သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဏုမြူစွမ်းအင်နဲ့ မြန်မာနိုင်ငံ


ရူပဗေဒပညာရှင် ဒေါက်တာကြည်သာမြင့်
ရူပဗေဒပညာရှင် ဒေါက်တာကြည်သာမြင့်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးပွဲ အစီအစဉ်မှာတော့ Nuclear အဏုမြူစွမ်းအင်ကို နိုင်ငံအကျိုးအတွက် ဘယ်လိုတွေ အသုံးချနိုင်လဲ မေးမြန်းထားတာကို တင်ဆက်ပေးမှာပါ။ မြန်မာနိုင်ငံမှာ Nuclear စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ဖို့ အလှမ်းဝေးနေသေးပေမယ့် ဆေးကုသတာနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ကဏ္ဍတွေမှာ Nuclear စွမ်းအင်ကို အသုံးချနေတာရှိတယ်လို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာန ပါမောက္ခ (ငြိမ်း) ဒေါက်တာကြည်သာမြင့် က VOA နဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောကြားသွားပါတယ်၊ ရန်ကုန် VOA ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက ဒေါက်တာကြည်သာမြင့် နဲ့ တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ဆရာမ။ ဆရာမအနေနဲ့ ရူပဗေဒဌာန တော်တော်လေး နှစ်ကြာကြာ လုပ်ခဲ့တယ်ဆိုတော့ လုပ်သက် အတွေ့အကြုံလည်း အများကြီး ရှိပါတယ်။ ဒီနေ့ ဆရာမနဲ့ ဆွေးနွေးချင်တဲ့အကြောင်းရင်းကတော့ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်လို့။ နျူကလီးယားစွမ်းအင်လို့ ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံ အတိုင်းအတာအနေနဲ့ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် ထုတ်ဖို့ကတော့ အလှမ်းဝေးနေပါသေးတယ်။ အဲဒီတော့ နျူကလီးယားစွမ်းအင်ကို တခြားဘယ်နေရာတွေမှာ အသုံးချနေလဲဆိုတာကို သိချင်ပါတယ်။

ဒေါ်ကြည်သာမြင့် ။ ။ ဆရာမအနေနဲ့ နျူကလီးယားစွမ်းအင်ကို တခြားနေရာတွေမှာ အရင်ကတည်းက အသုံးချနေပါတယ်။ ဗမာနိုင်ငံမှာလဲ အစိမ်းသက်သက် မဟုတ်ပါဘူး။ အဲဒါတွေကိုလဲ ပြောပြချင်လို့ပါ။ လူတွေကလည်း အားလုံးက အဏုမြူစွမ်းအင်ဆိုရင် လန့်စရာလို့ မြင်နေကြတယ်။ တကယ်ကတော့ သူကို ငြိမ်းချမ်းစွာ အသုံးချနေကြတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အဲဒါလေးတွေကို သိစေချင်လို့ လာပြီးတော့ ပြောပြတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အဏုမြူစွမ်းအင်ကို ကျမ နားလည်ထားတာကလည်း သုတေသနလုပ်ငန်းတွေ လုပ်ရင်နဲ့ ဆေးဘက်ဆိုင်ရာတွေမှာ အသုံးပြုနေတယ်လို့ နားလည်ထားပါတယ်။ အဲဒါလေးကို နည်းနည်းလေး ရှင်းပြပါလား။

