Switzerland နိုင်ငံ Davos မြို့မှာကျင်းပနေတဲ့ ၂၀၂၄ ကမ္ဘာစီးပွားရေးညီလာခံဘေးပန်းမှာ မြန်မာ့အရေး သံခင်းတမန်ခင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အာရှဒေသနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဖိတ်ကြားထားသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ ပွဲမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်း တည်ငြိမ်ပြီး စုစည်းမှုပြန်ရအောင် ထိုင်းနိုင်ငံက တက်ကြွတဲ့ အခန်းကဏ္ဍကနေ ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အာဆီယံအဖွဲ့နဲ့အတူ အိမ်နီးချင်းနိုင်ငံတွေ တခြားမိတ်ဖက်နိုင်ငံတွေနဲ့ အတူတွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ Parnpree Bahiddha-Nukara ကပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းတဲ့နိုင်ငံရေးအဖြေရဖို့ သက်ဆိုင်တဲ့အဖွဲ့အားလုံးအနေနဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ် Mr. Parnpree ကအလေးထား ပြောကြားခဲ့ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကို ထိုင်းနိုင်ငံအနေနဲ့ အဓိကဦးစားပေးဆောင်ရွက်နေတယ်လို့လည်း သူက မြန်မာ့အရေး သံခင်းတမန်ခင်းဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
ထိုင်း မြန်မာနယ်စပ်မှာရှိနေကြတဲ့ မြန်မာပြည်သူတွေအတွက် အကြီးအကျယ်လိုအပ်နေတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို ပေးဖို့ ထိုင်းနိုင်ငံက ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ လိုအပ်တဲ့အကူအညီတွေကို လိုအပ်သူတွေဆီ ပို့ပေးတဲ့နေရာမှာ ထိရောက်မှုရှိဖို့၊ စိတ်ချ ပွင့်လင်းမြင်သာမှုရှိအတွက် မြန်မာနဲ့ ပေါင်းပြီး ထိုင်းနိုင်ငံက ဆောင်ရွက်နေတယ်လို့ Davos မှာကျင်းပခဲ့တဲ့ မြန်မာ့အရေး သံခင်းတမန်ခင်းဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံဘက်က ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ကပဲ ထိုင်းကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ ထိုင်းအိမ်နီးချင်းနိုင်ငံများ ညှိနှိုင်းရေးစင်တာ အကြီးအကဲတို့ နေပြည်တော်မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ၂ နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ Video Conferencing နဲ့ဆွေးနွေးခဲ့ကြပါတယ်။