သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ပိုင်းဆိုင်ရာ မတရားပြုမှုနဲ့ ခံရသူတွေကို အပြစ်တင်မှုတွေ ရပ်ဖို့ အမျိုးသမီးတွေကြိုးပမ်း


အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေဟာ တနေရာတည်း လူမှုအသိုင်းအဝိုင်း တခုတည်းမှာပဲ ကြုံနေရတာမဟုတ်သလို၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့လည်း မဆိုင်ဘူးဆိုတာ လူအများ နားလည် လက်ခံဖို့ ရည်ရွယ်တဲ့ ပြပွဲတခုကို အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။

[Zawgyi/Unicode]

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေဟာ နေရာတခုတည်း လူမှုအသိုင်းအဝိုင်း တခုတည်းမှာပဲ ကြုံရတဲ့ ဖြစ်ရပ်မျိုး မဟုတ်သလို၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့လည်း မဆိုင်ဘူး ဆိုတာကို လူအများ နားလည် သိရှိ လက်ခံလာဖို့ ရည်ရွယ်တဲ့ ပြပွဲတခုကို အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်၊ Lancaster ခရိုင်မှာ ကျင်းပခဲ့ပါတယ်။ မတရားပြုခံရသူတွေ အပေါ် အပြစ်ဖို့တာတွေ ရပ်တန့်စေဖို့အတွက်လည်း ဒီပြပွဲကို လုပ်ဖြစ်တာလို့ စီစဉ်သူတွေက ပြောပါတယ်။ စစ်တပ်အာဏာ သိမ်းထားတဲ့ မြန်မာနိုင်ငံမှာရော အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ မတရားပြုခံရတဲ့ အခြေအနေတွေ ဘယ်လိုရှိပါလဲ။ အနေအထိုင် မတတ်လို့ ဖြစ်ရတာ ဆိုတဲ့ ပြစ်တင် ပြောဆိုမှုတွေကရော လက်ခံနိုင်စရာ ရှိပါရဲ့လား။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကမ္ဘာတဝန်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေထဲ ၃ ယောက်မှာ ၁ ယောက်နှုန်းဟာ ကိုယ့်ရဲ့ မိသားစုတွင်းမှာ ဖြစ်စေ၊ လူမှု အသိုင်းအဝိုင်း တွင်းမှာ ဖြစ်စေ တနည်းမဟုတ်တနည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အကြမ်းဖက်ခံရ တာတွေကို ကြုံနေရတယ်လို့ ကုလသမဂ္ဂရဲ့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလို လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပေမဲ့ ကျူးလွန်သူ အများစု ကတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေတာကိုလည်း လေ့လာချက်တွေက ထောက်ပြပါတယ်။

ခံရသူတွေကို အပြစ်တင်တဲ့ လူမှု အသိုင်းအဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲပဲ ဆိုတာကိုလည်း လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။ အမျိုးသမီးတွေ အနေအထိုင် မတတ်လို့၊ ဝတ်စားဆင်ယင်တာ မလုံခြုံလို့ ဆိုတဲ့ ပြစ်တင်မှုတွေကို ပယ်ဖျက်နိုင်ဖို့ အတွက် အမေရိကန်ပြည်ထောင်စု ပင်ဆဲဗေးနီးယား ပြည်နယ်မှာတော့ ပြခန်းတခု ပြသခဲ့ပါတယ်။

ဒီပြခန်းမှာ ရှေးရိုးရာအတိုင်း ဝတ်စားဆင်ယင် နေထိုင်ကြတဲ့ အမ်းမစ်ရှ် (Amish) လူမျိုးတွေနဲ့ အလားတူ လူနည်းစု အသိုင်းအဝိုင်းတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံရမှုတွေ ဆက် ရှိနေတဲ့အကြောင်းနဲ့ ဒီလိုကြုံရတာဟာ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ မဆိုင်ဘူးဆိုတာကို ပေါ်လွင်စေဖို့ ရည်ရွယ် ပြသတာ ဖြစ်ပါတယ်။ တချို့ အရွယ်မရောက် သေးတဲ့ ကလေးငယ်တွေ ဆိုရင် သူတို့ဝတ်တဲ့ အဝတ်အစားကိုတောင် ကိုယ်တိုင် ရွေးချယ်ခွင့် မရှိသေးတဲ့ အရွယ်တွေမှာ မတရား ပြုကျင့်ခံရတာကိုကြည့်ရင် မိန်းခလေးငယ်တွေ မတော်မတရား ပြုကျင့်ခံရတာဟာ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဘာမှမဆိုင်ဘူးလို့ အရွယ်မရောက်ခင် လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံခဲ့ရတဲ့ Mary Byler က ပြောပါတယ်။

"ကလေးငယ်တွေကို မတော်မတရား ပြုတာနဲ့ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေဟာ လူမှု အသိုင်းအဝိုင်းတွင်း အလွှာ အသီးသီးမှာ ရှိနေပါတယ်။ တေနရာတည်းမှာပဲ ဖြစ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီမှာပဲဖြစ်တယ်။ ဟိုမှာတော့ မဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ ဒါ့အပြင် ဝတ်စားဆင်ယင်မှုနဲ့လည်း မဆိုင်ပါဘူး။ ကလေးငယ်တယောက် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုခံရတာဟာ သူ့ရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ ဘာမှမဆိုင်ပါဘူး။”

အမ်းမစ်ရှ် လူမျိုးတွေဟာ ရှေးရိုးရာအတိုင်း ခေါင်းကနေ ခြေအဆုံး ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး လုံခြုံအောင် ဂါဝန်ရှည်ကြီးတွေ ဝတ်ဆင်ကြပေမဲ့လို့လည်း လိင်ပိုင်းဆိုင်ရာ မတရားပြုခံရတဲ့ အခြေအနေက မလွတ်ကြပါဘူး။ ဒါကို ပေါ်လွင်စေဖို့အတွက် မတရားပြု ကျင့်ခံရတဲ့ မိန်းခလေးငယ် ၁၃ ဦးရဲ့ အဝတ်အစားတွေကို ဒီပြပွဲမှာ ပြသထားပါတယ်။ ဒါနဲ့ပတ်သက်လို့ Mary Byler က ခုလို ပြောပါတယ်။

"မတရားပြုကျင့် ခံရသူတွေ နဲ့ပတ်သက်ပြီး ဝတ်စား ဆင်ယင်မှုအကြောင်းတွေကို အင်တာနက်ပေါ်မှာ လူတွေက ပြောနေကြလို့ ဒီပြပွဲကို လုပ်ဖြစ်တာပါ။ တကိုယ်လုံး လုံလုံခြုံခြုံ ဖုံးထားတဲ့ မတရားပြု ခံရသူတွေ ဝတ်ခဲ့ကြတဲ့ ဂါဝန်ရှည်တွေကို ပြပွဲ ခင်းကျင်း ပြသပါလားဆိုပြီး တယောက်ကလည်း အကြံပေးခဲ့ပါတယ်။ ပြပွဲ ဦးဆောင် စီစဉ်တဲ့ Hope Anne ကလည်း ဒီပြပွဲလုပ်ဖို့ ကျမကို အကူအညီ တောင်းခဲ့ပါတယ်။”

Hope Anne Dueck ကတော့ ပိုမိုကောင်းမွန်တဲ့ လမ်း “A Better Way” လို့ နာမည်ပေးထားတဲ့ အဖွဲ့ကို တည်ထောင်သူလည်း ဖြစ်၊ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ မိသားစုတွင်း၊ အနီးကပ်နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွင်းမှာကိုပဲ မတရားပြုခံရတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

"မတရားပြုခံရတဲ့ သူတွေထဲမှာ အသက် အတော်ကို ငယ်ကြသေးတဲ့ ကလေးတွေ အများကြီး ပါ ပါတယ်။ တချို့က အပျိုဘော်တောင် မဝင်သေးပါဘူး။ သူတို့ ဘာဝတ်မယ်ဆိုတာကို ရွေးချယ် ဝတ်တဲ့အရွယ်တွေတောင် မဟုတ်ပါဘူး။ မိဘတွေ ဆင်ပေးတဲ့အတိုင်း ဝတ်ကြတာပါ။ ဘုရားကျောင်းက ဘယ်လို ဝတ်ရမယ်လို့ ပြောတဲ့အတိုင်း လုံလုံခြုံခြုံ ဝတ်ထားတဲ့ကြားမှာကိုပဲ မတရားပြု ခံရတာပါ။ ဆိုတော့ ခေါင်းကနေ ခြေဖျားအဆုံး ဘယ်လိုပဲ လုံခြုံအောင် ဝတ်ထားပါစေ။ ကလေးငယ်တွေ မတော်မတရား ပြုကျင့်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ အာမခံ မပြောနိုင်ပါဘူူး။ ဒါကို လူတွေ နားလည် လက်ခံလာအောင် အကောင်းဆုံး ပြနိုင်မယ့် နည်းလမ်းလို့ ယူဆပြီး ကျမတို့ ဒီပြပွဲကို လုပ်ဖြစ်တာပါပဲ။ မတရား ပြုကျင့်သူတွေထဲမှာ အတော်များများက ကိုယ့်ရဲ့ မိသားစုတွင်း လူမှု အသိုင်းအဝိုင်းတွင်းမှာကိုပဲ ရှိနေတာပါ။”

အမျိုးသမီးတယောက် သူ့ရဲ့ ဝတ်စားဆင်ယင်မှုကြောင့် မတရားပြုကျင့်ခံရတာ ဆိုတဲ့ ခံရသူကို အပြစ်ပုံချတဲ့ အယူအဆတွေ ရပ်တန့်အောင် ကြိုးပမ်းတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေ ကတည်းက အမေရိကန် ကောလိပ်ကျောင်းတွေနဲ့ နေရာ အတော်များများမှာ ပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဒီလိုပြပွဲတွေနဲ့ အလားတူ လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ကြတဲ့ အမ်းမစ်ရှ် အသိုင်းအဝိုင်းကို ထင်ဟပ်တဲ့ ဒီ ပြပွဲကို လုပ်ဖြစ်ခဲ့တာလို့ ပြပွဲ စီစဉ်သူတွေက ပြောပါတယ်။ ဒီလို ပြပွဲ လုပ်ဖို့အတွက် လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံခဲ့ရသူတွေရဲ့ မိသားစုတွေ ကလည်း ကူညီပေးခဲ့တာပါ။ သူတို့အတွက် တရားမျှတမှု ရရှိလာဖို့မျှော်လင့်တယ်လို့ Mary Byler က ပြောပါတယ်။

"လိင်ပိုင်းဆိုင်ရာ မတရားလုပ်ခံရသူတွေရဲ့ မိသားစုတွေက ခုလို အဝတ်အစားတွေကို ကျမတို့အပေါ် ယုံယုံကြည်ကြည်နဲ့ မျှဝေ ပြသခွင့်ပြုတာ ဝမ်းသာ ဂုဏ်ယူရပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒီ အဝတ်အစားတွေကို မြင်ရတာ၊ သူတို့ကြုံရတဲ့ အဖြစ်အပျက်တွေကို ခံစားရတာက အရမ်း ကျေကွဲရစေပါတယ်။ သူတို့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို ကျမတို့ အလေးထားပါတယ်။ မိသားစုတွေက ခုလို မျှဝေပေးတဲ့ အတွက်လည်း သူတို့အတွက် တရားမျှတမှု ရရှိလာဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမှုတွေဟာ အမေရိကန်လို နိုင်ငံကြီးတွေမှာတောင် ဒီကနေ့ အထိ နေရာ အတော်များများမှာ ရှိနေသေးတာကို ဒီပြပွဲတွေက ပြနေပါတယ်။ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း ဒီလိုဖြစ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ပို ဆိုးတာကတော့ ခံရသူတွေအတွက် တရားမျှတမှု ရနိုင်မယ့် အခြေအနေ မရှိတာပဲလို့ အမျိုးသမီး အခွင့်အရေး အတွက် နှစ်ပေါင်းများစွာ တက်ကြွလှုပ်ရှားနေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ဥက္ကဋ္ဌ မတင်တင်ညိုက ပြောပါတယ်။

“ကျမတို့ ပြည်သူတွေက ရွေးကောက်ခဲ့တဲ့ အစိုးရလက်အောက်မှာ တောင်မှ ကျမတို့ တတိုင်းပြည်လုံးမှာ အမျိုးသမီးတွေ ဘယ်လောက် လောက်ကတော့ မုဒိန်းကျင့်ခံနေရတယ်။ ဘယ်လောက် လောက်ကတော့ အိမ်တွင်း အကြမ်းဖက် ခံနေရတယ် ဆိုတဲ့ data ကို ကျမတို့ စနစ်တကျ မကောက်ခဲ့နိုင်ဘူးပေါ့နော်။ ဒါပေမဲ့လည်း ကိုယ် အလုပ်လုပ်တဲ့ ဒေသအရ ကြည့်မယ်ဆိုရင် လိမ္မာယဉ်ကျေး ဆိုတဲ့ ဘုန်းကြီးတွေ စာချပေးနေတဲ့၊ သင်ကြားပေးနေတဲ့ ကျောင်းမှာတောင် အမျိုးသမီးတွေ၊ မိန်းခလေးငယ်တွေဟာ မုဒိန်းကျင့် ခံနေရတယ် ဆိုရင် တခြားသော နေရာတွေမှာ ပိုမို လွယ်လွယ်ကူကူ ဒီအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကတော့ ကြုံနေနိုင်တယ်။ ဆိုတော့ ဒါက လုံးဝကို ရှိနေတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကို ဆက် ဖြစ်နေနိုင်တယ် ဆိုတာကိုတော့ ကျမတို့ ပြောလို့ရတဲ့ အနေအထား ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ ဒီအချိန်က အဲ့ဒီလို အချက်အလက်တွေကို အင်မတန် ကောက်ရခက်တဲ့ အချိန်ဖြစ်တယ်။ ရပ်ကွက်အလိုက် မြို့ရွာအလိုက် မုဒိန်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ စော်ကားမှုတွေကတော့ ဆက်ဖြစ်နေမှာပဲ။ ဒါပေမဲ့ ကျမတို့ဟာ စစ်အာဏာရှင်စနစ်အောက်မှာ၊ အာဏာသိမ်းထားတဲ့ လူတစုရဲ့ ချယ်လှယ်မှုအောက်မှာ ပြည်သူတွေ နေ့စဉ် ရှင်သန်နေရတဲ့ အနေအထားမှာ အကြမ်းဖက်မှုတွေ ခံနေရတဲ့ အမျိုးသမီးငယ်ပဲ ဖြစ်ဖြစ်၊ အမျိုးသမီးကြီးပဲ ပြောပြောက ဘယ်လိုမှ သူတို့အနေနဲ့ တိုင်ကြားလို့ရနိုင်တဲ့ အခွင့်အလမ်း မရှိဘူး။ တိုင်ကြားလို့ရတဲ့ နေရာတွေကလည်း အကြမ်းဖက်သူတွေရဲ့ ကိုယ်တိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ နေရာတွေ ဖြစ်တယ်။ တရားရေးဌာနပဲ ပြောပြော၊ ရဲ ပဲပြောပြော ဘယ်သူမဆို ယုံကြည်လို့ မရတဲ့ အနေအထားမှာ၊ ဖြစ်လာရင်လည်း ဘယ်သူကမှ တိုင်ကြားမှာမဟုတ်တဲ့အတွက်ကြောင့် ဒီအချက်အလက်တွေကို ကျမတို့ ဘယ်လို ကောက်ယူမလဲ။ ဘယ်လို ဒါကို ခိုင်မာမှုရှိကြောင်း လုပ်မှာလဲ ဆိုတာက အင်မတန်မှ ခက်ခဲပြီးတော့ စိန်ခေါ်မှုများတဲ့အလုပ် တခု ဖြစ်ပါတယ်။ အဲ့ဒီအတွက်လဲ တရားမျှတမှု ရဖို့အတွက် အမျိုးသမီးရေး လုပ်နေတဲ့သူတွေက အများကြီး နည်းလမ်းတွေ စဉ်းစားနေရတယ်။ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကိုပါ။”

ခံရသူတွေကို ပြစ်တင်တဲ့ အယူအဆတွေ ကတော့ လုံးဝကို လက်ခံနိုင်စရာ မရှိဘူးလို့လည်း မတင်တင်ညိုက ပြောပါတယ်။

“ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေ ကလေးသူငယ်တွေ မုဒိန်းကျင့်ခံရပြီ ဆိုရင် ပတ်ဝန်းကျင်က ပုံစံ အမျိုးမျိုးနဲ့ ဝေဖန် ပြစ်တင်တာတွေ ရှိတယ်။ အထူးသဖြင့် အကျင့်ခံရတဲ့သူတွေကို ပြစ်တင်ကြတယ်။ အဲ့ဒီထဲမှာမှ ပုံစံတူ ပြောဆိုလေ့ရှိတာက ဒါ ဝတ်စား ဆင်ယင်မှုကြောင့် မုဒိန်းကျင့်ခံရတယ်။ တဘက်သူကို သွေးဆောင်ဖျားယောင်းတဲ့ အဝတ်အစားတွေ ဝတ်လို့ မုဒိန်းကျင့်တာ ဆိုတဲ့ victim blaming တွေ ဖြစ်တတ်တယ်။ ဆိုတော့ အဝတ်အစား ဆိုတာက ဒါ လူ တဦးတယောက်ချင်းစီရဲ့ ဆင်ယင် ထုံးဖွဲ့မှုပဲ ဖြစ်တယ်။ အထူးသဖြင့် ကတော့ အမျိုးသမီးတွေကိုတွေ့ရင် မုဒိန်းကျင့်လို့ ရတယ်ဆိုတဲ့ mindset ဝင်နေတဲ့သူတွေ အတွက် ပြောမယ်ဆိုရင် ဒါက excuse တခု၊ အကြောင်းပြချက် တခုပဲ ဖြစ်တယ်။ ဆိုတော့ ဥပမာ ကလေးတွေက လုံလုံခြုံခြုံပဲ ဝတ်ထားတယ်။ ဘယ်လိုမှ sexy အဝတ်အစား မဝတ်ထားဘူး။ သူတို့ကိုလည်း မုဒိန်းကျင့်လိုက်တယ်။ အဲ့လိုမျိုးဆိုရင်ရော အဝတ်အစားကြောင့်လို့ ကျမတို့ ပြောဦးမလားပေါ့။ တကယ့် တကယ်ကျတော့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို အားနည်းတဲ့သူလို့ မြင်ပြီးတော့မှ ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ အကျိုးအမြတ်အတွက် ရယူလုပ်ဆောင်လိုတဲ့ လူ တဦး တယောက်ချင်းစီ၊ အဲ့ဒီအမျိုးသားတွေနဲ့ပဲ ဆိုင်ပါတယ်။ ဒီလိုမျိုး လုပ်နေနိုင်တယ် ဆိုတာကလည်း ဥပဒေအရ၊ တရားရေးအရ တက်တက်ကြွကြွ ကိုင်တွယ် ဖြေရှင်းတာတွေ မလုပ်ဘူး။ အပြစ်ပေး အရေးယူတာတွေ မလုပ်ဘူး။ ငွေရှိရင် ငွေနဲ့ လိုက်လို့ရတဲ့ တရားရေး စနစ်တွေရဲ့ ပျက်ပြားမှု၊ ဒီလို အနေအထားတွေနဲ့ အများကြီး ဆိုင်တယ်။ တဘက်ကလည်း ဒီလို တရားရေးစနစ်တွေရဲ့ ပျက်ပြားမှုကို မထောက်ပြဘဲနဲ့ victim blaming ကျူးလွန်တဲ့သူတွေကိုပဲ အပြစ်ဆိုလေ့ရှိတဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းရဲ့ အနေအထားတွေ ကြောင့်လည်း အခုလို မုဒိန်းကျင့်ခံရမှုတွေက အမြဲတမ်း သံသရာရှည်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီလို ကိစ္စတွေ ဖြစ်လာပြီ ဆိုရင် လူမှုပတ်ဝန်းကျင်ကရော၊ ဥပဒေကြောင်းကရော သေသေချာချာ ဖြေရှင်းရမယ်။ ဘယ် ကျူးလွန်တဲ့သူမဆို တကယ်ကို တိကျ ပြတ်သားတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးရမယ်။ ဒီလို လုပ်မှ ဒီလိုပြဿနာတွေက ဖြေရှင်းနိုင်မယ်ပေါ့နော်။”

အမျိုးသမီးတွေ၊ အရွယ် မရောက်သေးတဲ့ မိန်းခလေးငယ်တွေ လိင်ပိုင်း ဆိုင်ရာ မတော်မတရား ပြုခံရတဲ့ ဖြစ်ရပ်တွေ ကေတာ့ ကမ္ဘာ့နေရာ အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတာကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒါတွေ ရပ်တန့်ဖို့မှာတော့ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်း အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လိုအပ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

=====================================================

[Unicode]


















XS
SM
MD
LG