ကမ္ဘာတလွှားမှာ ၂၀၀၆ ခုနှစ်ကစပြီး သတင်းသမားအသတ်ခံရမှု စုစုပေါင်းရဲ့ ၈၅ % ဟာ လက်သည် မပေါ်ပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးရဲ့ စနေနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ကို သတင်းသမားများအပေါ် ရာဇဝတ်မှု ကျူးလွန်သူတွေ လွတ်ငြိမ်းခွင့် ချုပ်ငြိမ်းတဲ့ နိုင်ငံတကာနေ့ အဖြစ် ကုလသမဂ္ဂက ၂၀၂၃ မှာ စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ သတင်းသမားတွေ အသတ်ခံရမှု အတွက် စုံစမ်းစစ်ဆေးမှုမလုပ်နိုင်တဲ့ အတားအဆီးဖြစ်နေတယ်လို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ က ပြောပါတယ်။ အစ္စရေး- ဟားမတ်စ်စစ်ပွဲ၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်၊ မြန်မာပြည်တွင်းစစ်နဲ့ ဟေတီက လူဆိုးဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေမှာ အထူးသိသာနေကြောင်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက် အရပ်သား ၅,၀၀၀ ကျော်သေဆုံးရပြီး လူပေါင်း ၂၇,၀၀၀ ကျော် အဖမ်းခံရတဲ့ အပြင် လူပေါင်း ၃.၃ သန်းဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အသတ်ခံရတဲ့ သတင်းသမားက ၇ ယောက်ထက် မနည်း ရှိနေတယ်လို့ CPJ က ပြောပါတယ်။ ဒီနှစ်ထဲမှာပဲ ၃ ဦး အသတ်ခံခဲ့ရတာပါ။
မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကလည်း သတင်းမီဒီယာတွေ၊ သတင်းထောက်တွေနဲ့ သတင်းလွတ်လပ်ခွင့် ဆိုင်ရာ တွေ စစ်ကောင်စီက သဲကြီးမဲကြီး တိုက်ခိုက်နေတာ ဖြစ်ကြောင်း VOA ကို ပြောပါတယ်။ စစ်ကောင်စီဘက်က တုံ့ပြန်မှုရဖို့ မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။ CPJ ရဲ့ ၂၀၂၄ အတွက် သတင်းသမားတွေနဲ့ ပတ်သက်ပြီး 2024 Impunity Index ပစ်ဒဏ် ကင်းလွတ်ခွင့်ရ နေတဲ့ နိုင်ငံ စာရင်းမှာ မြန်မာကို အဆင့် ၁၀ သတ်မှတ်ထားပါတယ်။
Forum