မေလ ၃ ရက်နေ့ဟာကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။သတင်းလွတ်လပ်ခွင့်အားပေးမြှင့်တင်ရေးအတွက် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို ကမ္ဘာတလွှား ကျင်းပခဲ့ကြပါတယ်။အဲဒီလို အချိန်မှာ မြန်မာနိုင်ငံမှာတော့ သတင်းသမား ၅၉ ဦးနဲ့ သတင်းမီဒီယာလုပ်သား ၃ ဦးဟာ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ ရောက်ရှိနေကြတယ်လို့ ၂၀၂၄ ခုနှစ် နယ်စည်းမခြား သတင်းသမားများအဖွဲ့(RSF)ရဲ့ အစီရင်ခံစာအရသိရပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံဟာ သတင်းမီဒီယာသမားများအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ၁၀ နိုင်ငံထဲမှာ တရုတ်၊မြောက်ကိုရီးယား၊အီရန်၊အာဖဂန်နစ္စတန် စတဲ့နိုင်ငံတွေနဲ့အတူ ပါဝင်နေပြီး သတင်းလွတ်လပ်ခွင့်အခြေအနေမှာလည်း ဆိုးရွားနေပြီး နိုင်ငံ ၁၈၀ အနက် အဆင့် ၁၇၁ မှာရှိနေတာတွေ့ရပါတယ်။၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၇၀ ကျော်ဖမ်းဆီးခြင်းခံခဲ့ရပြီး အနည်းဆုံးသတင်းသမား ၅ ဦးဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ သတင်းမီဒီယာ တစ်ဒါဇင်ထက်မနည်း ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ခံခဲ့ရတယ်လို့ သတင်းတွေကဆိုပါတယ်။
မြန်မာနိုင်ငံသတင်းစာသမိုင်းက စကတည်းက ယဉ်သကိုးလို့ ဆိုရမလိုပါပဲ။မြန်မာနိုင်ငံမှာ ပထမဆုံးစထုတ်ခဲ့တဲ့ မော်လမြိုင် ခရော်နီကယ်သတင်းစာအယ်ဒီတာ မစ္စတာဟောက်ဟာ အဲဒီအချိန်က အိန္ဒိယနဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အရှေ့အိန္ဒိယကုမ္ပဏီအစိုးရကို ဝေဖန်မိလို့ ထောင်တစ်လကျခဲ့ဖူးပါတယ်လို့ ဆောင်းပါးရှင် ဘိုဘိုက ပါးစပ်ပိတ်ဥပဒေနဲ့ သတင်းစာတိုက်တွေ ရိုက်ချိုးတဲ့ခေတ်၊သတင်းစာတလှည့် ထောင်တလှည့်ဆိုတဲ့ ဘီဘီစီမြန်မာပိုင်းဆောင်းပါးမှာ ရေးသားထားပါတယ်။မော်လမြိုင် ခရော်နီကယ်သတင်းစာကို ၁၈၃၆ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ သတင်းစာသက်တမ်းဟာ နှစ်ပေါင်း ၂၀၀ နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။
မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ၁၉၉၁ ခုနှစ်မှာ ဆုံးဖြတ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။သတင်းလွတ်လပ်ခွင့်ရဲ့ အရေးပါပုံကိုလူတွေပိုမိုသိရှိစေဖို့နဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ ပါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အစိုးရတွေအနေနဲ့ အလေးထားဖို့၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အစိုးရတွေအနေနဲ့ အကာအကွယ်ပေးဖို့တာဝန်ရှိတယ်ဆိုတာကို သတိပေးနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို သတ်မှတ်ပြဌာန်းခဲ့တာဖြစ်ကြောင်း သိရတယ်။ကုလသမ္ဂအထွေထွေအတွင်းရေးမှုးချုပ် Antonio Gutierres ကတော့ သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာ မဟုတ်ဘဲ လိုအပ်ချက်တခုဖြစ်တယ်လို့ ၂၀၂၄၊မေလ ၃ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၄၊ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ထူးခြားတယ်လို့ ဆိုနိုင်တာကတော့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တွေ စုပေါင်း ပေးအပ်တဲ့ အာရှအတွက် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက Frontier Myanmar သတင်းဌာန ချီးမြှင့်ခံရတာပဲဖြစ်ပါတယ်။
ဆု အမျိုးအစား ၇ မျိုးပေးတဲ့အနက်"ပြည်ပ သတင်းခန်း” ခေါင်းစဥ်အောက်မှာ မြန်မာနိုင်ငံတွင်း ဘာသာရေး လူနည်းစုတွေ ဖိနှိပ်ခံရတဲ့အခြေအနေ တင်ပြခဲ့တဲ့ သတင်းနဲ့ Frontier Myanmar ချီးမြှင့်ခံခဲ့ရသလို၊ Podcast ခေါင်းစဥ်အောက်မှာလည်း Frontier Myanmar က တင်ဆက်တဲ့ “ဒို့အသံ” ထုတ်လွှင့်ချက်နှစ်ခုဟာ ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ဒါ့အပြင် မြန်မာစစ်တပ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ စစ်မြေပြင်က အမျိုးသမီးတွေအကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ AFP သတင်းဌာနကလည်း ဓာတ်ပုံဆုရရှိခဲ့တာ တွေ့ရပါတယ်။
VOA မြန်မာပိုင်းအစီအစဉ်ကလည်း ကမ္ဘာ့သတင်းလွတ်ခွင့်နေ့ မှာ "မြန်မာမီဒီယာတွေ ဘယ်လိုရပ်တည်နေသလဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာက ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့ မဇ္စျိမသတင်းဌာန မန်နေဂျင်း အယ်ဒီတာ ကိုစိန်ဝင်းတို့ကို ဆက်သွယ်မေးမြန်းတင်ဆက်ခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခင်းအကျင်းကို ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းတဲ့အခါ ဧရာဝတီအယ်ဒီတာချုပ် ကိုအောင်ဇော်က မြန်မာနိုင်ငံထဲမှာကျန်ခဲ့တဲ့ မီဒီယာတွေရှိတယ်။အဲဒီမီဒီယာတွေကတော့ စစ်တပ်ကထောက်ပံ့ထားတဲ့မီဒီယာတွေ၊ စစ်တပ်ဘက်ကလိုက်တဲ့ မီဒီယာတွေ၊ စစ်တပ်ကမွေးထားတဲ့ မီဒီယာတွေနဲ့ ခရိုနီမွေးထားတဲ့ မီဒီယာတွေ မြန်မာနိုင်ငံတွင်းမှာ ကျန်ခဲ့တယ်။ အပြင်ထွက်လာတဲ့ အထဲမှာတော့ တကယ်လွတ်လပ်တဲ့(Independent)ဖြစ်တဲ့ မီဒီယာ၊ NGO မီဒီယာ၊ ဒီဘက်က အစိုးရထိန်းချုပ်ထားတဲ့ မီဒီယာ၊ အတိုက်အခံ မီဒီယာ၊ တိုင်းရင်းသားမီဒီယာ၊ Mouth Piece မီဒီယာတွေနဲ့ ကိုယ့် professional ကို ကြိုးစားလုပ်ကိုင်နေတဲ့မီဒီယာဆိုပြီး အသွင်သဏ္ဌာန်အမျိုးမျိုးရှိကြတာတွေ့ရတယ်လို့ ဖြေပါတယ်။
မဇ္စျိမ ကိုစိန်ဝင်းကတော့ ပြည်တွင်းမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ နေလို့ မရအောင် စစ်ကောင်စီက လုပ်တယ်၊ editorial အရ စစ်ကောင်စီကို ထောက်ခံသူ(Support) လုပ်တဲ့သူတွေပဲ ကျန်ခဲ့တယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်၊ဒါပေမဲ့ ပြည်တွင်းမှာလည်း အနည်းစုက လျှို့ဝှက်ပြီး Low Profile နဲ့နေပြီး သတင်းအလုပ်ဆက်လုပ်နေတဲ့ သူရဲကောင်းတွေ၊ ထောင်နှုတ်ခမ်းနင်းပြီး လုပ်နေတဲ့ သတင်းသမားတွေလည်းရှိနေပါတယ်၊ ပြည်တွင်းမှာ ထောင်နှုတ်ခမ်းနင်းပြီး လုပ်နေတဲ့ သတင်းသမားတွေနဲ့ ချိတ်ဆက်ပြီး ကျနော်တို့သတင်းတွေရှင်သန်နေအောင် ဆက်လုပ်နေ၊ဆက်ကြိုးစားနေရတာ ဖြစ်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် မီဒီယာဆိုတာ ဘက်မလိုက်ရဘူးလား၊ကြားနေရမှာလား၊မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဘယ်လိုလဲဆိုတဲ့အကြောင်းအရာတွေကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ဧရာဝတီကိုအောင်ဇော်ကတော့ မီဒီယာလွတ်လပ်ခွင့်ဟာ အရေးကြီကြောင်း၊ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုချင်ရင်၊ ရှင်သန်စေချင်ရင် မီဒီယာလွတ်လပ်ခွင့် ရှိဖို့၊ မီဒီယာလွတ်လပ်ခွင့်ရှင်သန်ဖို့လိုအပ်ကြောင်း၊ သူ့အယူအဆကတော့ မီဒီယာဟာ ပြည်သူကို serve (အကျိုးပြုဖို့) လုပ်ဖို့သာဖြစ်ကြောင်း၊ စစ်တပ်ကို serve လုပ်ဖို့ မဟုတ်သလို၊ အတိုက်အခံကိုလည်း serve လုပ်ဖို့ မဟုတ်တဲ့အကြောင်း၊ ထို့အတူ NUG၊ KNU၊ KNLA၊ ခရိုနီကို serve လုပ်ဖို့လည်းမဟုတ်ကြောင်း ပြေားကြားပါတယ်။ မဇ္စျိမ ကိုစိန်ဝင်းကတော့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလိုဖြစ်ကြောင်း၊ ဒီမိုကရေစီမရှိရင် သတင်းလွတ်လပ်ခွင့် မရှိနိုင်ကြောင်း၊ ထို့အတူ သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီဆိုတာလည်း မရှိနိုင်ကြောင်း၊ သတင်းသမားဟာ မလိုရင် ထိုးချ၊ လိုရင် ပင့်ပေးလုပ်လို့မရကြောင်း၊ သတင်းသမား ဘက်မလိုက်ရဘူးဆိုတာ သူ့အနေနဲ့ လက်မခံကြောင်း၊ သတင်းမှာ ဘက်မလိုက်ရဘူးဆိုတာ မှန်ပေမဲ့ editorial မှာ ဘက်ရှိတဲ့အကြောင်း၊ ပြည်သူတွေက Credibility ဖြစ်တဲ့၊ ယုံကြည်ရတဲ့သတင်းနဲ့ သတင်းဌာနတွေကိုပဲ ပိုဖတ်ကြ၊ လက်ခံကြမှာဖြစ်တဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။ ဦးကျော်ဇံသာကတော့ အစိုးရတွေဟာ ပြည်သူတွေရဲ့ အသံတွေကို မီဒီယာတွေက တဆင့်ရရှိတဲ့ Inform Decision မျိုးဖြစ်ဖို့လိုတယ်။အဲဒီအတွက် မီဒီယာလွတ်လပ်ခွင့်ဟာ အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။
လတ်တလော စစ်ကောင်စီအောက်မှာ သတင်းလွတ်လပ်ခွင့်မရှိဘူးဆိုတာကတော့ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ ခွဲမရဘူးလို့ ဆိုတဲ့အတွက် သတင်းလွတ်လပ်မှု မရှိတဲ့ စစ်ကောင်စီလက်အောက်မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားနိုင်သလို ဖက်ဒရယ်ဆိုတာလည်း ရှင်သန်နိုင်စရာ မရှိပါဘူး။
ပြည်သွေးနိုင်