သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းလဲလာမယ့် မြန်မာ့သတင်းမီဒီယာ


 ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံပိုင် မီဒီယာတွေအနေနဲ့ အစိုးရရဲ့ မူဝါဒနဲ့ သတင်းတွေ ထုတ်ပြန်ပေးရုံတင် မဟုတ်ဘဲနဲ့ အများပြည်သူတွေရဲ့ တုံ့ပြန်သဘောထားတွေကိုလည် အစိုးရနဲ့ သဘောမတူညီလဲ၊ အခါအားလျော်စွာ ဖော်ပြနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကို VOA ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း က နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ ဒီလိုမျိုး ဒီမိုကရေစီအစိုးရတရပ် တက်လာလို့ရှိရင် မရှိသင့်တော့ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ တကယ်တော့ စစ်အာဏာရှင်အစိုးရဖြစ်ဖြစ်၊ ဆိုရှယ်လစ်အစိုးရဖြစ်ဖြစ်၊ အဲဒီလက်ထက်မှာ ထားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနပေါ့။ အခုလိုမျိုး လူထုက ရွေးချယ်လိုက်တဲ့ ပြည်သူ့အစိုးရ တက်လာတဲ့အခါ ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်ပြီးထားရှိဖို့ ဘယ်လို ရည်ရွယ်ချက်နဲ့ ဆုံးဖြတ်ချက် ချဲခဲ့တာလဲ။ ဆရာ သိသလောက်လေး ပြောပြပါရှင့်။

ဦးဖေမြင့် ။ ။ ဆုံးဖြတ်ချက်ချတာကတော့ ကျနော် မဟုတ်ဘူး။ ကျနော် ထင်တာကတော့ ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်တွေကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလမှာပဲ ရှိနေသေးတယ်။ ဒီအချိန်ကာလမှာ အစိုးရတရပ်အတွက် သူတို့ရဲ့ လုပ်ငန်းကိုင်ငန်းတွေကို အများပြည်သူ အသိပေးဖို့အတွက် ပြန်ကြားရေးဌာန လိုအပ်နေသေးတယ်လို့ ယူဆတဲ့အတွက်ကြောင့် ဆက်ထားတယ်လို့ ကျနော် အဲဒီလိုပဲ သဘောပေါက်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အရင်ဝန်ကြီးတွေတုန်းက ပြောခဲ့တာ ရှိပါတယ်။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုပြီး ခေါ်တာ ရှိပါတယ်။ အဲဒီ အများပြည်သူ ဝန်ဆောင်မှု မီဒီယာကို ဝန်ကြီးအနေနဲ့ ဆက်ပြီး အကောင်အထည်ဖော်ဖို့ ရှိပါသလား။

ဦးဖေမြင့် ။ ။ သဘောအားဖြင့်တော့ ဆင်တူပဲ ဖြစ်မှာပေါ့။ အရင်တုန်းကပြောတဲ့ အများဝန်ဆောင်မှု မီဒီယာဆိုတာက ဥပဒေတွေ ပြဌာန်းပြီးတော့၊ ဘယ်လို ပုံသဏ္ဍာန် လုပ်မယ်ဆိုတာ အတိအကျတွေ ရှိတယ်။ တကယ်လက်တွေ့တော့ မလုပ်ဖြစ်သေးဘူး။ အခုလဲပဲ ကျနော်တို့က ဒီအစိုးရသစ်ရဲ့ မူဝါဒ သို့မဟုတ် သဘောထားက ပြည်သူကို မျက်နာမူတယ်ဆိုတဲ့ သဘောထား။ အဲဒီတော့ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ပြည်သူ့သဘောထား၊ ပြည်သူ့ဆန္ဒတွေကို အလေးထားပြီးလုပ်မယ်။ လုပ်တော့ ဒီပြန်ကြားရေးအနေနဲ့ လုပ်တဲ့အခါမှာ စောစောက ပြောသလို အစိုးရတရပ်အနေနဲ့ သူ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို အများသိအောင်အတွက် ပြန်ကြားပေးဖို့ ပြောဆိုဖို့အတွက် ဒီဌာနလိုတယ်။ ဒါကို ပြောခဲ့တယ်။ သို့သော် တချိန်တည်းမှာ ပြည်သူကို မျက်နာမူတဲ့ သဘောကြောင့် ကျနော်တို့သည် အစိုးရဘက်က သူပြောချင်တာတွေ ပြောနေတယ်။ သူသိစေချင်တဲ့ အချက်အလက်ပဲ ပေးတယ်။ သူ့မူဝါဒတွေကိုပဲ ဖြန့်ချီနေတယ်ဆိုတဲ့ သဘောမဟုတ်ဘဲနဲ့ အများပြည်သူဘက်ကနေ ပြန်လှန်ပြောဆိုချင်တဲ့ ကိစ္စတွေ၊ အများပြည်သူကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကနေ ဖွဲ့စည်းပေးလိုက်တဲ့ အစိုးရဖြစ်တော့က အများပြည်သူရဲ့ သဘောဆန္ဒတွေကို အများပြည်သူက အခါအားလျော်စွာ သို့မဟုတ် အခါမလပ် ပြောဆိုချင်တာတွေ ရှိနေချင်လဲ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ မီဒီယာတွေက ဖော်ပြပေးမယ်ဆိုတဲ့ သဘောထား။ ဒါ ကျနော်တို့ ပြည်သူကို မျက်နာမူတယ်ဆိုတဲ့ သဘောထားနဲ့။ ပြီးတော့ နောက်တခုက ဘာလဲဆိုတော့ အများပြည်သူကို အစိုးရပိုင်းရဲ့ မူဝါဒတွေ သဘောထားတွေကြီးပဲ အမြဲတမ်း ထည့်သွင်းပေးနေတာမျိုး သို့မဟုတ် အစိုးရက သိစေချင်တဲ့ဟာတွေကိုပဲ ပညာပေးတယ်ဆိုတဲ့သဘောနဲ့ ပြောနေတာမျိုး မဟုတ်ဘဲနဲ့ အများပြည်သူကြားမှာရှိတဲ့ အသိပညာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေသည် အစိုးရနဲ့ သဘောထားချင်း တူချင်မှတူမယ်။ မတူတဲ့ အယူအဆအမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့အယူအဆတွေ ပြောတာဆိုတာ ဝေဖန်ထောက်ပြတာတွေ ရှိရင်လဲ ဖော်ပြပေးဖို့။ ဒီနည်းအားဖြင့် ကျနော်တို့သည် အများပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုတဲ့ဟာမျိုးနဲ့ တထပ်တည်း မတူသည့်တိုင်အောင် ကျနော်တို့သည် ပြည်သူကို မျက်နာမူသည် အနေအထားနဲ့ အဲဒီလို ပြောင်းလဲသွားမယ့် သဘောတော့ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တဆက်ထဲမှာပဲ မြန်မာ့မီဒီယာလောကမှာ မီဒီယာဥပဒေတွေလည်း ပြဌာန်းပေးထားတာ ရှိပါတယ်။ ကျမတို့ VOA နဲ့ သက်ဆိုင်ဆုံးကတော့ Broadcast Media Law က ပြီးခဲ့တဲ့ သြဂုတ်လကနေ လွှတ်တော်ထဲကနေ အတည်ပြု ပြဌာန်းပြီးပါပြီ။ ဒါပေမဲ့ နည်းဥပဒေတွေကတော့ မထွက်သေးဘူးပေါ့။ အဲဒီ နည်းဥပဒေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဆရာ သိသလောက် ပြောပြပေးပါရှင့်။

ဦးဖေမြင့် ။ ။ Broadcast Media Law ဒါက ဘာဖြစ်သလဲဆိုတော့ ဥပဒေကတော့ အတည်ပြုလိုက်တယ်။ နည်းဥပဒေ ထွက်လာပြီးမှ အဲဒီ နည်းဥပဒေတွေကို ကျင့်သုံးပြီးတော့ ဆက်လက်ဆောင်ရွက်စရာ ရှိတာတွေကို ဆောင်ရွက်ရမှာပေါ့။ သို့သော် အခု အစိုးရအဖွဲ့ ပြောင်းလဲတဲ့အခါမှာ တချက်က ဝန်ကြီးဌာနတွေ ပြောင်းလဲမှုတွေလည်း ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကြတော့ ဒီအထဲမှာ ပြဌာန်းထားတဲ့ Broadcast Council Lawyer မျိုး ဖွဲ့စည်းပုံတွေကြတော့ အနေအထားတွေ နည်းနည်းပြောင်းလဲသွားတာတွေ ရှိတယ်။ နောက်တခုက ဒီထဲမှာ ဖော်ပြထားတဲ့ တချို့အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ထောက်ပြတာတွေလည်း အများကြီးရှိတယ်။ ဆရာမတို့လည်း သိမှာပဲ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့အကြောင်း စသည်ဖြင့် အစုံစုံရှိပါတယ်။ အဲဒီ ဝေဖန်ထောက်ပြတာတွေလည်း ရှိတဲ့အခါကြတော့ ဒါတွေကိုလဲ ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုနေတယ်လို့ မြင်ကြတယ်။ အဲဒီတော့ အချုပ်ပြောလို့ရှိရင် ဒီဥပဒေက ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်ဖို့ လိုနေတယ်လို့ အများက မြင်နေတာပေါ့။ မြင်တော့ ကျနော် ဒီနေရာရောက်တာ မကြာသေးဘူးပေါ့။ ဒီကြားထဲမှာ ရုပ်သံဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အခါမှာတော့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့အတွက် သုံးသပ်တယ်။ ဆွေးနွေးတဲ့ ဆွေးနွေးဝိုင်းတခု အရင်ဆုံး ပြုလုပ်ရမယ်။ ပြုလုပ်ပြီးတဲ့အခါမှာ အဲဒီအပေါ်က ရရှိလာတဲ့ အကြံပြုချက်တွေကို မူတည်ပြီးတော့ ဘယ်လိုအချက်အလက်တွေ ပြင်မယ်ဆိုတာကို လုပ်ရလိမ့်မယ်။ လုပ်ကိုင်ပြီးတဲ့အခါကြမှ နည်းဥပဒေ ဆက်ပြီးထွက်လာမယ်။ ထွက်လာတဲ့အခါ ဒီဥပဒေနဲ့အညီ ဆက်လက်ပြီး ကျင့်သုံးဆောင်ရွက်သွားမယ်။ ဒီလိုတော့ ယေဘုယျ နားလည်ထားမှုရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးစီးဌာနအသီးသီး - အရင်တုန်းကလဲ ဦးကျော်ဆန်လက်ထက်ကတည်းက ဝန်ကြီးဌာနအသီးသီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေကို သတ်သတ်မှတ်မှတ် မထားတဲ့အခါကြတော့ Access to Information သတင်းအချက်အလက်ကို တိတိကျကျ ရယူဖို့အတွက် အင်မတန်မှ ခက်ခဲမှု ရှိပါတယ်။ ဥပမာဆိုရင် တဖက်စောင်းနင်း သတင်းတွေပဲ ရေးတယ်လို့ပြောတော့ တဖက်ကပြောတာကိုပဲ ရေးရတာ။ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောတာဆိုတာ သိပ်ပြီးတော့ မရှိခဲ့တော့ အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ အဲဒီတော့ ဒီအစိုးရလက်ထက်မှာ အားလုံးက မျှော်လင့်ထားတာကတော့ ပိုပြီးပွင့်လင်းမြင်သာမှုလည်း ရှိလာမယ်။ ပိုပြီးတော့လည်း သတင်းအချက်အလက်တွေကို ထဲထဲဝင်ဝင် လက်လှမ်းမီအောင် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာ။ ဒါပေမဲ့ အခုအချိန်အထိ အစိုးရတက်တာ သိပ်လဲမကြာသေးပါဘူး။ တော်တော်လေးကို တချို့ဝန်ကြီးဌာနတွေကတော့ ရပါတယ်။ ဝန်ကြီးတွေကိုယ်တိုင်က လိုလိုလားလားပဲ လက်ခံပြီး ဖုန်းဖြေတယ်လူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့ ဝန်ကြီးဌာနတွေ အများကြီး ရှိပါသေးတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့် ရှိသူတွေ ထားပေးဖို့ အခြေအနေတွေ ထားပေးဖို့ ရှိပါသလား။

ဦးဖေမြင့် ။ ။ ကျနော်တို့ကလည်း ဒီအစိုးရအဖွဲ့အနေကလဲ လည်ပတ်တာ သိပ်ပြီးတော့ မကြာသေးဘူး။ မကြာသေးဘူးဆိုတော့ ဒီအကြောင်းအရာကို အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးထားတာတော့ မရှိသေးဘူး။ ခပ်စောစောက မိတ်ဆက်တဲ့ သဘောလောက်ပဲ ရှိတယ်။ ပြည့်ပြည့်စုံစုံ မဟုတ်ဘူးပေါ့။ ဝန်ကြီးတွေတချို့ တက်ရောက်တယ်။ အစည်းအဝေးတခုမှာတော့ ကျနော်ကတော့ ပြောဖူးတယ်။ ဒီသဘောကို။ ကျနော်ကလည်း မီဒီယာလောက က လာတဲ့လူဖြစ်တော့ အများပြည်သူက သိချင်တယ်။ သိချင်သလို ပြောဖို့လည်း လိုတယ်ဆိုတဲ့ အနေအထား။ အဲဒီမှာတုန်းက ပြောဆိုဖူးတာ ရှိတယ်။ ရှိတဲ့အလျှောက် ဆရာမပြောသလို တချို့ဝန်ကြီးတွေကလည်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့ဌာနရဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့အရာတွေကို ပြောချင်ဆိုချင်စိတ် ရှိတယ်လို့ ကျနော်က မြင်တယ်။ ဒါကြောင့်လဲ အင်တာဗျူးတွေ လက်ခံပြီးတော့ ဖြေနေကြတယ်။ သူကိုယ်တိုင်လည်း ပြောတယ်။ မေးရင်လဲ ဖြေမယ်ဆိုတဲ့ သဘောပေါ့။ အဲဒါတော့ တော်တော်များများမှာတော့ ရှိတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနတိုင်းမှာ ပြောရေးဆိုခွင့်ရှိသူ စသဖြင့် ထားပြီးတော့ ပုံမှန်ဆက်ဆံပြောဆိုနေဖို့ ဝန်ကြီးကိုယ်တိုင်ပြောဖို့တို့ အစီအစဉ်တွေကတော့ ကျနော်တို့ ဆက်လက်ပြီး ညှိနှိုင်းဆောင်ရွက်ရအုံးမယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ကျနော် ဆွေးနွေးဖူးတာတခုကတော့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲလိုဟာမျိုးတွေ ဌာနတွေအနေနဲ့ လုပ်ကြမယ်။ လုပ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ တိုင်ပင်တော့ အကြမ်းမျဉ်းအားဖြင့် နားလည်ကြထားတာတော့ ယေဘုယျလက်ခံလိုက်တာတော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနမှာပဲ သတင်းစာရှင်းလင်းပွဲမျိုးကို ပုံမှန် ဘယ်လောက်တကြိမ်၊ တလတကြိမ် စသဖြင့်ပေါ့ လုပ်မယ်။ လုပ်မယ့်အခါမှာ အဲဒီအချိန်ကာလမှာ နည်းနည်းလူစိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်နေတဲ့ ဝန်ကြီးဌာန နှစ်ခုသုံးခု စသဖြင့်ကို ဖိတ်ကြားပြီး ဝန်ကြီးဖြစ်စေ၊ အတွင်းဝန်ဖြစ်စေ အဲဒီလို ဖြေကြားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးက တွေ့ဆုံပြီး သတင်းသမားတွေနဲ့ တွေ့ပြီးတော့ မေးသမျှကို ဖြေမယ်ဆိုတဲ့ အနေအထားမျိုး အစီအစဉ်မျိုး လုပ်မယ်၊ လုပ်သင့်တယ်လို့ ကျနော် အကြံပေးတော့ ယေဘုယျအားဖြင့်တော့ လက်ခံထားတာရှိတယ်။ အဲဒါကို ကျနော်တို့ တကယ်စတင်ပြီးတော့ အကောင်အထည်ဖော် ဆက်ပြီးတော့ ညှိနှိုင်းပြီး လုပ်ရအုံးမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံတကာမှာ စာနယ်ဇင်းလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်တာ ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာပဲ မြန်မာနိုင်ငံရဲ့ အဆင့်က အခုထက်ထိ ကောင်းလာတဲ့အဆင့် မရှိသေးဘူး။ (၁၄၀) ကျော်မှာပဲ ရှိနေသေးတယ်လို့ ဖော်ပြထားတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောက - အခုဆိုရင် အတိုင်းအတာတခု လွတ်လပ်ခွင့်တော့ ရှိပါပြီ။ ဆင်ဆာတွေလည်း မရှိတော့ဘူး။ ဘာဖြစ်လို့ နိုင်ငံတကာက စာပေလွတ်လပ်ခွင့် မရှိဘူးလို့ သတ်မှတ်တယ်လို့ ဆရာ သုံးသပ်လို့ ရပါသလဲ။

ဦးဖေမြင့် ။ ။ ကျနော်တို့ တိုင်းပြည်မှာ အရင်တုန်းကတော့ လွတ်လပ်ခွင့်အဆင့်မှာ ပြီးခဲ့တဲ့နှစ်က (၁၄၃) (၁၄၄-၅) လောက်ရှိတယ်။ အခုတော့ ဂဏန်းသဘောအရ ပြောရင်တော့ …. တာပေါ့။ သို့သော် နည်းနည်းလေးတော့ တိုးတက်တဲ့သဘောတော့ ရှိပါတယ်။ အရင်တုန်းကတော့ အောက်ခြေမှာပဲ ရှိတာပေါ့။ အောက်ဆုံး (၁၀) လောက်မှာပဲ ရှိတယ်။ အဲဒီကနေ ဒီအဆင့်လောက်ကို ခုန်တက်လာတာတော့ အမှန်တော့ ပြီးခဲ့တဲ့နှစ်ကတည်းက ဆောင်ရွက်ခဲ့တဲ့ အနေအထားတွေကြောင့် ၂၀၁၂ မှာ ကျနော်တို့ စာပေစီစစ်ရေး ရုတ်သိမ်းပေးလိုက်တယ်။ Repressed Censorship ရုတ်သိမ်းပေးလိုက်တော့ အဲဒါနဲ့တင် ကျနော်တို့က တော်တော်ကြီးကို အဆင့်တက်သွားတယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ အတားအဆီးက ဘာတွေရှိနေသေးသလဲဆိုတော့ သတင်းသမားကို အရေးယူနိုင်တဲ့ တည်ဆဲဥပဒေတွေက ရှိနေသေးတယ်။ တချို့တည်ဆဲဥပဒေတွေက နည်းနည်းလေး တခြားတိုင်းပြည်တွေနဲ့စာရင် တင်းကြပ်တယ်။ ကြမ်းတမ်းသေးတဲ့ ဥပဒေတွေ ရှိနေသေးတယ်။ ဒါကို ဆရာမတို့လည်း သိပါတယ်။ တော်တော်များများ ရှိနေတယ်။ ဒီကြားထဲမှာ စာနယ်ဇင်းသမားကို အရေးယူရင် အဲဒီဥပဒေတွေနဲ့ အရေးယူနေတဲ့သဘော ရှိတယ်။ ရှိတော့ ဒီဥပဒေတွေကို လိုအပ်သလို၊ သင့်တော်သလို ပြင်ဆင်ဖို့၊ တချို့က ပယ်ဖျက်ရမယ့်ဟာတို့ စသဖြင့် ရှိတယ်။ အဲဒါတွေကို လုပ်ရင်ကိုင်ရင်နဲ့ အဲဒါတွေကို ပြောင်းလဲပြင်ဆင်နိုင်မှ ကျနော်တို့ လွတ်လပ်ခွင့်က ပိုပြီးတက်လာမယ်။ ကျနော်တို့ ပြောဆိုခွင့်၊ ရေးသားခွင့်ကတော့ ရှိနေတယ်။ သို့သော် ပေးထားလိုက်ပြီးနောက်မှာ စောစောက ဥပဒေတွေနဲ့ လိုက်ပြီးအရေးယူတဲ့အတွက်ကြောင့်မို့ ကျနော်တို့မှာ ပြန်ပြီးချုပ်လိုက်လို့ရှိရင်တော့ လွတ်လပ်ခွင့်က အကန့်အသတ် ဖြစ်သွားတာပေါ့။ အဲဒီတော့ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ တချက်လိုတယ်။ နောက်တခုက တရားဥပဒေ စိုးမိုးရေးမှာလဲ အဆင့်မြှင့်တက်လာဖို့ လိုသေးတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ဆက်စပ်နေတာကို။ Rules of Law ရှိဖို့ တရားစီရင်ရေးအပိုင်းမှာလဲ နည်းနည်းပိုပြီးတော့ သတင်းသမားကို သတင်းသမားရဲ့လုပ်ငန်းသဘောကို ပိုပြီးတော့ နားလည်သိမြင်ပြီးတော့ သတင်းသမားရဲ့ အနေအထားလည်း စဉ်းစားပေးတတ်တဲ့ တရားစီရင်ရေးမျိုးဖြစ်ဖို့ ဒါတွေလဲ လိုသေးတယ်လို့ မြင်တယ်။ စောစောက ဥပဒေတွေဆိုပါစို့ ဒီဥပဒေတွေကို ဥပဒေက တချို့ဥပဒေတွေက နိုင်ငံတကာ ဥပဒေတွေနဲ့ အတူတူလောက် ဖြစ်နေတာတွေလည်း ရှိတယ်။ သို့သော် ဒီဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုတာ၊ သုံးစွဲတာ အဲဒီနေရာတွေမှာတော့ တရားသူကြီးတွေရဲ့ အလေ့အကျင့်ပေါ်မှာ မူတည်ပြီးတော့၊ အစဉ်အလာ လုပ်ကိုင်လာတဲ့ပေါ် မူတည်ပြီးတော့ ကျနော်တို့ဆီမှာ နည်းနည်းတင်းကြပ်တာတွေ ရှိနေသေးတယ်။ ဒါတွေလဲ လျော့ပါးသွားအောင် လုပ်ဖို့လိုတယ်။ အဲဒါတွေ လျော့သွားရင်တော့ ကျနော်တို့ နိုင်ငံတကာ စာရင်းထဲမှာ စာနယ်ဇင်းလွတ်လပ်ခွင့်အဆင့် ဒီထက်ဒီထက်ပိုပြီး တက်လာမယ်လို့တော့ ကျနော်က မြင်တယ်။

XS
SM
MD
LG