ဒေါ်ကြည်သာမြင့် ။ ။ အဓိကတော့ ဆေးဘက်ဆိုင်ရာမှာတော့ ပထမဦးဆုံးကတော့ ဘယ်နေရာမှာ သုံးလဲဆိုရင်တော့ Radiotherapy - ဓါတ်ရောင်ခြည်ဆေးကုဌာန အဲဒီမှာတော့ ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ တောင်ကြီးစဝ်စံထွန်းဆေးရုံတွေမှာ ဓါတ်ရောင်ခြည်ဆေးကုဌာနတွေ ရှိပါတယ်။ အဲဒီမှာတော့ cobalt 60 အဲဒီကရတဲ့ cesium 137 တို့ကရတဲ့ ရောင်ခြည်တွေနဲ့ ကင်ဆာဝေဒနာရှင်တွေကို ကင်ဆာရောဂါကုဖို့အတွက် ဓါတ်ရောင်ခြည်ဆေးကုပေးပါတယ်။ အဲဒါအပြင် အပြင်မှာလည်း ရှိလာပါပြီ။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း အဲဒီ facilities တွေ ပေးလာနိုင်တဲ့ ဆေးရုံကြီးတွေ ရှိလာပါပြီ။ ဥပမာ ပင်လုံဆေးရုံကြီးမှာလည်း ဓါတ်ရောင်ခြည်ဆေးကုဌာန ရှိပါပြီ။ ရှိပြီးတော့ အခုနပြောတဲ့ Teletherapy အပြင်ကနေ ဆေးကုတာတင်မကဘဲနဲ့ တချို့ဟာတွေကြတော့ Brachytherapy ခေါ်တာပေါ့။ Iridium အပ်နဲ့ အတွင်းမှာရှိတဲ့ဟာတွေကို ကုတဲ့ဟာတွေလည်း ရှိပါတယ်။ နောက်တခုကြတော့ Nuclear medicine အဲဒါကြတော့ Isotopes တွေကို သုံးပြီးတော့ကုတာ။ အဲဒီ isotopes တွေကိုသုံးပြီး ကုတာကြတော့ Iodine-131 တို့ဆိုရင် သူကကြတော့ နှစ်ခုစလုံးရတယ်။ ဘာလဲဆိုရင် ရောဂါရှာတာကော၊ ကုတာကော။ Thyroid မှာဖြစ်တဲ့ ရောဂါတွေ ဘာတွေအတွက်ဆိုရင် ကျမတို့ Iodine နဲ့ကုတယ်။ တချို့ဟာတွေဆိုရင် Yttrium-90 တို့ Tc-99m ဘာတို့ကြတော့ ရောဂါရှာတာအတွက် localize လုပ်တာပေါ့။ အဲဒါကတော့ သက်ဆိုင်ရာ Organ အတွက် သက်ဆိုင်ရာအစိတ်အပိုင်းနဲ့ သင့်လျော်တဲ့ Source တွေနဲ့ ကုတာမျိုးတွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီလိုမျိုး ဓါတ်ရောင်ခြည်တွေကို ကိုင်တွယ်တဲ့နေရာမှာ ကိုင်တွယ်တဲ့ ဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု။ သူတို့အနေနဲ့ အန္တရာယ်မဖြစ်အောင်။ မလိုအပ်တဲ့ ဓါတ်ရောင်ခြည်မသင့်အောင်ဆိုတဲ့ ကြိုတင်ကာကွယ်တဲ့နည်းတွေ ရှိပါသလား။

ဒေါ်ကြည်သာမြင့် ။ ။ ရှိပါတယ်။ သူတို့အတွက် film badge ခေါ်တဲ့ဟာလေးတွေ တပ်ထားပါတယ်။ အဲဒီမှာ နောက်ပိုင်းတော့ သက်ဆိုင်ရာဌာနမှာ ပေးပို့ပြီးတဲ့အခါကြတော့ ဓါတ်ရောင်ခြည်က သတ်မှတ်ထားတဲ့ Limit အန္တရာယ်မပြုနိုင်တဲ့ Limit ထက်မကျော်အောင် အဲဒါတွေလုပ်တယ်။ နောက် တချို့စက်တွေမှာ TLD capsules တွေ ထည့်ထားပေးတဲ့အခါကြတော့ စက်ကထုတ်တဲ့ ရောင်ခြည်တွေက Limit ကို မလွန်အောင် လူတွေကို အန္တရာယ်မပြုနိုင်အောင် အဲဒါလေးတွေနဲ့ အမြဲတမ်းလိုလို Check လုပ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခုက ကျန်းမာရေးကဏ္ဍအပြင် စိုက်ပျိုးရေးနယ်ပယ်မှာလည်း နျူကလီးယားစွမ်းအင် အသုံးပြုတယ်လို့ ကြားဖူးလို့ပါ။

ဒေါ်ကြည်သာမြင့် ။ ။ အဲဒါကတော့ FAO နဲ့ သူတို့ စိုက်ပျိုးရေးသုတေသနတို့မှာ Gamma rays ဆိုတာ ရှိပါတယ်။ Mutation မျိုးအသစ်ထွန်းတာ။ မျိုးအသစ်ထွန်းတယ်ဆိုတာ ဥပမာ ရွှေဝါထွန်းတို့ ဘာတို့လိုပေါ့။ သူတို့က ဘာလဲဆိုတော့ အဲဒီမျိုးက ထွက်နှုန်းကောင်းရမယ်။ ရောဂါဒဏ်ကို ခံနိုင်ရမယ်ဆိုပြီးတော့ အဲဒီလိုမျိုးနဲ့ မျိုးအသစ်ထွန်းလိုက်တာပေါ့။ တချို့ဟာတွေကြတော့ ဥပမာ ဓါတ်မြေသြဇာကို ဘယ်လောက်စုပ်ယူနိုင်သလဲ ဆိုတာမျိုး Plant တွေကနေ။ အဲဒါတွေကြတော့ Phosphorus-32 ကလည်း ရေဒီယို Isotopes ပဲ။ သူက ရေဒီယိုသတ္တိကြွ။ အဲဒီ Phosphorus မြေသြဇာတွေထဲမှာ သူကို ရောထဲပြီးတဲ့အခါကြတော့ ဒီကောင်ကနေ ပြန်ပြီးတော့ Trace လိုက်တဲ့အခါကြတော့ ဘယ်လောက် လုပ်နိုင်သလဲဆိုတာကို အစွမ်းလုပ်နိုင်သလဲဆိုတာတွေကို ပြန်ပြီးတော့ Check လုပ်တာတွေလည်း ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ လယ်ယာစိုက်ပျိုးရေး သက်ဆိုင်ရာဌာနတွေနဲ့ ဆရာမတို့ ရူပဗေဒပညာရှင်တွေနဲ့ အဆက်အစပ် ရှိပါလား။

ဒေါ်ကြည်သာမြင့် ။ ။ အဆက်အစပ်ဆိုတာတော့ အမှန်ကတော့ ကိုယ်တွေကတော့ Research လုပ်တဲ့ဟာတွေနဲ့ ရောက်ဖူးတာပေါ့။ ရောက်ပြီးတော့ သူတို့ဆီက … ကို တောင်းပြီးတော့ စာရွက်စာတမ်းတွေကို တောင်းပြီး အကူအညီတောင်းဖူးပါတယ်။ နောက်တခုက Medical Field မှာ သုံးတာ Pacemaker မှာဆိုလဲ ဘယ်လိုမျိုး Source လိုလဲဆိုရင် Pacemaker က Power Supply က နည်းနည်းလေးပဲ 1 milliwatt လောက်ပဲ ပေးရတယ်။ ပေးရပြီးတဲ့အခါကြတော့ အကြာကြီးလည်း ခံမယ်။ ခဏခဏလည်း လဲလို့မရဘူးဆိုတော့ အဲဒါအတွက် Plutonium 239 နဲ့ အဲဒါမျိုးကို သက်တမ်းလည်း ရှည်တဲ့အခါကြတော့ အဲဒါလေးကို 1 milligram လောက်ပဲ ထည့်ထားအခါကြတော့ Battery တွေက ခဏခဏ လဲလို့မရဘူး။ အဲဒါလေးတွေနဲ့ လုပ်သွားတာပေါ့။ သူကနေ Power supply ပေးသွားတာပေါ့။ အဲဒီ Power supply မျိုးကို ဘယ်မှာလဲ သုံးလို့ရသလဲဆိုရင် Spaceship တို့ Space Prop တွေပေါ့။ အာကာသထဲမှာကြတော့ Power ပေးမယ်ဆိုရင် အဲဒီ Power ကို ချက်ချင်း Supply လဲလို့ မရဘူး။ လဲလို့မရတဲ့အခါကြတော့ အဲဒီထဲမှာလဲ များသောအားဖြင့် ရေဒီယိုသတ္တိကြွတဲ့ ပစ္စည်းထည့်ထားပြီး သူကနေထုတ်တဲ့ Energy နဲ့ power ပေးသွားတယ်။ နည်းချင်းကတော့ အတူတူပဲ။

ဒေါ်ခင်စိုးဝင်း ။ ။ Pacemaker ဆိုတာလဲ နှလုံးရောဂါသည်တွေ တပ်ထားတာပေါ့။ သမ္မတကြီး ဦးသိန်းစိန် Pacemaker တပ်ထားတယ်လို့ ကြားဖူးပါတယ်။

ဒေါ်ကြည်သာမြင့် ။ ။ ဟုတ်တယ်။ အဲဒါကတော့ ဘာနဲ့လုပ်လဲတော့ မသိဘူး။ တော်တော်များများကတော့ ရေဒီယိုသတ္တိကြွနဲ့ လုပ်ထားတာပါ။ နည်းနည်းလေး ထည့်ထားတော့ သူကထုတ်တဲ့ Alpha က Energy ရှိတယ်။ အဲဒီ energy နဲ့ သူက Power ပေးသွားတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ သူဟာသူ Recharge လုပ်နေတာပေါ့။

ဒေါ်ကြည်သာမြင့် ။ ။ Recharge လုပ်သွားပြီး နောက်ပိုင်း Decay ဖြစ်သွားတဲ့အခါကြတော့ အဲဒီကနေ Power ပေးနေတာပေါ့။ တခါတလေကြတော့ သူက သက်တမ်းကတော့ အမှန်မှာတော့ နှစ်ပေါင်း (၈၀) လောက် ရှိတယ်။ ဒါပေမဲ့ (၁၀) နှစ်တခါလောက်တော့ ပြန်လဲရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တော်တော်လေး ဗဟုသုတ ရပါတယ်။ တခါမှတောင် မကြားဖူးဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ နျူကလီယားစွမ်းအင်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ သုံးတာရှိပါသလား။

ဒေါ်ကြည်သာမြင့် ။ ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အရမ်းစိတ်ဝင်စားစရာ တခုပေါ့။ ကိုယ်လည်း သူများလုပ်တာ တွေ့ဖူးတာပေါ့။ သူက ဂျပန်နည်း။ ဘာလဲဆိုရင် Zoology ဌာနက ဆရာမတွေ လုပ်တာမြင်ဖူးတယ်။ သူတို့က ဘာလုပ်လဲဆိုရင် ဓါတ်ရောင်ခြည်ဌာနတို့ကို အကူအညီတောင်းပြီးတော့ လုပ်လို့ သွားတွေ့တာပါ။ သူတို့က ခြင်နှိမ်နှင်းရေးကို ဓါတ်ရောင်ခြည်နဲ့ ခြင်တွေကို အင်မတန်ပျော့တဲ့ dose ပေးလိုက်တယ်။ ပေးလိုက်တဲ့အခါကျတော့ နည်းနည်းလေး များသွားရင် ခြင်က သေသွားတယ်။ ဒါမှမဟုတ်ရင် တချို့ဆိုရင် အငွေ့တောင် ပျံသွားတယ်။ အဲဒီလိုမျိုး မဖြစ်စေဘဲနဲ့ ချိန်ပေးလိုက်ရင် အဲဒီခြင်က ဘာဖြစ်သွားလဲဆိုရင် မြုံသွားတယ်။ မြုံသွားတဲ့အကောင်ကို ခြင်တွေပေါတဲ့နေရာကို ထည့်လိုက်တယ်။ အဲဒီအခါ သူနဲ့ မိတ်လိုက်တဲ့အကောင်တွေလည်း မြုံသွားတယ်။ တချို့ကြတော့ first generation, second generation က မွေးတဲ့အကောင်တွေ အကုန်အမြုံတွေ ဖြစ်ကုန်တယ်။ အဲဒီလိုအားဖြင့် သတ်စရာမလိုဘဲနဲ့ သူဟာသူ မျိုးုတုန်းသွားတာပေါ့။ အဲဒါမျိုးဆိုတော့ ကိုယ်လည်း ငရဲမကြီးတော့ဘူးပေါ့။ အဲဒါကိုတော့ တော်တော်သဘောကျတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဏုမြူစွမ်းအင်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အသုံးချလို့ရတယ်။ နောက်ထပ် စားစရာတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး အသုံးတဲ့ပါသလဲ။

ဒေါ်ကြည်သာမြင့် ။ ။ တချို့ကတော့ Storage လုပ်တဲ့နေရာမှာ Preserve ကြာကြာခံအောင် လုပ်တဲ့နေရာမှာလဲ အဏုမြူရောင်ခြည် Mild ကို ပေးပြီးတဲ့အခါကြတော့ သက်တမ်းပိုပြီးတော့ အထားခံအောင် လုပ်တာပေါ့။ မှည့်တာတို့၊ ပုပ်သွားတာတို့ အဲဒါတွေကို သက်တမ်းပိုရှည်ရှည် ခံအောင်လို့ လုပ်ထားတာတွေလည်း ရှိပါတယ်။ ဒါကတော့ အသီးအနံှတွေ vegetables. တချို့ကြတော့ အသားတွေ ဘာတွေကို စင်ပေါ်မှာထားပြီးတော့ အဲဒါတွေကို Pack ထုပ်ပိုးပြီးတော့ အပြင်ကနေ ရောင်ခြည်ပေးလို့ရှိရင် အကြာကြီးခံအောင် လုပ်တာတွေလည်း ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒါ ဘယ်လို ရောင်ခြည်တွေများ သုံးပါသလဲ။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့။

ဒေါ်ကြည်သာမြင့် ။ ။ အစားအသောက်နဲ့ ပတ်သက်လို့ရှိရင်တော့ Gamma တော့ gamma ပဲ ဒါပေမဲ့ နည်းတယ်။ Energy လည်းနည်းတယ်။ Dose လည်း နည်းတဲ့ဟာမျိုး စွမ်းအင်လည်း နည်းတယ်။ ပေးတဲ့ Dose လည်း နည်းတဲ့ဟာမျိုးနဲ့ ပေးတာပါ။ တချို့ကလည်း ပြောကြတယ် Gamma ကို သုံးကြတာပေါ့။ ဘာကြောင့် gamma ကို သုံးကြသလဲဆိုတော့ gamma က ဖောက်ထွင်အား ကောင်းတဲ့အခါကြတော့ ကြာကြာမနေဘူး။ အပြင်ထွက်လာတာပေါ့။ Alpha တို့ ဘာတို့ကြတော့ အထဲထဲမှာပဲ နေပြီးတော့ မထွက်နိုင်တော့ဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာမ ဒီကို ရောက်တုန်းမှာ အရမ်းစိတ်ဝင်စားတဲ့ လူတိုင်းလူတိုင်း စိတ်ဝင်စားနေကြတဲ့ အကြောင်းအရာတခုကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ယူရေနီယမ် (Uranium) တွေ ထွက်နေပြီ။ မြန်မာနိုင်ငံက ယူရေနီယမ်တွေ ထွက်ပြီးတော့ သူဌေးဖြစ်တော့မှာဆိုပြီး အပြင်မှာ ပြောဆိုနေကြတာ။ ဟိုတလောကပဲ သူဌေးကြီးတယောက်က ယူရေနီယမ်တွေ ကျောက်တူးရင်နဲ့ တွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ယူရေနီယမ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ယူရေနီယမ် အတိုင်းအတာ ဘယ်လောက်လောက်များ ရှိတယ်လို့ ခန့်မှန်းပါလဲ။

ဒေါ်ကြည်သာမြင့် ။ ။ အဲဒါကတော့ ဗမာနိုင်ငံအနေနဲ့တော့ ကျမလည်း ဘယ်လောက်ထွက်မယ် ဘာညာဆိုတာတော့ မကြားဖူးပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်တုန်းက သပိတ်ကျင်းမြို့နယ်တွင်းမှာ တခါ ထွက်တယ်လို့ ကြားပါတယ်။ ရှာတဲ့လူက ဦးစံလင်း။ သူက သူ့ကုမ္ပဏီလေးနဲ့ သူ။ ပထမတုန်းက သူတို့က ရွှေရှာတာ။ ရလာတဲ့ရွှေကို သတ္တုတွင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး တရားဝင်လုပ်တာ။ သူက ၆၅ ရာခိုင်နှုန်း၊ ဝန်ကြီးဌာနက ၃၅ ရာခိုင်နှုန်း။ သူတို့ Joint Venture လုပ်ကြတယ်။ လုပ်ကြရင်နဲ့ တခေါက်မှာ သတ္တုတွင်းဝန်ကြီးဌာန နဲ့ သိပ္ပနဲ့ နည်းပညာဝန်ကြီးဌာနတို့ကို ပို့ပေးပြီးတဲ့အခါကြတော့ ဘာတွေပါလဲဆိုတာကို Check လုပ်တဲ့အခါကြတော့ တခေါက်မှာ အဲဒီအထဲမှာ သတ္တုတူးဝန်ကြီးဌာနကို ပို့ပြီးတဲ့အချိန်မှာ အဲဒီ နမူနာကို သတ္တုတွင်းဝန်ကြီးဌာနနဲ့ ညှိပြီးတဲ့အခါကြတော့ ပါကစ္စတန်က ကော်မတီတခုနဲ့ ချိန်မိသွားတဲ့အခါကြတော့ ဟိုကို နမူနာလေးတွေ ပို့လိုက်တယ်။ ပို့ထားတဲ့အချိန်မှာ ဟိုကနေ Sample ကို စမ်းလိုက်တဲ့အခါမှာ အဲဒီအထဲမှာ ရွှေအပြင်၊ Uranium, Titanium, Plutonium စသဖြင့် တော်တော်များများ ပါလာတယ်ဆိုပြီးတော့ အဖြေက ထွက်လာတယ်။ ဒီဖက်ကလည်း ထွက်လာတယ်။ ထွက်လာတဲ့အချိန်မှာ ပါကစ္စတန်ကလည်း အဲဒါကို ရသလောက်လိုချင်တယ်ဆိုပြီး ကမ်းလှမ်းတယ်။ နောက်ဆုံးတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက သူကို အကုန်လုံး ပိတ်လိုက်တယ်။ အဲဒါကို ဆက်ပြီးမလုပ်နဲ့။ ရထားတဲ့ဟာတွေ အားလုံးကိုလည်း အေလာကို ပို့ရမယ်ဆိုတာမျိုး ဖြစ်သွားတာကို ကြားဖူးပါတယ်။ ဘယ်လောက် Percentage တွေ ရှိသလဲ။ ဘာလဲညာလဲတော့ ထုတ်ပြန်လိုက်တာမျိုး မရှိပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ် ဆရာမ။

ဒေါ်ကြည်သာမြင့် ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG