သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း လူမျိုးရေးအကြမ်းဖက်မှု အန္တရာယ် ICG သတိပေး


မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင်တွေ့ရစဉ် (စက်တင်ဘာ ၄၊ ၂၀၁၇)
မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင်တွေ့ရစဉ် (စက်တင်ဘာ ၄၊ ၂၀၁၇)

ရခိုင်ပြည်နယ်မှာ AA ရခိုင်တပ်တော် စစ်ရေးအားသာလာချိန် စစ်ကောင်စီဖက်က ရိုဟင်ဂျာတွေကို အသုံးချလာတာကြောင့်၊ လူမျိုးရေး အကြမ်းဖက်မှုအန္တရာယ် ကြီးမားလာနေတယ်လို့ ICG နိုင်ငံတကာပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ဒီအခြေအနေကို ဘယ်လို ကျော်လွှားသင့်ပါသလဲ။ ICG အဖွဲ့ရဲ့ မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ အကြီးတန်းအကြံပေး Thomas Kean ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။


ပြီးခဲ့တဲ့လထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကြား တင်းမာမှုတွေ ကြီးကြီးမားမား ထိုးတက်သွားခဲ့ပါတယ်။ အဓိက လက်သည်ကတော့ စစ်အုပ်စုပါပဲ၊ စစ်အုပ်စုအနေနဲ့ AA ရခိုင်တပ်တော်ကိုပြန်တိုက်ဖို့ ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းတာ၊ AA ကိုဆန့်ကျင်ဆန္ဒပြတာ၊ ရခိုင်အိမ်တွေကို မီးရှို.တာတွေ အတင်းဖိအားပေးလုပ်ခိုင်းခဲ့တယ်လေ။

AA အနေနဲ့ ပြီးခဲ့တဲ့ ၆ လလောက်က ပြန်စတိုက်လိုက်တဲ့ ဒီတခေါက် စစ်ဆင်ရေးထဲ ရခိုင်ပြည်နယ်က မြို့ကြီးအတော်များများကို သိမ်းနိုင်လာခဲ့ပါတယ်။ အခုနောက်ဆုံး ရိုဟင်ဂျားအများစုရှိတဲ့ မြို့တွေကိုပါ သိမ်းပိုက်သလို ဖြစ်လာချိန်မှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာတွေသုံးပြီး တန်ပြန်လာတာလို့ ICG က ထောက်ပြလိုက်ပါတယ်။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ ရခိုင်ရဲ့ စစ်ဌာနချုပ်ရှိရာ အမ်းမြို့တွေကိုပါ ဆက်သိမ်း လာနိုင်တာကို တွေ့ရှိခဲ့တဲ့ ICG အဖွဲ့ရဲ့ မြန်မာနိုင်ငံ အကြီးတန်း အကြံပေး Thomas Kean က ဘူးသီးတောင်မှာ အဓိက ဖြစ်နေတာကို ခုလို ရှင်းပြပါတယ်။

" ပြီးခဲ့တဲ့လထဲ ရခိုင်ပြည်မြောက်ပိုင်းမှာ ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းကြား တင်းမာမှုတွေ ကြီးကြီးမားမား ထိုးတက်သွားခဲ့ပါတယ်။ အဓိက လက်သည်ကတော့ စစ်အုပ်စုပါပဲ။ စစ်အုပ်စုအနေနဲ့ ရခိုင့်တပ်တော် AA ကို ပြန်တိုက်ခိုက်ဖို့ ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းတာ ၊ AA ကို ဆန့်ကျင်ဆန္ဒပြတာ ၊ ရခိုင်အိမ်တွေကို မီးရှို့တာ အတင်းဖိအားပေး လုပ်ခိုင်းခဲ့တယ်လေ။ "

အရင် လူမျုးိရေး ပဋိပက္ခတွေပြင်းထန်ပြီး လူပေါင်းများစွာ ထွက်ပြေးဒုက္ခရောက်ခဲ့ရတဲ့ ၊ ပြန်ဖြေရှင်းခဲ့ရတဲ့ ပြဿနာမျိုး အခုတခေါက် လူမျိုးရေးအသွင်း အကြမ်းဖက်မှုမျိုး ဦးတည်သွားနိုင်တာကို ICG အနေနဲ့ အချိန်မီ မတားနိုင်မှာစိုးလို့ ဒီစာတမ်းကို ထုတ်ပြန်ရတာလို့လည်း ICG အကြံပေးက ဆက်ပြောပါတယ်။ ဒီအန္တရာယ်ကို ကျော်လွှားနိုင်ဖို့ AA အပါအဝင် ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း ခေါင်းဆောင်တွေ အနေနဲ့ ရေရှည်တွေးပြီး တဘက်ကိုတဘက် စော်ကားတဲ့ စကားလုံး အသုံးအနှုန်းတွေ ၊ ကိုယ့်ဘက်က အားသာချိန် မတရားရက်စက်မှုတွေ မကျူးလွန်ပဲ စစ်အုပ်စုရဲ့ လှည့်ကွက်ထဲ မကျွံမိစေကာ ၊ သမိုင်းသင်ခန်းစာပေါ်ကြည့်ပြီး အမျှော်အမြင်နဲ့ကြည့်ဖို့ ICG က တိုက်တွန်းထားပါတယ်။ ဒီအတွက် စစချင်းလုပ်သင့်တာကို ICG အကြီးတန်း အကြံပေး Thomas Kean က ခုလို အကြံပြုပါတယ်။

" တဖက်ကို အမျက်ဒေါသထွက်စေနိုင်တဲ့ ပြောဆိုမှုမျိုး ရှောင်ကျဉ်တာကနေ စလုပ်ဖို့က အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် AA အနေနဲ့ ဒီ ၂ ဖက်အကြား ယုံကြည်မှုပြန်တည်ဆောက်ဖို့ နိုင်ငံခြားရောက် ရိုဟင်ဂျာတွေထဲက ဩဇာရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာကလည်း အထောက်အကူပြုနိုင်ပါတယ်။ "

ဒီနေရာမှာ AA နဲ့ ရခိုင်ဘက်က ရိုဟင်ဂျာတွေ အခေါ်မခံချင်တဲ့ ဘင်္ဂါလီလို့ ဆက်ခေါ်နေတာအပြင်၊ ရိုဟင်ဂျာတွေဘက်ကလည်း AA မခံသာအောင် Mohg အကြမ်းဖက်လို့ ပစ်ပစ်ခါခါ ခေါ်တာတွေလည်းရှိနေတယ်လို့ ICG က ထောက်ပြထားပါတယ်။ ဒါ့အပြင် လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဖက်က အမြန်ဆုံးလုပ်ပေးသင့်တာကိုလည်း Thomas Kean ကပဲ အခုလို ဆက်အကြံပြုပါတယ်။

" လောလောဆယ်မှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့၊ ရိုဟင်ဂျာတပ်တွေ အထူးသဖြင့် RSO ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့က ဒုက္ခသည်စခန်းတွေမှာ စစ်သားစုဆောင်းနေတာတွေကို အမြန်ဆုံး ရပ်တန့်အောင် အရေးတယူလုပ်ဖို့လိုပါတယ်။ မကြာခင်လတွေထဲ ရိုဟင်ဂျာထောင်ဂဏန်းတွေချီ၊ အများစုက အတင်း စစ်သားစုဆောင်ခံရကာ စခန်းတွေကနေ မြန်မာပြည်ထဲကို ထွက်သွားခဲ့ကြပုံရပါတယ်၊ ဒါက ဒီပဋိပက္ခကို ပိုကြီးထွားစေပါတယ်။ "

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ ပိုပေးတာအပြင်၊ အတင်းစစ်သားမစုဆောင်ခံရရေး အကာအကွယ် အစီအမံတွေ အတွက်ပါ ထောက်ပံ့ကူညီပေးဖို့ ICG က ဆက်တောင်းဆိုထားပါတယ်။

တချိန်ထဲမှာ AA ဘက်အနေနဲ့လည်း ကိုယ့်ဒေသကိုယ်အုပ်ချုပ်နိုင်ရေး ကြိုးပမ်းနေချိန် ကိုယ်အားသာလာတဲ့အနေအထားမှာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ကိုယ်မခံချင်ခဲ့တဲ့ မြန်မာစစ်အုပ်စုက ကျုးလွန်တာမျိုး မလုပ်မိဖို့လည်း ICG က တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အခုလို ၂၀၁၇ တုန်းက ကျုးလွန်ခဲ့မိတာအတွက် မဖြေဖျောက်နိုင်တော့မယ့် နိုင်ငံတကာ တရားစွဲမှုတွေ ခံလိုက်ရသလို၊ အရင် အတူယှဉ်တွေနေခဲ့သူတွေ ၂ ဖက်လုံးအတွက် ရှေ့မှာ ပိုရက်ရက်စက်စက် ခံစားရမှာတွေ မကြုံရအောင် အထူးသတိထား လုပ်ဖို့လည်း ICG က အကြံပြုထားပါတယ်။


ဒီနေရာမှာ အရင် ဒီတခေါက် AA စစ်ဆင်ရေးကြီးမစခင် မနှစ် ၂၀၂၃ နိုဝင်ဘာလ မတိုင်ခင်ကာလတုံးက ရခိုင်နဲ့ ရိုဟင်ဂျာအကြား ဆက်ဆံရေးပြန်စတိုးတက်ခဲ့တာကိုလည်း ICG က အမွှန်းတင်ထားပါတယ်။ အဲ့ဒီတုန်းက ကျေးလက်ဒေသတချို့ကို အုပ်ချုပ်ရေးချလာတဲ့ AA အနေနဲ့ ရိုဟင်ဂျာတွေအပေါ် စစ်အုပ်စုက ချထားခဲ့တဲ့ သွားလာမှုနဲ့တခြားကန့်သတ်ချက်တွေ လျော့ပေးတာ၊ အုပ်ချုပ်ရေး အောက်ခြေအဆင့်တွေမှာ ရိုဟင်ဂျာတွေကို ထည့်သွင်းခဲ့တာ စတဲ့ ပိုမိုကူးလူးဆက်ဆံ ပေါင်းစည်းရေး အားပေးခဲ့တာတွေကို ICG က ထောက်ပြ ထားပါတယ်။

ဒါကြောင့် အခုအချိန်မှာလည်း AA အနေနဲ့ အလားတူ ဆက်ဆံရေး ပြန်ကောင်းစေဖို့ လုပ်ဆောင်သင့်တာကို ICG အကြီးတန်းအကြံပေး Thomas Kean က အခုလို ဆက်အကြံပြုပါတယ်။

" ရိုဟင်ဂျာတွေအနေနဲ့ AA နဲ့အတူနေရတာက မြန်မာစစ်တပ်ထက် သာတယ်ဆိုတာ ပြသနိုင်ဖို့ ဘင်္ဂါလီလိုခေါ်တာကို ရပ်တန့်သင့်ပါတယ်။ ပြီးတော့ AA ရဲ့ အုပ်ချုပ်ရေးယန္တယားမှာ အပေါ်ပိုင်းအဆင့်တွေ အပါအဝင်ပေါ့နော် ရိုဟင်ဂျာတွေကို ထည့်သွင်းပေးသင့်ပါတယ်။

တကယ်တော့ ဒီ ICG ဝေဖန် အကြံပြုချက်တွေအပေါ် AA နဲ့ စစ်ကောင်စီပြောခွင့်ရတွေ၊ နောက် ရိုဟင်ဂျာအသိုင်းအဝိုင်း ခေါင်းဆောင်တချို့ကို တုံ့ပြန်ချက်ပေးဖို့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် အချိန်မီ မရခဲ့ပါဘူးခင်ဗျား။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG