သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန့်တားကာကွယ်နိုင်တဲ့ မြန်မာ့ရေဘေး


မသိန္နီဦး၊ CSO Forum ရေဘေးအန္တရာယ် တုန့်ပြန်ညှိနှိုင်းရေးအဖွဲ့ တာဝန်ခံ
မသိန္နီဦး၊ CSO Forum ရေဘေးအန္တရာယ် တုန့်ပြန်ညှိနှိုင်းရေးအဖွဲ့ တာဝန်ခံ

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအရင်မှာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေးမှာ ထိရောက်မှုရှိအောင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံတဝန်း အရပ်ဘက်လူထုအခြေပြု အဖွဲ့အစည်းပေါင်း (၂၅၇) ခု စုပေါင်းဖွဲ့စည်းထားတဲ့ CSO Forum က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပြဌာန်းထားပေမဲ့လည်း အစိုးရက ကြိုတင်ပြင်ဆင်မှု မရှိသလောက် အာနည်းခဲ့သလို၊ လူထုအသိပညာပေးမှုလည်း ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်တာ မရှိခဲ့ကြောင်း၊ လောလောဆယ် ကြုံတွေ့နေရတဲ့ ရေဘေးအန္တရာယ်ဟာ နာဂစ်လို ရုတ်တရက် ဖြစ်ပေါ်လာခဲ့တာ မဟုတ်ဘဲ ကြိုတင်အသိပေးနိုင်တဲ့ သဘာဝ ရေဘေးအန္တရာယ်တရပ် ဖြစ်ပါတယ်လို့ CSO Forum ရဲ့ ရေဘေးအန္တရာယ် တုန့်ပြန်ညှိနှိုင်းရေးအဖွဲ့ တာဝန်ခံ မသိန္နီဦး က ထောက်ပြလိုက်ပါတယ်။ VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်း က မသိန္နီဦး ကို သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ကျမတို့ VOA မြန်မာအသံကို လာပြီးတော့ ကိုယ်တိုင်တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

မသိန္နီဦး ။ ။ မင်္ဂလာပါရှင်။ ကျေးဇူးတင်ပါတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုမြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြီးတခု ရေကြီးတဲ့ဒဏ်ကို ခံနေကြရပါတယ်။ မြန်မာနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ် (၁၄) ခုအနက် (၁၁) ခုလောက်မှာ ရေဘေးဒဏ် ခံနေကြရတာပါ။ အဲဒီ ရေဘေးဒဏ်အန္တရာယ် တုန့်ပြန်ရေးအတွက်နဲ့ ပတ်သက်ပြီးတော့ မသိန္နီဦးတို့ CSO Forum အနေနဲ့ ဘာတွေများ ဆောင်ရွက်ထားတာ ရှိပါသလဲရှင့်။

မသိန္နီဦး ။ ။ ကျမတို့ ရေဘေးဒဏ် ခံရတော့ ကျမတို့ တချိန်လုံး စောင့်ပါတယ်။ တကယ်တော့ ရေကြီးတာက မြစ်ရေကြီးလို့ မဟုတ်ဘူး။ မိုးရေချိန် ကျော်တဲ့အချိန်မှာ ရေလှောင်ထားတဲ့ ဆည်တွေကနေ Capacity ရေလှောင်အားထက် ကျော်ပြီးတော့ ဆည်ရေလျှံတဲ့ ပြဿနာကြောင့် ရေကြီးတာပေါ့။ အဲဒီဟာတွေကို ဒေသထဲမှာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကလေးတို့၊ ကော်လင်းမှာ စဖြစ်တယ်။ အဲဒီမှာ ကျမတို့ ဒေသထဲကို ဆင်းသွားတယ်။ ဒေသခံတွေနဲ့ ဆက်သွယ်ကြတယ်။ ဒေသခံတွေက ကျမတို့ကို သတင်းတွေ ပေးကြပါတယ်။ ပေးတဲ့အချိန်ကြတော့ အဲဒီအခြေအနေမျိုးမှာ ကျမတို့ ဘာလုပ်ပေးရမယ်ဆိုတာ ပြင်ဆင်ထားခြင်း မရှိပါဘူး။ အစိုးရအနေနဲ့လည်း ပြင်ဆင်ထားခြင်း၊ လမ်းညွှန်ထားခြင်း မရှိဘူး။ ကျမတို့အနေနဲ့လည်း ဒါကို ဘယ်လို စလုပ်ရမလဲဆိုတဲ့ အစိုးရရဲ့ ညွှန်းကြားချက်ကို စောင့်ပါတယ်။ အရေးကြီးအချိန် မပေါ်မချင်း လုပ်ခွင့်ကလည်း မရှိဘူးရှင့်။ ဆိုတော့ ဘယ်တော့များ အရေးကြီးအခြေအနေ ကြေညာမလဲလို့ စောင့်နေဆဲမှာပဲ။ ကော်လင်းမြုပ်သွားပြီ။ ကလေး မြုပ်သွားပြီ။ မင်းတပ်နဲ့ ဟားခါးမှာ မြေပြိုပြီ။ ဆက်တိုက်ကို ဖြစ်လာတဲ့အချိန်မှာ ကျမတို့ နှစ်ပတ်တိတိ စောင့်တယ်ရှင်။ ဖြစ်တဲ့အချိန်ကစပြီး (၁၇) ရက်နေ့ စဖြစ်တယ်။ (၃၀) ရက်နေ့အထိ စောင့်တယ်။ စောင့်တဲ့အချိန်မှာ ဘယ်လိုမှ အစိုးရက ကြေညာခြင်း မရှိပါဘူး။ မရှိတဲ့အချိန်မှာ ကျမတို့ ရုတ်တရက် ဘယ်သူတွေ ပါဝင်ပြီးတော့ လုပ်ကြမလဲဆိုပြီး၊ Interest Group လေး။ အဲဒီအချိန်မှာ CSO Forum မှာပါတဲ့ သူတွေကိုယ်တိုင် တချို့အဖွဲ့အစည်းတွေက waiting ဖြစ်နေပြီး။ တချို့အဖွဲ့တွေက ကွင်းထဲချက်ချင်း ရောက်သွားပြီး ဆက်သွယ်လို့မရ။ ရန်ကုန်မှာ ရှိနေတဲ့ ဆက်သွယ်လို့ရတဲ့ အဖွဲ့လေးတွေကို ကျမတို့ ရုတ်တရက် လှမ်းဆက်သွယ်လိုက်ပါတယ်။ အဲဒီအခါမှာ Flood Response Coordination Team ဆိုတာလေးကို ကျမတို့ immediately ဖွဲ့လိုက်ပါတယ်။ ဖွဲ့ပြီးတာနဲ့ ရန်ကုန်မှာရှိတဲ့ Flood Response Team က လုပ်နိုင်တာသည် သတင်းအမှန် ဖြန့်ပေးရေး။ လူတွေက Access to information မရနေဘူးပေါ့။ အစိုးရကလည်း ကြေညာတဲ့အချိန်မှာ (၃၁) ရက်နေ့မှာ အရေးပေါ် ပြည်နယ် (၄) ခုကို ကြေညာပေးတယ်။ အဲဒါလဲ တကယ့် သတင်းအမှန်မရနေဘူး။ အရေးပေါ် ကြေညာတယ်။ ဘယ်နှစ်ရွာ၊ ဘယ်နှစ်ရာ မြုပ်သွားတယ်။ အိမ်ခြေ ဘယ်လလောက်ပါတယ်ဆိုတာ မသိဘူး။ နောက်တခါ အဲဒီရဲ့ အရေးပေါ်ရဲ့နောက်မှာ အစိုးရရဲ့ ကယ်ဆယ်ရေး အစီအစဉ် ဘာပါမလဲဆိုတာလဲ ကျမတို့ မသိသေးဘူးဆိုတော့ ဒါဆိုရင် ခံစားရတဲ့လူ၊ ဘေးကနေ စိုးရိမ်နေတဲ့လူတွေ သတင်းအမှန်ရဖို့ အရေးကြီးပါတယ်ဆိုပြီးတော့ ဒီ Flood Response Team လေးက သတင်းတွေ စုစည်းပေးတယ်။ စုစည်းပေးပြီးတော့ page ထောင်လိုက်ပါတယ်။ ဒီ page ကနေ ပြန်ပြီးတော့ ဖြန့်ပေးခဲ့တယ်။ သတင်း post တွေက ဘယ်သူတွေ ဖြစ်မလဲဆိုတော့ အမျိုးမျိုးသော မီဒီယာတွေပေါ။ ဥပမာ Seven Days တို့၊ VOA, BBC, DVB စသည်ဖြင့်ပေါ့။ ဒီ မီဒီယာတွေကနေ လွှင့်ပေးတဲ့သတင်းတွေကို နားထောင်လို့ရအောင်၊ ကြည့်လို့ရအောင် ကျမတို့ ပြန်ဖြန့်ပေးတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတော် အစိုးရဘက်ကနေလည်း ရဟတ်ယာဉ်တွေ၊ တပ်မတော် ရဟတ်ယာဉ်တွေ သုံးပြီးတော့ ရေဘေးသင့် ဒေသတွေကို သွားပြီးတော့ ကူညီပေးနေတာတွေကို သိရပါတယ်။ ဒါပေမဲ့လဲ တစုံတခုသော အတိုင်းအတာတခုလောက်အထိပဲ အောင်မြင်တယ်။ တော်တော်များများ အားမလို အားမရ ဖြစ်နေတာတွေ ရှိပါတယ်။ အဲဒီတော့ CSO တွေ အနေနဲ့ ဒီလိုအပိုင်းမှာ ဒီကဏ္ဍတွေမှာ ဘယ်လိုများ ပါဝင်ပြီးတော့ ကူညီပေးနိုင်ပါလဲရှင့်။

မသိန္နီဦး ။ ။ ကျမတို့ Statement ထဲမှာလည်း တိုက်တွန်းထားပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာ CSO တွေကို ပါဝင်ခွင့် ပြုပါ။ CSO တွေနဲ့ အတူတကွ လုပ်ပါဆိုတာသည်။ CSO က ဘယ်ဒေသရဲ့ အခြေအနေ ဘာဆိုတာကို သိတယ်။ ဥပမာ ကျမတို့ မနေ့တုန်းက ကျမတို့ တချိန်လုံး အရေးပေါ် ကူညီနေပါတယ်။ ဆိုတဲ့အခါမှာ အလိုအပ်ဆုံးသည် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဖြစ်နေတယ်ရှင့်။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နှစ်ခုစလုံးက ကားလမ်း၊ ရေလမ်း ဘယ်လိုမှ လက်လှမ်းမမီတော့ ရဟတ်ယာဉ်နဲ့ပဲ ကူညီနိုင်တော့တဲ့ အခြေအနေမျိုး။ ဒါအခုမှ မနေ့တနေ့ကမှ ဖြစ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ တပတ်လုံးကတည်းက ဖြစ်နေတာ။ ရဟတ်ယာဉ် ရရှိရေးကို ကျမတို့ နည်းမျိုးစုံနဲ့ ကြိုးစားရတယ်။ ရဟတ်ယာဉ်ဆိုတဲ့ အမျိုးကလည်း ကိုယ်ပိုင်ထောင်ထားလို့ရတာ မဟုတ်ဘူး။ ကုမ္ပဏီ ထောင်ထားလို့ရတာ မဟုတ်ဘူး။ အစိုးရလက်ထက်မှာပဲ ရှိနေတယ်ဆိုတော့ ကျမတို့ ဒါကို နည်းမျိုးစုံနဲ့ ချဉ်းကပ်တယ်။ ဒါကို အစိုးရ လုံးဝကို ခွင့်ပြုဖို့ မပြောဘူး။ မပြောဘဲနဲ့ မနေ့ကကျတော့မှ သူတို့ စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ကူညီပါ့မယ်လို့ ပြောလို့ ကျမတို့ ချက်ချင်းပဲ ဝမ်းသာအားရနဲ့ သူတို့ ကူညီပါ့မယ်ဆိုတဲ့ ဖုန်းနံပတ်တွေကို ဆက်တယ်။ လူကိုယ်တိုင် သွားတွေ့တယ်။ သွားတွေ့တဲ့အခါကြတော့ ဘာအဟန့်အတား ဖြစ်လဲဆိုတော့ သူတို့က ကူညီမယ့်ဟာတွေကို သူတို့ လက်ထဲကို ပေးပါ။ လူပြန်ကယ် ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို အပ်ပါ။ သူတို့ အစီအစဉ်နဲ့ ပေးပါမယ်ဆိုတော့ ဒီအခါမှာ ကျမတို့က စဉ်းစားရပြီ။ သူတို့ အစီအစဉ်တွေက ဘာမှန်းလဲ မသိဘူး။ ဘယ်ကို သွားကူတာမှန်းလဲ မသိဘူး။ လှူလိုက်တဲ့ လူတွေက ချင်းပြည်နယ် မင်းတပ်မြို့အတွက် လှူချင်တယ်။ ဒါပေမဲ့ သူတို့က တခြားကို သွားကူမလား။ ဘယ်ကို လှူမလဲ။ ဘယ်အချိန် ရောက်မလဲဆိုတာတွေလဲ မသိဆိုတဲ့အခါမှာ တော်တော် အခက်အခဲ ရှိရပါတယ်။ အဲဒီအခါမှာ ထူးကုမ္ပဏီကလည်း ကြေညာထားတယ်။ သူတို့ ရဟတ်ယာဉ် ကူပါမယ့်ဆိုတဲ့အခါ ကျမတို့ ထူးကိုလည်း ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ ထူးကလဲ ရဟတ်ယာဉ်အတွက် တစ်နာရီကို ဒေါ်လာ (၂၄၀၀) ဆိုတော့ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုအနေနဲ့ လက်လှမ်းမီဖို့ တော်တော်ကို ခက်ပါတယ်။ တကယ်ပဲ အစိုးရက အခုလိုမျိုး ကူညီချင်တယ်။ ရဟတ်ယာဉ်တွေနဲ့ ထိထိရောက်ရောက် ကူညီချင်တယ်ဆိုရင် တိုင်ပင်ပါ။ ပြည်သူလူထု အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပါ။ ငါတို့ လုပ်မယ့် Plan ကတော့ ဒါတွေ။ နင်တို့လုပ်မယ့် Plan က ဘာလဲဆိုပြီး အတူတကွ စီစဉ်ရေးဆွဲပြီးတော့ ပေးရင် အရမ်းကောင်းပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလိုမျိုးတွေ သဘာဝဘေးဒဏ် အန္တရာယ်တွေ ကြုံရတဲ့လူတွေ။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လဲ မကြာခဏ ရေကြီးတာတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဖြစ်တယ်ပေါ့။ ဒါပေမဲ့ သူတို့မှာ သူတို့ အတိုင်းအတာနဲ့အရဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတယ်။ ကြိုတင်ပြင်ဆင်မှုတွေ အတိုင်းအတာနဲ့ ပတ်သက်ပြီးတော့ လူထုအတွင်း ပညာပေးဖို့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ CSO ကဏ္ဍ။ နည်းနည်းလေး ရှင်းပြပေးပါလား။

မသိန္နီဦး ။ ။ လူထုအတွင်း ပညာပေးမှုလို့ ပြောမယ်ဆိုရင် ကျမတို့က တာဝန်တွေ ရှိနေတာက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ မဟုတ်ဘူး။ အဓိကက အစိုးရရဲ့ တာဝန် ဖြစ်နေပါတယ်။ ဆိုတော့ နာဂစ်မတိုင်ခင်က ဗဟုသုတ အင်မတန် နည်းခဲ့တယ်။ ပြည်သူလူထုကလည်း နည်းတယ်။ အစိုးရလည်း နည်းတယ်။ နာဂစ်ရဲ့ အတွေ့အကြုံကို သင်ခန်းစာ ယူပြီးတော့ အဲဒီနောက်မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး Process တခုလုံးမှာက ပညာပေးကဏ္ဍဆိုတာကို အားစိုက်ပြီးတော့ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ပြီးတဲ့အခါကြတော့ Management ဆိုတာ ဘာလဲ။ Prevention ဆိုတာ ဘာလဲဆိုတာကို ပြည်သူကိုလည်း သင်တန်းတွေ ပေးတယ်။ INGO အမျိုးမျိုး၊ နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုး၊ အစိုးရကိုလည်း Encourage လုပ်တယ်။ လုပ်တဲ့အခါကြတော့ အဲဒီနောက်ပိုင်းမှာ ဘာပေါ်လာလဲဆိုတော့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ နည်းဥပဒေကြီးကို အစိုးရက ပြဌာန်းလိုက်နိုင်တယ်။ ကျမတို့အားလုံး တော်တော်ကို ဝမ်းသာကြတယ်။ ဆိုတော့ ဒီဥပဒေအရဆိုရင် အစိုးရသည် သဘာဝဘေး အန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်တွေကို သီးသန့်ထားရမယ်။ ဝန်ကြီးဌာန သီးသန့်ထားရမယ်။ ဘတ်ဂျက် သီးသန့်ထားရမယ်။ အဲဒါအပြင် အရေးပေါ် ရန်ပုံငွေဆိုတာတွေ ရှိရမယ်။ ဒီ ဥပဒေအရပေါ့။ ဒါပေမဲ့ ဒီ ဥပဒေကိုတော့ ပြဌာန်းတယ်။ အစိုးရက အဲဒီ ဥပဒေတွေကို မလုပ်ထားဘူးရှင့်။ မလုပ်ပြီးတော့ အစိုးရက ဒေသတွင်းမှာလည်း အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်တွေကို ချမှတ်ထားရမယ်။ ရေးဆွဲထားရမယ်။ အဲဒီ ဒေသတိုင်းအတွက် ဘတ်ဂျက် ရန်ပုံငွေတွေ ထားရမယ်ဆိုတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေကိုလည်း မလုပ်ထားဘူးပေါ့။ ဆိုတော့ ပြည်သူလူထုက Aware ဖြစ်နေပြီ။ ဒါပေမဲ့ လုပ်ပိုင်ခွင့် ရှိတာသည် အစိုးရပဲ ဖြစ်တဲ့အခါကြတော့ ဒီလုပ်ပိုင်ခွင့် ရှိတဲ့လူက မလုပ်ဘဲနေတဲ့အခါမှာ သိတဲ့လူက ဘယ်လောက်ပဲသိသိ၊ ထလုပ်လို့ မရ။ အဲဒီလို နှောင့်နှေးကြန့်ကြာမှုနဲ့ အခုလို လူသိန်းသောင်းများစွာ အသက်ဘေးအန္တရာယ် ဆုံးရှုံးခဲ့ရတွေ။ ဒါသည် နာဂစ်နဲ့ မတူပါဘူး။ နာဂစ်က ရုတ်တရက် ဖြစ်ပေါ်လာတာပါ။ ဒါက ကာကွယ်နိုင်ရဲ့သားနဲ့ မကာကွယ်လို့ ဆုံးရှုံးရတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ရေဘေးနဲ့ ပတ်သက်လို့ ရေဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ လူထုကို ပြန်လည်နေရာချထားရေး၊ ကယ်ဆယ်ရေးမှာ အဓိက တာဝန်ရှိတဲ့ ဝန်ကြီးဌာနနဲ့ CSO Fourm အနေနဲ့ ဘယ်လိုများ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိပါလဲရှင့်။

မသိန္နီဦး ။ ။ အခုလောလောဆယ်တော့ ညှိနှိုင်းဆောင်ရွက်ခြင်းတော့ မရှိပါဘူး။ ဒေသထဲမှာကတော့ အခုနက နာဂစ်ရဲ့ လက်ကျန်လေး အသေးလေးပဲ ပြောပါတော့။ အရေးပေါ် ပြန်လည်ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ဆိုတာတွေ ဒေသတွေထဲမှာ ဖွဲ့ထားကြတယ်။ ဘယ်သူတွေ ပါလဲဆိုတော့ အခုနက လူကယ်တင် ဝန်ကြီးဌာနက၊ ဆည်မြောင်းတို့၊ ထွေအုပ်တို့၊ အမျိုးသမီးရေးရာတို့ အဲဒီလိုမျိုးတွေ။ တကယ့် ပြည်သူလူထုရဲ့ အဖွဲ့မဟုတ်ဘဲနဲ့ အစိုးရဌာန ကိုယ်စားပြု အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ကော်မတီတွေတော့ ရှိတယ်ရှင့်။ ကျမတို့က ကယ်ဆယ်ရေး ရုတ်တရက်နဲ့ စေတနာရှင် တဦးချင်းသော်လည်းကောင်း။ အဖွဲ့လေးတွေသော်လည်းကောင်း၊ ပရဟိတအဖွဲ့တွေ ရုတ်တရက် ရောက်သွားကြတယ်။ ကူတော့မယ်ဆိုတဲ့အချိန်မှာ သူတို့တွေက ကျမတို့ကို အဲဒီအဖွဲ့လေးတွေကို တားပါတယ်။ ဒါက နင်တို့ လုပ်ပိုင်ခွင့် မဟုတ်ဘူး။ ဘယ်တုန်းက ထုတ်ပြန်ကြေညာချက်အရပေါ့ ဆိုတော့ ဒါသည် ကော်မတီလက်ထဲကနေ သွားရမယ်ပေါ့။ ကောင်းပြီ။ ဒီ ကော်မတီလက်ထဲက သွားဆိုရင် ဒီ ကော်မတီက ဘာလုပ်မလဲ။ ဘယ်ရွာတွေကို သွားဝေမလဲ။ ဘယ်တော့ ဝေမလဲဆိုတော့ သူတို့မှာ အဖြေမရှိဘူး။ ဆိုတဲ့အခါကြတော့ လူတွေက လိုနေတာ အခုချက်ချင်း။ သူတို့က အထက်အမိန့်ကို ပြန်စောင့်တာလား။ ဘယ်လို ညှိနှိုင်းရေး လုပ်နေတာလဲ။ မသိတဲ့အချိန်မှာ အခုနလို မရဟိတ သွားကူမယ့်အဖွဲ့တွေနဲ့ သူတို့နဲ့ကြားထဲမှာ အငြင်းအခုန်လေးတွေ ဖြစ်လာကြရတယ်။ နောက်ဆုံးကြတော့ ပရဟိတတွေက ဒီမှာ သေနေပြီ။ မစောင့်နိုင်တော့ဘူး။ ငတ်နေပြီ။ ပေးတော့မယ် ဆိုတာမျိုးတွေ ပြီးကြရတယ်။ ဆိုတော့ အဲဒီအချိန်မှာ ဆရာမ မေးတဲ့မေးခွန်း .. CSO တွေနဲ့ ဘယ်လို ပေါင်းလုပ်လဲဆိုတာ။ ပရဟိတအဖွဲ့တွေကလည်း CSO တွေပဲလေဆိုတော့ ပေါင်းလို့ကို မရနေဘူး။ ပေါင်းစပ်နိုင်တဲ့ အခွင့်အလမ်းလေးတောင် မရှိနေဘူးပေါ့။ အခုန သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ နည်းဥပဒေ၊ ဆက်စပ်တဲ့ လုပ်ထုံးလုပ်နည်း သူတို့ဆီမှာ မရှိတဲ့အခါမှာ သူတို့သည် ကယ်ဆယ်ရေးဆိုတာကို ဘယ်သူဟာရဲ့ နောက်ကို လိုက်ရမှန်း မသိဘဲနဲ့ ဖြစ်တယ်။ ဆိုတော့ ကလေးမှာ ရေကြီးတဲ့ည။ ရေတွေကြီးကြီးလာတော့ ဆည်မြောင်းက လူတွေက မဟုတ်ဘူး၊ အဆင်ပြေပါသေးတယ်ပေ့ါ။ ဒါက စိုးရိမ်စရာ မဟုတ်ပါဘူးလို့ ပြောတယ်။ စိုးရိမ်ရေမှတ်ရောက်ဖို့ တစ်ပေတောင် မလိုတော့တဲ့ အနေအထားမျိုး။ အဲဒီမှာ လူတွေက ဘာလုပ်ရမလဲဆိုတော့ နောက်ဆုံးကြတော့ စေတနာဝန်ထမ်းတွေက ဒါက အရမ်းစိုးရိမ်ရပါပြီဆိုပြီးတော့ ဆည်မြောင်းဝန်ထမ်းတွေက အရေးပေါ်ဆိုတာ ဆည်မြောင်းရဲ့ အန္တရာယ်သည်ဆိုပြီး ကြေညာမယ်ဆိုတော့ ထွေအုပ်က တားတယ်။ နင်တို့ ကြေညာပိုင်ခွင့် မရှိဘူး။ ဒါဆိုရင် ဘယ်သူ ကြေညာပိုင်ခွင့် ရှိလဲ။ ထွေအုပ်ကြေညာပိုင်ခွင့် ရှိလား။ ထွေအုပ်ကြေညာပါတော့။ ကြေညာရင် လုပ်လို့ရပြီလေ။ ကျမတို့က သူတို့ ကြေညာချက်ဆိုတာလေး အမိန့်လေးတခုကို ရလိုက်ရင် CSO က ဆက်လုပ်လို့ရပြီ။ ဒါပေမဲ့ သူတို့က ဒါက ထွေအုပ်ကြေညာပိုင်ခွင့် မရှိဘူး။ ဒါဆိုရင် လူကယ်တင်ရေးက ကြေညာမလား။ လူကယ်ပြန်ကလဲ သူမှာ ကြေညာပိုင်ခွင့် မရှိဘူးဆိုတော့ ဒီ အစိုးရဌာနတွေရဲ့ System ထဲမှာရှိတဲ့ လုပ်ပိုင်ခွင့်ဆိုတဲ့ Mandate တွေသည် ဝန်ကြီးဌာနတခုတခုကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မရှိထားတာဟာ အခြေခံ ground ထဲမှာသွားပြီး လုပ်ရတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ပေါင်းလုပ်တဲ့အခါ အင်မတန် အဟန့်အတား ဖြစ်ပါတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ နောင်လဲ သဘာဝဘေးအန္တရာယ်တွေ ကြုံဖို့အလားအလာတွေ အများကြီး ရှိပါတယ်။ သစ်တောတွေ ပြုန်းတီးတာတွေလည်းပါတာပေါ့။ နောက် ကမ္ဘာကြီး ပူနွေးလာတယ်ပေါ့။ အများကြီးပေါ့။ အဲဒီ အချက်အလက်တွေကြောင့် ရှေ့လာမယ့် အန္တရာယ်တွေအတွက်ကို ကြိုတင်ပြင်ဆင်ဖို့အတွက်ကို ဘယ်လိုများ တိုက်တွန်းချင်ပါလဲ။

မသိန္နီဦး ။ ။ ကျမတို့ မြန်မာနိုင်ငံမှာ ဆုံးရှုံးသမျှဟာတွေသည် ကာကွယ်ရေးဆိုတာကို မလုပ်လို့ ဆုံးရှုံးရတာပါ။ ရေမမျှောခင်၊ ရေမလာခင် ရေမမျှောအောင် ဘယ်လို လုပ်ရမလဲလို့ မစဉ်းစားဘဲနဲ့ ရေထဲမျှောတော့မှ ကောက်သင်းကောက်သလို အလောင်းလိုက်ကောက်တဲ့ အလုပ်ကိုပဲ လုပ်နေတယ်ဆိုတော့ အစိုးရရဲ့ ကာကွယ်ရေးအမြင်ကို ပြုုပြင်ဖို့ လိုပါပြီ။ ပြည်သူလူထုကို အမှန်တကယ် ကာကွယ်နိုင်သော၊ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်သော အစီအစဉ်တွေကို စနစ်တကျ ချမှတ်ပါ။ Evacuation တွေကို ရွာတိုင်းရွာတိုင်း။ ကျမတို့ နိုင်ငံတကာမှာဆိုရင် ထိုင်း ဆူနာမီရဲ့ နောက်ပိုင်းမှာဆိုရင် ရွာတိုင်းမှာ Shelter တွေ အဆင်သင့် ဆောက်ထားတယ်။ သဘာဝဘေးအန္တရာယ် ထုတ်ပြန်ကြေညာချက်တွေ အဆင်သင့်၊ အမြဲတမ်း အမှန်အတိုင်း ပြောတယ်ဆိုတော့ အစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာ အမြင်သည်၊ စစ်ရေးအမြင်ထက် ကျော်ပြီးတော့ ပြည်သူလူထုကို တကယ် ကာကွယ်နိုင်တဲ့ ကာကွယ်ရေးအမြင်မျိုး၊ ကာကွယ်ရေး စီမံချက်တွေ လုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ဒါတွေကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေကနေ ပွင့်လင်းမြင်သာစွာ သုံးစွဲဖို့ လိုပါတယ်။ နောက် ဒီ ကာကွယ်ရေးအမြင်တွေ၊ စီမံချက်တွေဟာ ကမ္ဘာကို ချပြဖို့တင် မဟုတ်ဘဲနဲ့ တကယ့်လက်တွေကျကျ လုပ်ဆောင်နိုင်တဲ့ ကာကွယ်ရေးအမြင်နဲ့ စီမံချက်မျိုး ဖြစ်ဖို့လိုတယ်။ အဲဒီ စီမံချက်တွေထဲက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အထူးသဖြင့် ဒေသခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးလုပ်ဖို့ လိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူအများကြီး တင်ပါတယ်။

XS
SM
MD
LG