သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်တုံနဲ့ ကျောက်မဲက စစ်တပ်စခန်း ၂ ခု TNLA ထပ်သိမ်း 


စကခ(၁၂)မှ စကခမှူး အောက်ဇော်လင်းကိုအသေဖမ်းမိကြောင်း MNDAA ထုတ်ပြန် (ဒီဇင်ဘာ ၇၊ ၂၀၂၃)
စကခ(၁၂)မှ စကခမှူး အောက်ဇော်လင်းကိုအသေဖမ်းမိကြောင်း MNDAA ထုတ်ပြန် (ဒီဇင်ဘာ ၇၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်က ခိုမုန်းတပ်စခန်းနဲ့ ကျောက်မဲမြို့နယ် မိုင်းလုံအနီးရှိ လယ်ကြီးတပ်စခန်းကို ဒီလ ၇ ရက်နေ့က တအာင်းတပ် TNLA က ထပ်မံ သိမ်းယူခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ ဒီလ ၆ရက်နေ့ကတော့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၂ ရဲ့ ဌာနချုပ်မှုးကို အသေဖမ်းဆီးရခဲ့ကြောင်း ကိုးကန့်တပ် MNDAA သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။ ရှမ်းမြောက်ဒေသက တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့မှာဆိုရင် ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၄၃ ရက်ရှိလာပြီ ဖြစ်ပြီး နှစ်ဘက်အကြား ဖြစ်ပွားနေတဲ့ စစ်ရေးအရှိန်က ဆက်လက်မြင့်တက်နေဆဲပဲ ရှိနေပါတယ်။ ဒီလ ၇ ရက်နေ့က နမ့်ခမ်း၊ ကျောက်မဲ၊ မန်တုံ၊ ကွတ်ခိုင်မြို့နယ်တွေ အတွင်းတိုက်ပွဲ ၄ နေရာလောက် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို သိမ်းယူခဲ့တယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက ပြောပါတယ်။

“ မနေ့ကဆိုရင် တိုက်ပွဲက ၃- ၄ နေရာတော့ ဖြစ်မယ်ပေါ့နော်။ သိမ်းရတဲ့စခန်း ကတော့ မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်း တပ်စခန်းပေါ့လေနော်။ အဲဒါ ညနေ ၄နာရီခွဲမှာ ကျမတို့ ဝင်ရောက်တိုက်တယ်။ ပြီးတော့ နောက်တခုက ဒီ ကျောက်မဲဘက်မှာ ရှိတဲ့ မိုင်းလုံ၊ မိုင်းလုံ ဒီ လယ်ကြီး တပ်စခန်း ကျမတို့ သိမ်းရတယ်။ ၆၀ ၊ ၈၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ငယ်ရော အကုန်လုံးပေါင်းရင်တော့ ၃၀ကျော်ကျော်ရှိမယ်။ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်။”

လယ်ကြီးကျေးရွာကတော့ ကျောက်မဲမြို့နယ်အစပ် မိုးကုတ်မြို့နယ်အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။ လယ်ကြီးတပ်စခန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းက ၁၂ ကြိမ်၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း တိုက်ပွဲမှာ လေကြောင်းက ၄ ကြိမ်လာရောက် တိုက်ခိုက်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းလည်း ပြောပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို မေးမြန်းရာမှာတော့ -

“ ဟုတ်ကဲ့။ ဒီကနေ့မှာတော့ တိုက်ပွဲသတင်း တက်လာတာ မတွေ့ရသေးဘူး။ ”

ကိုးကန့်တပ် MNDAA က စစ်ကောင်စီရဲ့ စကခ ၁၂ ရဲ့ ဌာနချုပ်မှုး ဗိုလ်မှုးချုပ်အောင်ဇော်လင်းကို ဒီလ ၆ရက်နေ့က အသေရမိကြောင်းနဲ့ စကခ ၁၂ လက်အောက်ရှိ ခလရ ၆၉ တပ်ရင်းမှုးကို နိုဝင်ဘာလ ၂၇ရက် နေ့မှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စကခ ၁၂ ဌာနချုပ်မှုး ဗိုလ်မှုးချုပ်အောင်ဇော်လင်း သေဆုံးတယ်ဆိုတာ မဟုတ်မှန်ကြောင်း ပြောဆိုထားပါတယ်။

“ ဒီနေ့မှာဆိုလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မမှုးတယောက်ကို အသေရရှိတယ်ဆိုပြီးတော့ကျ သတင်းလွှင့်နေတာ ရှိပါတယ်။ ကျနော့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင် တာကတော့ သူတို့ပြောနေတဲ့ တပ်မမှုးဆိုတာသည် ရှေ့တန်းမှာ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။”

ဒီလ ၇ ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ခမ်းနဲ့ လောက်ကိုင်အရှေ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး လောက်ကိုင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာရှိသလို မူဆယ် ၁၀၅မိုင်မှာလည်း တိုက်ပွဲဖြစ်ပွားကြောင်း ပြောဆိုထားပါတယ်။ဒီကနေ့ ညနေပိုင်းအထိတော့ MNDAA က ကိုးကန့်ဒေသဘက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးသလို အဖွဲ့ ပြောခွင့်ရသူကို ဆက်သွယ်ရာမှာလည်း အကြောင်းပြန်ကြားတာ မရှိပါဘူး။ ညီနောင်မဟာမိတ်အဖွဲ့တွေက အောက်တိုဘာလ ၂၇ ရက်နေ့ စစ်ဆင်ရေး စတင်ပြီးနောက်မှာ ရှမ်းမြောက်ဒေသမှာ TNLA က တပ်စခန်း ၅၀ ကျော်နဲ့ MNDAA က တပ်စခန်း ၂၀၀ကျော် သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG