မြန်မာ့ အကြပ်အတည်းကို ဖြေရှင်းရာမှာ လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီး ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက ပြုလုပ်တဲ့ ကြာသပတေးနေ့ ဆွေးနွေးပွဲကနေ အကြံပြုချက်ငါးခု ချမှတ်ဖို့ သဘောတူခဲ့ကြပါတယ်။ ထိုင်းနိုင်ငံကို လာရောက်တဲ့ သန်းနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအရေးအပြင် မြန်မာ့အကြပ်အတည်းကို လျှော့ချဖို့ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေသာမက NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို အကြံပြုခဲ့ကြတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစည်သူက ပြောပြပေးမှာပါ။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး မနေ့က ဒီဇင်ဘာလ ၂၁ ရက်က ထိုင်းလွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာ့အကြပ်အတည်းအတွက် လုပ်ဆောင်သင့်တာတွေကို အကြံပြုခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဌာနဟာ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးကို အားကောင်းအောင်လုပ်ဖို့၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသား လူမျိုးစုတွေ၊ တခြားမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံထဲက အဖွဲ့အစည်းပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံပြီး ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေ လျှော့ချဖို့ အပြင် မြန်မာ့အပြောင်းအလဲအတွက် ထိုင်းစစ်တပ်နဲ့ ထိုင်းအစိုးရကနေ စောင့်ကြည့်ထိန်းညှိပေးမဲ့ ကြားခံရုံးတခုကို ဖွင့်လှစ်ထားဖို့နဲ့ မြန်မာ ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲမှာရှိနေတုန်း တရားဝင် အလုပ်လုပ်ခွင့်ရဖို့ ပါဝင်တဲ့ အချက်ငါးချက်ကို အကြံပြုခဲ့တာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတခုရဲ့ အရေးကိစ္စကို ထဲထဲဝင်ဝင် ပြောဆိုဖို့ လက်ရှောင်လေ့ရှိတဲ့ ထိုင်းနိုင်ငံရေး အစုအဖွဲ့တွေ အခုလို မြန်မာ့အရေး ချဉ်းကပ်လာတဲ့ပုံဟာ ပထမဦးဆုံးလို့ ပြောလို့ရနိုင်ကြောင်း နိုင်ငံရေး လေ့လာသူနဲ့ အရပ်ဘက်အဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ စစ်ကောင်စီဟာ သူ့ရဲ့ တပ်စခန်းတွေကို တဖြည်းဖြည်း လက်လွှတ်ဆုံးရှုံး နေရတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာပဋိပက္ခကို ရှုမြင်တဲ့ပုံစံဟာ ပြောင်းလဲလာတယ်လို့ နိုင်ငံရေး လေ့လာသူတွေက မြင်ပါတယ်။
အရင်က ထိုင်းအစိုးရဟာ မြန်မာစစ်တပ်ဘက်က သိသိသာသာ ရပ်တည်ခဲ့တာမျိုးရှိခဲ့ပါတယ်။ အခုတော့ စစ်ရေးမှာ နယ်မြေစိုးမိုးမှု ကျဆင်းလာတာ၊ အမေရိကန်နိုင်ငံခြားရေးအပေါ်မှာ တစုံတရာ လွှမ်းမိုးမှုရှိတဲ့ သတင်းစာတွေ၊ အမေရိကန် ငြမ်းချမ်းရေးအင်စတီကျူ USIP လို အဖွဲ့တွေရဲ့ ရှုမြင်ချဉ်းကပ်ပုံတွေ ပြောင်းလဲလာတာကလည်း ထိုင်းရဲ့ စဉ်းစားပုံကို တနည်းတဖုံ ပြောင်းလဲခဲ့တာ ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က ပြောပါတယ်။
နိုင်ငံကြီးတွေရဲ့ မူဝါဒအပြောင်းအလဲနဲ့ အတူ အိမ်နီးချင်း မြန်မာနဲ့ ရေရှည်ဆက်ဆံရေး၊ နိုင်ငံရေး အပြောင်းအလဲမှာ ပေါ်ထွက်လာမဲ့ အင်အားစုတွေနဲ့ ဆက်ဆံရေးပြေလည်နိုင်ဖို့အတွက် အခုလို ထိုင်းနိုင်ငံရေးအစုအဖွဲ့တွေက လွှတ်တော်လမ်းကြောင်းကနေ ချဉ်းကပ်လာပုံရကြောင်း သူကပြောပါတယ်။
" ထိုင်းဆိုတာမျိုးကလည်း အမေရိကန်နိုင်ငံနဲ့ကတော့ မဟာဗျူဟာမြောက် အကျိုးစီးပွားဖက် ဖြစ်တဲ့အခါကြတော့ အမေရိကန် နိုင်ငံခြားရေး မူဝါဒကလည်း ထိုင်းအပေါ်မှာ တစုံတရာ လွှမ်းမိုးမှုရှိတာမျိုးပေါ့နော်၊ နောက်ပြီး ထိုင်းလွှတ်တော်အမတ် ဦးပကစ် (Upakit) လည်း မင်းအောင်လှိုင်နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ကိစ္စ နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်တာပေါ့နော် အဲဒါလည်းရှိတယ်။
နောက် တရုတ်နိုင်ငံကလည်း လက်ရှိအခြေအနေနဲ့ ပတ်သက်လာရင် အထူးသဖြင့် အွန်လိုင်းကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်လာရင် တိတိကျကျနှိမ်နင်းဖို့ ရည်ရွယ်ချက်ရှိတဲ့အခါကြတော့ ဒီလိုအခြေအနေ ကြီးကြီးမားမားကို ဖြစ်လာတာပေါ့နော်။ အဲဒီတော့ ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့အပိုင်းမှာလည်း ရွှေကုက္ကိုလ်မြို့သစ်လိုမျိုး နေရာတွေလည်း ရှိနေတဲ့အခါကြတော့ အဲဒါတွေနဲ့ပတ်သက်လို့ တရုတ်နဲ့ထိုင်းကြား သဘောတူညီမှုနဲ့ ဆွေးနွေးမှုတွေ ရှိပုံရတယ်ပေါ့။
ဆိုတော့ ဒါတွေက နိုင်ငံတကာ အခင်းအကျင်းမှာ တရုတ်ရဲ့ ရပ်တည်ချက် အပြောင်းအလဲ ရွှေ့ကွက်၊ ကစားကွက်တွေနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ တနည်းအားဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရပ်တည်ချက်က တစုံတရာ ပြောင်းလဲသွားတဲ့သဘော တနည်းအားဖြင့် နွေဦးတော်လှန်ရေး အတွက်တော့ အပြုသဘော တိုးတက်မှုတခုလို့ မြင်ပါတယ်၊ အဲလို ဆက်စပ်မှု ရှိနိုင်ပါတယ်။"
ထိုင်းလွှတ်တော် နိုင်ငံခြားရေးရာဌာနက ဆွေးနွေးခဲ့တဲ့ထဲမှာ မြန်မာဒုက္ခသည်တွေ အလုပ်အကိုင်ရရှိရေးဆိုတဲ့ အချက်ကတော့ အဆင့်ကျော်ပြီး စဉ်းစားမှုတခုဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး စောင့်ကြည့် ကူညီနေသူတွေက ဝေဖန်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံထဲက ဒုက္ခမျိုးစုံနဲ့ ထွက်ပြေးလာသူတွေဟာ အထောက်အထားမဲ့ နေထိုင်နေရပြီး နေရပ်ကို ပြန်မပို့ဖို့အတွက်လည်း ထိုင်းရဲတွေကို လာဘ်ပေးနေရကြောင်း ပြောပါတယ်။ တကယ်တော့ တရားဝင်အလုပ်ရဖို့ထက် တရားဝင်နေထိုင်ခွင်ရဖို့ကိုပဲ ထိုင်းအစိုးရက ဦးစားပေးလုပ်သင့်ကြောင်း ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့နယ်အခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ (AAC) ရဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။
" သူတို့လိုချင်တဲ့အပိုင်းကတော့ တရားဝင် အလုပ်လုပ်စေချင်တာ။ အလုပ်အကိုင်အခွင့်အလမ်းကို ပေးချင်တာ။ ဒါပေမဲ့ ကျနော်တို့က အဲဒီအဆင့်ထက်ကို ကျနော်တို့လိုချင်တာက နိုင်ငံရေးခိုလှုံလာတဲ့ အလုပ်သမား အောက်ခြေ လူတန်းစားရော၊ အလယ်တန်းရော၊ အလတ်တန်းရော အကုန်လုံးကို တရားဝင်ဖြစ်ဖို့ပဲ ကျနော်တို့ တိုက်တွန်းချင်တာ။ နိုင်ငံတကာမှာ တရားဝင်ဖြစ်အောင် လုပ်ပေးမယ်ဆိုရင် ကျနော်တို့ အများကြီးကြိုးစားရမယ်၊ အများကြီးလဲ အဆင်ပြေတာပေါ့ဗျာ။ တရားဝင် အလုပ်လုပ်ဖို့ဆိုတာ သူတို့ကပြောတာ ပိုသွားတာပေါ့။ ကျနော်တို့က မကြိုက်ဘူး။ လက်ရှိရှိနေတဲ့ တရားဝင် အလုပ်သမားတောင် အလုပ်မပေးနိုင်ဘူး။ စဉ်းစားလိုက်ရင်တော့ သူတို့ဦးစားပေးတဲ့ အချက်ထဲမှာ... ကျေးဇူးတင်တယ်။ ဒါပေမဲ့ အဆင့်ကျော်နေတာပေါ့။"
နိုင်ငံရေးကြောင့်ဖြစ်စေ၊ ဒုက္ခမျိုးစုံကြောင့် ထွက်ပြေးလာသူတွေဖြစ်စေ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရ အဆက်ဆက်က တရားဝင်နေထိုင်ခွင့်ပေးခဲ့ကြောင်း ဦးခိုင်ကြီးက ပြောပါတယ်။ အခုဆိုရင် နှစ်နိုင်ငံအစိုးရရဲ့ အလုပ်သမားစာချုပ် MoU နဲ့လာတဲ့ မြန်အလုပ်သမား တွေတောင် ထိုင်းမှာ ရာနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်နေကြောင်း သူကပြောပါတယ်။
အခုဆိုရင် ထိုင်းကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အရေအတွက်က လေးသန်းကျော်လောက် ရှိလိမ့်မယ်လို့ အလုပ်သမားရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ နိုင်ငံရေး၊ စီးပွားရေး ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ထိုင်း၊ တရုတ်အပါအဝင် မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်မှာ အလုပ်သွားလုပ်တဲ့ မြန်မာအရေအတွက်က တဖြည်းဖြည်း များလာပါတယ်။ မြန်မာနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာမျိုးစုံကိုလည်း အိမ်နီးချင်း နိုင်ငံတွေ ရင်ဆိုင် ဖြေရှင်းနေရတာပါ။