သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်နေ


Google Earth ဂြိုဟ်တုက တွေ့မြင်ရတဲ့ ဆားလင်းကြီးမြို့နဲ့ အနီးတဝိုက်နေရာများ (ဇန်နဝါရီ ၁၇၊ ၂၀၂၃)
Google Earth ဂြိုဟ်တုက တွေ့မြင်ရတဲ့ ဆားလင်းကြီးမြို့နဲ့ အနီးတဝိုက်နေရာများ (ဇန်နဝါရီ ၁၇၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း ကုန်ဈေးနှုန်းမြင့်တက်လို့ ဒေသခံတွေအခက်ကြုံနေရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၁၆ ရက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေလုပ်ခဲ့တာပါ။

ဇန်နဝါရီ ၄ ရက်ကစလို့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ပြီး၊ ဆားထုံးကြီးကျေးရွာနဲ့ လက်ပံကျွန်း ကျေးရွာအနီး ရောက်ချိန်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆားလင်းကြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီစစ်ကြောင်းက မြို့ကနေထွက်လာပြီး ဆားလင်းကြီးကိုပတ်တယ် ဆားလင်းကြီးမြောက်ခြမ်းကိုပတ်ပြီး ရွာစဉ်ပတ်မီးရှို့တာ ၁၁ ရွာရှိသွားပြီ။ ဆားထုံးကျေးရွာနဲ့ လက်ပံကျွန်းကျေးရွာနားမှာဖြစ်တာ။ တိုက်ပွဲက တော်တော်ကြာတယ်။ အပြန်အလှန်ပစ်တာ ပထမဆုံး မိုင်းဆွဲတယ် လက်နက်ကြီးတွေနဲ့ပစ်တယ် လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်တယ်။ ရဟတ်ယာဉ်တွေနဲ့ပတ်ပစ်တာ လေကြောင်းပစ်ကူပေးတာပေါ့။ လေကြောင်းပစ်ကူက နာရီဝက်နီးပါးကြာတယ်။”

တိုက်ပွဲအတွင်း ဆားလင်းကြီး Special Task Force က တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး မြန်မာစစ်တပ်ဘက်ကလည်း အကျအဆုံး ရှိတယ်လို့ သူက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီနယ်မြေရှင်းလင်းမှုအတွင်း ဒူးထောက် (ကျေးရွာ)၊ ပိုင်းထောင့်ကြီး၊ ကျောက်ဖြူတိုင်၊ ဆည်တဲစတဲ့ ကျေးရွာက နေအိမ် ရာနဲ့ချီမီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေရပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း ပေါက်မြို့ကနေ ကုန်စည်တွေ သယ်ဆောင်ဖို့ ကန့်သတ်တာတွေရှိတဲ့အတွက် ကုန်ဈေးနှုန်း မြင့်မားမှုတွေကို ကြုံတွေ့နေရပါတယ်။

အရင်က ပေါက်မြို့ပေါ်ကနေ ရိက္ခာအပြင် အသုံးအဆောင်တွေကို ပေါက်မြို့နယ်တောင်ပိုင်းကို သယ်ဆောင်ခွင့် ရခဲ့ပေမယ့် ၂၀၂၂ နှစ် အလယ်လောက်ကစလို့ ပေါက်မြို့ပေါ်ကို အသွားအလာ ကန့်သတ်လိုက်တာပါ။ သွားလာသူတွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်တဲ့အတွက် ဒေသခံတွေဟာ မသွားမလာရဲဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းကြီးလာတာနဲ့ ပတ်သက်လို့ ပေါက်တောင်ပိုင်း ဒေသခံတဦးက ကြုံတွေ့နေရတဲ့အခြေအနေကို အခုလို ရှင်းပြပါတယ်။

“ပေါက်အဝင်ဂိတ်မှာကို သူတို့ကစစ်တာ ဒီဘက်တွေက PDF နယ်မြေတွေဆိုပြီးတော့မှ အဲ့လိုတွေကြောင့် မသင်္ကာရင် ဖမ်းထားလိုက်တော့တာ တော်ယုံတန်ယုံစစ်ဆေးပြီးလို့ ဘာမှ မလုပ်ဘူးဆိုရင် ရိုက်နှက်လွှတ်တာဆိုတော့ တော်ယုံလူတွေက မသွားရဲကြတော့ဘူး။ ပေါက်ဘက်ကဆို လုံးလုံးကို လာလို့မရဘူး။ သူတို့ကလည်း ဈေးရောင်းလို့မရဘူး ဒီကလည်း သွားလို့မရဘူး။ ဆန်ဈေးကတော့ ဈေးနှုန်းက အကုန်လုံးက တက်သွားတာ။ ကုန်ခြောက်တွေက အကုန်တက်တာပေါ့ အရင်းထက်စာရင် ပေါက်ကဈေးထက်စာရင် ကားခကဈေးတက်သွားတော့ ကုန်ဈေးနှုန်းအပေါ် တင်ပစ်တော့တာပေါ့။”

အရင်က ရိုးရိုးဆန်ကြမ်း တအိတ်ကို ကျပ် ၄ သောင်းကျော်ရှိရာကနေ ကျပ် ၆ သောင်းကျော်အထိ တက်သွားပြီး အခြား ကုန်ခြောက်ဈေးနှုန်းတွေလည်း တက်သွားတာပါ။ ဒါကိုလည်း အခြား မြို့နယ်တွေကတဆင့် ဝယ်ယူစားသောက်နေရတာဖြစ်ပြီး အလွယ်တကူ ဝယ်ယူခွင့်မရဘဲ အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ရနေပါတယ်။

ဒါ့အပြင် ဓာတ်ဆီနဲ့ ဓာတ်မြေသြဇာတွေကို လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတယ်လို့ ယူဆပြီး မြန်မာစစ်တပ်က သယ်ယူခွင့်လုံး၀ ပိတ်ပင်ထားတဲ့အတွက် တောင်သူအများစုဖြစ်တဲ့ ဒေသခံတွေဟာ စိုက်ပျိုးမြေတွေမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်တဲ့ အခြေအနေမှာ မရှိတော့ပါဘူး။

မြန်မာစစ်တပ်မြို့အဝင်အထွက်တွေမှာ ဂိတ်တွေနဲ့ စစ်ဆေးပြီး တင်းကြပ်တားမြစ်တာတွေလုပ်တဲ့အတွက် ဒေသခံတွေဟာ မြို့ပေါ်တက် ဆေးဝါးကုသဖို့ ခက်ခဲနေပြီး ဆေးကုသခွင့် အလုံအလောက်မရရှိတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]














XS
SM
MD
LG