ကမ္ဘာမှာစံချိန်တင်အပူချိန်မြင့်တက်ပြီး သဘာဝဘေးဒဏ်တွေပိုမိုပြင်းထန်လာချိန်မှာပဲ မြေကမ္ဘာနေ့ကျရောက်လာပါတယ်။ မြေကမ္ဘာနေ့ဟာ အခမ်းအနားကျင်းပရုံတင်မကပဲ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုဖြစ်တယ်လို့ တက်ကြွသူတွေနဲ့လူမှု အဖွဲ့တွေကပြောပါတယ်။ မတည်မငြိမ်အခြေအနေတွေ နဲ့ရင်ဆိုင် နေရတဲ့မြန်မာနိုင်ငံမှာတော့ ပလတ်စတစ်အမှိုက်ပြဿနာကပါ ပိုပြီးကြီးထွားလာနေတာပါ။ ဒါကြောင့်လည်း မြေကမ္ဘာနေ့မှာ ပလတ်စတစ်အမှိုက်ကိစ္စ အလေးပေးပြောဆိုလာကြပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ မြေကမ္ဘာနေ့ ဆောင်ပုဒ်ကတော့ Planet vs. Plastics မြေကမ္ဘာနဲ့ပလတ်စတစ်လို့ အဓိပါယ်ဖွင့်နိုင်ပါတယ်။ မြေထု၊ ရေထုနဲ့လူ့ကျန်းမာရေးကို ပိုမိုခြိမ်းချောက်လာတဲ့ ပလတ်စတစ်ညစ်ညမ်းမှုကို လူတွေပိုမိုသတိပြုမိလာအောင် ကမ္ဘာတဝန်းအသိပညာပေးတာ၊ တိုက်တွန်းနှိုးဆော်တာတွေလည်း ပိုပြီးကျယ်လောင်လာပါတယ်။ ကမ္ဘာမှာ နှစ်စဥ်ထုတ်လုပ်နေတဲ့ ပလတ်စတစ်တန်ချိန်သန်းပေါင်း ၃၈၀ ရှိနေပြီး ပြန်သုံးလို့ရနိုင်တဲ့ ပလတ်စတစ်အမျိုးအစားက ၉ ရာခိုင်နှုန်းသာရှိတဲ့အတွက် ၂၀၄၀ ပြည့်လွန်နှစ်အရောက်မှာ ပလတ်စတစ်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းထိလျှော့ချဖို့ တောင်းဆိုနေကြတာပါ။ မြန်မာနိုင်ငံမှာတော့ ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ်သုံးနေပေမယ့် သူ့ရဲ့ဆိုးကျိုးကို နားလည်သူရှားတယ်လို့ Asia Climate Change Consortium အဖွဲ့ဝင် ကိုအိုလာက ဗွီအိုအေကိုပြောပါတယ်။
“ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကလည်း Planet vs.Plastics ဖြစ်တာကိုးနော်၊ ကျနော်တို့နိုင်ငံမှာ ပလတ်စတစ်သုံးစွဲမှုက အရမ်းမြင့်လာတယ်။ နောက်ပြီးပလတ်စတစ်ရဲ့ ဆိုးကျိုးကိုသိတဲ့လူက ရာခိုင်နှုန်းနည်းနည်း လောက်ပဲရှိမယ်ထင်ပါတယ်။ တော်တော်လေးနည်းကြတယ်။ အလေ့အကျင့်ကောင်းတွေ ကျနော်တို့ ပြန်ပြီးပြုစုပျိုးထောင်ဖို့လိုတယ်။ ပလတ်စတစ်ကိုလျှော့ချဖို့လိုပါတယ်။ ဒီမှာလည်း လူငယ်လူရွယ်တွေအနေနဲ့ ဒီကိစ္စကို တချို့သိကြတယ်။ ဒါပေမယ့် ဒီလို plastic action လုပ်ဖို့ဆိုတာ တဦးတယောက်ချင်းစီက စဖို့လိုတယ်။ တဖွဲ့ချင်းစီ၊ ဒါမှမဟုတ် စီးပွါးရေးလုပ်ငန်းပိုင်းတွေ၊ အစိုးရဌာနဆိုင်ရာပိုင်းတွေ ,, အကုန်လုံးကလျှော့ချဖို့လိုပါတယ်။ ဒါပေမယ့်ကျနော်တို့ ဒီမှာဘာဖြစ်နေလည်းဆိုတော့ ခဏပဲပေါ့နော်၊ ရေရှည်မှာ သုံးနိုင်ဖို့ဆိုတာ အလေ့အကျင့်တခုက ပြုစုပျိုးထောင်ယူရတဲ့ကိစ္စဆိုတော့ တော်တော်လေးတော့ပြုစုပျိုးထောင်ဖို့လိုပါမယ်၊ ဥပမာ လူတဦးချင်းစီက တနေ့တာသုံးစွဲဖို့ ဘယ်လောက်လျှော့မလဲဆိုတဲ့အသိပေါ့။ သေချာသိလာပြီးလုပ်နိုင်ဖို့ဆိုတဲ့ အလေ့အကျင့်တွေတော့ ပြုစုပျိုးထောင်ပေးဖို့လိုတယ်။ မြို့ကြီးတွေမှာဆိုရင်လည်း အမှိုက်ပုံတွေမှာ ပလတ်စတစ်အမှိုက်တွေပြည့်နေတယ်၊ မြစ်ဘေးတွေ ချောင်းဘေးတွေဆိုရင်လည်း ပလတ်စတစ်တွေ၊ အမှိုက်တွေပစ်ရမယ့်နေရာလို့ပဲ လူတွေက ခံယူထားကြတာတွေရှိတယ်။ ကိုယ့်နားလေးသန့်ရှင်းရင်ပြီးရောပေါ့နော်၊ တော်တော်များများကတော့ ကိုယ့်အိမ်ရှေ့က မြောင်းတွေမှာအစ၊ ရေစီးတဲ့မြောင်းတွေမှာအစ အကုန်လုံးအမှိုက်တွေပစ်ကြတာများတယ်။ ငါ့လက်က ကျွတ်ရင်ပြီးရောဆိုတဲ့ဟာမျိုးပေါ့၊ ဒီလိုမျိုးအယူအဆတွေရှိတယ်၊ ပလတ်စတစ်သုံးစွဲမှုနဲ့ပတ်သက်ရင် ဒီလိုအလေ့အကျင့်တွေကို ပြုစုပျိုးထောင်ဖို့တော့ လိုပါသေးတယ်”
အမေရိကန်ပြည်ထောင်စုမှာ သဘာဝပတ်ဝန်းကျင်ရေးရာမဟာတန်းတက်နေပြီး ကုလသမဂ္ဂလူငယ်စကားဝိုင်းတွေ မှာပါဝင်လှုပ်ရှားနေတဲ့ သဘာဝပတ် ဝန်းကျင်ရေးတက်ကြွသူ ကိုဟိန်းထက်ဦးကလည်း မြန်မာနိုင်ငံတွင်းက ပလတ်စတစ်အမှိုက်ပြဿနာကို လူငယ်တွေရဲ့ အားနဲ့ဖြေရှင်းပေးဖို့ ဆန္ဒရှိနေပါတယ်။
“ ပြီးခဲ့တဲ့ရက်ပိုင်းသတင်းတွေဖတ်မိသလောက်ဥပမာအားဖြင့် ကနေဒါ၊ ပိုလန်၊ ဗြိတိန်လိုနိုင်ငံတွေက ပလတ်စတစ်အမှိုက်တွေ ရန်ကုန်မြို့က သာမန်လူတန်းစားတွေနေတဲ့နေရာမှာလာစွန့်ပစ်တာမျိုးတွေဖြစ်နေတဲ့၊ နိုင်ငံခြားကတင်ပို့လိုက်တဲ့အမှိုက်တွေကိုလက်ခံတဲ့ နေရာမှာ ကြားထဲကနေ အကျိုးအမြတ်ရနေတဲ့လူတန်းစားတရပ်ကလည်းရှိနေပါတယ်။ ပလတ်စတစ်တွေတန်နဲ့ချီလာပစ်သွားတာကိုခံရတာကတော့ ပြည်တွင်းက သာမန်လက်လုပ်လက်စားလူတန်းစားတွေပါ။ ဒီလူတွေရဲ့အခွင့်အရေးတွေ၊ ဒီလူတွေခုလိုဒုက္ခမျိုးထပ်မကြုံရေအာင် ကျနော်တို့လို လူငယ်တွေက ဦးဆောင်ပြီးတော့ တခြားသိတတ်တဲ့ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်သင့်တယ်လို့ မြင်ပါတယ်၊ ဒီပြဿနာကို မြန်မြန်ရပ်စေချင်ပါတယ်”
ဒေသအာဏာပိုင်တွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုတွေမှ တတပ်တအားပါဝင်ပံ့ပိုးကူညီနေတဲ့ ကရင်သဘာဝပတ်ဝန်းကျင်အဖွဲ့ KESAN က လှုပ်ရှားတက်ကြွသူ Monday က ဗွီအိုအေကို ခုလိုပြောပါတယ်။
“တိုင်းရင်းသားတွေအတွက် အထူးသဖြင့် ကျမတို့ကရင်တိုင်းရင်းသားတွေအတွက်နေ့တိုင်းကတော့ ကမ္ဘာမြေကြီးနေ့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီပေါ်မှာအသက်ရှင်နေရတယ်၊ သွားလာနေထိုင်တယ်၊ စားသောက်ကြတယ်ဆိုတော့နေ့တိုင်းကတော့ မြေကမ္ဘာနေ့ပါ၊ ဒီနှစ်မှာတော့ အခြေအနေအရပေ့ါလေ၊ လုပ်လို့အဆင်မပြေတဲ့အပိုင်းတွေတော့ရှိတယ်။ ဒါပေမယ့် ၂၂ ရက်နေ့တင်မဟုတ်ပဲ တခြားသောနေ့တွေမှာကျမတို့ ပွဲတွေတော့ရှိပါတယ်။ ကျမတို့နေထိုင်တဲ့ဒေသ၊ ကျမတို့နေထိုင်တဲ့ကမ္ဘာမြေကြီးပေါ့နော်၊ ကမ္ဘာမြေဆိုတာထက် ကျမတို့နေထိုင်တဲ့ ကရင်ဒေသပေါ့နော်၊ ကရင်ဒေသအဝန်းအဝိုင်းထဲမှာ နယ်မြေအေးချမ်းနေ၍၊ ကမ္ဘာမြေအေးချမ်းနေသ၍တော့ ကျမတို့ပြည်သူတွေအတွက်က အေးချမ်းမှုက အရေးအကြီးဆုံးပါ။ အခုတော့ ကျမတို့နယ်မြေမှာ မအေးချမ်းနေဘူး၊ ထိခိုက်မှုတွေများစွာရှိတယ်။ ဆိုတော့ ကျမတို့မျှော်လင့်နေတာက ကျမတို့နေတဲ့ နေရာလေးအေးချမ်းဖို့၊ peace ဖြစ်ဖို့ပါပဲ”
သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ လစဥ်အွန်လိုင်းဆွေးနွေးပွဲတွေကျင်းပပြီး ပြည်သူတွေကို အသိပညာဖြန့်ဝေနေတဲ့ ရန်ကုန်မြို့က EHS Myanmar အဖွဲ့ကတော့ မြေကမ္ဘာနေ့အထိမ်းအမှတ် ပလတ်စတစ်ညစ်ညမ်းမှုနဲ့ Circular Economy ဆိုတဲ့ ထုတ်ကုန်တွေကို စွန့်မပစ်ပဲ ပြန်အသုံးပြုနိုင်တဲ့ စီးပွါးရေးစနစ်အကြောင်း အသိပညာပေးဖို့ပြင်ဆင်ထားတာပါ။ EHS Myanmar စီမံကိန်းတာဝန်ခံ မယွန်းနန္ဒာခိုင်က ဗွီအိုအေကို ခုလိုပြောပါတယ်။
“သဘာဝပတ်ဝန်းကျင်အရေး လူတွေစိတ်ပါဝင်စားကြတယ်လို့ ထင်ပါတယ်။ ကျမတို့ကလစဥ်လတိုင်း webinar လုပ်လေ့ရှိပါတယ်။ အဲဒီလိုလာတက်သွားတဲ့လူတွေကလည်း သူတို့လုပ်ငန်းခွင်တွေ၊ ကျောင်းတွေမှာ လာပြီးဟောပြောပေးဖို့ ဆက်သွယ်လာတာမျိုးရှိပါတယ်၊ နောက်ပြီး သင်တန်း လာတက်ကြတဲ့အထဲမှာဆိုရင်လည်း လူငယ်တင်မကပဲ လက်ရှိမှာ လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်နေတဲ့ ပရော်ဖက်ရှင်နယ်တွေ၊ လူကြီးပိုင်းတွေပါကြပါတယ်။ ခုနောက်ပိုင်း လူငယ်တွေရော၊ လူကြီးတွေရော သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ အရင်ကထက်ပိုပြီးစိတ်ဝင်စားလာကြတယ်လို့မြင်တယ်။ ဒါကြောင့်လည်း ကျမတို့လုပ်ပေးနေတဲ့ webinar ကိုစိတ်ဝင်တစားလာတက်ကြပါတယ်”
ကမ္ဘာ့ပူနွေးမှုတွေအရှိန်မြင့်လာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေ ၂၀၂၃ ခုနှစ်အတွင်း လေထုထဲမှာ စံချိန်တင်တိုးလာနေ တယ်ဆိုတဲ့ စိုးရိမ်စရာအစီရင်ခံစာသစ်တရပ်ထွက်လာချိန်မှာပဲ မြေကမ္ဘာနေ့ကျရောက်လာတာပါ။ ရန်ကုန်မြို့က အိမ်ရှင်မတဦးဖြစ်တဲ့ မစိမ့်ကတော့ လူ့ကျန်းမာရေးကို အန္တရာယ်ပေးနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှုကို တနိုင်တပိုင်တိုက်ဖျက်ဖို့ ဆောင်ရွက်နေသူဖြစ်ပါတယ်။
“အရင်တုန်းက ပလတ်စတစ်အန္တရာယ်ကို မသိခင်တုန်းကတော့ အလွယ်တကူသုံးခဲ့ပေမယ့် ခုနောက်ပိုင်းတဖြည်းဖြည်းနဲ့သိလာတဲ့အခါပလတ်စတစ်ကို စက္ကူအစားထိုး၊ မြေဆီလွှာက ဖျက်ဆီးလွယ်မယ့်ပစ္စည်းမျိုးနဲ့အစားထိုးသုံးမယ်ဆိုရင်ပိုအဆင်ပြေမယ်လို့ ခံစားရပါတယ်။ နောက်တခုကတော့ ကျွပ်ကျွပ်အိတ်ပေါ့။ သိရသေလာက်ကတော့ လမ်းမှာ ဝယ်စားတဲ့မုန့်အပူတွေပေါ့လေ၊ မြန်မာ့ရိုးရာမုန့်တွေ မုန့်လင်မယားလေးတွေ၊ ဘိန်းမုန့်လေးတွေ၊ အရင်တုန်းကမသိဘူး၊ ဖတ်ခနဲ ကောက်ထည့်လိုက်တာပဲ။ပလတ်စတစ်နဲ့အပူနဲ့တွေ့လို့ရှိရင် ကင်ဆာတွေကို အားပေးတယ်လို့ဖတ်ရတဲ့အခါကြောက်တယ်လေ။ အခုထိလည်း လူတွေကတော့ ပလတ်စတစ်နဲ့အပူတွေကို ထည့်နေတုန်းပဲ၊ ဒါပေမယ့်အဲတာတွေကို ကျော်လွှားနိုင်ပြီလားရင်လည်းခုချိန်ထိတော့ မကျော်လွှားနိုင်သေးဘူး။ ကမ္ဘာကြီးအတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတာကို ကိုယ်ကိုတိုင်ရှေ့က ဦးဆောင်ပြီး ပလတ်စတစ်ကို စနစ်တကျစွန့်ပစ်ဖို့၊ အမှိုက်ပုံးရှိတဲ့နေရာမှာပဲပစ်ဖို့၊ ပလတ်စတစ်နဲ့စျေးဝယ်တာမျိုးမလုပ်ပဲနဲ့ ကိုယ့်အိမ်က ချိုင့်နဲ့သွားပေါ့နော်၊ အိမ်က ခြင်းတောင်းယူသွားပေါ့၊ အဲတာမျိုးကိုတော့ အိမ်ရှင်မအချင်းချင်း လက်ဆင့်ကမ်းအသိပေးချင်ပါတယ် “
စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုတွေလည်း လုံးဝနီးပါးပျောက်ကွယ်ကုန်ပေမယ့် စိမ့်တို့လိုအိမ်ရှင်မတွေလို ကိုယ့်နည်းကိုယ်ဟန်နဲ့ တနိုင်တပိုင်လုပ်ကိုင်နေကြသူတွေလည်း ရှိပါတယ်။
ကမ္ဘာတဝန်းက မြေကမ္ဘာနေ့လှုပ်ရှားမှုတွေထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လမ်းလျှောက်ချီတက်တာ၊ သစ်ပင်တွေစိုက်တာ၊ အွန်လိုင်းဆွေးနွေးပွဲတွေကျင်းပတာ၊ ကမ်းခြေတွေကအမှိုက်တွေကို စုပေါင်းရှင်းတာအပြင် ပျော်ပွဲရွှင်ပွဲတွေနဲ့ အသိပညာပေး လှုပ်ရှားမှုတွေဆောင်ရွက်တာမျိုးထိ ပါဝင်ပါတယ်။ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်မပါဝင်နိုင်တဲ့သူတွေအနေနဲ့လည်း တတ်နိုင်တဲ့နည်လမ်းနဲ့ ပူးပေါင်းပါဝင်နိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက အကြံပြုပါတယ်။ ပြည်ပြည့်မြဲစွမ်းအင်ပြောင်းလဲသုံးစွဲတာ၊ လေယာဥ်နဲ့ ခရီးသွားလာမှုလျှော့ချတာ၊ အသား၊ ငါးနဲ့ နို့ထွက်ပစ္စည်းလျှော့စားတာမျိုးဟာလည်း သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုရာရောက်တယ်လို့ အကြံပြုထားပါတယ်။
Forum