အာရက္ခတပ်တော် (AA)အနေနဲ့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် Twan Mrat Naing က သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ မေလ ၁၈ ရက် စနေနေ့က ပြောပါတယ်။
ရိုဟင်ဂျာ လူမျိုးစုတွေ အများအပြားနေထိုင်ရာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ကြောင်း AA က ကြေညာပြီးနောက်ပိုင်း ဘူးသီးတောင်က ရိုဟင်ဂျာ နေအိမ်တချို့ မီးရှို့ခံရသလို နေအိမ်တွေက စွန့်ခွာဖို့ အမိန့်ထုတ်ခံထားရကြောင်း ရိုဟင်ဂျာ အသိုင်းအဝန်းက ပြောဆိုနေချိန်မှာ AA စစ်ဦးစီးချုပ်က အခုလို အာမခံလိုက်တာပါ။
ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ လန်ဒန်မြို့အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းက ဦးထွန်းခင်ရဲ့ X လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်ချက်ထဲမှာတော့ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရိုဟင်ဂျာ သောင်းနဲ့ချီဟာ နေအိမ်တွေက စွန့်ခွာရပြီး AA တပ်ဖွဲ့တွေက မီးရှို့တာတွေရှိနေတယ်လို့ စွပ်စွဲထားတာပါ။
ဒီလို ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ စွပ်စွဲချက်တွေကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ပြန်လည် တုံ့ပြန်ချက်ထဲမှာတော့ စိန်ခေါ်မှုတွေ အများကြီးရှိနေတဲ့အချိန်မှာ အထင်အမြင်လွဲမှားစေတဲ့ ကိစ္စရပ်တွေကို မယုံကြည်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ အာရက္ခတပ်တော် AA အနေနဲ့ လူမျိုး၊ ဘာသာ နောက်ခံကြောင့် မခွဲခြားဘဲ လူတိုင်းကို အကာအကွယ်ပေးသွားဖို့ သန္နိဋ္ဌာန်ချထားကြောင်းလည်း AA ခေါင်းဆောင်က အာမခံတယ်လို့ ဆိုပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ရိုဟင်ဂျာဝန်ကြီး တဦးဖြစ်တဲ့ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးရဲ့ လူမှုကွန်ရက် X က မေလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ ဘူးသီးတောင် ဒေသခံ ရိုဟင်ဂျာတချို့နဲ့ စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ “AA က ရိုဟင်ဂျာ ရပ်မိရပ်ဖတွေကို ဖိတ်ခေါ်ပြီး ဘူးသီးတောင်မြို့လယ်ခေါင်ကို AA မသိမ်းခင် နေအိမ်တွေကနေ အမြန်ဆုံး ထွက်ခွာဖို့ ညွန်ကြားခဲ့ပြီး ရိုဟင်ဂျာတွေဘက်ကလည်း သူတို့မှာ သွားစရာ နေရာမရှိလို့ မထွက်ဘူးလို့ပြောကြောင်း” ထုတ်ပြန်ထားပါတယ်။ မေလ ၁၈ ရက် ည ၁၀ နာရီကနေ မနက်ပိုင်းအထိ ဘူးသီးတောင် တမြို့လုံး မီးခိုးငွေ့တွေ ဖုံးလွှမ်းနေပြီး ဘူးသီးတောင်မြို့ခံတွေဟာ မောင်တောမြို့ သွားတဲ့ ကားလမ်းတလျှောက် လယ်ကွင်းတွေထဲမှာ နေထိုင်နေရတယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
အသေအပျောက်တွေ ရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးကြောင်း သူနဲ့ စကားပြောခဲ့တဲ့ ဒေသခံသတင်းရင်းမြစ်က ပြောတယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေကို လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်တဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိဖို့၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ "စစ်ပွဲတွေမှာ စည်းကမ်းရှိဖို့" လည်း ဦးအောင်ကျော်မိုးက သူ့ရဲ့ လူမှုကွန်ရက် X မှာ တောင်းဆိုထာပါတယ်။
လက်ရှိ အခြေအနေမှာ ရှုပ်ထွေးနေပြီး ဘက်မလိုက်တဲ့ မြေပြင်အခြေအနေမှန်ကိုသိနိုင်ဖို့ ခက်ခဲနေဆဲဖြစ်သလို ဗွီအိုအေ အနေနဲ့လည်း ဒေသခံတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ရခိုင်ဒေသအတွင်း မိုဘိုင်းကွန်ရက်အများစု ပြတ်တောက်နေပြီး ဆက်သွယ်ရေး ခက်ခဲနေပါတယ်။ စစ်ကောင်စီကတော့ တနင်္ဂနွေ မနက်ပိုင်းအထိ ဘူးသီးတောင်က စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
AA ကတော့ ဘူးသီးတောင်မြို့နယ်ထဲမှာ “ဗျူဟာဌာနချုပ်” အပါအဝင် စစ်ကောင်စီ စစ်တပ်ရဲ့ အခြေစိုက်စခန်းအားလုံးကို မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီ အချိန်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာ စနေနေ့က သတင်းထုတ်ပြန်ထားတာပါ။
ဘူးသီးတောင်မြို့ဟာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရဲ့ မြောက်ဘက် ၅၅ မိုင် (ကီလိုမီတာ ၉၀) အကွာမှာ တည်ရှိပါတယ်။ အခုလ အစောပိုင်းတုန်းကလည်း ဘူးသီးတောင်မြို့အနီးက စစ်ကောင်စီရဲ့ စကခ(၁၅) တပ်မဌာနချုပ်ကို သိမ်းယူပြီး ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေ ရာနဲ့ချီ လက်နက်ချခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ အရင်လက ထုတ်ပြန်ချက်တွေထဲမှာလည်း မနှစ် နိုဝင်ဘာလကစလို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ၁၅ မြို့နယ်အထိ တိုက်ပွဲတွေ ပျံ့နှံ့နေတယ်လို့ ဖော်ပြထားပြီး လူပေါင်း ရာနဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ပြီး လူ ၃၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
Forum