား။ ဘင်္ဂလီ၊ တရုတ်နွယ်ဖွား၊ အိနွိယနွယ်ဖွား ကုလားတွေလို ဒီမှာ ကြာရှည်ကြာမြင့် Criteria နဲ့ ညီပြီးတော့ ဖြစ်လာတဲ့လူတွေ။ ဥပဒေအရ နိုင်ငံသား။ ဥပဒေအရ နိုင်ငံသားတွေကတော့ဖြင့် နောက်ဘယ်နှစ်ဆက် ရှိပြီလား။ ဘယ်နှစ်ဆက် Third Generation ကြရင်တော့ ဖြစ်စေဆိုပြီး ဒီလိုသတ်မှတ်ခဲ့တာရှိတယ်။ ဆိုတော့ ဥပဒေအရ အင်မတန်ကောင်းတယ်။ ခေတ်နဲ့စနစ်နဲ့အညီ ဆွဲခဲ့တာလည်းဖြစ်တယ်။ ဟိုတုန်းက ရှိခဲ့တဲ့ ခေတ်မစားတဲ့ Convention .. ဒါကို အသေးစိတ်သွားရင် သိပ်ကြီးသွားမယ်။ ညီအောင် လုပ်ခဲ့တာလည်းရှိတယ်။ အဲဒီတော့ လွယ်လွယ်ကူကူ သူက ခဏလေးလာကြည့်ပြီးတော့ ကိုဖီအာနန်က ခဏလေး လာကြည့်ပြီးတော့ ပြင်ပါလို့ ပြောရုံနဲ့ မလုံလောက်ဖူးလို့ ကျနော်ထင်တယ်။

ဒါကိုတော့ ခေတ်နဲ့စနစ်နဲ့အညီ ပြန်စီစစ်ချင်ရင် စီစစ်ကြပေါ့။ မစီစစ်နဲ့ မဟုတ်ပါဘူး။ စီစစ်ပါ။ ကျနော့်သဘောကတော့ ဒါက ခိုင်ခန့်တဲ့ ဥပဒေ ဖြစ်တယ်။ လတ်တလောပြင်ဖို့ မလိုဘူးလို့ ကျနော်ပြောချင်တယ်။ နောက်တခုက အရင်အစိုးရလက်ထက်တုန်းက အဲဒီတုန်းက ဒီအဆိုကို ပြင်ဖို့ အဆိုတင်တယ်။ ဝိုင်းဆွေးနွေးတယ်။ အဲဒီတော့ ဒီဥပဒေက ပြင်ဖို့မလိုဘဲနဲ့ မှတ်တမ်းအဖြစ်နဲ့ ထားပါအုံးလို့ အဲဒီတုန်းက တခါ ဆုံးဖြတ်ခဲ့ဖူးပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီအထဲမှာ တခြားဟာတွေကော မဟုတ်ဘူး။ သူက Generation သုံးခုအထိလောက်ကို ရွှေစဉ်မျိုးဆက်မယ်ဆိုတာ အဲဒီမျိုး ဥပဒေမျိုးချလာ။ ဒီဟာ တကယ်လိုက်နာဖို့ လွယ်ပါ့မလား။

ဦးခင်ရီ ။ ။ အခုတော့ ဒါနဲ့ ပတ်သက်လို့ လိုက်နာလို့ ဖြစ်သွားတဲ့လူတွေလည်း အများကြီးပါ။ ဒါက တကယ် နိုင်ငံရဲ့ အနေအထားကို ကြည့်လုပ်တာပေါ့။ အမေရိကန်မှာဆို တမျိုးဖြစ်မယ်။ ဒီဘက်မှာတော့ နိုင်ငံသားကို စဉ်းစားတဲ့အခါမှာ မြေပေါ်မူတည်စဉ်းစာတဲ့ .. စနစ်မှာဆို မြေပေါ်မူတည် စဉ်းစားတာပေါ့။ သူ့နိုင်ငံမှာ ဘယ်နှစ်နှစ် ဘယ်လောက်နေမယ်ဆိုရင် ဒီကတော့ သွေးပေါ်မူတည် စဉ်းစားတယ်ဆိုရင်တော့ သွေးမဆက်ရင် နိုင်ငံသားပေးလို့ မရဘူး။ ဒါကြောင့် တတိယ Generation ဒါကြောင့် တတိယ Generation သွေးကိုယူတာ ဖြစ်ပါတယ်။ လွယ်ပါတယ်။

XS
SM
MD
LG