ရခိုင်မြောက်ပိုင်းက မြို့နယ် ၆ခုလောက်မှာ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီ ကြည်း၊ ရေ၊ လေ တပ်တွေ အားလုံးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ AA ရက္ခိုင့်တပ်တော်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကိုတော့ AA ရက္ခိုင့်တပ်တော်က ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့သလို တခြားစခန်းတွေကို သိမ်းပိုက် နိုင်ဖို့ ဆက်လက်တိုက်ခိုက် နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ အကြီးဆုံး အထိုင်ချဗျူဟာကုန်းတွေဖြစ်တဲ့ ထရွန်အိုင်ဗျူဟာကုန်းနဲ့ နှုံးဘူးဗျူဟာကုန်းနှစ်လုံးကို AA ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထား တာလည်း ဖြစ်ပါတယ်။ တရွန်အိုင် ဗျူဟာကုန်းကိုတော့ ဒီဇင်ဘာလ ၄ရက်နေ့ကနဲ့ နှုံးဘူးဗျူဟာကုန်းကိုတော့ ဒီဇင်ဘာလ ၁ဝရက်နေ့က ဗျူးဟာမှူးအလောင်းနဲ့ အတူ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပလက်ဝမြို့နယ်အတွင်းက တခြားသိမ်းပိုက်ဖို့ကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေသေးသလို ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်မှာလည်း တိုက်ပွဲဖြစ်ပွားနေတာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား တာပါ။
ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း စတဲ့ မြို့နယ် ၆ခုလောက်မှာ ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်က စတင်ပြီး စစ်ကောင်စီ ကြည်း၊ ရေ၊ လေ တပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ AA ရက္ခိုင့်တပ် တော်က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားမှုမရှိတဲ့ အချိန်မျိုးမှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတယ်လို့ မောင်တောဒေသခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ အောင်သောင်းရွှေက ပြောပါတယ်။
“ ဘူးသီးတောင် မောင်တော ရသေ့တောင် ဘက်မှာတော့ နေ့စဉ်နေ့တိုင်း လက်နက်ကြီးပစ်နေသံတွေ ကြားနေရတယ်၊ ဒီလိုပစ်နေတာကတော့ ရည်ရွယ်ချက်ရှိရှိ နေ့တိုင်းလိုလိုပြည်သူကို ဒီလို ခြိမ်းခြောက်နေတဲ့ သဘောလို့ ကျနော်တို့ကတော့ မြင်ပါတယ်၊ အပြန်အလှန် တိုက်ပွဲဖြစ်တာတော့ ကျနော်တို့ မကြားပါဘူး၊ အခုကတော့ သူတို့က အရပ်သားတွေရှိတဲ့နေရာကိုပစ်တယ်၊ အပြန်အလှန်ပစ်ခတ်တာလည်းမရှိဘူး တိုက်ပွဲဖြစ်တာလည်းမရှိဘူး ဆိုတော့ ဒါက တမင်တကာ လူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေ တာလို့ ကျနော်တို့ မြင်ပါတယ်။”
ဒါ့အပြင် အမ်းမြို့နယ်နဲ့ မြေပုံ မြို့နယ်တွေမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးစခန်းတွေကနေ နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ကျေးရွာတွေ အတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ဒေသခံ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် စိုးရိမ်ကြောက်လန့် နေကြရတယ်လို့ အမ်းဒေသခံ တဦးက ပြောပါတယ်။
“ ပစ်ခတ်တာတွေကတော့ သူတို့က တောက်လျှောက်ပစ်ခတ်နေတဲ့ အနေအထားမှာရှိတယ်၊ သူတို့ပစ်ခတ်တာတွေ ရပ်ရင်တောင်မှ တရက် နှစ်ရက်ပဲရပ်တာ၊ သူတို့က စိတ်ထင်သလို ပစ်တယ်ပေါ့နော်၊ ပြည်သူကိုလည်း အသိပေးတာ မရှိဘူး ပြည်သူကို တိုက်ရိုက်ပစ်ခတ်နေတဲ့ ပုံစံ မျိုးပဲ။ ရက္ခိုင့်တပ်တော်ရှိတဲ့နေရာကို ပစ်ခတ်တာထက် ပြည်သူတွေနေထိုင်တဲ့နေရာကို ပစ်ခတ်တာများတယ်၊အဲဒီဒေသမှာ ပြည်သူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ”
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကဇုကိုင်း ကျေးရွာ အုပ်စုထဲကဒေ သခံတွေ ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း အမ်းဒေသခံကဆက် ပြောပါတယ်။
“ကဇုကိုင်းအုပ်စုထဲမှာ ရှိတဲ့ ကျေးရွာအများစုကတော့ ဖရုံချောင်းတို့ အဲဒီ မှာ ကျေးရွာငါး ရွာလောက်က ကမ်းထောင်းကြီးကို ထွက်ပြေးတာရှိတယ်ပေါ့နော်၊ ကျေးရွာ ၈ရွာရှိတဲ့ အထဲက ၅ရွာလောက်က ဒေသခံတွေ ထွက်ပြေးသွားကြလို့ မရှိသ လောက်ဖြစ်နေပါပြီ။”
တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်း ရေကြောင်းတွေကနေ တိုက်ခိုက်နေတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ လည်းရှိတယ်လို့ AA ရက္ခိုင့်တပ်တော်ဘက် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ AA အဖွဲ့အနေနဲ့ အရပ် သားတွေကို အကာအကွယ်ယူ တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ကောင်စီကပြောဆိုထားတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့လည်းငြင်းဆိုထားတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မနေ့က မောင်တောဘက်မှာ တိုက်ပွဲဖြစ်ပွားတာရှိသလို AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နဲ့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆွေးနွေးခဲ့တာ ရှိတယ်လို့ ပြောပါတယ်။
“ ကျနော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ ဒါနိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေး နွေးမှုများ၊ ပြုလုပ်ခဲ့ပါတယ်၊ ဒီဆွေးနွေးမှုပေါ်မှာ မူတည်ပြီး တိုးတက်မှု အခြေအနေပေါ်မှာ မူတည်ပြီး ဒီလကုန်ပိုင်းမှာလည်းထပ်မံ ဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ ဘောဓိကုန်း ရဲကင်းစခန်းကို အဝေးကနေ လာရောက်ပစ်ခတ်တာ ရှိခဲ့ပါတယ်။”
ဒီတွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့က တစုံတရာ ထုတ်ပြန် ပြောဆိုတာမျိုး မတွေ့ရသေးသလို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဘက်မှာလည်း ဒီကနေ့အထိ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတာလည်းဖြစ် ပါတယ်။