သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ မြန်မာ့အရေးနဲ့ အနာဂါတ် အပိုင်း (၂)


ဒေါ်ခင်စိုးဝင်း၊ ဦးစည်သူအောင်မြင့် နဲ့ ဒေါက်တာရန်မျိုးသိန်း
ဒေါ်ခင်စိုးဝင်း၊ ဦးစည်သူအောင်မြင့် နဲ့ ဒေါက်တာရန်မျိုးသိန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တကယ်ထိရောက်တဲ့ နိုင်ငံရေးတိုးတက်မှုတွေ ဘာတွေရှိခဲ့ပါသလဲ။ မနှစ်က အခြေခံလာတဲ့ နိုင်ငံရေးအခြေအနေတွေ အခု ၂၀၁၅ ခုနှစ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို ဗွီအိုအေ ရန်ကုန်ရုံးက ဒေါ်ခင်စိုးဝင်းက မြန်မာ့နိုင်ငံရေးကို လေ့လာအကဲခတ်နေသူ ဒေါက်တာရန်မျိုးသိန်း၊ စာရေးဆရာ ဦးစည်သူအောင်မြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်။ ဒုတိယပိုင်းမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ စီးပွားရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ အာဆီယံအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်စတဲ့ အကြောင်းအရာများကို ဆွေးနွေးထားကြပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ အခုနိုင်ငံရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးသွားပါပြီ။ ဆိုတော့ စီးပွားရေးဖက်ကို တချက်လှည့်ကြည့်ကြရအောင်ပါ။ စီးပွားရေးဆိုတဲ့နေရာမှာ နိုင်ငံတော်သမ္မတကြီး အမြဲတမ်း ပြောနေတာက မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး။ အဲဒီတော့ ဆင်ရဲမွဲတေမှု လျှော့ချရေးနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဘာတွေများ ဆောင်ရွက်နေတယ်ဆိုတာ ထင်ထင်ရှားရှား တိတိကျကျ ရှိပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ သူက ဒီကိစ္စကို တိုက်ရိုက်ဆောင်ရွက်မယ်ဆိုရင် နံပတ်တစ်အချက်ကတော့ အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးဖို့လိုတယ်။ ဒုတိယတခုက လုပ်ခလစာတွေ ပိုပြီးမြှင့်တက်လာအောင် လုပ်ဖို့လိုတယ်။ တတိယတခုက ပြည်သူတွေရဲ့ လိုအပ်ချက်။ အခု မိုဘိုင်လ်ဖုန်းလို့ ဆက်သွယ်ရေး လိုအပ်ချက်တွေ၊ အိမ်ယာလိုအပ်ချက်တွေ၊ ရေလိုအပ်ချက်တွေ၊ လျှပ်စစ်မီး လိုအပ်ချက်တွေ လုပ်ပေးဖို့လိုတယ်။ လိုတဲ့အခါကြတော့ ဒါတွေနဲ့ ပတ်သက်လို့ ခေတ်အခါတလျှောက်လုံး ပြောမယ်ဆိုရင် နှစ်ပေါင်း (၅၀-၆၀) ကျော်လောက် တိုင်းပြည်ကို ဒီအတိုင်း ပစ်ထားတယ်၊ လစ်လျူရှုထားတယ်လို့ ပြောလို့ရတယ်။ အဲဒီ အခြေခံကစပြီး လုပ်နေရတဲ့အခါကြတော့ အောက်ခြေအထိကို တိုက်ရိုက်အကျိုးသက်ရောက်တာ တော်တော်ကို နည်းသေးတယ်။ ဥပမာ လျှပ်စစ်မီးက တော်တော်ကို ဆိုးပါတယ်။ အခုအချိန်အထိ ကျေးလက်တွေမှာ လျှပ်စစ်မီးကို မရှိဘူး။ ရေလည်း ကောင်းကောင်းမရဘူး။ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းဘူး။ ဘာမှမရှိတဲ့ ပျက်ဆီးနေတဲ့ နိုင်ငံကြီးလို့ ပြောလို့ရတယ်။ အဲဒီမှာ တိုက်ရိုက်သွားပြီး ဟိုဟာဖြစ်တာ မရှိသေးဘူး။ အလုပ်အကိုင် ပေါပေါများများ ရရှိဖို့ကိစ္စဆိုရင်လည်း ဘာလိုလဲဆိုရင် ရင်းနှီးမြှုပ်နံှမှုတွေ အများကြီးဝင်လာဖို့လိုတယ်။ အဲဒီ ရင်းနှီးမြှုပ်နံှမှု ဝင်လာတဲ့ဟာတွေက သယံဇာတ ထုတ်ယူရေး၊ ဝန်ဆောင်မှုတို့ဘာတို့ မဟုတ်ဘဲနဲ့ အလုပ်အကိုင် ပေါပေါများများ ရတဲ့ဟာမျိုးတွေ ဝင်လာဖို့လိုတယ်။ အဲဒါတွေ နည်းနေသေးတဲ့အခါကြတော့ အောက်ခြေလူထုအထိကို အကျိုးကျေးဇူးကတော့ မခံစားရသေးဘူး။ ဒါပေမဲ့ လူလတ်တန်းစားအထိ ခံစားရတဲ့ စီးပွားရေး ပြောင်းလဲမှုတွေကတော့ ဖြစ်လာပြီ။ အခုနလို တခုလုံးကို လွှမ်းခြုံနိုင်တဲ့ အနေအထားအထိတော့ မရောက်လာသေးဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံတကာကလဲ ဝေဖန်နေဆဲပါပဲ။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ။ သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ အတိုင်းအတာတခုအထိတော့ လွတ်လပ်ခွင့်တွေ ပေးထားတာ တွေ့ရပါတယ်။ အဲဒီတော့ ရှေ့အလားအလာလေး ပတ်သက်လို့ ဦးစည်သူအောင်မြင့်ရဲ့ သုံးသပ်ချက်လေး သိပါရစေ။

ဦးစည်သူအောင်မြင့် ။ ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော် နော်ဝေ သွားတုန်းကလည်း အမေးခံရတယ်။ အခု လက်ရှိ အခြေအနေကို တိတိကျကျ သုံးသပ်လိုက်ရင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာတာ လေးနှစ်နီးပါး ရှိသွားပြီ။ အဲဒီမှာ မီဒီယာလို့ ပြောလိုက်ရင် ကျနော်တို့ အရေးအကြီးဆုံး၊ အင်အားအကြီးဆုံးဖြစ်တဲ့ ရေဒီယို နဲ့ ရုပ်သံ ထုတ်လွှင့်ခွင့်ကို ဒီနေ့အချိန်အထိ ပုဂ္ဂလိကို လုပ်ခွင့်မပေးသေးဘူး။ ဘာလို့ မပေးသေးသလဲဆိုတော့ သူတို့ တချိန်လုံး အကြောင်းပြနေတာကတော့ ဥပဒေ မရှိသေးလို့။ အခုတော့ ဥပဒေကို လွှတ်တော်ဖက်ကို ပို့ထားပြီးပြီလို့ ပြောတယ်။ ဒီနေ့အချိန်အထိ ရုပ်သံ နဲ့ ရေဒီယိုနဲ့ ပတ်သက်ရင် အစိုးရက လုံးဝ control လုပ်ထားတုန်းပဲ။ လုံးဝ လွတ်လပ်ခွင့် မရှိဘူး။ ပြီးတော့မှ အခုလောလောဆယ် ကျနော်တို့ ရနေတာက ပုံနှိပ်စာနယ်ဇင်းတွေ ဒါတွေက ရနေတယ်။ ဒါကလဲ အသေးစိတ် အချက်အလက်ကို ပြောလို့ရတယ်။ လွယ်လွယ်ကူကူ ရတာမဟုတ်ဘူး။ ကျနော်တို့ လူငယ်စာနယ်ဇင်းသမားတွေ အကုန်လုံး စာနယ်ဇင်းလောက က ပုဂ္ဂိုလ်တွေက အပြင်းအထန် တိုက်ပွဲဝင်ပြီးတော့မှ လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေး၊ စည်းရုံးပြီးမှ ဒါကိုရလာတာ။ အဲဒီတော့ လာမယ့်အချိန်မှာဆိုရင် အစိုးရက ပေးမလား။ ကိုယ်ကပဲ ရအောင်တောင်းယူရမလားဆိုတာ အစိုးရပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုကိုပဲ ရုပ်ရှင်နဲ့ ပတ်သက်ရင် တင်းကြပ်တာတွေ ပြန်ပြီးတော့ လုပ်လာတယ်။ အဲဒါနဲ့ ပတ်သက်လို့ ရုပ်ရှင်နယ်ပယ်က လူတွေကလည်း အများကြီး ပြောတာဆိုတာတွေ လုပ်လာကြတယ်။ ဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာန အစိုးရကို မီဒီယာလွတ်လပ်ခွင့် ထပ်ပြီးတော့ တဖြည်းဖြည်း ပေးလာမယ်လို့တော့ ကျနော် တဦးချင်းကတော့ ဘယ်တော့မှ မမျှော်လင့်ဘူး။ အဲဒီတော့ ကျနော်တို့ကတော့ ဒီမိုကရေစီနိုင်ငံနဲ့ ရသင့်ရထိုက်တာပဲ ဖြစ်တယ်ဆိုပြီးတော့ တောင်းဆိုရမယ်။ ပြီးတော့မှ လွှတ်တော်အမတ်တွေကိုလည်း ပြောရမယ်။ တိုင်းပြည်မှာ ဒါအရေးကြီးတယ်ဆိုတာ အထူးသဖြင့် ကျနော် သတင်းစကား ပါးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေက မီဒီယာ လွတ်လပ်ခွင့်ကို လေးနက်ဖို့လိုတယ်။ အခုအချိန်အထိ ရေဒီယိုနဲ့ ရုပ်သံ ပုဂ္ဂလိကလုပ်ခွင့် ဥပဒေတွေ မရှိသေးတာကို သူတို့ သိဖို့လိုတယ်။ ပြီးတော့မှ ၂၀၁၅ ရွေးကောက်ပွဲ လာတော့မယ်။ ကျနော်တို့ဆီမှာ ရေဒီယို၊ ရုပ်သံတွေ အကုန်လုံးက အစိုးရနဲ့ ခရိုနီတွေ လက်ထဲမှာပဲ ရှိနေသေးတယ်။ ပုဂ္ဂလိက လက်ထဲမှာ ပြည်သူတွေလက်ထဲမှာ မရှိသေးဘူး။ အဲဒါတွေကို လေးလေးနက်နက် သိတယ်ဆိုရင် ဒါအမြန်ဖြစ်ထွန်းလာဖို့ လွတ်လပ်ခွင့်တွေ ပိုရလာဖို့ သူတို့ကိုယ်တိုင် ဝိုင်းကြိုးစားဖို့လိုတယ်။ ကျနော်တို့ ဒီလောကသားတွေကလည်း ကြိုးစားဖို့ လိုတယ်လို့ မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုနတုန်းကပြောတဲ့ အသံလွှင့်လုပ်ငန်းမှာ ခရိုနီ နဲ့ အစိုးရကပဲ ချုပ်ကိုင်ထားတယ်ဆိုတဲ့ နေရာမှာ ပုဂ္ဂလိက လက်ထဲကို မရောက်သေးဘူးဆိုတော့ ဒီလိုမျိုး အသံလွှင့်လုပ်ငန်းတွေ လုပ်ဖို့ဆိုတာ ငွေကြေးအင်အား တောင့်တင်းဖို့ လိုအပ်ပါတယ်။ အစိုးရနဲ့ ခရိုနီတွေပဲ တတ်နိုင်တဲ့သဘော ဖြစ်နေပါတယ်။ ခရိုနီတွေကို ပုဂ္ဂလိကလို့ သတ်မှတ်လို့ မရဘူးလား။

ဦးစည်သူအောင်မြင့် ။ ။ မရဘူး။ အဲဒါက အစိုးရကိုယ်တိုင် လက်ရွေးစင် ပေးထားတာ။ ပုဂ္ဂလိက လုပ်ခွင့်ပြုမပြု ဥပမာဆိုပါစို့ အဲဒါကို ပြန်ပြီးတော့ ရှင်းပြလို့ရတယ်။ အခုလောလောဆယ် သတင်းစာလုပ်ငန်း။ သတင်းစာလုပ်ငန်းက အရင်တုန်းကနဲ့ လုံးဝမတူတော့ဘူး။ ငွေကြေး ဘယ်လောက်တောင် ကုန်ကျလာသလဲဆိုရင် သတင်းစာတစောင် ကျနော် နံမည်မတပ်ဘူး။ သူ့ရဲ့ တစ်လ လစာ ရှင်းပေးတာကိုပဲ သိန်းတစ်ထောင်ကျော် ရှိတယ်။ ဆိုတော့ ဒီ business ကြီးက ဒေါ်လာသန်းနဲ့ရှိတဲ့ business ကြီး ဖြစ်နေပြီ။ အဲဒါကို ပုဂ္ဂလိကတွေ လုပ်ခွင့်ရတဲ့အခါကြတော့ ပုဂ္ဂလိကတွေ လုပ်ကြတယ်။ အဲဒီအတိုင်းပဲ လုပ်ခွင့်သာ ဥပဒေနဲ့ ပြုလိုက်မယ်ဆိုရင် ရေဒီယိုလုပ်ငန်းဆိုရင် သတင်းစာလုပ်ငန်းလောက် ကုန်ကျစရိတ် မများဘူး။ နိုင်ငံတကာမှာလည်း ကျနော်တို့ လေ့လာဖူးတယ်။ Community radio တို့ အများကြီးရှိတယ်။ အကြီးတွေလည်း ရှိမှာပဲ။ လုပ်ခွင့်ပြုဖို့သာ လိုတယ်။ လုပ်ခွင့်ပြုလိုက်တယ်ဆိုရင် ပုဂ္ဂလိကတွေ လွတ်လွတ်လပ်လပ် လုပ်လာကြမှသာ လွတ်လပ်ခွင့်နဲ့အတူ ဖွံ့ဖြိုးတိုးတက်လာမှာပါ။ အဲဒီလိုပဲ ကျနော် မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါက်တာရန်မျိုးသိန်းအနေနဲ့ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်ဆိုပြီး ဆက်စပ်ပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ သတင်းသမားတွေကို အရေးယူတာ၊ ထိန်းချုပ်တဲ့ စာရင်းမှာလည်း မြန်မာနိုင်ငံက မလွတ်သေးဘူး။ စာရင်းထဲမှာ ပါနေဆဲပါပဲ။ ဒီလိုမျိုး သတင်းသမားတွေကို အရေးယူတာတွေနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

ဦးရန်မျိုးသိန်း ။ ။ ကျနော်အမြင်အားဖြင့်တော့ သတင်းမီဒီယာတွေအပေါ်မှာ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အမြင်ဟာ မရှင်းလင်းဘူးလို့ ယူဆတယ်။ ဥပမာ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီ လွှတ်တော်တွေဟာ သတင်းမီဒီယာတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုတယ်။ ဥပမာအားဖြင့် လူ့အဖွဲ့အစည်းထဲမှာ ဖြစ်နေတဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ဒါတွေကို သတင်းမီဒီယာတွေက ဖော်ထုတ်ပေးတယ်။ တနည်းအားဖြင့်တော့ မဏ္ဍိုင်ကြီး (၃) ရပ်ကို အဓိက ထိန်းညှိပေးနေတဲ့ ယန္တရားတခုဟာ သတင်းမီဒီယာတွေပဲ ဖြစ်တယ်။ ဒီအချက်ကို ကျနော့်အမြင်အားဖြင့် လက်ရှိ အစိုးရ၊ လွှတ်တော်တွေက သိမြင်သဘောပေါက်မှုအပိုင်းမှာ အားနည်းသေးတယ်လို့ ကျနော်က မြင်တယ်။ နောက်တချက်က ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ လိုအပ်နေတာက အခုန ကိုစည်သူအောင်မြင့် ပြောတဲ့အချက်တွေလည်း ကျနော် လက်ခံတယ်။ လိုအပ်နေတယ်လို့ ကျနော် မြင်တာက ဘာလဲဆိုတော့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ရှိဖို့လိုတယ်။ လွတ်လပ်တယ်လို့ ကျနော်က ဘာလို့ ပြောသလဲဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက အစိုးရရဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ များနေတာကို တွေ့ရတယ်။ ပြီးတော့ အစိုးရအနေနဲ့လဲ သူနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုးကိုပဲ သူက နေရာပေးတာမျိုး၊ အလေးပေးတာမျိုးကို တွေ့ရတယ်။ ဒီလိုပုံစံမျိုး ဒီလိုအပြုအမှုမျိုးဟာ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီ အပြောင်းအလဲအတွက်ကို သတင်းမီဒီယာတွေ ပံ့ပိုးနိုင်မှုကို အားလျော့စေတယ်လို့ ကျနော်က မြင်တယ်။ အဲဒီတော့ အစိုးရအနေနဲ့ သတင်းမီဒီယာတွေကို ငါတို့ကို အပြစ်ပြောနေတယ်။ ငါတို့ရဲ့ လိုအပ်ချက်တွေကို ထောက်ပြနေတယ်။ ပြဿနာရှာနေတဲ့ ကောင်တွေပဲလို့ မြင်တဲ့အမြင်ကို ပြင်ဖို့လိုတယ်။ ဒီသတင်းမီဒီယာတွေက ငါတို့ရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ ငါတို့ ပြုပြင်ရမယ့် လိုအပ်ချက်တွေကို ထောက်ပြနေတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲဆိုတဲ့ အမြင်မျိုး တကယ်လက်တွေ့ကျကျ ရှိဖို့လိုတယ်။ အပြောသက်သက် မဟုတ်ဘူး။ စာရွက်ပေါ်မှာ မဟုတ်ဘဲ လက်တွေ့ကျကျရှိဖို့ လိုတယ်လို့ ကျနော်က ယူဆတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆက်စပ်ပြီးတော့ ပြောပြချင်တဲ့ ခေါင်းစဉ်ကတော့ လူ့အခွင့်အရေး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ ဆရာစည်သူအောင်မြင့်အနေနဲ့ ဘယ်လိုများ ရှုမြင်ပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ အခုကတော့ ကျနော်အမြင်ကတော့ စစ်အာဏာရှင်ခေတ်နဲ့တော့ အများကြီး တိုးတက်လာပြီလို့ ကျနော် ယူဆတယ်။ ဥပမာဆိုပါစို့ အခုဆိုရင် အခုအချိန်အထိ စွပ်စွဲမှုတွေ ရှိပါသေးတယ်။ လူ့အခွင့်အရေး အများဆုံးဖြစ်တဲ့နေရာတွေ တိုင်းရင်းသားတွေရှိတဲ့ နေရာတွေမှာရှိတယ်။ အကျဉ်းထောင်တို့ ရဲဖက်စခန်းတို့ ဒီလိုနေရာတွေမှာ ပိုများပါတယ်။ အဲဒီတော့ အဲဒါတွေနဲ့ ပတ်သက်ရင် နယ်ပယ်အသီးသီးမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ ဘာလို့ ပြောနိုင်သလဲဆိုရင် ဥပမာ ခေတ်ကြီးကလည်း ပြောင်းလာတာပါတယ်။ ကျနော်တို့ဆီမှာ လွတ်လပ်မှု ရှိလာတာလည်းပါတယ်။ တနေရာမှာ စစ်တပ်ကဖြစ်စေ၊ လူ့အခွင့်အရေး ချိုးဖောက်ထားတယ်ဆိုရင် ချက်ချင်း ဒီသတင်းက သိနိုင်တဲ့အနေအထားတွေ ရှိတယ်။ သိလည်းသိလာတယ်။ သိလာတဲ့ဟာကို ဒီမှာ သတင်းဖြန့်ဖြူးတာကိုလည်း လွတ်လွတ်လပ်လပ် လုပ်လာတဲ့အခါကြတော့ အခုလက်ရှိ တွေ့ရှိသမျှတွေမှာ အဲဒါတွေက လျှော့နည်းသွားတဲ့အခါကြတော့ လက်ရှိ ပြဿနာ ပေါ်လာတာတွေလည်း နည်းတယ်။ ဥပမာ နမူနာအားဖြင့် ကိုပါကြီး သေဆုံးသွားတဲ့ကိစ္စ။ အပစ်သတ်ခံလိုက်ရတဲ့ ကိစ္စ။ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှု အတော်ဆိုးဝါးတဲ့ကိစ္စ။ အရင်တုန်းကဆိုရင် သူပါသာ ဖြစ်သွားမယ်။ ကျနော်တို့ မသိနိုင်ဘူး။ သတင်းကို အမှောင်ချထားမှာပဲ။ တကယ်လို့ သတင်းပေါ်လာရင်တောင် ပြင်ပမီဒီယာတွေလောက်ကပဲ ဖော်ပြလို့ရမယ်။ အခုကတော့ ကျနော်တို့အားလုံး ရေးကြသားကြ စမ်းစစ်ကြတယ်။ ဝေဖန်ကြတယ်ဆိုတော့ ဒီအနေအထားအောက်မှာ အရင်ကနဲ့စာရင်တော့ တိုးတက်လာတယ်။ လိုအပ်ချက်တွေတော့ အများကြီး ရှိသေးတယ်လို့တော့ မြင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်ဆုံး topic ခေါင်းစဉ်တခုအနေနဲ့ ဆွေးနွေးချင်တာကတော့ ပညာရေးကဏ္ဍပါ။ ပညာရေးကဏ္ဍမှာ ပညာရေးဥပဒေ ထွက်လာပြီ။ ဥပဒေသစ် ထွက်လာပြီ။ အဲဒီ ဥပဒေကို ကျောင်းသားထုက ဟိုတလောက ဆန့်ကျင်ဆန္ဒပြကြတာကို တွေ့ရပါတယ်။ အဲဒီတော့ ဦးစည်သူအောင်မြင့် လေ့လာထားသလောက်ကို ရှင်းပြပေးပါလား။

ဦးစည်သူအောင်မြင့် ။ ။ အဓိကက ကျနော်တို့ ပညာရေးနဲ့ ပတ်သက်ရင် ကျနော် အမြဲတမ်း သတိရနေတာ တခုရှိတယ်။ ဆုံးပါးသွားတဲ့ ဒေါက်တာမြင့်မြင့်ခင်။ သူက အစဉ်တစိုက်လည်း အဲဒီဟာကို ရေးတယ်။ ရဲရဲဝံ့ဝံ့လည်း ရေးတယ်။ စကားလုံးတလုံး သူဘာသုံးသွားသလဲဆိုတော့ “ပညာရေးစနစ်ကို ပြောင်းလည်ဖို့ဆိုရင် အမြစ်ကလှန်ပြီးတော့ တော်လှန်ရေးလုပ်ပြီးတော့ ပြောင်းမှရမှာ”။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေအထိကို ကျနော်တို့ဆီမှာ နေရာတိုင်း လိုအပ်ချက်ကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက မြင်နေရတယ်။ အတန်းတွေ တတန်းပြီးတတန်း တက်လာတယ်။ ဘွဲ့တွေရကြတယ်။ စာလည်းကောင်းကောင်း မတတ်ဘူး။ အခုနပြောတဲ့ စံချိန်စံညွှန်းတာ မရှိလို့။ အာဆီယံနိုင်ငံထဲမှာတောင် ပညာရေးက အနိမ့်ဆုံးဖြစ်များ ဖြစ်နေမလား။ မပြောတတ်ဘူးပေါ။ အဲဒီလိုမျိုး အနေအထားမျိုးမှာ အခုတော့ တက္ကသိုလ်အဆင့်မြင့်ပညာအတွက်ကို ဥပဒေတခု အတည်ပြုလိုက်တယ်။ အမျိုးသားပညာရေးဥပဒေ။ ဒီဥပဒေက လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အားလုံးညှိနှိုင်းပြီးတော့ အတည်ပြုလိုက်တာ။ အဲဒီလို အတည်ပြုလိုက်ပေမယ့် ဒီဥပဒေတွေက အစိုးရက စိတ်ထင်တိုင်း သူ့ဟာတွေကြီးပဲပါတယ်လို့လဲ မဟုတ်ဘူး။ အတိုက်အခံဖက်ကလည်း သူတို့ လိုချင်သလို၊ ဒီလိုအခြေအနေမျိုးလဲ မဟုတ်ဘူး။ အားလုံးညှိနှိုင်းပြီးတော့ လုပ်လိုက်တဲ့ဥပဒေတခု။ ဒါပေမဲ့ အဲဒါ အတည်ပြုပြီးတဲ့နောက်မှာ နည်းဥပဒေတွေက တောက်လျှောက်မြန်မြန်ဆန်ဆန် ထွက်မလာသေးဘူး။ ထွက်မလာသေးတဲ့အောက်မှာ တဖတ်ကလဲ ဒေါက်တာသိန်းလွင်တို့ ဦးစီးတဲ့ ပညာရေးနဲ့အဖွဲ့အစည်းတွေက ဒီထဲမှာပါတဲ့ အားနည်းချက်တွေကို ထောက်ပြပြီးတော့မှ ဒီဥစ္စာက သိပ်ပြီးတော့ ကောင်းတဲ့ဥပဒေ မဟုတ်ဘူးဆိုတော့မှ ကျောင်းသားတွေက ဆန္ဒပြတာ။ ဆန္ဒပြတော့ ဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေးမြန်းတာတွေ ရှိခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် က ဘာပြောသလဲဆိုတော့ နည်းဥပဒေတွေ ထွက်သွားရင် သူတို့ နားလည်သွားမှာပါ။ ဘာညာဆိုပြီး အဲဒီလို ဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကြတော့ ကျနော့် တဦးချင်း နားလည်တာက အခု ပညာရေးလောကမှာ ဘာဖြစ်နေလဲဆိုတော့ နိုင်ငံရေးကဲနေတယ်။ ကျနော်တို့ဆီမှာ အဓိက လိုအပ်နေတာက ကျဆင်းသွားတဲ့ ပညာရေး။ ပညာကို ကျနော် ဆိုလိုတာ။ ပညာကို ဘယ်လို သင်ရမလဲ။ ကျောင်းသားသမဂ္ဂတွေ ဘာတွေဆိုတာကလဲ သူတို့ရဲ့ အဓိက တိုက်ပွဲဝင်ရမယ့်ဟာတွေကလဲ ပညာသင်ကြားရေးကို အနှောင့်အယှက် ဖြစ်စေမယ့်ဟာတွေ။ ပညာကို များများတက်အောင် ဘယ်လိုမျိုး လုပ်ရမလဲဆိုတာ အဓိက ဖြစ်ရမယ်။ နိုင်ငံရေးက ဒုတိယဖြစ်မှာပေါ့။ အခုဟာက နိုင်ငံရေးတွေကဲနေကြတဲ့အခါကြတော့ ကျနော်တို့မှာ ပြုပြင်ပြောင်းလဲမှုက ဘယ်အဆင့်မှာ ဘယ်လိုလုပ်ရမလဲဆိုတာကို သိပ်ပြီးတော့ ပြောတဲ့အဆင့်ကို မရောက်ဘဲနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့ရေးတို့ မဖွဲ့ရေးတို့ ဒီအပေါ်မှာပဲ သွားပြီးတော့မှ ငြင်းခုံနေကြသလို ဖြစ်နေတယ်။ တကယ့်တကယ်မှာ ဒီအချိန်မှာ အာရုံစိုက်သင့်တာက ပညာတက်မြောက်ရေးကို အကြီးအကျယ် စပြီးတော့လုပ်ဖို့ လိုလာပြီ။ အဲဒီလို လုပ်တဲ့အခါမှသာ ဒါတောင် လမ်းကြောင်းတည့်တဲ့အခါမှသာ နောက် အနှစ် (၁၀) (၂၀) မှသာ ကျနော်တို့ နည်းနည်းလေး ထူမတ်နိုင်မယ့် အနေအထားရှိမယ်။ လောလောဆယ် ဖြစ်နေတာကို အဲဒီလို နားလည်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါက်တာရန်မျိုးသိန်းအနေနဲ့ ကျမတို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အပေါ် အခြေအနေ။ ကြည့်ရတာတော့ သိပ်မကောင်းဘူး။ ဒါပေမဲ့လို့ အထိုက်အလျောက် တိုးတက်တယ်လို့ ယူဆလို့ မရဘူးလား။

ဦးရန်မျိုးသိန်း ။ ။ ကျနော်အမြင်ကတော့ လက်ရှိ အခြေအနေမှာ ကိုစည်သူအောင်မြင့် ဆွေးနွေးသွားတဲ့အပိုင်းနဲ့ ပတ်သက်ပြီး ကျနော့်အမြင် ပြောရရင် လက်ရှိ ကျနော်တို့ရဲ့ ပညာရေးစနစ်ဟာ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အယူအဆအားဖြင့် ကျနော်တို့က တက္ကသိုလ်ကျောင်းသားတွေကို တိုင်းပြည်ရဲ့ နေရာအသီးသီးမှာ ခေါင်းဆောင်တွေ ဖြစ်လာအောင် မွေးထုတ်ပေးတဲ့ ပညာရေးစနစ်ဖြစ်ဖို့ လိုတယ်လို့ ကျနော်က ယူဆတယ်။ ကျနော့်အယူအဆအားဖြင့် တက္ကသိုလ်ကျောင်းတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ စက်ရုံတွေ ဖြစ်ဖို့လိုတယ်။ အဲဒီလို စက်ရုံတွေ ဖြစ်ဖို့အတွက် ဒီ တက္ကသိုလ်ကျောင်းတွေကို ပုံဖော်မယ့် ဥပဒေကလဲ ဒီမိုကရေစီပညာရေး၊ လွတ်လပ်ပွင့်လင်းတဲ့ ပညာရေးစနစ်ကို ဦးတည်တဲ့ ဥပဒေမျိုး ဖြစ်သင့်တယ်လို့။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ အခု ၂၀၁၅ ခုနှစ်မှာ အနိဌာရုံ သတင်းတွေ ကင်းရှင်းပြီးတော့ စိတ်ချမ်းသာစရာ သတင်းလေးတွေ ကြားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

XS
SM
MD
LG