သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြုတ်ချခံသမ္မတကို စွဲချက်တင်ဖို့လုပ်နေတဲ့ နိုင်ဂျာအရေး အာဖရိက ဘာဆက်လုပ်မလဲ


Sanctions on Niger 16/9
Sanctions on Niger 16/9

နိုင်ဂျာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ အရပ်သားသမ္မတကို အာဏာပြန်လွှဲပေးဖို့ ခေါင်းမာမာနဲ့ ဆက်ငြင်းဆန်နေပြီး တဖက်မှာလည်း သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမယ့်သဘောမျိုး လေသံပစ်နေချိန်မှာပဲ ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဖရိကသမဂ္ဂ (AU) က အဖွဲ့ ဌာနချုပ်ရှိရာ အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa မှာ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပါတယ်။

"အာဖရိကသမဂ္ဂရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ဂျာရဲ့နောက်ဆုံး အခြေအနေတွေကိုလေ့လာပြီး ဒီ ပြဿနာ ဖြေရှင်းနိုင်ရေး တွေ့ဆုံခဲ့ကြတယ်" လို့ အာဖရိကသမဂ္ဂက လူမှုကွန်ရက် X ကနေ သတင်းထုတ်ပြန်ပါတယ်။

တဖက်မှာလည်း နိုင်ဂျာ အာဏာသိမ်းစစ်အစိုးရက ဖြုတ်ချလိုက်တဲ့ ရွေးကောက်ခံသမ္မတ Mohamed Bazoum ကို "နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပြည်တွင်း၊ ပြင်ပလုံခြုံရေး ချိုးဖောက် ထိခိုက်စေမှုတွေနဲ့ တရားစွဲဖို့ သက်သေအလုံအလောက် ရှိနေပြီ။" ဆိုပြီး တနင်္ဂနွေနေ့ညပိုင်းက ကြေညာခဲ့ပါတယ်။ ဒီ ခြိမ်းခြောက်မှုကို အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာ အသိုက်အဝန်း (ECOWAS) ဒေါသတကြီး ရှုတ်ချခဲ့ပါတယ်။

တခါ နိုင်ဂျာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdourahamane Tiani က ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ဂျီးရီးယားဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ကုန်မှာပဲ တွေ့ဆုံခဲ့ပြီး သံတမန်ရေးလမ်းကြောင်း ဖွင့်ထားကြောင်း ပြောခဲ့ပါတယ်။ ဒီတွေ့ဆုံမှုက ဂါနာမှာလုပ်ဖို့စီစဉ်ထားတဲ့ ECOWAS အဖွဲ့ စစ်ဘက်အကြီးအကဲတွေရဲ့ အစည်းအဝေးကို "နည်းပညာဆိုင်ရာအကြောင်းပြချက်" နဲ့ ရွှေ့ဆိုင်းလိုက်ပြီးနောက် ထွက်ပေါ်လာတာပါ။

ECOWAS ဟာ နိုင်ဂျာ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်ထားပေမယ့် အဖွဲ့ဝင် နိုင်ငံတွေကြားမှာ နိုင်ဂျာအရေး သဘောထားကွဲပြားမှုတွေလည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ တုန်းကတော့ အရပ်သားသမ္မတကို ၇ ရက် အတွင်း အာဏာပြန်မလွှဲရင် အင်အားသုံး ကြားဝင် ဖြေရှင်းမယ်လို့ ECOWAS က ရာဇသံ ပေးခဲ့ပေမယ့် သတ်မှတ်ထားတဲ့ ရက်ကျော်တဲ့တိုင်အောင် အရေးယူခြင်းမရှိခဲ့ပါဘူး။

နိုင်ဂျာစစ်အစိုးရဘက်ကတော့ “ပိတ်ဆို့ အ‌ရေးယူမှုတွေက တရားမျှတမှုမရှိဘဲ ဒါကို ရင်ဆိုင် ကျော်လွှားသွားနိုင်မှာဖြစ်ကြောင်း” အာဏာသိမ်းစစ်တပ်က ဝန်ကြီးချုပ်အဖြစ် ခန့်ထားတဲ့ အရပ်သားတဦးဖြစ်သူ Ali Mahaman Lamine Zeine က တနင်္လာနေ့မှာ ဂျာမန်သတင်းဌာန Deutsche Welle ကို ပြောပါတယ်။

ECOWAS က နိုင်ဂျာအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာသာမကဘဲ လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ဖြတ်တောက်ခဲ့တဲ့အပြင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်၊ ကုန်းတွင်းပိတ်နိုင်ငံလည်းဖြစ်တဲ့ နိုင်ဂျာရဲ့ နယ်စပ်အားလုံးကို ပိတ်ထားပြီး လိုအပ်နေတဲ့ သွင်းကုန်တွေကို တားမြစ်ထားပါတယ်။

ပိတ်ဆို့အရေးယူမှုတွေက ပြည်သူတွေအတွက် ဆေးဝါး၊ အစားအစာနဲ့ လျှပ်စစ်ဓာတ်အားရရှိဖို့ ခက်ခဲစေပြီး ဒါက “လူမဆန်တဲ့ တရားမဝင် ရှက်ဖွယ်” လုပ်ရပ် ဖြစ်ကြောင်းလည်း နိုင်ဂျာ စစ်ခေါင်းဆောင်တွေက တနင်္ဂနွေနေ့မှာ ပြစ်တင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG