ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူလူထုပါဝင်တဲ့ ရဲတပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ ချင်းပြည်နယ်ရဲမှုးကြီး မြင့်လွင်က ပြောဆိုပါတယ်။ ပြည်သူတွေကြားထဲက အခက်အခဲတွေ ပြဿနာတွေကို သိရှိဖြေရှင်းပေးနိုင်တဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့ နှစ်နဲ့ချီ အချိန်ကြာနိုင်သလို ရဲတပ်ဖွဲ့တွင်း အရည်ချင်းမြှင့်တင်ဖို့ လိုအပ်တယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ ချင်းပြည်နယ်ရဲမှုး ကြီးက ပြောကြားခဲ့တာပါ။ ချင်းပြည်နယ်ထဲ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်မှုတွေ၊ ရဲတပ်ဖွဲ့အတွင်း လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အကြောင်းကို VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက ချင်းပြည်နယ် ဟားခါးကို ရောက်ခဲ့စဉ် ချင်းပြည်နယ် ရဲမှုးကြီးမြင့်လွင်ကို တွေ့ဆုံပြီးမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ရဲမှုးကြီး။ ကျမတို့ ဗွီအိုအေ အမေရိကန်အသံကို အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ဦးမြင့်လွင် ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။ ဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ရဲမှုးကြီးအနေနဲ့ ချင်းပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ကြီးကြပ်တာဝန်ယူ ဆောင်ရွက်ရတယ်။ ဒီချင်းပြည်နယ်ကို ကိုယ်တိုင်လာတဲ့အခါကြတော့ လမ်းပန်ဆက်သွယ်ရေးက အတော်လေး ခက်ခဲပါတယ်။ ကျမ ရန်ကုန်ကလာတာ နာရီ (၃၀) ကျော် ကြာပါတယ်။ ဒီလောက် လမ်းပန်ဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်ကြီးမှာ တရားဥပဒေ စိုးမိုးဖို့ ရဲတွေကို တာဝန်ပေးတဲ့နေရာမှာ တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ကျမ သိချင်တာက ချင်းပြည်နယ်ကြီးတခုလုံးမှာ ရဲဌာန၊ ရဲစခန်းပေါင်း ဘယ်နှစ်ခုလောက် ရှိပါသလဲရှင့်။
ဦးမြင့်လွင် ။ ။ ကျနော်တို့ ချင်းပြည်နယ်က မြို့နယ်ပေါင်း (၉) မြို့နယ် ရှိပါတယ်။ (၉) မြို့နယ်အောက်မှာ သက်ဆိုင်ရာ ရဲစခန်း စုစုပေါင်း (၂၃) ခုကို ဖြန့်ခွဲထားတာပေါ့။ ရဲတပ်ဖွဲ့အင်အားဆိုရင် (၈၇၀) ခန့် ရှိတာပေါ့။ စခန်းလေးတွေ ပြည်သူကြားထဲမှာ တတ်နိုင်သလောက် ရဲကင်း၊ ရဲစခန်းလေးတွေ ဖွင့်ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေခဲ့တာ။ အခုန ပြောသလိုပဲ ကျနော်တို့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်တဲ့နေရာမှာ တောတောင်ထူထပ်ပြီးတော့ လမ်းပန်ဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ရဲတပ်ဖွဲ့ဝင်များအဖို့ နယ်မြေတခုလုံးကို တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး ဆောင်ရွက်ရတာ အခက်အခဲတွေတော့ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒီမှာ ချင်းပြည်နယ်ရဲ့ လူဦးရေ ဘယ်လောက်လောက် ရှိပါလဲ။
ဦးမြင့်လွင် ။ ။ ချင်းပြည်နယ်ရဲ့ လူဦးရေ က တရားဝင်စာရင်းအရဆိုရင် (၅) သိန်းခန့်ရှိတယ်လို့ လဝက စာရင်းအရ ကျနော်တို့ သိရပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ရဲအရာရှိတွေ နဲ့ ရဲအင်အား အချိုးညီပါရဲ့လားရှင့်။
ဦးမြင့်လွင် ။ ။ လူဦးရေးအရတော့ သိပ်ပြီးတော့ အချိုးအစားအရ သိပ်မကွာပါဘူး။ သို့သော်လဲ ကျနော်တို့က နေထိုင်မှု၊ လူနေသိပ်သည်းမှုက သိပ်ကျဲပါးနေတာပေါ့။ နောက် လမ်းပန်ဆက်သွယ်ရေးလည်း ခက်ခဲတယ်။ လူဦးရေ အချိုးအစားအရ အခက်အခဲ မရှိပေမယ့် သွားရေးလာရေး ခက်ခဲရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်အင်အားက အခုလက်ရှိ အင်အားထက် ပုံမှန်ဖွဲ့စည်းပုံအရဆိုရင် တဝက်လောက် လိုနေသေးတာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှုးကြီး လက်ရှိဆောင်ရွက်နေတဲ့အထဲမှာ အားရပါးရရှိတဲ့ အပိုင်းလေးများ ပြောပြလို့ရမလားရှင့်။
ဦးမြင့်လွင် ။ ။ ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးနေရာမှာ တကယ်တမ်းကြတော့ ကျနော်တို့ ရဲတပ်ဖွဲ့တခုတည်း တာဝန်ရှိတာ မဟုတ်ဘူး။ လူမှု့အဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူတွေကြားထဲမှာ တရားဥပဒေ စိုးမိုးရေးကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ ပြောရရင်တော့ ဘာသာရေးအဖွဲ့အစည်းတွေကလည်း တရားဥပဒေ စိုးမိုးရေးအပိုင်းတွေမှာ အထောက်အကူပြုပါတယ်။ ဥပမာ ပြောရရင်တော့ ကျနော်တို့ ချင်းပြည်နယ်မှာ ယခင်တုန်းကတော့ အရက်သေစာ ရောင်းစားမှုနဲ့ သောက်စားမှုတွေ များပြားခဲ့တယ်။ အခုနောက်ပိုင်း လွန်ခဲ့တဲ့ ဆယ်စုလောက်ကစပြီးတော့ အရက်ရောင်းစားမှုနဲ့ သောက်စားခွင့်တွေ သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်တွေက တတ်နိုင်သမျှ တားမြစ်တဲ့အခါကြတော့ တော်တော်များများ လျှော့ကျသွားတဲ့အတွက် အရက်ကြောင့် ဖြစ်ပေါ်လာတဲ့ မှုခင်းတွေက တော်တော်ကျဆင်းသွားခဲ့တယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ရဲအင်အား တတ်နိုင်သမျှ နည်းနေတယ်ဆိုပေမယ့်လဲ ပြည်သူတွေ ရပ်ရွာအခြေပြု လူမှု့အဖွဲ့အစည်းတွေက ပေါင်းစပ်ထားတဲ့ တရားဥပဒေ စိုးမိုးရေးစနစ်ကို တည်ဆောက်ထားတဲ့အတွက် ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ နောက်တခု ကျနော်တို့ ချင်းပြည်နယ်ကြီးက လူဦးရေး နည်းပါးပြီးတော့မှ ကျယ်ပြန့်တဲ့ ပြည်နယ်ကြီး ဖြစ်နေတဲ့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်မယ့် ရဲလုပ်ငန်း။ အဲဒါကို ကျနော်တို့ အကောင်းအထည်ဖော် ဆောင်ရွက်လျှက် ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မူးယစ်ဆေးဝါး နှိမ်နင်းရေးအပိုင်းမှာ ချင်းပြည်နယ်ရဲ့ အခြေအနေလေး သိပါရစေရှင့်။
ဦးမြင့်လွင် ။ ။ မူးယစ်ဆေးဝါး သုံးစွဲတဲ့ဓလေ့ကတော့ မရှိပါဘူး။ သို့သော်လဲ မူးယစ်ဆေးဝါးကို ပီကာဆာလို့ခေါ်တဲ့ မူးယစ်ဆေးဝါး ထုတ်နိုင်တဲ့ တဘက်နိုင်ငံက ချောင်းဆိုးပျောက်ဆေးတွေ အဲဒါတွေက ကျနော်တို့ ချင်းပြည်နယ် တချို့ဒေသတခုကို ဖြတ်သန်းပြီးတော့မှ ကလေးဒေသကတဆင့် တဘက်နိုင်ငံအထိကို ပို့ဆောင်တဲ့လုပ်ငန်း တချို့လွန်ခဲ့တဲ့ လေးငါးနှစ်က ရှိခဲ့ပါတယ်။ သို့သော်လဲပဲ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေ ကျနော်တို့ ကောင်းစွာနှိမ်နင်းနိုင်ခဲ့တယ်။ ပြည်သူတွေကိုလည်း ပညာပေးနိုင်တဲ့အခါကြတော့ အခုအချိန်မှာတော့ မူးယစ်ဆေးဝါး အသုံးပြုနိုင်တဲ့ ပီကာဆာတွေ ဖြတ်သန်းရောင်းဝယ်မှုတွေကတော့ တော်တော်များများ ရာနှုန်းပြည့်နီးပါးတော့ ရပ်ဆိုင်းသွားပြီလို့ သိရပါတယ်။ နောက်တခုကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ထပ်ပြီးပြောရရင်တော့ ဘိန်းစိုက်ပျိုးမှု တွန်းဇံမြို့ထဲမှာ လွန်ခဲ့သော (၁၅) နှစ်ခန့်ကနေ စတင်ပြီးတော့ စိုက်ပျိုးထုတ်လုပ်မှုတွေ ရှိခဲ့တယ်။ အဲဒါကလဲ တွန်းဇံမြို့နယ်ဆိုတာ ချင်းပြည်နယ်ရဲ့ မြောက်ဖြားမှာ ရှိပါတယ်။ လမ်းပန်ဆက်သွယ်ရေးက အလွန်ခေါင်းပြီးတော့မှ တောတောင် တအားထူထပ်ပါတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ ပြင်ပက စီးပွားရေးလုပ်ငန်းရှင်တချို့က ဒေသခံတွေကို စည်းရုံးပြီးတော့ ဘိန်းစိုက်ပျိုးမှုတွေကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်ကနေ တစစ စိုက်ပျိုးလာခဲ့ပါတယ်။ သို့သော်လဲ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပေါင်းစပ်ပြီးတော့မှ ဒီ (၂) နှစ်အတွင်းမှာတော့ ထိထိရောက်ရောက် ဘိန်းခင်းတွေ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ရာနှုန်းအားဖြင့် ပြောရရင်တော့ (၉၀) ရာခိုင်နှုန်းအကျော်အထိ ဖျက်ဆီးနိုင်ခဲ့တယ်။ မနှစ်ကတော့ ဧက (၆၈၀) ဖျက်ဆီးနိုင်ခဲ့တယ်။ ဒီနှစ် ဖျက်သိမ်းတဲ့ရာသီမှာတော့ (၆၃၀) ခန့် ဖျက်သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ (၉၅) ရာခိုင်နှုန်းလောက်တော့ ခန့်မှန်းပါတယ်။ ဘိန်းစိုက်ပျိုးမှုကိုတော့ တတ်နိုင်သမျှ နောက်ထပ် (၅) နှစ် စီမံကိန်းအတွင်းမှာတော့ ချင်းပြည်နယ်မှာတော့ အမြစ်ပျက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဘိန်းအစားထိုး သီးနံှစိုက်ပျိုးဖို့ကို စီစဉ်ပေးထားတာ ရှိပါလားရှင့်။
ဦးမြင့်လွင် ။ ။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က Local government ကိုတော့ တင်ပြထားတာ ရှိပါတယ်။ လာမယ့် ရာသီတွေမှာတော့ ဘိန်းစိုက်တောင်သူတွေရဲ့ နစ်နာမှုတွေ ရှိခဲ့တယ်။ အစားထိုးသီးနံှတွေ စိုက်ပျိုးဖို့အတွက်ကို အစိုးရက ချင်းပြည်နယ်အစိုးရ အစီအစဉ်နဲ့ ပံ့ပိုးမှုတွေ စတင်ဆောင်ရွက်မယ်လို့တော့ သိရပါတယ်။ သို့သော်လဲ ကျနော်တို့က UNODC နိုင်ငံတကာ အကူအညီတွေတော့ ကျနော်တို့ဆီ ရောက်မလာသေးဘူး။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးဆိုတာကတော့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့တခုတည်းနဲ့ တားဆီးနှိမ်နင်းရေးတခုတည်းနဲ့ ဆောင်ရွက်လို့ မရနိုင်ဘူး။ Follow up လုပ်ရမှာကတော့ ပညာပေး လုပ်ငန်းတွေ၊ အသက်မွေးဝမ်းကြောင်း ပညာတွေ၊ အလုပ်အကိုင် ရရှိရေးတွေ၊ ဘိန်းအစားထိုး စိုက်ပျိုးရေး သီးနံှတွေ စိုက်ပျိုးတဲ့ လုပ်ငန်းစဉ်တွေ Process ကြီး တခုလုံးက ဟန့်ချက်ညီမှပဲ ဖြစ်မှာပါ။ ဒါကိုလဲ ကျနော်တို့ တင်ပြဆောင်ရွက်နေပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခု ကျမ သိချင်တာက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် - ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ Transitional အသွင်ကူးပြောင်းရေးကာလမှာ ပြည်သူ့ရဲတပ်ဖွဲ့ကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်နေတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်နေတဲ့အခါမှာ နိုင်ငံတကာ အကူအညီတွေနဲ့ အထူးသဖြင့် EU ဥရောပသမဂ္ဂကနေ ပြည်သူ့ရဲတွေကို မွမ်းမံသင်တန်းတွေပေး၊ ပြည်သူ့ရဲတွေကို အဓိကရုဏ်း ထိန်းတဲ့နေရာမှာ ဘယ်လိုမျိုး နည်းစနစ်တွေ သုံးရမယ် စသဖြင့် ပညာပေးသင်တန်းတွေ ပေးနေတယ်ဆိုတာကို သိရပါတယ်။ ရဲမှုးကြီးတယောက်အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအပေါ် ဘယ်လိုများ သုံးသပ်လို့ရပါလဲ။
ဦးမြင့်လွင် ။ ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့တဲ့နေရာမှာ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာ အရှိန်အတော်အသင့် ရလာပြီလို့ ယူဆပါတယ်။ ဒီကြားမှာ EU အစီအစဉ်နဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ပံ့ပိုးကူညီမှု အစိတ်အပိုင်းကလည်း ထိရောက်တယ်လို့ သုံးသပ်ပါတယ်။ EU ကတော့ (၁၈) လတာ လေ့ကျင့်မှုတွေ ဆောင်ရွက်ပေးပါတယ်။ သို့သော်လဲ EU က ဆောင်ရွက်နေတဲ့အပိုင်းမှာ အတိုင်းအတာတခုတော့ ရှိပါတယ်။ ရဲတပ်ဖွဲ့တခုလုံးကို တာဝန်ယူပြီးတော့ ချက်ချင်းပြုုပြင်ပြောင်းလဲနိုင်ဖို့ အချိန်လည်း လိုပါတယ်။ ငွေလည်း လိုပါသေးတယ်။ သူတို့ Project တွေလဲ ရှိပါလိမ့်မယ်။ ကျနော်တို့ကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေပေါ်မှာ EU တခုတည်းကို အားကိုးနေရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့ Police reform ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရဲတပ်ဖွဲ့ အစီအစဉ်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်း။ အဲဒါကို အကောင်အထည်ဖော်ပြီးတော့ တကယ်တမ်း ပြည်သူထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ၊ ပြည်သူ့အခက်အခဲတွေကို ရဲတပ်ဖွဲ့က ရင်းရင်းနှီးနှီး ရှိအောင်လို့ ပြည်သူကြားထဲရောက်သွားအောင် လိုတာပါ။ ပြည်သူကို ပညာပေးဖို့ လိုတာပါ။ အဲဒီလို လုပ်နိုင်ဖို့ ကျနော်တို့ လက်ရှိ ရဲတပ်ဖွဲ့တခုလုံးကို အရည်အချင်းမြှင့်တင်နိုင်ဖို့ လိုပါသေးတယ်။ EU အစီအစဉ်နဲ့ သင်တန်းတွေ ပေးနေသလို ကျနော်တို့ ရဲတပ်ဖွဲ့ အစီအစဉ်နဲ့လည်း ဒီသင်တန်းတွေ ပေးနေပါတယ်။ အဲဒီတော့ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေက အတိုင်းအတာတခုအထိတော့ အောင်မြင်ခဲ့ပြီလို့ သုံးသပ်လို့ ရပေမယ့်လဲ ရာနှုန်းပြည့်တော့ ဆက်ပြီးတော့ နှစ်များစွာ ကျနော်တို့ ရဲတပ်ဖွဲ့ကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ ဆက်ပြီးတော့ တောက်လျှောက်လုပ်သွားရမယ်လို့ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု လတ်တလော ဖြစ်သွားတဲ့ ကျောင်းသားသပိတ်ကိစ္စ။ အဲဒီမှာ နှစ်ဘက်စလုံး ပင်ပန်းကြတယ်။ ရက်တွေလည်း အကြာကြီး။ ရဲတွေဘက်ကလည်း ထမင်းမစား၊ ဟင်းမစား၊ ညအိပ်ရေးပျက်ခံပြီး လုပ်ခဲ့ကြတယ်။ ကျောင်းသားတွေဘက်ကလည်း စိတ်ရှည်သည်းခံပြီးတော့ စောင့်ခဲ့ကြတယ်။ ဒါပေမဲ့လဲ မမျှော်လင့်ဘဲနဲ့ မဖြစ်သင့်တာတွေ အဓိကရုဏ်းသဖွယ် ဖြစ်သွားခဲ့တယ်။ ဒီလိုမျိုး ရဲတပ်ဖွဲ့တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့အခြေအနေမှာ ဒီလို ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ရဲမှုးကြီးတယောက်အနေနဲ့ ဘယ်လိုမြင်ပါလဲရှင့်။
ဦးမြင့်လွင် ။ ။ ကျနော်တို့ နယ်မြေတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ တွေ့မြင်ကြားသိနေရပါတယ်။ တဘက်ကလဲ အစိုးရတာဝန်ရှိသူတွေက တတ်နိုင်သမျှ ထိန်းထိန်းကျောင်းကျောင်းနဲ့ ရဲတပ်ဖွဲ့ကလဲ အဆင့်များစွာနဲ့ သည်းခံလိုက်လျောပြီးမှ တတ်နိုင်သမျှ low profile နဲ့ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေစဲဖြစ်တယ်လို့ ယုံကြည်ယူဆပါတယ်။ ကျောင်းသာားတွေဘက်ကလဲ အခုနပြောတဲ့ နိုင်ငံတော်အကြီးအကဲတွေက တွေ့ဆုံဆွေးနွေးပွဲတွေ လွှတ်တော်မှာလည်း တွေ့ဆုံဆောင်ရွက်နေတဲ့အဆင့်ကို မစောင့်နိုင်ဘဲနဲ့ ဒါကို ဖောက်ထွက်ပြီးတော့။ ထိန်းသိမ်းထားတယ်ဆိုတာလဲ ကျောင်းသားလူငယ်တွေကို ပြဿနာတွေ မဖြစ်ပွားအောင် ယာယီခေတ္တ တားဆီးထားတဲ့ သဘောပါ။ အခုတော့ တဘက်ကလဲ အတင်းထွက်လာတဲ့အခါမှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းတဲ့အခါမှာ အထိုက်အလျောက်တော့ ရုန်းရင်းဆန်ခတ်ပုံစံလေးတော့ ကျနော်တို့ ယူဆပါတယ်။ ယာယီထိန်းသိမ်းထားတဲ့ ကလေးတွေကိုလည်း မိဘရပ်ထံတွေကို ကျနော်တို့က သားသမီးတွေလို သဘောထား မိဘတွေဆီကို ပြန်အပ်ပေးတဲ့အတွက် လတ်တလော အခြေအနေကတော့ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားမယ်လို့ ယုံကြည်ယူဆပါတယ်။ သို့သော်လဲ ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ် ပြည်သူလူထုကတော့ မိမိတို့ရဲ့ ဒီမိုကရေစီလမ်းစဉ်အရတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကတော့ ရှိပါတယ်။ ဒါကိုလဲ ကျနော်တို့က ခွင့်ပြုဖို့ အစီအစဉ်တွေလဲ ရှိနေပါတယ်။ အကန့်အသတ်နဲ့တော့ ရှိတာပေါ့။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တယ်ဆိုတာလဲ အများပြည်သူကို ထိခိုက်စေတဲ့ ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ မဖြစ်အောင် တတ်နိုင်သမျှ ထိန်းကျောင်းပြီးတော့ ဆောင်ရွက်ပေးဖို့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပါ။
ဒေါ်ခင်စိုးဝင်း ။ ။ ရဲတပ်ဖွဲ့က အမြဲတမ်းရေးထားတယ် ကူညီပါရစေ စာတမ်းလေးအတိုင်းပေါ့။ လူထုက လိုအပ်တဲ့အခါ ကူညီသင့်တယ်လို့ အားလုံးက ယူဆကြတာပေါ့။ ဒါပေမဲ့ အခုလို မဖြစ်သင့်တာလေးတွေ။ အင်အားမသုံး မရိုက်သင့်တာလေးတွေ ရိုက်လိုက်မိတာမျိုး ဒါကတော့ အားလုံးက လူသားအချင်းချင်းဆိုတော့ စိတ်အခက်မသင့်တာလေးတွေ ရှိမှာပေါ့။ အများအမြင်မှာတော့ ရဲတွေက နံပတ်တုတ်တွေနဲ့ ရိုက်တယ်။ ကျောင်းသားတွေ အရိုက်ခံရတယ်လို့ ဖြစ်ကြတာ။ အဲဒီလိုမျိုးလေး မဖြစ်အောင် ရဲမှုးကြီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါလဲရှင့်။
ဦးမြင့်လွင် ။ ။ တတ်နိုင်သမျှတော့ ကျနော်တို့က ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ကျောင်းသားလူငယ်တွေကို ကျနော်တို့က ထိန်းထိန်းကျောင်းကျောင်းလေးနဲ့ ဖြစ်စေချင်တာ။ ဆန္ဒပြရင်လဲ သူ့ရဲ့ အတိုင်းအတာလေးနဲ့ ပတ်ဝန်းကျင်လည်း အန္တရာယ်မဖြစ်အောင် ကျနော်တို့က လုံခြုံမှုလည်း ဆောင်ရွက်ပေးချင်ပါတယ်။ နောက်တခုက ရဲတပ်ဖွဲ့ဝင် အပိုင်းမှာလဲ ဒီလို crowd management ကိုတော့ EU အစီအစဉ်နဲ့ လေ့ကျင့်သင်ကြားပေးမှုတွေ ရှိပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အငယ်ပိုင်းမှာ တချို့တွေရဲ့ လုပ်နည်းကိုင်နည်း တဦးစနှစ်ဦးစကတော့ ရှိနိုင်တယ်လို့ ထင်ပါတယ်။ လူစုလူဝေနဲ့ ကိုင်တွယ်ထိန်းသိမ်းတဲ့အခါမှာ တဘက်နဲ့တဘက် အားစမ်းကြတဲ့အခါမှာ နည်းနည်း ကျနော်တို့ ရဲတပ်ဖွဲ့တချို့ ဒေါသအလျောက် ကြမ်းတမ်းသွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒါကလဲ ဂျာနယ်တွေ၊ မီဒီယာတွေ ဖော်ပြနေတာကို တွေ့နေရပါတယ်။ အကောင်းမွန်ဆုံး ထိန်းသိမ်းနည်းကိုတော့ ကျနော်တို့ လေ့ကျင့်ပြုစုပျိုးထောင်ထားပေမယ့် အသားမကျသေးဘူး။ Crowd management ကို သိပ်ပြီးအသားကျအောင် လက်တွေ့ကျင့်သုံးတဲ့အပိုင်းတွေမှာ အခုမှ စတွေ့ရတဲ့အနေအထားလေးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆန္ဒပြမှုတွေ၊ ကျောင်းသားလူငယ်တွေကို အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားအောင် ရည်ရွယ်ချက်ကောင်းတွေနဲ့ ဆက်လက်ပြီး သင်ခန်းစာတွေ ဖော်ထုတ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့တော့ စဉ်းစားဆောင်ရွက်လျက် ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
ဦးမြင့်လွင် ။ ။ ကျေးဇူးတင်ပါတယ်ခင်များ။