အာဆီယံခေါင်းဆောင်တွေနဲ့ ဩစတြေးလျအစိုးရတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ တခြား ဒေသတွင်း ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese က အာဆီယံ ၉ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး မတ်လ ၄ ရက်ကနေ ၆ ရက်နေ့အထိ အာဆီယံ-ဩစတြေးလျ အထူး ထိပ်သီးစည်းဝေးပွဲကို လက်ခံကျင်းပဖို့ ရှိနေတဲ့အချိန်မှာ HRW က အခုလို တောင်းဆိုချက် ထုတ်ပြန်လိုက်တာပါ။
နိုင်ငံရေးအရ စစ်ကောင်စီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို အာဆီယံရဲ့ အရေးပါတဲ့ ထိပ်သီး စည်းဝေးပွဲတွေမှာ ဖိတ်ကြားခြင်း မပြုဖို့ အာဆီယံက ဆုံးဖြတ်ထားတာနဲ့အညီ အခု ဩစတြေးလျနဲ့ ပြုလုပ်မယ့် အထူး ထိပ်သီး စည်းဝေးပွဲမှာလည်း အိမ်ရှင် ဩစတြေးလျက အာဆီယံ ၉ နိုင်ငံက ခေါင်းဆောင်တွေကိုဘဲ ဖိတ်ကြားတာ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယိုယွင်း ဆုတ်ယုတ်လာနေတဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဆီယံအနေနဲ့ ကိုင်တွယ် ဖြေရှင်းခြင်းမရှိကြောင်း၊ အဲဒီရဲ့ အကျိုးဆက်တွေဟာ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကိုပါ သက်ရောက်မှုတွေ ရှိလာနေကြာင်း HRW က ထုတ်ပြန်တဲ့ စာမျက်နှာ ၆၀ ပါ အရှေ့တောင်အာရှ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာလည်း အခုချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ချမှတ်ခဲ့တဲ့ အချက် (၅) ချက်ပါ အာဆီယံ ဘုံသဘောတူညီချက်ဟာလည်း မြန်မာစစ်ကောင်စီက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ဘယ်လိုမှ အလုပ်မဖြစ်နိုင်ဘူးလို့ HRW က ဆိုပါတယ်။
မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချသူတွေကို ကိုယ့်နိုင်ငံအသီးသီးမှာ ဒဏ်ခတ် အရေးယူတာအပါအဝင် မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုတွေ ချမှတ် ဆောင်ရွက်ကြဖို့ အာဆီယံနဲ့ ဩစတြေးလျ အစိုးရတို့အကြား သဘောတူညီချက် ချမှတ်ကြဖို့ လိုအပ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
Forum