မြန်မာ့လက်နက်ကိုင် လှုပ်ရှားမှု ရှေ့အလားအလာ အကဲခတ်တွေ ဝါရှင်တန်မှာဆွေးနွေး
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်နီးပါး ရှိလာချိန်မှာ လက်နက်ကိုင် လှုပ်ရှားမှုတွေ အရှိန်အဟုန် ပို ကောင်းလာတာ တွေ့ရပေမဲ့ စုစည်း ခိုင်မာအားကောင်းတဲ့ တပ်ပေါင်းစု အင်အားတရပ် ပုံစံ ဖြစ်ဖို့မှာတော့ အခက်အခဲတွေ ရှိနေသေးတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း မြန်မာ လက်နက်ကိုင်လှုပ်ရှားမှုရဲ့ အလားအလာ ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတာကို သုံးသပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲတရပ်ကို အမေရိကန်အခြေစိုက် Stimson သုတေသနစင်တာက မနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပခဲ့တာမှာ လက်ရှိ လက်နက်ကိုင်လှုပ်ရှားမှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒီ အွန်လိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ဘယ်တုန်းကမှနဲ့မတူအောင် သိသိသာသာ အားကောင်းလာခဲ့တယ်လို့ မနေ့က Stimson သုတေသနစင်တာက ကျင်းပတဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးသူတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့လည်း စုစည်းညီညွတ်တဲ့ တပ်ပေါင်းစုအင်အား တရပ် ဖွဲ့စည်းနိုင်တဲ့ အခြေအနေကို ရောက်ဖို့မှာတော့ စိန်ခေါ်မှုတွေနဲ့ အားနည်းချက်တွေ ရှိနေတုန်းပဲလို့လည်း ထောက်ပြကြပါတယ်။
လက်ရှိအခြေအနေမှာ စစ်တပ်က နယ်မြေ ဘယ်လောက်အထိ ထိန်းချုပ်ထား နိုင်သလဲ၊ အတိုက်အခံ အင်အားစုတွေ ဘက်မှာရော ဘယ်လောက်အထိ အောင်မြင်နေပြီလဲ ဆိုတဲ့အပေါ်မှာလည်း ကွဲလွဲမှုတွေ ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ Stimson သုတေသနစင်တာရဲ့ အရှေ့အာရှ အစီအစဉ် တွဲဖက်ညွန်ကြားရေးမှူး Yun Sun က ပြောပါတယ်။
“အာဏာသိမ်းမှု ၂ နှစ်အကြာမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ နိုင်ငံရဲ့အနာဂတ်ဟာ မသေချာမရေရာဘူးလို့ သုံးသပ်သူ အများစုက မြင်လာကြတာ ရှိပါတယ်။ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အင်အားစုတွေကြားမှာ နိုင်ငံရေး အရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲ ဖြစ်ဖြစ် တဘက်ဘက်က အသာစီးရနေတာ မတွေ့ရသေးတာကြောင့်ပါ။ နိုင်ငံရဲ့ အဓိကကျတဲ့ အခြေခံ အဆောက်အအုံတွေကို စစ်တပ်က ထိန်းချုပ်ထားသလို၊ အဆင့်မြင့်လက်နက်တွေဟာလည်း သူတို့လက်ထဲမှာပဲ ရှိနေတာကြောင့် စစ်တပ်အနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ပြီး ထောက်ပံ့ထားနိုင်တဲ့ အရင်းအမြစ်တွေ ရှိနေတယ်။ ဒါကြောင့် စစ်တပ်ကို နိုင်ဖို့ မလွယ်ဘူးလို့ တချို့က ထောက်ပြလာကြတာပါ။”
ဒါပေမဲ့ တချိန်တည်းမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေဘက်က နယ်မြေ ထိန်းချုပ် သြဇာ သက်ရောက်မှုတွေ ပို ရလာနေတာကိုလည်း ထောက်ပြကြပါတယ်။ ဒီအရှိန်ကိုယူပြီး NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ညီညွတ်မှုအား ပိုရလာအောင် တည်ဆောက်သွားနိုင်တယ်လို့ အမေရိကန်အခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့ Woodrow Wilson Center က အာရှရေးရာ သုတေသီ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
“အထူးသဖြင့် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက စစ်တပ်ကိုဆန့်ကျင်တဲ့ အဖွဲ့တွေကြားမှာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး ရရှိလာစေပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးအရ ဘုံသဘောတူညီချက်တရပ် ရဖို့မှာတော့ တွန့်ဆုတ်နေတဲ့ အဖွဲ့တွေ ရှိနေပါတယ်။ ဒါကြောင့် လက်ရှိ လက်နက်ကိုင် အဖွဲ့တွေအကြား ရထားတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ယူပြီး လက်တွေ့ မဟာဗျူဟာကျတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားနိုင်ဖို့ လိုပါတယ်။ အဲဒီကနေမှ အနာဂတ် နိုင်ငံရေးအစီအစဉ် တခု ရလာအောင် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုတွေ တဆင့်ချင်း လုပ်သွားရပါလိမ့်မယ်။”
ဒီလို လုပ်ဆောင်တဲ့နေရာမှာ အဓိက စိန်ခေါ်မှုတခုအဖြစ် ဗမာတွေနဲ့ တိုင်းရင်သားအဖွဲ့တွေကြားမှာ လိုအပ်တဲ့ ယုံကြည်မှု မတည်ဆောက်နိုင်သေး တာကိုလည်း ကိုရဲမျိုးဟိန်းက ထောက်ပြခဲ့ပါတယ်။ အရင် ပြည်သူ့အစိုးရ လက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ရအောင် မလုပ်နိုင်ခဲ့ဘူးလို့ George Washington တက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ကလည်း ထောက်ပြပါတယ်။
“NLD တွေ အပါအဝင် ဗမာတွေ အနေနဲ့ တိုင်းရင်းသားတွေ ခံစားရတဲ့ မကျေနပ်ချက် နစ်နာချက်တွေကို စာနာနားလည်ပြီး တိုင်းရင်းသား ဒေသတွေမှာ နေထိုင်ကြသူတွေနဲ့အတူ အုပ်ချုပ်ရေးအာဏာ ခွဲဝေလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို အပြည့်အ၀ ပြရပါလိမ့်မယ်။ ၂၀၁၀ ခုနှစ်တုန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှိခဲ့တာ၊ ဒီလိုကိစ္စတွေ ဆွေးနွေးခဲ့တာ မှန်ပေမဲ့ NLD အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်းမှာ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့တာ မရှိပါဘူး။ မတူညီတဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ကွဲလွဲမှုတွေ အပေါ်မှာ NLD အနေနဲ့ နားလည်မှု မရှိခဲ့ပါဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားမလည်ခဲ့ကြပါဘူး။ ဒါက အဓိက စိန်ခေါ်မှုတခု ဖြစ်နေဆဲဆိုတာ ရှင်းပါတယ်။”
ဆယ်စုနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်းရှည်ကြာ သဘောထား ကွဲလွဲမှုတွေကြောင့် မတူကွဲပြားတဲ့ အင်အားစုတွေကြားမှာ ပြီးပြည့်စုံတဲ့ ညီညွတ်မှု ရဖို့ဆိုတာ မလွယ်ပေမဲ့၊ လက်ရှိ ရရှိထားတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရှိန်အဟုန်ကို ယူပြီး ပိုမို စုစည်းညီညွတ်တဲ့ အင်အားစုတရပ် ဖြစ်လာအောင် အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုတွေ တိုးမြှင့် တည်ဆောက်သွားရမှာ ဖြစ်တယ်လို့ မနေ့က ဆွေးနွေးပွဲမှာ ပါဝင်သူတွေက အဓိက ထောက်ပြခဲ့ကြပါတယ်။
{{Zawgyi/Unicode}}