တရုတ်- မြန်မာနယ်စပ်ဒေသက စစ်ရေးအရ အရေးပါတဲ့ ကွမ်းလုံမြို့ကို MNDAA ကိုးကန့်တပ်တွေက သိမ်းပိုက်ထားပြီး အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ လောလောဆည်မှာ မြို့ကို ထိန်းချုပ်နိုင်ပေမဲ့ မြို့အနီးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေနဲ့ ဆက်လက် တိုက်ပွဲပြင်းထန်နေဆဲပါ။ ရှမ်းမြောက်ဒေသ ရဲ့နောက်ဆုံးရ တိုက်ပွဲသတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်းက တင်ပြပေးမှာပါ။
၁၀၂၇ စစ်ဆင်ရေး ၁၅ ရက်မြောက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်းပိုက်ထားပြီး အလုံးစုံ ထိန်းချုပ်နိုင်ဖို့ဆက်လက်ကြိုးစားနေတယ်လို့ MNDAA ကိုးကန့်တပ်က သတင်းထုတ်ပြန်လိုက်တာပါ။ MNDAA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ကွမ်းလုံမြို့ကိုသိမ်းယူလိုက်ကြောင်းနဲ့ အနီးပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေဆဲပဲလို့ VOA ကို ပြောပါတယ်။
“ ကွမ်းလုံဘက်တော့ အခုလောလောဆည် တိုက်ပွဲတော့ ဆက်တိုက်ဖြစ်နေပါတယ်။ ကျနော်တို့ အနေနဲ့ မြို့ကို ထိန်းထားနိုင်ပေမဲ့လည်း ဘေးတဝိုက်မှာရှိတဲ့ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နေပါတယ်ဗျ။ ”
စစ်ကောင်စီက မနက်ဖန် ဒီဇင်ဘာ ၁၁ရက် နေ့မှာ တရုတ်နိုင်ငံ အကူအညီနဲ့ တည်ဆောက်တဲ့ ကွမ်းလုံ တံတားသစ် ကိုဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ညီနောင်မဟာမိတ်တွေက သိမ်းယူလိုက်တာလည်း ဖြစ်ပါတယ်။
ကွမ်းလုံမြို့ဟာ ၁၉၇၁ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရက် ၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရတဲ့ နေရာလည်း ဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့ရဲ့ အနီးမှာတည်ရှိသလို ချင်းရွှေဟော် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က စစ်ရေးအရ အရေးပါတဲ့မြို့ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်လောက်ကိုင်အဝင်မှာရှိတဲ့ ပါစင်ကျော်ကုန်းကို ညီနောင်မဟာမိတ်အဖွဲ့တွေက ဒီမနက်ပိုင်းမှာ သိမ်းယူလိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုလို ပါစင်ကျော်ကို သိမ်းယူတာနဲ့ပတ်သက်လို့တော့ MNDAA ပြောခွင့်ရသူက အတည်မပြုနိုင်သေးကြောင်း အခုလို ပြောပါတယ်။
“ ဒီအခြေအနေကို ကျနော် အတည်ပြုမပေးနိုင်သေးဘူးဗျ ..နော။ ”
လောက်ကိုင်မြို့မှာ ရောက်ရှိနေသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ပါစင်ကျော်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြား နေရသလို စစ်လေယာဉ်တွေ လာတာကိုလည်း တွေ့မြင်ရကြောင်း ပြောပါတယ်။
ဒီလ ၉ရက် နေ့ ည ၁၀နာရီ ထုတ်ပြန်ချက်မှာတော့ ညီနောင်မဟာမိတ်တပ်တွေဟာ ကွမ်းလုံမြို့ကို အလုံးစုံသိမ်းပိုက်ရရှိရေး အတွက် အဓိကထားဆောင်ရွက်နေပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေကြောင်း နဲ့ ကိုးကန့်ဒေသမှာ တပ်စခန်းအချို့ ဆက်လက် သိမ်းယူရရှိကြောင်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
၉ ရက်နေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေအကြား နောင်ချိုမြို့နယ် အုမ္မခါးရွာ အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဒေသတွင်းတိုက်ပွဲသတင်းတွေ ထပ်မံရရှိတာ မရှိသေးကြောင်း TNLA ပြန်ကြားရေးဌာနက ပြောဆိုပါတယ်။ TNLA ပြောရေးဆိုခွင့်ရှိသူ ကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကိုးကန့် MNDAA ၊ တအာင်း TNLA၊ ရက္ခိုင် AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ရက်နေ့စတင်ပြီးဆောင်ရွက်ခဲ့ရာမှာ ရက်သတ္တ ၂ပတ်ခန့်အကြာ မှာတော့ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ပြည်သူ့စစ်စခန်း ၁၂၀ ကျော်ကို သိမ်းယူခဲ့ကြောင်းနဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ်(ပန်ဆိုင်း ) စတဲ့မြို့တွေကို သိမ်းယူခဲ့ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။