သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းစစ်ပြေးဒုက္ခသည်တွေ နေရေး စားရေးအခက်ကြုံ 


 တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ နေ့ကစလို့ တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်ပစ် ထွက်ပြေးရသူ ၅ သောင်းနီးပါးရှိသွားပြီလို့ ကုလသမဂ္ဂက ဒီနေ့ပြောကြားပါတယ်။ စစ်ဘေးလွတ်ရာ ပြေးကြသူတွေအနေနဲ့ အကူအညီ အလွန်လိုအပ်နေကြတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

အောက်တိုဘာ ၂၇ နေ့မှာ တိုင်းရင်းသားညီနောင်မဟာမိတ် ၃ ဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဒီနေ့အထိ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ သီတင်း ၂ ပတ်လောက်တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒေသခံ ငါးသောင်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar) က ဒီနေ့ပြောကြားပါတယ်။

တရုတ်နယ်စပ်အနီး၊ ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီ ဘက်က အင်တာနက်ဖုန်းလိုင်း ဆက်သွယ်မှုတွေ ဖြတ်တောက်ထား တဲ့အတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အင်မတန် ခက်လာစေတယ်လို့ ကုလထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့ထဲက ရှမ်းပြည်မြောက်ပိုင်းဒေသမှာရှိတဲ့ မြို့နယ်ပေါင်း ၂၂ ခုထဲက အနည်းဆုံး ၁၀ မြို့ထက် မနည်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

သိန္နီမြို့နယ်ထဲမှာဆိုရင် ဘုန်းကြီးကျောင်း ၁၄ ကျောင်း လောက်မှာ လာရောက် ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ၉ ထောင်ကျော်လောက် ရှိတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပြပါတယ်။ ဒုက္ခသည်တွေဟာ ဘေးလွတ်ရာရောက်လာပေမဲ့အစားအသောက်အတွက် အခက်အခဲတွေ ကြုံနေကြသလို သူတို့ထားခဲ့တဲ့ နေအိမ်တွေမှာလည်း ဖေါက်ထွင်း ခိုးယူခံနေရတယ်လို့ အကူညီပေးနေသူ တဦးက ဗွီအိုအေကိုခုလိုပြော ပြပါတယ်။

"သိန္နီနဲ့လားရှိုးဘက် အတက်မှာက စကဖ ၁၆တို့၊ ၂၂၃ တို့ ၆၉ တပ်တို့ရှိတယ်လေ။ အဲနားမှာ မဟာမိတ်တပ်တွေက ဘန်ကာကျင်းတွေတူးပြီး တောက်လျှောက်တနေကုန် ပစ်နေတာကို။ အဲနားတဝိုက်က ဘုန်းကြီးကျောင်း ကျောင်းခန်းလေ။ အဲဒီမှာ တပ်ကနေ လူတွေကို ပေးမထွက်ဘူး။ ပြောမယ်ဆို လူသားဒိုင်းလို ပုံစံထားထားတာ။ သွားကူတဲ့ ကယ်ဆယ်ရေးလည်း လုပ်မရ။ ဘုန်းကြီးကျောင်းထဲလည်း ထွက်မရနဲ့ ဆန်ပြုတ် သောက်နေရတယ်။ သိန္နီကတော့ မကောင်းနိုင် တော့ဘူး။ ပြောမယ်ဆိုရင် အိမ်မှာ လူမရှိတော့ဘူး သို့သော် တောက်လျှောက်ဒုစရိုက်မှုတွေက ချက်ချင်းပေါ လာတယ်။ ကျနော်တို့သိန္နီက နာမည်ကြီးတဲ့ ရွှေနန်းတော် ကွမ်းဆိုင်ဆို အိမ်ဖောက်ခံရတယ်။ တခြားအိမ် တွေလည်း ဖောက်တယ်။ ဘာလို့ဆိုလူတွေကကိုယ့်အိမ်ကို မပြန်ရဲဘဲ ဘုန်းကြီးကျောင်းထဲ မှာဘဲနေတော့ အဲလို တောက်လျှောက် ဖောက်ခံနေရတယ်အခုကလေ။"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဘာသာရေး အဖွဲ့အစည်းတွေ၊ ဒေသခံ ရပ်ရွာ လူမှုအသိုင်းအဝိုင်းကပဲ စစ်ဘေးရှောင်တွေကို အဓိက လက်ခံ စောင့်ရှောက် ပေးနေကြပါတယ်။ သူတို့အတွက် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါး၊ တကိုယ်ရေ သန့်ရှင်းရေး အထောက်အပံ့တွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေတာကြောင့် အကူညီပေးရာမှာ အခက်ခဲကြုံနေရ တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လားရှိုး ဒေသခံတဦးက ပြောပါတယ်။ စစ်ဘေးဒုက္ခသည် အရေအတွက် အတိအကျ ဘယ်လောက်ရှိမယ်ဆိုတာကတော့ ခန့်မှန်းလို့ မရဘူးလို့ ပြောပါတယ်။

"ဘယ်လောက်ရှိသွားလဲဆိုတာတော်တော်ပြောရခက်သွားတယ်။ အများဆုံးကတော့ မန်ဆူ ရှမ်းကျောင်းမှာ အများဆုံးဘဲဗျ. ရှောင်လာတဲ့အထဲမှာပေါ့။ အောင်သစ္စာ တာပေါ် မိုင်းရော်ဘက်က လာတဲ့သူတွေဗျ။ နောက် ထပ်မန်အိုင်ဘက် အထက်မန်အိုင်ကျောင်းမှာလည်းရှိတယ်ဗျ။ အဲမှာလည်း ၃၊၄ရာလောက်ရှိတယ်ဗျ။ တချို့ဟာ တွေကျနော်မသိတာတွေအများကြီးဘဲ များတယ်ဗျ။ ကျနော် ခန့်မှန်းတာတော့ နဂိုရှိတာနဲ့ဆို ၅၀၀၀ လောက် တော့ရှိမယ်ဗျ။ ဒုက္ခသည်ဆိုမှတော့ အဆင်ပြေတာတော့ မရှိဘူးပေါ့ဗျာ။ အဓိကကတော့ အစားအသောက်ပေါ့။ တချို့ကျတော့လည်း ဘာမှမပါလာဘူး။. အဝတ်တထည်ကိုယ်တခု ရယ်ပေါ့။ ကျနော်တို့ရှမ်းမြောက်က ဆောင်း လဲဝင်လာပြီ ဆိုတော့ အေးလာတာဖြစ်လို့ သူတို့အတွက်စောင်တို့အနွေးထည်တို့ ဘာတို့တော့ ဒါလေးတွေတော့ အခက်အခဲဖြစ်လာတယ်။"

ရှမ်းပြည်မြောက်ပိုင်းမှာ အရင်ကတည်းက ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းဒုက္ခသည် သောင်းချီရှိနေနှင့်ပြီးသားကို ညီနောင်မဟာမိတ်လက်နက်ကိုင်တွေရဲ့ စစ်ဆင်ရေးကြောင့် နောက်ထပ် သောင်းနဲ့ချီ ထပ်တိုး လာတာဖြစ်ပါတယ်။ ကိုးကန့် တရုတ်နယ်စပ်နားက စစ်ဘေးရှောင်စခန်းတွေ မှာလည်း နေရပ်စွန့်ခွာပြေးရတဲ့ စစ်ရှောင်ဦးရေဟာ ၁၇၀၀၀ ထက် မနည်းရှိတယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန် ထားပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁.၇ သန်းနီးပါးရှိနေပါတယ်။ အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် နိုင်ငံ တစ်ဝန်းမှာ နေရပ်စွန့်ခွာသူက နှစ်သန်းနီးပါး ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက် နေ့က စတင်ပြီး မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်မြင့်တက် နေတာကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေကပြည်သူတွေ ဒုက္ခ ရောက်နေရ တယ်လို့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၁ သန်း သုံးစွဲသွားမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG