၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့စစ်ဆင်ရေးတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေထွက်ပြေးခဲ့ကြတာ ဒီတပတ်က (၆) နှစ်ပြည့်ရက်သီတင်းပတ်ဖြစ်ပြီး ရေရှည်အဖြေအတွက် နိုင်ငံရေးအရရော ဘဏ္ဍာရေးအရပါ ပံ့ပိုးပေးကြဖို့ ကုလသမဂ္ဂက နိုင်ငံတကာကို အင်္ဂါနေ့ကတိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီက လိုအပ်ချက်ရဲ့ ၂၈.၉ ရာခိုင်နှုန်းသာရရှိသေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေး ဆိုခွင့်ရှိသူ Shabia Mantoo (ရှာဘီယာမန်တူး) က ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လက်ခံထားတဲ့ ဒေသခံ ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝန်း အပါအဝင် လူပေါင်း ၁.၄၇သန်းကို ကူညီပေးဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီတွေက အခုနှစ်မှာ ဒေါ်လာ ၈၇၆ သန်းတောင်းခံထားတာပါ။ ဒုက္ခသည်တွေအတွက်တဦးကို (၁၂) ဒေါ်လာအထောက်အပံ့ပေးနေရာက ဇွန်လနောက်ပိုင်းကစလို့တဦးအတွက် တလ (၈) ဒေါ်လာနှုန်းပဲပံ့ပိုးနိုင်တော့တယ်လို့ကုလသမဂ္ဂကဇူလိုင်လတုန်းကပြောပါတယ်။
ရန်ပုံငွေတွေ ကျဆင်းလာလို့ဒုက္ခသည်တွေစားနပ်ရိက္ခာထောက်ပံ့မှုလျော့ချခဲ့ရပြီး အာဟာရချို့တဲ့မှု မြင့်တက်လာတာ အပြင်ကျောင်းထွက်နှုန်း မြင့်လာတာ၊ ကလေးသူငယ်လက်ထပ်ထိမ်းမြားတာ၊ ကလေးလုပ်သားနဲ့ကျား-မအခြေပြုအကြမ်းဖက်မှုတွေအပါအဝင်ကြီးမားတဲ့အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမြင့်တက်လာကြောင်း UNHCR က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေဟာ လူဥ◌ီးရေ ပြွတ်သိပ်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပြီး ပြင်းထန်တဲ့ ရာသီဥတုဒဏ်တွေနဲ့လည်း မကြာခဏ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေအရေးမှာ အမုန်းစကားတွေ၊ သတင်းမှားတွေနဲ့မဟုတ်မမှန်လုပ်ကြံပြောဆိုမှုတွေကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေကိုဆိုးဆိုးရွားဖြစ်ပေါ်စေနိုင်ကြောင်းလည်း UNHCR ပြောခွင့်ရ မစ္စမန်တူးက ပြောပါတယ်။ ဒီအတွက် UNHCR ဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေကြောင်း၊လူတိုင်းမှာ တာဝန်ရှိလို့ လူမှုမီဒီယာကုမ္ပဏီတွေအပါအဝင် လူ့အဖွဲ့အစည်တခုလုံးရဲ့ချဉ်းကပ်မှုပုံစံ တရပ် အဖြစ် လုပ်ဆောင်သင့်တယ်လို ပြောပါတယ်။
ရိုဟင်ဂျာနေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ UNHCR ရပ်တည်ချက်ကတော့ဒုက္ခသည်တွေမြန်မာနိုင်ငံကိုပြန်လာနိုင်ဖို့ အခြေအနေကောင်းတွေ ရှိရမယ်လို့ UNHCR သတင်းစာရှင်းလင်းပွဲ ထည့်သွင်း ပြောဆိုပါတယ်။