သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုံခြုံရေးစိုးရိမ်မှုအပေါ် အလေးထားဖို့ မြန်မာကိုတောင်းဆို 


တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်း (Wang Wenbin) ကို ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရစဉ်
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်း (Wang Wenbin) ကို ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရစဉ်

တရုတ်မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ခိုက်နေသူတွေအနေနဲ့ တရုတ်ရဲ့ လုံခြုံရေးစိုးရိမ်မှုအပေါ် အလေးထားဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကို တရုတ်က အထူးစိုးရိမ်နေပြီး တရုတ် မြန်မာနယ်စပ်လုံခြုံရေးအတွက် တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကဒီနေ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ထပ်မံ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ခိုက်နေကြတဲ့အဖွဲ့အားလုံးအနေနဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ပြီး တရုတ် မြန်မာနယ်စပ် တည်ငြိမ် လုံခြုံရေးကို ထိန်းသိမ်းဖို့ တရုတ်အစိုးရက တိုက်တွန်းပါတယ်။ တရုတ်နိုင်ငံဘက်က လုံခြုံရေးစိုးရိမ်မှုအပေါ် အလေးထားကြဖို့နဲ့ တရုတ် မြန်မာပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ၊ တရုတ်ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် တရုတ်အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ပါလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ဒီနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ် မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေရဲ့ လုံခြုံမှုပိုင်းကိုတော့ မထိခိုက်ဘူးလို့လည်း သူကပြောပါတယ်။ တရုတ် မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးကြီးသလို ၂ နိုင်ငံလုံးနဲ့ ၂ နိုင်ငံလုံးက ပြည်သူတွေအတွက် အကျိုးရှိစေတယ်လို့လည်း တရုတ်အစိုးရ ပြောခွင့်ရက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကို စတင်ခဲ့ပြီးနောက်ပိုင်း တရုတ်နယ်စပ်မြို့တွေအပေါ် လက်နက်ကြီးတွေကျတာရှိသလို တရုတ်နိုင်ငံသားတချို့ သေဆုံးတယ်ဆိုတဲ့ သတင်းတွေလည်း အဲဒီဒေသဖက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံဖက်က တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို ရှောင်ရှားဖို့လည်း တရုတ်အစိုးရက ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG