စက်မှုဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်တဲ့ ကမ္ဘာ့စီးပွားအင်အား အကောင်းဆုံး နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂ (EU) တို့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ G 20 နိုင်ငံများ ထိပ်သီး အစည်းအဝေးကို ဘရာဇီးနိုင်ငံမှာ လာမယ့် သီတင်းပတ်ထဲ ကျင်းပဖို့ ရှိနေချိန်မှာပဲ အကြိုအဖြစ် ကမ္ဘာ့အရပ်ဘက်အဖွဲ့အစည်းတွေဟာ ရီယိုဒီဂျနေရိုး (Rio de Janeiro) မှာ G20 လူမှုထိပ်သီးညီလာခံ တရပ်ကို ကျင်းပခဲ့ကြတာပါ။ နိုဝင်ဘာ ၁၄ ရက် (ကြာသပတေးနေ့) က စတင်ပြီး နိုဝင်ဘာ ၁၆ ရက် (စနေနေ့) အထိ ကျင်းပတဲ့ လူမှုရေး ဆိုင်ရာ G20 ထိပ်သီးအစည်းအဝေးကို လူပေါင်း ၄၇,၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး မညီမျှမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဘရာဇီးလ်အစိုးရက စတင် အစပြုခဲ့တဲ့ G20 လူမှုရေးထိပ်သီးအစည်းအဝေးကို ကမ္ဘာတဝန်းက နိုင်ငံသားတွေ အပြင် အကျိုးအမြတ်မဲ့ လူမှုရေးအဖွဲ့အစည်းတွေ တက်ရောက်ကြပြီး သက်ဆိုင်ရာ ကဏ္ဍ အသီးအသီးအလိုက် အစည်းအဝေးငယ်လေးတွေ ကျင်းပကြပါတယ်။ ဘရာဇီးကပဲ အဆိုပြုခဲ့တဲ့ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ကမ္ဘာ့မဟာမိတ်အဖွဲ့ ကိုလည်း အဲဒီညီလာခံမှာ စတင် မိတ်ဆက်ခဲ့ပြီး ငတ်မွတ်မှု လျော့ချနိုင်ရေး ရည်ရွယ်တဲ့မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့ ရန်ပုံငွေရှာဖွေရေး စတင် ဆွေးနွေးခဲ့ကြပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ဖွံ့ဖြိုးရေးနှင့်လူမှုရေးအကူအညီ၊ မိသားစုရေးရာနှင့် ငတ်မွတ်မှုတိုက်ဖျက်ရေး ဝန်ကြီး
၀န်ကြီး Wellington Dias က ဒီအစီအစဉ်ဟာ ကမ္ဘာ့ ဘယ်နိုင်ငံ မဆို ပါဝင်နိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
G20 နိုင်ငံတွေဟာ ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အခု ဖြစ်ထွန်းမှုဟာ G20 အဖွဲ့ အပြင်က နိုင်ငံတွေနဲ့ပါ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ မကြာသေးမီက ဖြစ်ခဲ့တဲ့ COVID ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာတွေဟာ ကမ္ဘာကြီးအတွက် ပြဿနာဖြစ်စေတယ်လို့ Dias က ပြောပါတယ်။
“အဲဒါက လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေ အရေးကို စတင်ပြီး ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ လိုပါတယ်”လို့ Dias က ပေါ်တူဂီဘာသာနဲ့ ဖြေကြားပါတယ်။
ကမ္ဘာ့ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းစဥ် အတွက် ဘရာဇီး၊ ဂါနာ၊ ဇင်ဘာဘွေ၊ ကင်ညာ၊ ချီလီ၊ အင်ဒိုနီးရှားနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတွေက သူတို့ရဲ့ ဗျူဟာတွေကို G20 လူမှုရေး ညီလာခံမှာ အကြမ်းဖျင်း ချပြခဲ့ကြပါတယ်။ အခု ကြိုးပမ်းအားထုတ်ချက်တွေကို ထောက်ခံပံ့ပိုးပေးတဲ့ နိုင်ငံတွေထဲမှာ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ နော်ဝေး၊ စပိန်နဲ့ ဥရောပသမဂ္ဂတို့ အပါအဝင် ကမ္ဘာ့ဘဏ်၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ ပါဝင်ပါတယ်။
ဒီမဟာမိတ်အဖွဲ့ဟာ လာမယ့်လတွေ အတွင်း နိုင်ငံပေါင်း ၁၀၀ အထိ တိုးချဲ့နိုင်ဖို့ မျှော်လင့်ထားကြောင်း Dias က ပြောပါတယ်။ ဒါပေမယ့် မဟာမိတ်နိုင်ငံအဖွဲ့ထဲ ပူးပေါင်းပါဝင်နိုင်ဖို့ အတွက် တိကျသေချာတဲ့ အစီအမံတွေနဲ့ ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက် လျှော့ချနိုင်တဲ့ အထောက်အထား ခိုင်မာတဲ့ စီမံကိန်းတွေကို တင်ပြရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ငတ်မွတ်မှုကို ဖြေရှင်းဖို့ လိုအပ်တဲ့အရာက စစ်ပွဲတွေ [နှင့် ပဋိပက္ခများ] အတွက် ကုန်ကျတာထက် အများကြီး နည်းပါးပါတယ်။ … ဒီနေရာမှာ ရည်မှန်းထားတာက နိုင်ငံတခုချင်းစီရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အဖြေတခုကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ အစားအသောက် တွေ မျှဝေ ထောက်ပံ့ပေးဖို့ သက်သက် မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်တခု အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်” လို့ Dias က ပြောပါတယ်။
အဆိုပြုထားတဲ့ အစီအမံတွေထဲမှာ လူဦးရေ သန်း ၅၀၀ ကို ထောက်ပံ့မယ့် ငွေသားလွှဲပြောင်းရေး အစီအစဉ်တွေ တိုးချဲ့ခြင်း၊ ကလေးပေါင်း သန်း ၁၅၀ အတွက် ကျောင်းတွေမှာ အစားအစာတွေ ပံ့ပိုးပေးခြင်းနဲ့ အသက်၆ နှစ်အောက် အမျိုးသမီးနှင့် ကလေး သန်း ၂၀၀ အတွက် ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးဆောင်ခြင်းတို့ ပါဝင်ပါတယ်။
ဒီလုပ်ငန်းတွေ အတွက် ဘဏ္ဍာရေးကတိကဝတ်တွေကို မဟာမိတ်အဖွဲ့ဝင်နိုင်ငံ ၄၀၊ နိုင်ငံတကာအဖွဲ့အစည်း ၁၃ ခုနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ကြီးမားတဲ့ ပရဟိတဖောင်ဒေးရှင်း ၁၉ ခု၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တခြားအကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကနေ လာမယ်လို့ မျှော်လင့်ထားတယ်လို့ ဘရာဇီးအရာရှိတွေက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ စားနပ်ရိက္ခာမလုံခြုံမှု၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ အပေါ်မှာ ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ဆင်းရဲမွဲတေမှုစတဲ့ အကြောင်းရင်းတွေက ကြီးကြီးမားမား သက်ရောက်လွှမ်းမိုးနေတယ်လို့ ဆိုပါတယ်။
လက်ရှိခန့်မှန်းချက်တွေအရ ၂၀၃၀ ခုနှစ်မှာ လူဦးရေ ၆၂၂ သန်းဟာ ၁ ရက်မှာ ဒေါ်လာ $၂.၁၅ အောက် ဝင်ငွေနဲ့ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အောက်မှာ နေထိုင်ရဖို့ ရှိတယ်လို့ ဆိုပါတယ်။
အခု အသစ်ဖွဲ့လိုက်တဲ့ မဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်မှာတေ့ အဲဒီ ၂၀၃၀ ခုနှစ် အချိန်မှာ အနည်းဆုံး လူဦးရေ သန်း ၆၀၀ ကို ဆင်းရဲတွင်းက ကယ်တင်နိုင်ဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်ချက် အရဆိုရင် ၁ ရက်မှာ ဒေါ်လာ $၂.၁၅ ဝင်ငွေ အောက် နေထိုင်သူတိုင်းကို အလွန်အမင်း ဆင်းရဲတွင်းနက်နေသူတွေအဖြစ် သတ်မှတ်ထားပါတယ်။
အခု G20 လူမှုရေး ညီလာခံက အဆိုပြုချက်တွေကို စုစည်းပြီး ဘရာဇီးမှာပဲ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ကျင်းပမယ့် G20 ခေါင်းဆောင်များရဲ့ ထိပ်သီးအစည်းအဝေးမှာ တင်ပြမှာဖြစ်ပါတယ်။
Forum