လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးကို ဖိတ်ကြားခဲ့တာဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်ကို အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံမှာ ချိုးဖေါက်တာလို့ NUG အမျိုးသားညီညွတ်ရေး အစိုးရ က ဝေဖန်ပြောဆိုပါတယ်။ NUG ဒုနိုင်ငံခြားရေး၀န်ကြီး ဦးမိုးဇော်ဦး ကဗွီအိုအေကို အခုလိုပြောပါတယ်။
"သူတို့ (အာဆီယံအဖွဲ့)အနေနဲ့ အာဆီယံ သဘောတူညီချက်ကို လေးစားလိုက်နာရမှာပေါ့နော်။ တကယ်လို့ လေးစားလိုက်နာမှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ အာဆီယံတခုလုံးအနေနဲ့ သဘောတူညီချက်များနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ပြီးတော့ ဆန်းစစ်လေ့လာရမယ့်သဘောတော့ ရှိပါတယ်ခင်မျ။"
မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းရေးမှာ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက တိုက်တွန်းပြောဆိုနေချိန်မှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာ အရာရှိတဦးကို လာအိုနိုင်ငံက အစည်းအဝေးတက်ဖို့ ဖိတ်ကြားခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေ မတိုးတက်မခြင်း နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ အစည်းအဝေးတက်ခွင့်ပေးဖို့ အာဆီယံအဖွဲ့ကြား သဘောတူထားခဲ့ပါတယ်။ လာအိုနိုင်ငံကတော့ အခုလို မြန်မာဘက်က ကိုယ်စားလှယ် အစည်းအဝေးတက်ရောက်တာဟာ တိုးတက်လာတဲ့ အကောင်းဘက်ကို ဦးတည်တဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံအနေနဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ စာရင် မြန်မာစစ်ကောင်စီနဲ့ ပိုပြီး ထိတွေ့ဆက် ဆက်ဆံရေးကို လိုလားတယ်ဆိုတာ အကဲခတ်တွေ တော်တော်များများ လက်ခံထားသလို မြန်မာ့အရေး ထိရောက်အောင် ဖြေရှင်းနိုပါ့မလားဆိုတာကိုလည်း သတိထားပြီး စောင့်ကြည့်နေပါတယ်။
မြန်မာ့အရေး အကြပ်အတည်းကို ကိုင်တွယ်ဆောင်ရွက်ဖို့ လက်ရှိ၊ အရင်နဲ့ နောင် အလှည့်ကျ ဥက္ကဋ္ဌလုပ်ကြမယ့် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေရာမှာ ၂၀၂၄ခုနှစ်အတွက် အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှား နိုင်ငံတွေက မြန်မာ့ အရေး ကိုင်တွယ်ရေး အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အောက်တိုဘာလက ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ် ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘူးလို့ အာဆီယံခေါင်းဆောင်တွေက သုံးသပ်ခဲ့ကြပါတယ်။