သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကျွန်းသူရဲ့အလှူဒါန (အမျိုးသမီးများနေ့အထူး)


လေးကျွန်းသူဖောင်ဒေးရှင်
လေးကျွန်းသူဖောင်ဒေးရှင်
လေးကျွန်းသူရဲ့အလှူ
please wait

No media source currently available

0:00 0:11:32 0:00
တိုက်ရိုက် လင့်ခ်

မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းတွေ အများအပြားလုပ်ဆောင်တဲ့ အမျိုးသမီး စွမ်းဆောင်ရှင်တွေ၊ အဖွဲ့အစည်းတွေ အများအပြား ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေထဲကမှ အလှူဒါနလုပ်ငန်းတွေနဲ့ ကျော်ကြားတဲ့ လေးကျွန်းသူ ပရဟိတ ဖောင်ဒေးရှင်းအကြောင်း အထူးအစီအစဉ်အဖြစ် မခင်ဖြူထွေး က တင်ဆက်ထားပါတယ်။

မခင်ဖြူထွေး ။ ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ နာမည်ရနေတဲ့၊ အောင်မြင်ထင်ရှားနေကြတဲ့ အမျိုးသမီးတွေအကြောင်း၊ အမျိုးသမီးအဖွဲ့အစည်းတွေအကြောင်းကို ပြောကြမယ်ဆိုရင်တော့ လေးကျွန်းသူဖောင်ဒေးရှင်းဆိုတဲ့ ပရဟိတအလှူရှင်များအဖွဲ့ရဲ့ လုပ်ငန်းတွေအကြောင်းကိုတော့ ချန်ထားလို့မရပါဘူး။ ဒီလေးကျွန်းသူအဖွဲ့ကဆိုရင် သူတို့စတင်တည်ထောင်ခဲ့တာ လေးနှစ်တောင် မပြည့်သေးဘူးဆိုပေမယ့်လဲ ကာလတိုအချိန်အတွင်းမှာပဲ နာမည်ရလာတဲ့အဖွဲ့တခုပါ။ သူတို့ရဲ့ သဒ္ဒါတရားထက်သန်တဲ့ ပရဟိတစိတ်တွေကြောင့် နိုင်ငံတော်က ဂုဏ်ပြုတဲ့ ဂုဏ်ထူးဘွဲ့ဆောင်သူတွေ ဖြစ်ကြပါတယ်။

ဆွံ့အနားမကြား ကလေးငယ်များကို ကူညီပေးတာကစလို့ ရေဘေးကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ စာသင်တိုက်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းမှုတွေအဆုံး အလှူရေစက် လက်နဲ့မကွာ၊ ရက်ရောပေးကမ်းလှူဒါန်းလာခဲ့တာ လေးနှစ်နီးပါး ရှိလာပြီလို့ လေးကျွန်းသူတွေက ပြောပါတယ်။ မြန်မာ့လူမှု့အဖွဲ့အစည်းတွေအတွင်း ကူညီလိုအပ်တဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ လေးကျွန်းသူ ဦးဆောင်အဖွဲ့ဝင်တွေက ပြောပါတယ်။

လေးကျွန်းသူ ။ ။ ၂၀၁၅ သြဂုတ်လမှာ ရခိုင်မှာ ရေဘေးအကြီးအကျယ် ဖြစ်တယ်။ အန်တီတို့ ပထမဦးဆုံးထွက်တဲ့ ခရီးစဉ်မှာ လှူဒါန်းတဲ့ပစ္စည်းတွေ အကုန်လုံးက လေယာဉ်ပျံနဲ့ သယ်ရတာ။ အဲဒါတွေကို အကုန်ပို့တယ်။ ပြီးတော့ မော်တော်သင်္ဘောနဲ့ ပို့ရတယ်။ မော်တော်သင်္ဘော မဝင်နိုင်တဲ့နေရာကို လှေနဲ့သွားပြီးနောက် ခြေလျှင်လည်း လျှောက်ရသေးတယ်။ သူတို့ဒုက္ခရောက်နေကြပေမယ့် အန်တီတို့လာတယ်ဆိုတော့ နွေးထွေးကြတာပေါ့။ သူတို့စိတ်ထဲမှာ အားငယ်နေကြချိန်။

မခင်ဖြူထွေး ။ ။ အန်တီတို့ ပရဟိတလုပ်ငန်းတွေထဲမှာ ရခိုင်ခရီးစဉ်ကလည်း မှတ်မှတ်ရရတခုလို့ ပြောရမှာပေ့ါ။

လေးကျွန်းသူ ။ ။ အဲဒီလထဲမှာပဲ ဧရာဝတီတိုင်းကို သွားကြတယ်။ နောက် မကွေးတိုင်း အောင်လံကို ဆန်အိတ်တွေ လှူဒါန်းကြတယ်။ အန်တီတို့ အသင်းထဲမှာပါတဲ့ အောင်လံသူတွေ ရှိတယ်။ သူတို့ဒေသမှာလည်း မကြုံစဖူး မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်ပြီးတော့ ရေဘေးဒုက္ခ တွေ့ကြုံရတယ်။ အန်တီတို့ အဲဒီမှာ သွားလှူတယ်။ နောက် ဧရာဝတီတိုင်း ဟင်္သာတအုပ်စု တကယ့်ကို ရေဘေးထိခိုက်တဲ့ ကျေးရွာတွေအထိကို အကုန်လုံး ဘုန်းကြီးကျောင်းကအစ၊ ရပ်ကွက်တွေကို အန်တီတို့ Shelters တွေ လှူကြတယ်။ အဲဒီက စာသင်ကျောင်းတကျောင်းကို အသစ်လှူလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘုန်းကြီးကျောင်းတော့ ပြိုတော့မယ် အကုန်တက်စုပြီးတော့ နေကြတယ်။ သူတို့တွေမှာ နေစရာမရှိဘူး။ အဲဒီတော့ အန်တီတို့က စာသင်ကျောင်းလေးတခု လှူလိုက်တယ်။ ရေကျသွားတဲ့အချိန်မှာ အခုလိုမျိုး ရေတက်တဲ့အချိန်ကြတော့ သူတို့ရဲ့ နားခိုရာ Shelter လေးလို့ သုံးလို့ရတယ်။ အဲဒီမှာ အန်တီတို့ နှစ်ခုလှူတယ်။ နောက် အဖျောက်မှာ ကျောင်းတကျောင်း ထပ်လှူတယ်။

မခင်ဖြူထွေး ။ ။ လူ့အဖွဲ့အစည်းအတွင်းက ပညာရေး၊ ကျန်းမာရေး လိုအပ်တဲ့နေရာတွေမှာ လက်လှမ်းမိသမျှ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးပမ်းနေကြသလို၊ တခြားသော ပရဟိတအဖွဲ့တွေနဲ့လည်း လက်တွဲလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပရဟိတတွေ လုပ်ဆောင်နေကြတဲ့ အမျိုးသမီးများအနေနဲ့ လေးကျွန်းသူတွေအနေနဲ့လည်း ဘယ်လို စတင်ဖြစ်လာခဲ့ပါသလဲ။

လေးကျွန်းသူ ။ ။ အန်တီတို့ လေးကျွန်းသူဖောင်ဒေးရှင်းအနေနဲ့ ဖြစ်လာခဲ့တာ ကမ္ဘာအေးကုန်မြင့်မှာပါ -မဟာပါသာဏသာသနာလိုဏ်ဂူတော်ကြီးရဲ့ ဖွားဖက်တော် အဆောင်ကြီးလေးဆောင်ကို စပြီးပြင်ဆင်ခွင့်ရခဲ့တယ်။ အဲဒီပြင်ဆင်ခွင့်ရတဲ့အချိန်မှာ သိန်းနှစ်ထောင်ကျော်ကို အန်တီတို့ လှူဒါန်းနိုင်ခဲ့တယ်။ အဲဒီတုန်းက လေးကျွန်းသူအဖွဲ့ဆိုတာ မရှိသေးပါဘူး။ အဲဒီပြီးတဲ့အချိန်မှာ အန်တီတို့အဖွဲ့က ပရဟိတအသင်းလေးတဖွဲ့လုပ်ဖို့ အစီအစဉ်ရှိတာနဲ့ ဒီရဲ့နာမည်ကိုပဲ ယူလိုက်တာပါ။ အန်တီတို့ အသင်းအဖွဲ့ဟာ ဒီမိုကရေစီအသင်းပါ - အန်တီတို့မှာ တခုခုလုပ်မယ်ဆိုရင် အများဆန္ဒနဲ့ ဆုံးဖြတ်ကြတယ်။ အဲဒီတော့ ဒါလုပ်မယ်ဆိုရင် ဒါလုပ်ချင်တဲ့လူတွေကလည်း ရှိတယ်။ အဲဒီတော့ အန်တီတို့က ဒီမိုကရေစီ ဆန်တဲ့အတွက်လည်း သာသနာရေးလည်း လုပ်မယ်၊ ပရဟိတလည်း လုပ်မယ်ဆိုပြီ ဖြစ်လာခဲ့ပါတယ်။

မခင်ဖြူထွေး ။ ။ ဘာသာ၊ သာသနာ အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ရင် စတင်စုဝေးခဲ့မိကြတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လူမှု့အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ဖို့ လူထုအကျိုးပြု ပရဟိတအဖြစ်နဲ့ တရားဝင် ရပ်တည်လာခဲ့တာ ဖြစ်တယ်လို့ လေးကျွန်းသူနာယက ဒေါ်ပိုးဖြူက ပြောပါတယ်။

ဒေါ်ပိုးဖြူ ။ ။ အန်တီတို့က ဘာသာရေးလည်း တက်တက်ကြွကြွ ရှိသလို၊ ကျန်တဲ့ ပရဟိတ၊ လူမှုရေး၊ စီးပွားရေး၊ အမျိုးသမီးတွေရဲ့ ကဏ္ဍမှာလည်း အန်တီတို့က သူတို့ကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးဖို့။ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပြောင်းလဲမှုမှာလည်း ဘာပဲပြောပြော အမျိုးသမီးတွေရဲ့ ကဏ္ဍ၊ ကလေးသူငယ်တွေရဲ့ ကဏ္ဍ အရေးပါတဲ့ နေရာကပါအောင် အန်တီတို့ ကြိုးစားဆောင်ရွက်နေပါတယ်။

မခင်ဖြူထွေး ။ ။ စတင်ဖွဲ့စည်းချိန်မှာ အဖွဲ့ဝင်အယောက် (၃၀) ကျော်သာ ရှိခဲ့ပေမယ့်လဲ အခုအခါမှာတော့ အဖွဲ့ဝင် တစ်ရာကျော်အထိ ရှိလာခဲ့ပါပြီ။ စုစည်းညီညွှတ်တဲ့ ပရသိတ် ခိုင်မာအားကောင်းလာဖို့ ဘယ်လိုစိတ်ဓါတ်တွေနဲ့ ရပ်တည်လာခဲ့ကြတာပါ။ လေးကျွန်းသူဖောင်ဒေးရှင် ဥက္ကဋ္ဌ ဒေါ်မြသီတာ က သူတို့ရဲ့ စုစည်းမှုနဲ့ ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။

ဒေါ်မြသီတာ ။ ။ အန်တီတို့ အချက် (၃) ချက် အဓိကမြင်တာပေါ့ - ပထမတချက်က အန်တီတို့ဆီမှာပါတဲ့ အမျိုးသမီးတဦးချင်းဆီရဲ့ အရည်အချင်းတွေ။ အကုန်လုံးက စီးပွားရေးမှာ အောင်မြင်တဲ့ အမျိုးသမီးတွေ ဖြစ်ကြတယ်။ သူတို့နယ်ပယ်လောကမှာ သူတို့က Leading Role မှာ ရှိနေတယ်။ ဒါပေမဲ့ အဲဒီအပြင် အဖွဲ့အစည်းတွေမှာလည်း ပါကြတယ်။ အဲဒီတော့ သူတို့မှာ ပြောချင်တာက ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထလေးတွေ ရှိတာများတယ်။ ဒါလေးတွေကလည်း အန်တီတို့ရဲ့ အားသာချက်တခုပေါ့။

ဒုတိယတချက်ကတော့ အမျိုးသမီးတွေရဲ့ အားသာချက်ပါ။ ယောကျ်ားအသင်းအဖွဲ့တွေ အများကြီးရှိတယ်။ ဒါပေမဲ့ အန်တီတို့ အမျိုးသမီးတွေရဲ့ အားသာချက်က မွေးရာပါပဲပြောပြော အန်တီတို့က စိတ်ရှည်တယ်၊ သည်းခံတယ်။ ဘာပဲဖြစ်ဖြစ် ပြဿနာတခုခု တက်လာပြီဆိုရင် ဒေါသကို ရှေ့တန်းမတင်ဘဲနဲ့ အေးအေးဆေးဆေး၊ သွေးအေးစွာနဲ့ ဖြေရှင်းနိုင်တဲ့အတွက်ကြောင့် - ပြဿနာကတော့ ဘယ်အသင့်အဖွဲ့မဆို ရှိတာပဲ - ဒါတွေအားလုံးကို အန်တီတို့ အောင်မြင်စွာနဲ့ ကျော်လွှာနိုင်ခဲ့တယ်။ အမျိုးသမီးအသင်း ဖြစ်တဲ့အတွက် စိတ်ရှည်တယ်၊ သည်းခံတယ်၊ ဒါတွေကလည်း အားသာချက်တခုလို့ မြင်ပါတယ်။

နောက်ဆုံးတခုကတော့ ဘုရားဟောလည်း ရှိပါတယ်။ ယောနီသော မနသီကာယ - အန်တီတို့ပါတဲ့ လူတဦးချင်းက သူတို့ရဲ့ Career တွေလည်း မတူဘူး။ သူတို့ရဲ့ Background တွေ မတူဘူး။ သူတို့ကြီးပြင်းလာတဲ့ အနေအထားတွေက တယောက်နဲ့တယောက် မတူတဲ့အတွက် အမြင်အားဖြင့် မတူကြဘူး။ အမြင်မတူညီကြပေမယ့်လဲ ဒီကိစ္စတခုအပေါ်မှာ အန်တီတို့ အကောင်းမြင်စိတ်လေးနဲ့ ကြည့်လိုက်တဲ့အတွက် နောက်ဆုံး Solution ပဲဖြစ်ဖြစ်၊ Agreement ပဲဖြစ်ဖြစ် ရကြတယ်။ အဲဒါလဲ တကယ်အရေးကြီးတယ်။ ဘာပဲပြောပြော ကိစ္စတခုအပေါ်မှာ အကောင်းမြင် မရှိရင် အားလုံးက ပြဿနာတွေ။ ဒါလေးက အကောင်းမြင်တယ်။ သူဘာသာ အမြင်မတူပေမယ့် အကောင်းမြင်လေးနဲ့ ပြောတယ်ဆိုတော့ ဒီအမျိုးသမီးတွေ တစ်ရာကျော်နဲ့ အကုန်လုံးကလည်း လုပ်ငန်းရှင်တွေ၊ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ များတယ်။ ဒီကြားထဲမှာ Teamwork လေးကို မပျောက်မပျက်နဲ့ လက်တွဲသွားနိုင်တယ်ဆိုတာလေးက ဒီအဓိက အခြေခံ (၃) ချက်ကြောင့် ဖြစ်ပါတယ်။

မခင်ဖြူထွေး ။ ။ သူတို့အဖွဲ့ရဲ့ စုစည်းခိုင်မာမှုနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတာကို အနာဂတ်အမျိုးသမီးတွေအတွက် စံနမှုနာတခု ဖြစ်စေချင်တယ်လို့လည်း လေးကျွန်းသူတွေက ပြောပါတယ်။

လေးကျွန်းသူ ။ ။ အမတို့က စံပြဖြစ်ချင်တာ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကော ကိုယ့်မိသားစုထဲမှာရော ကိုယ့်နိုင်ငံကိုယ့်တိုင်းပြည်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ချင်တယ်။ အန်တီတို့အသင်းရဲ့ ရည်ရွယ်ချက်က ဒီလိုမျိုး အမျိုးသမီးကဏ္ဍ ပိုပြီးနေရာရဖို့တို့ ဘာတို့လဲ ပါတယ်။ ကိုယ့်ရဲ့ဓလေ့ရိုးရာ ထုံးတမ်းအစဉ်အလာတွေကိုလည်း တဘက်က ထိန်းသိမ်းတယ်။ တဘက်မှာလည်း တတ်အားသရွေ့ အမျိုးသမီးတွေရဲ့ Ability ဘယ်လောက်ရှိသလဲဆိုတာကို ပြချင်တယ်။ အမျိုးသားတွေနဲ့ နေရာတကာမှာ ရင်ဘောင်တန်းနိုင်တယ်ပေါ့။ ကာယ Strength က လွဲလို့ ကျန်တဲ့နေရာတွေမှာ ရင်ဘောင်တန်းပြီး လုပ်နိုင်တယ်။ အန်တီတို့ရဲ့ အရည်အချင်းတွေ ဘယ်လောက်ရှိတယ်ဆိုတာလဲ ပြချင်တယ်။ ဒီလိုမျိုး ဖြစ်မှသာ အန်တီတို့ နိုင်ငံမှာ အမျိုးသမီးတွေက တဝက်ကျော်ရှိပါတယ်။ အန်တီတို့က သူတို့တွေရဲ့ ရှေ့ဆောင်လမ်းပြ၊ စံနမူနာ - ဒါကြောင့် ဘာပဲပြောပြော Role Model တွေအနေနဲ့ အန်တီတို့ နေတာထိုင်တာ၊ သွားတာလာတာ အရင်ထက် ပိုတောင်ဂရုစိုက်ရတယ်။ အခုခေတ်က မီဒီယာခေတ် - ဘယ်နေရာဖြစ်ဖြစ် အန်တီတို့ လှုပ်ရှားမှုတွေကို Facebook တွေ၊ Online ကနေ အချိန်နဲ့တပြေညီ လာနိုင်တဲ့အတွက် သွားလာနေထိုင်မှုတွေ၊ ပွဲတက် ဝတ်စားမှုတွေကို ဆင်ခြင်လုပ်ကိုင် နေထိုင်ကြတယ်။

မခင်ဖြူထွေး ။ ။ မြန်မာနိုင်ငံလူဦးရေရဲ့ တဝက်လောက်ဟာ အမျိုးသမီးတွေပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ အောင်မြင်နေရာ ရနေကြတဲ့ အမျိုးသမီးတွေ အများအပြား ရှိနေကြပေမယ့် နိုင်ငံရဲ့ ဦးဆောင်ကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကတော့ လူဦးရေနဲ့ ယှဉ်လိုက်မယ်ဆိုရင် သိသိသာသာ အားနည်းနေဆဲပါ။ ဒါကြောင့် မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍ မြင့်တင်လာအောင် သူတို့အဖွဲ့အနေနဲ့ တတ်စွမ်းသမျှ အားပေးဆောင်ရွက်သွားချင်တယ်လို့လည်း လေးကျွန်းသူ ဦးဆောင်အဖွဲ့ဝင်တွေက ပြောပါတယ်။

လေးကျွန်းသူ ။ ။ အန်တီတို့ အသင်းရည်ရွယ်ချက်ထဲမှာ ပါသလို၊ မိခင်တွေ၊ ကလေးသူငယ်တွေ - အထူးသဖြင့် ကျေးလက်က (၇၀) ရာခိုင်နှုန်း ဖြစ်တယ်။ သူတို့တွေကို သူတို့ရဲ့ စီးပွားရေး - မိသားစုတစုမှာ အမျိုးသားက အလုပ်လုပ်တယ်ဆိုပေမယ့် အမျိုးသမီးက သူတို့လူမှု့ဘဝ ဖူးလုံရေးအတွက် သူတို့လည်း ဝင်ငွေရှာနိုင်တယ်။ အိုးမကွာအိမ်မကွာ အဲဒီလိုမျိုး လုပ်နိုင်တဲ့ လက်မှုပညာတွေ သင်ပေးဖို့ အစီအစဉ်တွေ ရှိတယ်။ ဒါမှလဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာတယ်။ အမြဲတမ်း Depend မှီခိုနေရတဲ့ ဘဝကနေ ကိုယ့်ဝင်ငွေ ကိုယ်ရှာနိုင်တယ်။ ကိုယ့်သားသမီးတွေကို ထိန်းကျောင်းနိုင်တယ်ဆိုတော့ - အဲဒီလိုမျိုးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာမယ်။ ကိုယ့်အရည်အသွေးကိုလည်း ပိုပြီးတော့ မြင့်တင်ပြီးတော့ လုပ်ပေးတဲ့ပုံစံဖြစ်အောင် အသက်မွေးကျောင်း Vocational Training Center တွေကို လုပ်ဖို့ အစီအစဉ် ရှိတယ်။ ကျေးရွာအထိ သွားပြီးတော့ သူတို့ကို Training လုပ်ပေးမယ့်အစား ကျေးရွာမှာ Community Center တွေ တည်ထောင်ပေးမယ်။ အဲဒီ Training Center မှာ Leading Model ဆရာမ ဆရာဖြစ်သင်တန်းလို့ အန်တီတို့က တိုင်းနဲ့ပြည်နယ်တွေက ခေါ်ပြီးတော့ လုပ်ပေးဖို့ရှိတယ်။ မနှစ်က … ဖောင်ဒေးရှင်နဲ့ သွားခဲ့တာ ရှိတယ်။ သွားခဲ့တော့ သူတို့ကလည်း သူတို့မျာ ကလေးသူငယ်နဲ့ လူငယ်တွေအတွက် ဆင်းရဲမှုမွဲတေမှု ပပျောက်ဖို့အတွက် သူတို့ နည်းဗျူဟာတွေ ချပြီးတော့ လုပ်ခဲ့တာ အရမ်းအောင်မြင်တယ်။ အဲဒီတော့ အန်တီတို့နိုင်ငံမှာလည်း Poverty Alleviation ကို တဘက်တနည်းကနေ လုပ်ပေးတယ်။ အမျိုးသမီးတွေကိုလည်း လက်တွဲပြီးတော့ ခေါ်ယူရာရောက်တယ်ဆိုပြီးတော့ အဲဒါကို အနှေးနဲ့အမြန် အကောင်အထည်ဖော်ဖို့ ရှိတယ်။ စင်တာတခုကို တည်ဆောက်ဖို့ ကြိုးစားအားထုတ်နေတယ်။

နိဂုံးသုံးသပ်ချက် ။ ။ မြန်မာနိုင်ငံဟာ ရက်ရောပေးကမ်းမှုမှာ ကမ္ဘာက မှတ်တမ်းတင်ရတဲ့အထိ အသိအမှတ်ပြုခံထားရတဲ့ နိုင်ငံပါ။ ဗြိတိန်အခြေစိုက် UK Charity Aid Foundation က နိုင်ငံပေါင်း (၁၄၀) ကျော်မှာ စာရင်းကောက်ယူပြီးတော့ ထုတ်ပြန်ထားတဲ့ အရက်ရောဆုံးနဲ့ စေတနာ အရှိဆုံး တိုင်းပြည်စာရင်းမှာ မြန်မာနိုင်ငံဟာ လက်ရှိထိပ်တန်း (၁၀) နိုင်ငံအတွင်းမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိဆိုရင် မြန်မာနိုင်ငံဟာ (၅) နှစ်ဆက်တိုက် အရက်ရောဆုံးနဲ့ စေတနာအရှိဆုံး နိုင်ငံစာရင်းရဲ့ ပထမနေရာမှာ ရှိခဲ့တာပါ။ ကိုယ်မသိတဲ့ လူစိမ်းတယောက်ကို ကူညီပေးတာ၊ ပေးကမ်းလှူဒါန်းတာနဲ့ လုပ်အားဒါနပြုတာစတဲ့ အချက် (၃) ချက်ကို ကြည့်ပြီးတော့ အရက်ရောဆုံးနဲ့ စေတနာ အရှိဆုံး တိုင်းပြည်စာရင်းကို ထုတ်ပြန်တာပါ။ ဒီလို မြန်မာနိုင်ငံရဲ့ ရက်ရောပေးကမ်းလှူဒါန်းမှုတွေထဲမှာ အမျိုးသမီးတွေရဲ့ အလှူဒါနတွေ အများအပြား ပါဝင်နေတယ်ဆိုတာကိုတော့ လေးကျွန်းသူအဖွဲ့က သက်သေအဖြစ် ပြနေတယ်ဆိုရင် မှားမယ်မထင်ပါဘူးရှင်။

XS
SM
MD
LG